သံဓာတ်ချို့တဲ့ခြင်းကြောင့် ဖြစ်ပေါ်လာသော သွေးအားနည်းရောဂါသည် အသက်အရွယ်မရွေးဖြစ်ပွါးနိုင်သည်။ ကလေးများနှင့် ဆယ်ကျော်သက်မိန်းကလေးများတွင် ပို၍အတွေ့ရများသော ကျန်းမာရေးပြဿနာတစ်ခုဖြစ်သည်။ ဤရောဂါသည် ကြိုတင်ကာကွယ်နိုင်ပြီး ကုသ၍ ပျောက်ကင်းနိုင်သော ရောဂါတစ်မျိုးလည်းဖြစ်သည်။ သံဓာတ်သည် ခန္ဓာကိုယ်အတွက် အရေးကြီးသော သတ္တုဓာတ်တစ်မျိုးဖြစ်ပြီး သွေးနီဥဆဲလ်များအတွင်းရှိ ဟီမိုဂလိုဘင်ပရိုတင်း၏ အဓိကပါဝင်ပစ္စည်းတစ်ခုဖြစ်သည်။ ဟီမိုဂလိုဘင်သည် အဆုတ်မှ ရှူသွင်းလိုက်သော အောက်ဆီဂျင်ကို ခန္ဓာကိုယ်အနှံ့ရှိ အင်္ဂါအစိတ်အပိုင်းများထံ သယ်ယူပို့ဆောင်ပေးသည့် အရေးကြီးလုပ်ငန်းကို ဆောင်ရွက်သည်။
ထို့အပြင် သံဓာတ်သည် ကလေးများ၏ ကြွက်သားဆဲလ်များ ကြီးထွားဖွံ့ဖြိုးမှု၊ ဦးနှောက်နှင့် ကိုယ်ခံအားစနစ်တို့ ဖွံ့ဖြိုးမှုအတွက်လည်း အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်နေသည်။ သံဓာတ်ချို့တဲ့ပါက သွေးနီဥများနှင့် ဟီမိုဂလိုဘင်၏ လုပ်ငန်းဆောင်တာများ ကျဆင်းလာပြီး သွေးအားနည်းရောဂါ၏ လက္ခဏာများ ပေါ်ပေါက်လာနိုင်သည်။ ထို့အပြင် ကလေး၏ ကိုယ်ခန္ဓာကြီးထွားမှု၊ ဉာဏ်ရည်ဖွံ့ဖြိုးမှု၊ အာရုံစူးစိုက်မှုနှင့် သင်ယူလေ့လာမှုစွမ်းရည်များကိုပါ ထိခိုက်စေနိုင်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
သံဓာတ်ချို့တဲ့ခြင်း ဖြစ်ပေါ်ရသော အကြောင်းရင်းများမှာ_
- အစားအသောက်တွင် သံဓာတ်ပါဝင်မှုနည်းခြင်း
အဖြစ်အများဆုံး အကြောင်းရင်းဖြစ်သည်။ ကလေးများသည် ကြီးထွားဖွံ့ဖြိုးရန် လူကြီးများထက် အာဟာရဓာတ်များ ပိုမိုလိုအပ်သောကြောင့်၊ အစားအသောက်တွင် သံဓာတ်လုံလောက်စွာ မပါဝင်ပါက သံဓာတ်ချို့တဲ့နိုင်ခြေ ပိုများသည်။ အာဟာရမျှတစွာ စားသောက်ခြင်းမရှိလျှင် သံဓာတ်ချို့တဲ့နိုင်ခြေ ပိုများသည်။ - ကလေးများ၏ ကြီးထွားမှုနှုန်း လျင်မြန်ခြင်း
ကလေးများသည် လျင်မြန်စွာ ကြီးထွားဖွံ့ဖြိုးနိုင်သောကြောင့် သံဓာတ်ကို လူကြီးများထက် ပိုမိုလိုအပ်လေ့ရှိသည်။ - ကာလရှည်ကြာ သွေးဆုံးရှုံးမှုရှိခြင်း
သတိမထားမိဘဲ ပမာဏနည်းနည်းနှင့် ကာလရှည်ကြာစွာ သွေးဆုံးရှုံးမှုများ ရှိနိုင်သော အခြေအနေများ (ဥပမာ _ အူလမ်းကြောင်းရောင်ရမ်းနာရောဂါ၊ အူလမ်းကြောင်းတွင် သန်ထခြင်း၊ အစာအိမ်အနာရောဂါများ စသည်တို့) တွင် ဤပြဿနာကို တွေ့ရတတ်သည်။ ဆယ်ကျော်သက်မိန်းကလေးများ ဓမ္မတာလာချိန် ရာသီသွေးဆင်းများပါက သွေးဆုံးရှုံးမှုများပြီး သံဓာတ်ချို့တဲ့နိုင်သည်။ - ခန္ဓာကိုယ်မှ သံဓာတ်ကို လုံလောက်စွာ မစုပ်ယူနိုင်ခြင်း
