Norovirus infection (နိုရိုဗိုင်းရပ်စ် အထက်လှန်အောက်လျှောကူးစက်ရောဂါ)

Norovirus infection (နိုရိုဗိုင်းရပ်စ် အထက်လှန်အောက်လျှောကူးစက်ရောဂါ)

Norovirus ကူးစက်ရောဂါသည် မသန့်ရှင်းသော အစားအသောက်များမှတစ်ဆင့် ကူးစက်နိုင်သောရောဂါ (foodborne disease) တစ်မျိုးဖြစ်ပြီး အစာအိမ်နှင့် အူလမ်းကြောင်းများကို ရောင်ရမ်းစေသည်။ လူတစ်ဦးမှတစ်ဦးသို့ ကူးစက်မှုနှုန်း အလွန်လျင်မြန်ပြီး ကမ္ဘာ့ဖွံ့ဖြိုးပြီးနိုင်ငံများ၌ပင် ဖြစ်ပွါးမှုနှုန်းမြင့်မားသော ရောဂါဖြစ်သည်။ တစ်နှစ်ပတ်လုံးဖြစ်ပွါးနိုင်ပြီး နိုဝင်ဘာလ မှ ဧပြီလအကြားတွင် အဖြစ်များသည်။

ဖြစ်ပေါ်ရသော အကြောင်းရင်းများ

Caliciviridae အုပ်စုဝင် RNA ဗိုင်းရပ်စ်တစ်မျိုးဖြစ်သော နိုရိုဗိုင်းရပ်စ်ပိုး (Norovirus) ကြောင့် ဖြစ်ပွါးသည်။ ဗိုင်းရပ်စ်ပိုးအမျိုးအစားများအနေဖြင့် (၂၀၁၃) ခုနှစ်တွင် မျိုးဗီဇအုပ်စုကြီး (Genogroup) (၆) အုပ်စုနှင့် မျိုးဗီဇအမျိုးအစား (Genotype) (၄၀) ခန့် ရှာဖွေတွေ့ရှိခဲ့ပြီး၊ (၂၀၁၉) ခုနှစ်တွင် မျိုးဗီဇအုပ်စုကြီး (Genogroup) (၁၀) အုပ်စုနှင့် မျိုးဗီဇအမျိုးအစား (Genotype) (၄၈) မျိုးအထိ ရှာဖွေဖော်ထုတ်နိုင်ခဲ့သည်။

(၁၉၆၈) ခုနှစ်တွင် နိုရိုဗိုင်းရပ်စ်ပိုးကြောင့် လူများအစုလိုက်အပြုံလိုက် ကပ်ရောဂါအသွင် ဖြစ်ပွါးခြင်း (Outbreak) ကို အမေရိကန်နိုင်ငံ၊ အိုဟိုင်းအိုး (Ohio) ပြည်နယ်၊ နော်ဝေါ့ခ် (Norwalk) မြို့ရှိ ကျောင်းနေအရွယ်ကလေးများတွင် ပထမဆုံးစတင်တွေ့ရှိခဲ့သည်။ ထို့‌ကြောင့် ထိုဗိုင်းရပ်စ်ကို Norwalk virus သို့မဟုတ် Norwalk-like virus ဟုလည်းခေါ်ကြသည်။

ရောဂါကူးစက်ပုံ

နိုရိုဗိုင်းရပ်စ်ပိုးရှိသူတစ်ဦး၏ ဝမ်းအရည် သို့မဟုတ် အန်သည့်အရည်များမှ ထွက်လာသော အမှုန်အမွှားများ၊ နှာချေ၊ ချောင်းဆိုးရာမှ ထွက်လာသော အမှုန်အမွှားများသည် အခြားသူတစ်ဦးထံသို့ ပျံ့နှံ့ကူးစက်နိုင်သည်။ ကူးစက်နိုင်သည့်နည်းလမ်းများမှာ_

