ဂရင်ဂျီနာ (Anal fistula) ဆိုသည်မှာ စအိုအတွင်းနံရံနှင့် စအိုဝအနီး တင်ပါးအရေပြားအကြား ပုံမှန်မဟုတ်သော ပြွန်လမ်းကြောင်း ဆက်သွယ်ဖြစ်ပေါ်ခြင်းဖြစ်သည်။ စအိုအတွင်းနံရံရှိ အနာပေါက်သည် ပြွန်လမ်းကြောင်း၏ အတွင်းအနာပေါက် (Internal opening) ဖြစ်ပြီး တင်ပါးအရေပြားပေါ်ရှိ အနာပေါက်သည် အပြင်အနာပေါက် (External opening) ဖြစ်သည်။
စအိုနံရံတွင် အတွင်းဝမ်းထိန်းကြွက်သားနှင့် အပြင်ဝမ်းထိန်းကြွက်သားဟူ၍ ဝမ်းထိန်းကြွက်သား (၂) လွှာရှိသည်။ ဂရင်ဂျီနာ ဖြတ်သန်းသွားသောလမ်းကြောင်းတွင် ဝမ်းထိန်းကြွက်သားများ ပါဝင်မှုအပေါ် မူတည်၍ ဂရင်ဂျီနာများကို အမျိုးအစား ခွဲခြားထားသည်။
ယေဘုယျအားဖြင့်
- သာမန် ဂရင်ဂျီနာ (Simple fistula) – ပြွန်လမ်းကြောင်းကွဲများ မရှိသေးသည့် ဝမ်းထိန်းကြွက်သား ပါဝင်မှုနည်းသော ဂရင်ဂျီနာ
- ရှုပ်ထွေးသော ဂရင်ဂျီနာ (Complex fistula) – ပြွန်လမ်းကြောင်းကွဲများ ရှိသော၊ စအိုပြည်တည်နာ၊ တီဘီ စသည့်ရောဂါအခံရှိသော သို့မဟုတ် ဝမ်းထိန်းကြွက်သား ပါဝင်မှုများသော ဂရင်ဂျီနာဟူ၍ ခွဲခြားနိုင်သည်။
ဝမ်းထိန်းကြွက်သား ပါဝင်မှုများသည်နှင့်အမျှ ဂရင်ဂျီနာလမ်းကြောင်း ပို၍ရှုပ်ထွေးပြီး ပိုမိုခက်ခဲသောကုသမှုများ လိုအပ်သည်။
ဖြစ်ပေါ်ရသော အကြောင်းရင်းများ
ဂရင်ဂျီနာသည် စအိုအတွင်းနံရံရှိ ဂလင်းများ (Anal glands) ပိုးဝင်ရောင်ရမ်းခြင်းကြောင့် စတင်ဖြစ်ပွါးသည်။ ယင်းသို့ ပိုးဝင်ပြီး စအိုဝအနီးတစ်ဝိုက် ပြည်တည်ခြင်း (Perianal abscess) သည် ဂရင်ဂျီနာဖြစ်ပွါးရသည့် အဓိကအကြောင်းရင်းဖြစ်သည်။ အဆိုပါပြည်တည်နာသည် စအိုအတွင်းနံရံနှင့် အရေပြားသို့ပေါက်ထွက်သွားကာ ပုံမှန်မဟုတ်သော ပြွန်လမ်းကြောင်းကို ဖြစ်ပေါ်စေသည်။ အမျိုးသားများတွင် ပို၍တွေ့ရသည်။
ဂရင်ဂျီနာ ဖြစ်နိုင်ခြေများသော အခြေအနေများမှာ_
- စအိုဝအနီး ပြည်တည်နာ ခွဲစိတ်ဖူးသူများ
- နာတာရှည် အူရောင်ရမ်းနာရောဂါများ (Crohn’s disease and other inflammatory bowel diseases)
- စအိုဝတစ်ဝိုက် ထိခိုက်ဒဏ်ရာရခြင်း
- စအိုကင်ဆာအား ခွဲစိတ်ကုသခြင်း သို့မဟုတ် ဓာတ်ရောင်ခြည်ပြခြင်း
- စအိုဝအနီး ပိုးဝင်ခြင်း (ဥပမာ _ တီဘီပိုး၊ လိင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါပိုးများ)
ရောဂါလက္ခဏာများ
- စအိုဝအနီး အရေပြားပေါ်တွင် အပေါက် သို့မဟုတ် အဖုငယ် ဖြစ်ခြင်း
- ယင်းအဖုအနီးတစ်ဝိုက်တွင် နီရဲပြီး ရောင်ရမ်းခြင်း