နာတာရှည်အစာအိမ်နှင့် အူလမ်းကြောင်းရောင်ရမ်းသော ကလေးများနှင့် အစာအိမ်အူလမ်းကြောင်းဆိုင်ရာ ခွဲစိတ်မှုများခံယူထားသော ကလေးများတွင် သံဓာတ်ကို အူနံရံမှ ကောင်းစွာမစုပ်ယူနိုင်သောကြောင့် သံဓာတ်ချို့တဲ့နိုင်သည်။ - နာတာရှည်ရောဂါများ
နာတာရှည်ကျောက်ကပ်ရောဂါ၊ အသည်းရောဂါ၊ ကိုယ်ခံအားစနစ် မူမမှန်တုံ့ပြန်သောရောဂါများနှင့် မျိုးဗီဇရောဂါအချို့ကြောင့်လည်း သံဓာတ်ချို့တဲ့နိုင်သည်။
သံဓာတ်ချို့တဲ့နိုင်ခြေ မြင့်မားသော ကလေးများ
- သံဓာတ်ချို့တဲ့သွေးအားနည်းရောဂါရှိသူ ကိုယ်ဝန်ဆောင်မိခင်များမှ မွေးဖွားသူကလေးများ
- လမစေ့ဘဲ မွေးဖွားသော ကလေးများ သို့မဟုတ် မွေးစ၌ ကိုယ်အလေးချိန် လျော့နည်းသော ကလေးများ
- အသက် (၆) လနောက်ပိုင်း ကျွေးသော ဖြည့်စွက်စာများနှင့် ကလေးကြီးများ နေ့စဥ်စားသော အစားအစာများတွင် သံဓာတ်ကြွယ်ဝသော အစားအစာများ ပါဝင်မှုနည်းသော ကလေးများ
- သံဓာတ်ဖြည့်စွက်မှု နည်းပါးသော ဖော်မြူလာနို့ကို သောက်သုံးသော ကလေးများ
- အသက် (၁) နှစ်မတိုင်မီ နွားနို့ (သို့မဟုတ်) ဆိတ်နို့ကို စတင်သောက်သုံးသော ကလေးများ
- အသက် (၁)နှစ် မှ (၅)နှစ်ကြားအရွယ်တွင် နွားနို့ ၊ ဆိတ်နို့ (သို့မဟုတ်) ပဲနို့ကို တစ်ရက်လျှင် (၂၄) အောင်စထက် ပို၍သောက်သော ကလေးများ
- နာတာရှည် အူလမ်းကြောင်းရောဂါရှိသော ကလေးများ
- အစားရွေးသော၊ အစားနည်းသော ကလေးများ
- ခဲဆိပ်သင့်သော ကလေးများ
- အဝလွန်သော ကလေးများ
- အပျိုဖော်ဝင်ချိန် ရာသီသွေးဆင်းများသော ဆယ်ကျော်သက် မိန်းကလေးများတွင် သံဓာတ်ချို့တဲ့နိုင်ခြေ ပိုများသည်။
ရောဂါလက္ခဏာများ
သံဓာတ်ချို့တဲ့သွေးအားနည်းရောဂါ၏ ယေဘုယျလက္ခဏာများမှာ_
- နှုတ်ခမ်းများ၊ မျက်လုံးအတွင်းသားများ၊ လက်သည်းနှင့် လက်ဖဝါးများ သွေးရောင် မလွှမ်းဘဲ ဖြူဖျော့နေခြင်း
- ပင်ပန်းနွမ်းနယ်လွယ်ခြင်းနှင့် အားအင်ကုန်ခန်းလွယ်ခြင်း
- အစားအသောက်ပျက်ခြင်း
- ခေါင်းမူးခြင်း၊ ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း
- လျှာနီရဲခြင်း၊ နာကျင်ခြင်း
- လက်သည်းများ ဇွန်းပုံသဏ္ဌာန်ကဲ့သို့ ခွက်နေခြင်း
- လက်သည်းများ ကြွပ်ဆတ်၍ ကျိုးလွယ်ခြင်း စသည်တို့ဖြစ်သည်။
နောက်ဆက်တွဲပြဿနာများ