  • ရောဂါပိုးများပါရှိသည့် မသန့်ရှင်းသောရေနှင့် အစားအသောက်များ စားသုံးမိခြင်း၊ ရောဂါပိုးရှိသူမှ လက်ဖြင့်ကိုင်တွယ်ချက်ပြုတ်ထားသည့် အစားအသောက်များကို စားသုံးမိခြင်း (fecal oral route)
  • ‌ရောဂါပိုးရှိသူနှင့် အနီးကပ်ထိတွေ့မိခြင်း [ဥပမာ_ ရောဂါပိုးရှိသောလူနာကို အနီးကပ်ပြုစုသူများ၊ ရောဂါပိုးရှိသူနှင့် အိုး၊ ခွက်၊ ပန်းကန်၊ ဇွန်းစသည့် အသုံးအဆောင်ပစ္စည်းများ အတူသုံးစွဲမိသူများ (direct contact)]
  • ရောဂါပိုးရှိသူ နှာချေခြင်း၊ ချောင်းဆိုးခြင်းကြောင့် ထွက်လာသည့် အမှုန်အမွှားများ တင်ကျန်နေသော အရာဝတ္ထုများ၊ မျက်နှာပြင်များကို ကိုင်တွယ်မိပြီးနောက် လက်မဆေးမိဘဲ ပါးစပ်ကို ထိကိုင်မိခြင်း (fomite transmission) စသည်တို့ဖြစ်သည်။
နိုရိုဗိုင်းရပ်စ် ကူးစက်ခံရနိုင်ခြေ များသူများ

အသက်အရွယ်မရွေး ရောဂါကူးစက်ဖြစ်ပွါးနိုင်သော်လည်း

  • အသက် (၅) နှစ်အောက်ကလေးများ
  • သက်ကြီးရွယ်အိုများ
  • ကိုယ်ဝန်ဆောင်မိခင်များ
  • နာတာရှည်ရောဂါအခံရှိသူများ (ဥပမာ_ ဆီးချိုရောဂါ၊ နာတာရှည်ကျောက်ကပ်ရောဂါရှိသူများ)
  • ကိုယ်ခံအားစနစ် အားနည်းနေသူများသည် ရောဂါကူးစက်နိုင်ခြေများ၍ လက္ခဏာပြင်းထန်နိုင်ခြေလည်း များသည်
  • ထို့ပြင် ဂုံး၊ ကမာ၊ ယောက်သွားကဲ့သို့ အခွံပါသော ပင်လယ်စာကို အစိမ်းစားသူများ၊ သန့်ရှင်းမှုမရှိသော ဆလပ်ရွက်များနှင့် အချို့အသီးအနှံများကို စားသုံးသူများတွင်လည်း ရောဂါကူးစက်နိုင်ခြေ မြင့်မားသည်
နိုရိုဗိုင်းရပ်စ် ကူးစက်ခံရနိုင်ခြေများသည့် နေရာများ
  • ကျောင်းများ
  • နေ့ကလေးထိန်းဌာနများ
  • မိဘမဲ့ကလေးဂေဟာများ
  • သက်ကြီးရွယ်အို ပြုစုစောင့်ရှောက်ရေး‌ဂေဟာများ
  • ဆေးရုံများ
  • စားသောက်ဆိုင်များ
  • ဟိုတယ်များ၊ အပန်းဖြေစခန်းများ၊ အပျော်စီး ပင်လယ်ကူးသင်္ဘောများစသည့် လူထူထပ်သောနေရာများတွင် ကူးစက်မှု မြန်နိုင်သည်။
ရောဂါလက္ခဏာများ

နိုရိုဗိုင်းရပ်စ်ပိုးကူးစက်ခံရပြီး (၁၂)နာရီ မှ (၄၈)နာရီအတွင်း လက္ခဏာများ ပေါ်လာတတ်သည်။ အတွေ့ရများသော လက္ခဏာများမှာ_