- ယင်းအပေါက်မှ ပြည်၊ သွေး သို့မဟုတ် အနံ့ဆိုးသောအရည်များ စိမ့်ထွက်ခြင်း
- တစ်ခါတစ်ရံ ဝမ်းနှင့် အချွဲများ ယိုစိမ့်ခြင်း
- ထိုင်သည့်အခါ သို့မဟုတ် ဝမ်းသွားသည့်အခါ စအိုနာကျင်ခြင်း
- အဖျားတက်ခြင်း
- စအိုဝတွင် ယားယံခြင်း
နောက်ဆက်တွဲပြဿနာများ
ဂရင်ဂျီနာ (Anal Fistula) ကို မကုသပါက အောက်ဖော်ပြပါ နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်နိုင်သည်။
- နာတာရှည် ပိုးဝင်ကာ စအိုအနီးတစ်ဝိုက် မကြာခဏ ပြည်တည်နာပြန်ဖြစ်ခြင်း (Recurrent abscess)
- ဂရင်ဂျီနာ လမ်းကြောင်းအသစ်များ ဖြစ်ပေါ်ခြင်းနှင့် ပိုမိုဆိုးရွားလာခြင်း
- နှစ်ပေါင်းများစွာ ကြာမြင့်သော နာတာရှည်ရောင်ရမ်းခြင်းနှင့် တိုက်စားခြင်းတို့ကြောင့် စအိုကင်ဆာအဖြစ် ပြောင်းသွားခြင်း
- အနံ့ဆိုးများထွက်ခြင်းကြောင့် လူမှုဆက်ဆံရေးပြဿနာများ ရှိလာခြင်း
- မကုသပါက စအိုကြွက်သားများ ပျက်စီးပြီး ဝမ်းမထိန်းနိုင်ခြင်း
- ကောင်းစွာမကုသပါက သွေးဆိပ်တက်ပြီး အသက်အန္တရာယ်ရှိနိုင်ခြင်း၊ နာတာရှည်ပိုးဝင်ခြင်းတို့ ဖြစ်နိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
အထက်ပါလက္ခဏာများ ခံစားရပါက မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန် လိုအပ်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။
ရောဂါရှာဖွေခြင်း
ဂရင်ဂျီနာရောဂါ ရှာဖွေရန် အောက်ပါအတိုင်း စမ်းသပ်စစ်ဆေးရန် လိုအပ်သည်။
- ရောဂါလက္ခဏာရာဇဝင်များ မေးမြန်းခြင်း
- လူနာအား စမ်းသပ်ခြင်း
- လူနာအား စမ်းသပ်ရာတွင် ဘေးတစ်စောင်းအနေအထားဖြင့် တင်ပါး (၂) ဖက်အား ညင်သာစွာ ဆွဲဟပြီး စအိုဝ အနီးတစ်ဝိုက် တင်ပါးတွင် ပြည်ထွက်နေသော အနာပေါက် ရှိမရှိ ကြည့်ရှုစစ်ဆေးမည်၊ တစ်ခါတစ်ရံတွင် အပြင်အနာပေါက် ပြန်ပိတ်သွားကာ အဖုအနေဖြင့် တွေ့ရှိနိုင်သည်
- စအိုအတွင်း လက်ချောင်းထည့်သွင်း စမ်းသပ်ခြင်း (Digital rectal examination)
- ချောဆီသုတ်ထားသော လက်အိတ်စွပ်ထားသည့် လက်ညှိုးဖြင့် စအိုလမ်းကြောင်းအတွင်းသို့ ညင်သာစွာ ထည့်သွင်းကာ စမ်းသပ်မည်၊ ယင်းသို့ ပြုလုပ်ရာတွင် မခံမရပ်နိုင်အောင် နာကျင်ပါက ဆရာဝန်အား ပြောပြရန် လိုအပ်သည်
- စအိုမှန်ပြောင်းဖြင့်စမ်းသပ်စစ်ဆေးခြင်း (Anoscopy or Protoscopy)
- အတွင်းအနာပေါက် (Internal opening) တည်နေရာကို ရှာဖွေရန် ချောဆီသုတ်လိမ်းထားသော မှန်ပြောင်းတိုဖြင့် စအိုအတွင်း ကြည့်ရှုစစ်ဆေးခြင်းဖြစ်သည်