သံဓာတ်ချို့တဲ့ခြင်းကို ကာလရှည်ကြာစွာ မသိရှိဘဲ ကုသမှုမခံယူပါက ကလေးများတွင် သွေးအားနည်းခြင်းကြောင့်
- အမောမခံနိုင်ခြင်း
- အသက်ရှူမြန်ခြင်း၊ အသက်ရှူကျပ်ခြင်း
- နှလုံးကြီးခြင်း၊ နှလုံး၏ စွမ်းဆောင်ရည် ကျဆင်းခြင်း
- မကြာခဏ ဖျားနာတတ်ခြင်း
- ကိုယ်ခန္ဓာကြီးထွားမှုနှင့် ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးခြင်း
- အပြုအမူဆိုင်ရာပြဿနာများ ပေါ်လာခြင်း သို့မဟုတ် ပုံမှန်ထက်ပို၍ စိတ်တိုစိတ်ဆတ်လာခြင်း
- အာရုံစူးစိုက်မှုနည်းခြင်း၊ အသိဉာဏ်အားနည်းလာခြင်း
- အစားအစာ မဟုတ်သော ဖုန်မှုန့်၊ သဲမှုန့် ၊ မီးသွေး၊ သံချောင်းစသော အရာများကို စားသောက်ခြင်း သို့မဟုတ် စားချင်စိတ်လွန်ကဲခြင်း (Pica) စသည့်ပြဿနာများ တွေ့ရနိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
ကလေးများတွင်ဖြစ်သော သွေးအားနည်းရောဂါသည် အသက်အန္တရာယ်ရှိသော အခြေအနေထိ ဖြစ်နိုင်သလို ကုသ၍ ပျောက်ကင်းနိုင်သောရောဂါလည်းဖြစ်သည်။ ထို့ကြောင့် သွေးအားနည်းလက္ခဏာများ သတိထားမိပါက မိသားစုဆရာဝန်နှင့် တိုင်ပင်ဆွေးနွေး၍ ကုသမှုအမြန်ဆုံး ခံယူသင့်သည်။ မိသားစုဆရာဝန်မှ စမ်းသပ်မှုများ ပြုလုပ်ခြင်း၊ သွေးစစ်ဆေးခြင်းများဖြင့် ရောဂါရှာဖွေပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာအထူးကုဆရာဝန်များနှင့် တိုင်ပင်၍ ကုသမှုများ ဆက်လက်စီစဥ်ပေးမည် ဖြစ်သည်။
ရောဂါရှာဖွေခြင်း
မိမိကလေး အထက်ပါ သွေးအားနည်းလက္ခဏာများ ရှိသည်ဟု သံသယရှိပါက ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင် စမ်းသပ်စစ်ဆေးမှုခံယူပြီး သွေးစစ်ကြည့်နိုင်သည်။ သွေးဖောက်၍ စစ်ဆေးခြင်းဖြင့် သွေးအားနည်းသည့်ပမာဏကို သိရှိနိုင်ရုံမက ဖြစ်စေသောအကြောင်းရင်းကိုပါ ခန့်မှန်းနိုင်သည်။
စီဘီစီ (Complete Blood Count) သွေးစစ်ဆေးခြင်း
ဟီမိုဂလိုဘင် ပမာဏကို အတိအကျ သိနိုင်သလို သွေးနီဥပမာဏ၊ ပုံသဏ္ဌာန်နှင့် အရွယ်အစားကိုပါ သိရှိနိုင်သည်။ ကလေး၏ အသက်အရွယ်ပေါ် မူတည်၍ စံသတ်မှတ်ထားသော ပမာဏအောက် လျော့နည်းနေလျှင် သွေးအားနည်းသည်ဟု ယူဆနိုင်သည်။ သွေးနီဥများ၏သွင်ပြင်ကို စစ်ဆေးခြင်းဖြင့်လည်း သံဓာတ်ချို့တဲ့သွေးအားနည်းခြင်းကို ခန့်မှန်းနိုင်သည်။
ကလေးတစ်ဦး၌ ပုံမှန်ရှိသင့်သော ဟီမိုဂလိုဘင်ပမာဏသည် အသက်အရွယ်အလိုက် ကွာခြားမှုအနည်းငယ်ရှိသည်။
အသက်အရွယ် | ပုံမှန်ရှိသင့်သော ဟီမိုဂလိုဘင်ပမာဏ |
---|---|