  • ဝမ်းပျက်၊ ဝမ်းလျှောခြင်း _ သွေးမပါဘဲ ဝမ်းအရည်များ သွားလေ့ရှိသည်
  • အော့အန်ခြင်း _ ကလေးများတွင် အတွေ့ရများသည်
  • ပျို့ခြင်း
  • ဗိုက်အောင့်ဗိုက်နာခြင်းတို့ဖြစ်ပြီး တစ်ခါတစ်ရံ
    • ဖျားခြင်း
    • ခေါင်းကိုက်ခြင်း
    • ကိုယ်လက်များ ကိုက်ခဲခြင်းစသည်တို့ တွဲ၍တွေ့ရတတ်သည်။

အများစုတွင် အထက်ပါလက္ခဏာများသည် တစ်ရက် မှ သုံးရက်ခန့်အကြာတွင် ပြန်လည်သက်သာသွားလေ့ရှိသည်။

Norovirus infection image 1
နောက်ဆက်တွဲပြဿနာများ

အများစုတွင် နောက်ဆက်တွဲပြဿနာများ နည်းပါးသော်လည်း ဝမ်းလျှောခြင်း၊ အန်ခြင်း အကြိမ်များစွာ ဖြစ်ပေါ်လာပါက ရေဓာတ်ဆုံးရှုံးသည့် အောက်ပါလက္ခဏာများ တွေ့ရတတ်သည်။ အထူးသဖြင့် ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများတွင် ပိုမိုပြင်းထန်တတ်သည်။

  • နှုတ်ခမ်းနှင့်အာခေါင်များ ခြောက်ခြင်း
  • ‌ရေအလွန်ငတ်ခြင်း
  • ကလေးများတွင် ငယ်ထိပ်ချိုင့်ခြင်း၊ ငိုလျှင် မျက်ရည်မထွက်ခြင်း
  • မူးဝေခြင်း၊ နုံးခြင်း
  • မှိန်းခြင်း
  • သတိလစ်ခြင်း၊ တက်ခြင်း
  • ခြေလက်များ အေးစက်ခြင်း
  • သွေးပေါင်ကျခြင်း
  • ခန္ဓာကိုယ်အတွင်းရှိ ဆိုဒီယမ်၊ ပိုတက်ဆီယမ်ဓာတ်များ ပုံမမှန်ဖြစ်လာခြင်း
  • ဆီးသွားအလွန်နည်းသွားခြင်းစသည့် လက္ခဏာများအပြင် ပြင်းထန်ပါက အသက်ဆုံးရှုံးနိုင်သည်အထိ အန္တရာယ်ရှိသည်။

ရောဂါလက္ခဏာများ သက်သာသွားသော်လည်း နိုရိုဗိုင်းရပ်စ်ပိုးသည် ရောဂါဖြစ်ပွါးသူ၏ ခန္ဓာကိုယ်အတွင်းတွင် ရက်ပေါင်းများစွာ ဆက်လက်နေနိုင်သကဲ့သို့ အခြားသူများထံသို့လည်း ရက်သတ္တပတ် နှစ်ပတ်ထိကြာအောင် ရောဂါပိုး ပြန့်ပွါးကူးစက်စေနိုင်သည်။

ဆေးရုံ၊ ဆေးခန်းပြသရန်

အများစုသည် ဆေးရုံ၊ ဆေးခန်းသွားရန်မလိုဘဲ လိုအပ်သော ဓာတ်ဆား၊ အဖျားကျဆေးစသည်တို့ဖြင့် နေအိမ်တွင် စောင့်ကြည့်ကုသနိုင်သည်။

သို့ရာတွင်

  • ရေဓာတ်ဆုံးရှုံးသည့် လက္ခဏာများရှိလျှင်
  • လက္ခဏာများသည် (၃) ရက်နှင့်အထက် ဆက်တိုက်ဖြစ်လာလျှင်
  • ဗိုက်အလွန်အောင့်ခြင်း၊ နာခြင်း၊ မကြာခဏအန်နေခြင်းများ ရှိလျှင်
  • အစားအသောက် ကောင်းစွာမဝင်လျှင်
  • ရောဂါပြင်းထန်နိုင်ခြေများသော ကိုယ်ခံအားနည်းသူများဖြစ်လျှင် မိမိ၏မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန်လိုသည်။

မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်းဖြင့် ရောဂါရှာ‌ဖွေ ကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊​ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။

ရေဓာတ်ဆုံးရှုံးသည့် လက္ခဏာများ ပြင်းထန်ပါက အရေးပေါ်ဆေးကုသမှုများ လိုအပ်နိုင်သောကြောင့် ဆေးရုံအရေးပေါ်ဌာနများသို့ အချိန်မီပြသ ကုသမှုခံယူရန်လိုသည်။

ရောဂါရှာဖွေခြင်း

သက်ဆိုင်ရာမိသားစုဆရာဝန်မှ ရောဂါလက္ခဏာများနှင့် အခြားရာဇဝင်များ (ဥပမာ_လူထူထပ်သော နေရာများသို့ သွား‌ရောက်လည်ပတ်ထားခြင်း၊ ပင်လယ်စာအစိမ်းများ စားသုံးထားခြင်း စသည်) ကို မေးမြန်း၍ လူနာအား အသေးစိတ် စမ်းသပ်စစ်ဆေးမည်ဖြစ်သည်။ အများအားဖြင့် ရောဂါလက္ခဏာများကိုကြည့်၍ ကုသမှုပေးနိုင်ပြီး သွေးစစ်ခြင်း၊ ဝမ်းစစ်ခြင်းစသည့် ဓာတ်ခွဲစစ်ဆေးချက်များ ပုံမှန်ပြုလုပ်ရန်မလိုပါ။

လူများအစုလိုက်အပြုံလိုက် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွါးသည့်နေရာများတွင် နိုရိုဗိုင်းရပ်စ်ကြောင့်ဖြစ်သည်ဟု သံသယရှိပါက လူနာများ၏ဝမ်းနမူနာကိုယူ၍ ဓာတ်ခွဲခန်းတွင် ဓာတ်ခွဲစစ်ဆေးနိုင်သည်။ ဗိုင်းရပ်စ်ပိုး၏ ပဋိလှုံ့ပစ္စည်း (Viral Antigen) သို့မဟုတ် ဗိုင်းရပ်စ်ပိုး၏ RNA မျိုးဗီဇအစိတ်အပိုင်းကို Reverse transcription real-time polymerase chain reaction assays (RT-qPCR) နည်းဖြင့် ရှာဖွေနိုင်၍ ရောဂါအတိအကျ သတ်မှတ်နိုင်သည်။ ထို့ပြင် နိုရိုရောဂါပိုးပြန့်ပွါးစေသည်ဟု သံသယရှိသောအစားအစာနှင့် ရေနမူနာများကို ဓာတ်ခွဲခန်းသို့ပို့၍ အထက်ပါနည်းလမ်းများအတိုင်း ဗိုင်းရပ်စ်ပိုးရှာဖွေနိုင်သည်။

ကုသခြင်း

နိုရိုရောဂါအတွက် သီးသန့်ထုတ်လုပ်ထားသော ဗိုင်းရပ်စ်ပိုးသတ်ဆေးနှင့် ကာကွယ်ဆေးများ မရှိပါ။ ပုံမှန်ပဋိဇီဝပိုးသတ်ဆေးများလည်း သုံးရန်မလိုပါ။ အမျိုးအစားကွဲများစွာရှိသောကြောင့် တစ်ကြိမ်ထက်မကလည်း ကူးစက်ခံရနိုင်သည်။ နိုရိုဗိုင်းရပ်စ်ရောဂါသည် အခြားဗိုင်းရပ်စ်ပိုးအများစုကဲ့သို့ပင် ရက်အနည်းငယ်အတွင်း လက္ခဏာများ သက်သာသွားလေ့ရှိသောကြောင့် ဖြစ်ပေါ်လာသောလက္ခဏာများကိုသာ အောက်ပါအတိုင်းကုသ၍ သက်သာလာချိန်အထိ အိမ်တွင်စောင့်ကြည့်သင့်သည်။