အထူးသဖြင့် နာတာရှည် ဂရင်ဂျီနာများနှင့် ရှုပ်ထွေးသော ဂရင်ဂျီနာများ ကုသရာတွင် ပြွန်လမ်းကြောင်း တည်ရှိပုံကို တိကျစွာသိရှိနိုင်ရန် အရေးကြီးသောကြောင့် အောက်ဖော်ပြပါ စစ်ဆေးမှုများ ပြုလုပ်သည်။
- သံလိုက်ဓာတ်မှန် (MRI) _ ပြွန်လမ်းကြောင်းများနှင့် ဝမ်းထိန်းကြွက်သားများ ဆက်စပ်တည်ရှိပုံနှင့် တင်ပါးဆုံကွင်းအတွင်းရှိ ကိုယ်တွင်းအင်္ဂါများကို ကြည့်ရှုစစ်ဆေးနိုင်သည်
- မှန်ပြောင်းဖြင့် အာထရာဆောင်းရိုက်ခြင်း (Endoscopic ultrasound) – စအိုအတွင်းသို့ အာထရာဆောင်းပါသော မှန်ပြောင်းထည့်သွင်းကာ ဂရင်ဂျီနာလမ်းကြောင်းများကို ရှာဖွေခြင်းဖြစ်သည်
- ဂရင်ဂျီနာ ပြွန်လမ်းကြောင်းဓာတ်မှန် (Fistulography) – ဂရင်ဂျီနာ ပြွန်လမ်းကြောင်းအတွင်း ပုံရိပ်ဖော်ဆေး ထိုးသွင်း၍ ဓာတ်မှန်ရိုက်ခြင်းဖြစ်သည်
- အိပ်ဆေး၊ မေ့ဆေးပေး၍ စစ်ဆေးခြင်း (Examination under anaesthesia) – နာကျင်မှုကြောင့် လူနာအား စမ်းသပ်၍ မရပါက အတွင်းအနာပေါက်တည်နေရာကို တိကျစွာ သိရှိနိုင်ရန် ခွဲစိတ်ခန်းတွင် အိပ်ဆေး သို့မဟုတ် မေ့ဆေးဖြင့် စမ်းသပ်စစ်ဆေးမှု ပြုလုပ်ခြင်းဖြစ်သည်
ကုသခြင်း
ဂရင်ဂျီနာ ကုသမှုတွင် ခွဲစိတ်ကုသခြင်းသည် အဓိကဖြစ်ပြီး ပြွန်လမ်းကြောင်းတည်နေရာ၊ ရှုပ်ထွေးမှုနှင့် ရောဂါအခံအပေါ် မူတည်၍ ခွဲစိတ်ကုသနည်း အမျိုးမျိုးရှိသည်။ ခွဲစိတ်ရာတွင် ပြွန်လမ်းကြောင်း ကင်းစင်စေရန် ဖယ်ရှားခြင်း သို့မဟုတ် ပြွန်လမ်းကြောင်းအား ခွဲစိတ်ပြုပြင်၍ ပိတ်ခြင်းတို့ကို အဓိကပြုလုပ်သည်။ ယင်းသို့ ခွဲစိတ်ရာတွင် ဝမ်းထိန်းကြွက်သားများ ထိခိုက်မှု အနည်းဆုံးဖြစ်စေရန် အထူးဂရုပြုရသည်။
- သာမန် ဂရင်ဂျီနာ (Simple fistula)
- ဂရင်ဂျီနာ လမ်းကြောင်းအမိုးကို ခွဲစိတ်ဖွင့်ကာ အတွင်းရှိ ပိုးဝင်နေသော တစ်ရှူးများကို ဖယ်ရှားခြင်းနည်းလမ်း (Fistulotomy) သို့မဟုတ် ပြွန်လမ်းကြောင်း တစ်ခုလုံးကို ဖြတ်ထုတ်ခြင်း (Fistulectomy) ကို အသုံးပြုသည်
- ယင်းသို့ ခွဲစိတ်ရာတွင် ဝမ်းထိန်းကြွက်သားများ အနည်းငယ် ဖြတ်ရနိုင်သည်။
- ရှုပ်ထွေးသော ဂရင်ဂျီနာ (Complex fistula)
ရှုပ်ထွေးသော ဂရင်ဂျီနာများတွင် ပြွန်လမ်းကြောင်းရှုပ်ထွေးမှုနှင့် ဝမ်းထိန်းကြွက်သား ပါဝင်မှု များပြားသောကြောင့် အောက်ဖော်ပြပါ ခွဲစိတ်မှုများကို ဂရင်ဂျီနာအခြေအနေအပေါ် မူတည်၍ အဆင့်လိုက် ပြုလုပ်သည်။- ပြွန်လမ်းကြောင်းအတွင်း ချုပ်ကြိုးထည့်သွင်းခြင်း (Seton drain) _ ဂရင်ဂျီနာ ပြွန်လမ်းကြောင်းအတွင်းရှိ ပြည်များ ထွက်သွားစေရန်နှင့် ပြွန်လမ်းကြောင်း ပိတ်သွားစေရန်ဖြစ်သည်