မွေးကင်းစကလေး | ၁၄ – ၂၄ g/dL |
အသက် (၂)လ မှ (၆)လ | ၁၀ – ၁၇ g/dL |
အသက် (၆)လ မှ (၆)နှစ် | ၉.၅ – ၁၄ g/dL |
အသက် (၆)နှစ် မှ (၁၈)နှစ် | ၁၀ – ၁၅.၅ g/dL |
သို့သော်၎င်းတို့သည် ယေဘုယျသတ်မှတ်ထားသော တန်ဖိုးများဖြစ်ပြီး ကလေးတစ်ဦးနှင့်တစ်ဦး သွေးအားနည်းသည့်ပမာဏနှင့် ခံစားရသည့်လက္ခဏာများ ကွာခြားမှုရှိနိုင်သည်။
သံဓာတ်နှင့် ဖယ်ရက်တင်ဓာတ် ပမာဏစစ်ဆေးခြင်း
ကိုယ်ခန္ဓာအတွင်းရှိ သံဓာတ် သိုလှောင်မှုနည်းခြင်း၊ များခြင်းကို သိရှိနိုင်သည်။ သံဓာတ်နှင့် ဖယ်ရက်တင် ပမာဏနှစ်ခုစလုံး စံသတ်မှတ်ထားသော ပမာဏအောက် လျော့နည်းနေလျှင် သံဓာတ်ချို့တဲ့၍ သွေးအားနည်းသည်ဟု ယူဆနိုင်သည်။ ပမာဏလျော့နည်းခြင်းမရှိဘဲ ပုံမှန် (သို့မဟုတ်) များနေပါက အခြားအကြောင်းရင်းများကြောင့် သွေးအားနည်းသည်ဟု ယူဆနိုင်သည်။
ဖြစ်စေသောအကြောင်းရင်းခံကို ရှာဖွေခြင်း
အစာအိမ် အူလမ်းကြောင်းတစ်လျှောက် သွေးယိုခြင်း၊ ရောင်ရမ်းခြင်း၊ အနာများနှင့် လိပ်ခေါင်းရောဂါများ စသည်တို့ ရှိမရှိ သိရှိနိုင်ရန် အစာအိမ်မှန်ပြောင်းကြည့်ခြင်း၊ အူမကြီးအတွင်း မှန်ပြောင်းကြည့်ခြင်းများကို လိုအပ်သလို ဆက်လက်စစ်ဆေးရနိုင်သည်။ ဝမ်းကို အသေးစိတ်စစ်ဆေးပြီး ဝမ်းတွင်း သွေးပါမပါ စစ်ဆေးခြင်း (Faecal occult blood test) အပြင် သန်ဥများကိုလည်း ရှာဖွေနိုင်သည်။ ဆယ်ကျော်သက်မိန်းကလေးများတွင် ရာသီသွေးဆင်းများပါက အကြောင်းရင်းကို သိရှိရန် ဝမ်းဗိုက်အာထရာဆောင်း (Ultrasound) ရိုက်ရန် လိုနိုင်သည်။
ကုသခြင်း
သံဓာတ်ချို့တဲ့၍ သွေးအားနည်းသည့် ကလေးများအတွက် သံဓာတ်ပြည့်ဝစွာပါဝင်သော အားဆေးများဖြင့် ကုသနိုင်သည်။ အားဆေးများကို အနည်းဆုံး (၃)လ မှ (၆)လအထိ နေ့စဥ်တိုက်ပေးရမည်ဖြစ်သည်။ သံဓာတ်အားဆေးများကို အများအားဖြင့် သောက်ဆေးအနေဖြင့်သာ ပေးလေ့ရှိကြပြီး အစာမစားမီ တစ်နာရီ သို့မဟုတ် အစာစားပြီးနောက် နှစ်နာရီခြား၍ သောက်ရန်ညွှန်ကြားလေ့ရှိသည်။ သံဓာတ်အားဆေး သောက်ဆေးများ၏ ဘေးထွက်ဆိုးကျိုးအချို့မှာ ဗိုက်နာခြင်း၊ ပျို့ခြင်း၊ အန်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ဝမ်းမည်းမည်းသွားခြင်း စသည်တို့ဖြစ်သည်။