  • ဓာတ်ဆားရည်အပါအဝင် အာဟာရရှိသောအရည်များ (စွပ်ပြုတ်၊ ဆန်ပြုတ်၊ အုန်းရည်၊ လတ်ဆတ်၍ အချိုနည်းသည့် သစ်သီးဖျော်ရည် စသည်တို့) ကို မကြာခဏသောက်ပေးခြင်း၊ မိခင်နို့တိုက်နေသည့် ကလေးများတွင် မိခင်နို့ဆက်တိုက်ပေးခြင်း (ကလေး ပိုစို့နိုင်လျှင် ပိုတိုက်ပေးရန်)
  • ကောင်းစွာအနားယူခြင်း
  • ပျော့ပျောင်း၍ အစာကြေလွယ်သော အစားအစာများ စားခြင်း
  • ဖျားခြင်း၊ ကိုက်ခဲခြင်းများအတွက် ပါရာစီတမောကဲ့သို့ အဖျားကျဆေးများသောက်ခြင်း စသည်တို့ကို ပြုလုပ်နိုင်သည်
  • ရေဓာတ်ဆုံးရှုံးသည့် ပြင်းထန်လက္ခဏာများရှိပါက ဆေးရုံတက်၍ သွေးကြောမှတစ်ဆင့် ဆေးရည်သွင်းကုသနိုင်သည်
ကာကွယ်ခြင်း

နိုရိုဗိုင်းရပ်စ်ကူးစက်ခံရခြင်းမှ ကင်းဝေးရန် အောက်ပါ တစ်ကိုယ်ရေနှင့် အစားအသောက် သန့်ရှင်းရေးအလေ့အထများကို စနစ်တကျ လိုက်နာလုပ်ဆောင်သင့်သည်။