- ဝမ်းထိန်းကြွက်သားများအား ဖြတ်သန်းသွားသော ပြွန်လမ်းကြောင်းကို ချည်ပိတ်ခြင်း (LIFT procedure) _ ဝမ်းထိန်းကြွက်သား ထိခိုက်မှုနည်းစေရန် ယင်းကို ဖြတ်သန်းသွားသော ဂရင်ဂျီနာအပိုင်းအား ချုပ်ကြိုး သို့မဟုတ် အထူးပြုလုပ်ထားသည့် ကော်ကို အသုံးပြု၍ ပိတ်ခြင်းဖြစ်သည်
- ကြွက်သား အစားထိုးခြင်း (Muscle flap) – ဂရင်ဂျီနာ အတွင်းအနာပေါက် (Internal opening) အား ဖြတ်ထုတ်ကာ အစာဟောင်းအိမ်နံရံရှိ ကြွက်သားဖြင့် အစားထိုးခြင်းဖြစ်သည်
- အူလမ်းကြောင်း လွှဲခြင်း (Ostomy) – စအိုဝရှိ ဂရင်ဂျီနာ အနာများအား မစင်နှင့် မထိတွေ့စေရန် ဝမ်းဗိုက်ပေါ်တွင် အူလမ်းကြောင်း ယာယီလွှဲထားခြင်းဖြစ်သည်၊ အနာကျက်သွားသည့်အခါ ပြန်ပိတ်ပေးမည်ဖြစ်သည်
ကာကွယ်ခြင်း
အောက်ပါတို့ကို လုပ်ဆောင်ခြင်းဖြင့် ဂရင်ဂျီနာဖြစ်ပေါ်နိုင်ခြေကို လျှော့ချနိုင်သည်။
- စအိုဝအနီးရှိ ပြည်တည်နာများကို အချိန်မီကုသခွဲထုတ်ခြင်း
- ဂရင်ဂျီနာဖြစ်စေသည့် နာတာရှည်ရောဂါများကို စနစ်တကျ ကုသခြင်း
- စအိုဝအနီးတစ်ဝိုက်သန့်ရှင်းမှုကို ဂရုစိုက်ခြင်း
- ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာများ စားသုံးခြင်း _ အမျှင်ဓာတ်ကြွယ်ဝသော အစားအစာများ စားသုံးခြင်းဖြင့် ဝမ်းချုပ်ခြင်းကို ကာကွယ်နိုင်ပြီး စအိုပြည်တည်နာများ ဖြစ်ပေါ်နိုင်ခြေကို လျှော့ချနိုင်သည်
- ပုံမှန်ကျန်းမာရေးစစ်ဆေးခြင်း _ ပုံမှန်ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ခြင်းဖြင့် ဂရင်ဂျီနာဖြစ်စေနိုင်သော အခြေအနေများကို အချိန်မီ သိရှိကုသနိုင်သည်
- ခွဲစိတ်ကုသပြီးနောက် ဂရုစိုက်ခြင်း _ စအိုနှင့်ပတ်သက်သော ခွဲစိတ်ကုသမှုများအပြီး လိုက်နာရမည့် နောက်ဆက်တွဲဂရုစိုက်မှုများကို စနစ်တကျ လုပ်ဆောင်သင့်သည်
ဆက်လက်ဖတ်ရှုရန်
References:
- Cleveland Clinic. (2025). Anal fistula. Retrieved January 4, 2026, from https://my.clevelandclinic.org/health/diseases/14466-anal-fistula
- Mayo Clinic. (n.d.). Anal fistula: Symptoms and causes. Retrieved January 4, 2026, from https://www.mayoclinic.org/diseases-conditions/anal-fistula/symptoms-causes/syc-20352871
Published: 21 February 2025
Last updated: 18 March 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.