သံဓာတ်အားဆေးများသည် ထိုးဆေးပုံစံလည်းရှိသော်လည်း အများအားဖြင့် အသုံးပြုလေ့မရှိပါ။ သံဓာတ်အားဆေး သောက်ဆေးများ၏ ဘေးထွက်ဆိုးကျိုးများကို မခံနိုင်သူများ၊ အစာအိမ်အူလမ်းကြောင်းမှ သံဓာတ်အားဆေးတွင် ပါဝင်သော သံဓာတ်ကို ခန္ဓာကိုယ်အတွင်းသို့ မစုပ်ယူနိုင်သူများ၊ သံဓာတ်ကို အရေးပေါ် အမြန်ဆုံး ပြန်လည်ဖြည့်တင်းရန် လိုအပ်နေသူများစသည့် အခြေအနေများ၌သာ ထိုးဆေးများကို အသုံးပြုလေ့ရှိသည်။
သံဓာတ်အားဆေးများအပြင် ကလေးများအား သံဓာတ်ကြွယ်ဝသော အစားအစာများကိုလည်း ဂရုတစိုက် ကျွေးပေးသင့်သည်။ သံဓာတ်ကြွယ်ဝသော အစားအစာများမှာ_
- အနီရောင်ရှိသော အသားများ (ဝက်၊ ကြက်၊ အမဲ စသည်)
- ငါးနှင့်ပင်လယ်စာများ
- ပဲအမျိုးမျိုး
- ဟင်းနုနယ်ရွက်ကဲ့သို့ အစိမ်းရင့်ရောင်ရှိသော အရွက်များ
- စပျစ်သီးခြောက်ကဲ့သို့ အသီးခြောက်များ စသည်တို့ဖြစ်သည်။
သံဓာတ်အားဆေးသောက်သုံးရာတွင် ဗီတာမင် စီ ဓာတ်သည် သံဓာတ်အား အူနံရံမှ စုပ်ယူခြင်းကို အားပေးသောကြောင့် အတူတွဲ၍ သောက်သင့်သည့်အပြင် ဗီတာမင် စီ ဓာတ်ကြွယ်ဝသော အစားအစာများ (လိမ္မော်သီး၊ သခွားမွှေးသီး၊ စတော်ဘယ်ရီ၊ ငရုတ်ကောင်း၊ ခရမ်းချဉ်သီးနှင့် အစိမ်းရောင် ဟင်းသီးဟင်းရွက်များ) ကိုလည်း စားပေးသင့်သည်။ ထို့ပြင် သွေးအား (ဟီမိုဂလိုဘင်) အလွန်ကျဆင်း၍ ဖြူဖျော့နေသော ကလေးများ၊ သွေးအားနည်းခြင်းကြောင့် အလွန်မောပြီး အောက်ဆီဂျင်ရှူရန်အထိ လိုအပ်နေသော ကလေးများတွင် တစ်ခါတစ်ရံ သွေးသွင်းကုသမှု လိုအပ်နိုင်သည်။
ကာကွယ်ခြင်း
သံဓာတ်ချို့တဲ့၍ သွေးအားနည်းခြင်းကို ကာကွယ်ရန် အောက်ပါနည်းလမ်းများကို လိုက်နာသင့်သည်။
- အထက်ဖော်ပြပါ သံဓာတ်ကြွယ်ဝသော အစားအစာများကို မှန်မှန်ကျွေးပါ။
- ဗီတာမင် စီ ကြွယ်ဝသော အစားအစာများကို တွဲဖက်ကျွေးပါ။
- သံဓာတ်စုပ်ယူမှုကို ဟန့်တားနိုင်သော အစားအစာများကို ရှောင်ပါ။
အချို့သော အစားအစာများသည် သံဓာတ်စုပ်ယူမှုကို လျော့ကျစေနိုင်သည်။ ထို့ကြောင့် သံဓာတ်ကြွယ်ဝသော အစားအစာများနှင့် တွဲဖက်စားသုံးရာတွင် သတိထားသင့်သည်။ (ဥပမာ _ လက်ဖက်ရည်၊ ကော်ဖီနှင့် ချောကလက်စသည့် အစားအစာများတွင် ပါဝင်သော တန်နင်နှင့် ဖီနောလစ်ဓာတ်များသည် သံဓာတ်စုပ်ယူမှုကို လျော့ကျစေနိုင်သည်။) - ဖြည့်စွက်စာများကို စနစ်တကျ ကျွေးပါ။
ကလေးများကို ဖြည့်စွက်စာ စတင်ကျွေးသော အသက် (၆) လအရွယ်မှစ၍ သံဓာတ်ကြွယ်ဝသော အစားအစာများကို တစ်နေ့ နှစ်ကြိမ် သို့မဟုတ် ထို့ထက်ပို၍ ကျွေးနိုင်သည်။ အသက် (၁) နှစ်ကျော် ကလေးများတွင် သံဓာတ်ပါဝင်မှုများသော အနီရောင်အသား (ဝက်၊ အမဲ၊ ကြက်)၊ ငါး၊ ပဲအမျိုးမျိုးနှင့် ဟင်းနုနယ်ရွက်တို့ ကျွေးနိုင်သည်။ - သွေးအားနည်းခြင်းလက္ခဏာများကို စောင့်ကြည့်ပါ။