  • လက်ကို ဆပ်ပြာနှင့်ရေကို အသုံးပြု၍ အနည်းဆုံး စက္ကန့် (၂၀) ကြာအောင် ဆေးကြောရန်လိုသည်။ (သတိပြုရန်မှာ အရက်ပြန်ပါဝင်သော လက်သန့်စင်ဆေးရည်များဖြင့် လက်ဆေးခြင်းသည် နိုရိုဗိုင်းရပ်စ်ကူးစက်ခြင်းကို ကာကွယ်နိုင်ခြေ နည်းပါးသောကြောင့် ဆပ်ပြာနှင့်ရေကိုသာ အသုံးပြုရန် အကြံပြုထားသည်)
  • အစားအစာများ မစားမီ၊ ပြင်ဆင်ကိုင်တွယ်ခြင်းမပြုမီတိုင်း၊ အိမ်သာမှဆင်းလာတိုင်း၊ အညစ်အကြေးများ ကိုင်တွယ်ပြီးတိုင်း၊ မသန့်ရှင်းသော အရာဝတ္ထုများနှင့် မျက်နှာပြင်များ ကိုင်တွယ်ပြီးတိုင်း အထက်ပါအတိုင်း လက်ဆေးရန်လိုသည်
  • အသီးအနှံများနှင့် ဟင်းသီးဟင်းရွက်များကိုလည်း မစားမီ ရေဖြင့် သေချာဆေးကြောသင့်သည်၊ ပင်လယ်စာအပါအဝင် အသားများကို အချိန်ယူ၍ ကျက်အောင် ချက်ပြုတ်စားသင့်သည်၊ မီးဖိုချောင်သုံးပစ္စည်းများကိုလည်း အသား၊ ငါးများကိုင်တွယ်ပြီးတိုင်း သေချာဆေးကြော ရှင်းလင်းသင့်သည်
  • အန်ခြင်း၊ ဝမ်းလျှောခြင်းဖြစ်နေသူတစ်ဦး အနီးပတ်ဝန်းကျင်တွင် ရှိပါက ထိုသူ၏ ခန္ဓာကိုယ်မှ ထွက်သောအရည်များကို ကိုင်တွယ်သန့်ရှင်းရာတွင်လည်း အထူးဂရုပြုရမည်၊ အညစ်အကြေးပေသော အဝတ်အစားများ၊ အိပ်ရာခင်းများကို ရာဘာလက်အိတ်ဖြင့်သာ ကိုင်တွယ်သင့်သည်၊ ထိုအဝတ်များကို ချက်ချင်းဖယ်ရှား၍ ဆပ်ပြာမှုန့်နှင့် ရေအပူတို့ကို အသုံးပြု၍ လျှော်ဖွပ်ကာ နေပူလှန်းသင့်သည်၊ ကိုင်တွယ်ပြီးတိုင်းလည်း လက်ကို ဆပ်ပြာနှင့်ရေအသုံးပြု၍ ပြန်လည်ဆေးကြောရမည်
  • ရောဂါရှိသူ သို့မဟုတ် သံသယရှိသူထံမှ ထွက်လာသော အမှုန်အမွှားများ တင်ကျန်နိုင်သော အရာဝတ္ထုများ၊ မျက်နှာပြင်များကို သန့်ရှင်းရေးပြုလုပ်ရာတွင်လည်း လက်အိတ်ဝတ်ဆင်သင့်သည်၊ ကလိုရင်းပါဝင်သော ပိုးသန့်စင်ဆေးရည်များဖြင့် ဆေးကြောသုတ်သင်ပြီးနောက် အနည်းဆုံး (၅) မိနစ်ခန့် အခြောက်ခံထားရမည်
  • ထို့နောက် ၎င်းနေရာကို ဆပ်ပြာနှင့် ရေနွေးသုံး၍ ‌နောက်တစ်ကြိမ် ပြန်လည်ဆေးကြောရမည်၊ အသုံးပြုပြီးသော လက်အိတ်များ၊ တစ်ရှူးများအားလုံးကို ပလတ်စတစ်စွပ်ထားသော အဖုံးပါအမှိုက်ပုံးအတွင်းသို့ စနစ်တကျစွန့်ပစ်ရမည်
  • လူဦးရေထူထပ်သော စားသောက်ဆိုင်၊ ဟိုတယ်၊ ပြုစုစောင့်‌ရှောက်ရေး‌ဂေဟာစသည်တို့တွင် အလုပ်လုပ်နေသူများအနေဖြင့် နိုရိုဗိုင်းရပ်စ်ကူးစက်ခံရသည့် လက္ခဏာတစ်ခုခုရှိနေပါက အနည်းဆုံး (၄၈) နာရီခန့် လုပ်ငန်းခွင်မှ အနားယူရမည်ဖြစ်သည်

References:

  1. Centers for Disease Control and Prevention. (n.d.). Norovirus. Retrieved January 6, 2026, from https://www.cdc.gov/norovirus/index.html
  2. Mayo Clinic. (n.d.). Norovirus infection: Symptoms & causes. Retrieved January 6, 2026, from https://www.mayoclinic.org/diseases-conditions/norovirus/symptoms-causes/syc-20355296
  3. Mayo Clinic. (n.d.). Norovirus infection: Diagnosis & treatment. Retrieved January 6, 2026, from https://www.mayoclinic.org/diseases-conditions/norovirus/diagnosis-treatment/drc-20355302
  4. Cleveland Clinic. (n.d.). Norovirus. Retrieved January 6, 2026, from https://my.clevelandclinic.org/health/diseases/17703-norovirus
  5. Winder, N. (2022). Norovirus: An overview of virology and preventative measures. Retrieved January 6, 2026, from https://pmc.ncbi.nlm.nih.gov/articles/PMC9781483/

Published: 16 January 2025

Last updated: 10 February 2026

Share

26 January 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.