ကလေးများတွင် သွေးအားနည်းခြင်းလက္ခဏာများ (ဥပမာ _ ပင်ပန်းလွယ်ခြင်း၊ ဖြူဖျော့ခြင်း၊ အစားအသောက်ပျက်ခြင်း) ကို သတိထားမိပါက ဆရာဝန်နှင့် အမြန်ဆုံး တိုင်ပင်ပြသပါ။ - ကလေးများကို ပုံမှန်ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ပါ။
ကလေးများကို ပုံမှန်ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ခြင်းဖြင့် သံဓာတ်ချို့တဲ့ခြင်းကို စောစီးစွာ သိရှိနိုင်သည်။ - သံဓာတ်အားဆေးများကိုစနစ်တကျတိုက်ပါ။
သံဓာတ်အားဆေးကို သွေးအားနည်းခြင်း ကာကွယ်ရန် ကြိုတင်တိုက်လိုပါက ပေါင်ပြည့်၊ လစေ့သော ကလေးများအတွက် မိခင်နို့တိုက်ကျွေးနေသော ကလေးဖြစ်လျှင် အသက် (၄) လမှစ၍ စတင်တိုက်နိုင်ပြီး အသက် (၁) နှစ်ခန့်အထိ တိုက်နိုင်သည်။ မိခင်နို့မတိုက်ကျွေးဘဲ အခြားဖြည့်စွက်ဖော်မြူလာနို့မှုန့်ကို တိုက်ကျွေးပါက သီးသန့်အားဆေး တိုက်ရန်မလိုဘဲ သံဓာတ်ဖြည့်တင်းထားသော ဖော်မြူလာမျိုးကို ရွေးချယ်တိုက်ပေးသင့်သည်။ လမစေ့၊ ပေါင်မပြည့်ဘဲ မွေးသော ကလေးများအတွက်မူ ကလေးအသက် (၄) ပတ်မှစ၍ သံဓာတ်အားဆေးကို တိုက်ကျွေးသင့်သည်။
References:
- Iron-Deficiency anemia. (n.d.). St. Jude Together. Retrieved June 27, 2024, from https://together.stjude.org/en-us/treatment-tests-procedures/symptoms-side-effects/iron-deficiency-anemia.html
- Is your child low on iron? Prevention tips for parents. (n.d.). Mayo Clinic. Retrieved June 27, 2024, from https://www.mayoclinic.org/healthy-lifestyle/childrens-health/in-depth/iron-deficiency/art-20045634
- Clinical Practice Guidelines : Iron deficiency. (n.d.). Retrieved June 27, 2024, from https://www.rch.org.au/clinicalguide/guideline_index/iron_deficiency/
- Iron. (2024, April 1). Infant and Toddler Nutrition. Retrieved June 27, 2024, from https://www.cdc.gov/infant-toddler-nutrition/vitamins-minerals/iron.html
- Iron-Deficiency anemia (for parents). (n.d.). Retrieved June 27, 2024, from https://kidshealth.org/en/parents/ida.html
Published: 25 March 2025
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.