Chronic Obstructive Pulmonary Disease or COPD (နာတာရှည်လေပြွန်ကျဉ်းအဆုတ်ပွရောဂါ)

Chronic Obstructive Pulmonary Disease or COPD (နာတာရှည်လေပြွန်ကျဉ်းအဆုတ်ပွရောဂါ)

နာတာရှည်လေပြွန်ကျဉ်း အဆုတ်ပွရောဂါ (COPD) သည် လေပြွန်ကျဥ်းလာခြင်းကြောင့် အသက်ရှူရခက်ခဲခြင်းကို ဖြစ်ပေါ်စေသော နာတာရှည်အဆုတ်ရောင်ရောဂါဖြစ်သည်။ အဆုတ်လေအိတ်နံရံများ ပျက်စီး၍ အဆုတ်ဖောင်းပွလာခြင်း (Emphysema) နှင့် လေပြွန်များ နာတာရှည်ရောင်ရမ်းခြင်း (Chronic bronchitis) တို့သည် အဖြစ်အများဆုံးဖြစ်ကြသည်။ ရောဂါသက်တမ်း ကြာလာသည်နှင့်အမျှ တဖြည်းဖြည်းနှင့် ပျောက်ကင်းအောင် ကုသ၍မရနိုင်သည်အထိ ပိုမိုဆိုးရွားနိုင်သည်။ သို့သော် ဖြစ်ပေါ်စေသော အကြောင်းရင်းများကို ရှောင်ကြဥ်၍ ထိ‌ရောက်သော ကုသမှုကို ခံယူပါက ရောဂါလက္ခဏာများ သက်သာနိုင်သည်။

COPD image 1
ဖြစ်ပေါ်ရသော အကြောင်းရင်းများ

နာတာရှည် လေပြွန်ကျဉ်းအဆုတ်ပွရောဂါကို အဓိကဖြစ်စေသော အကြောင်းရင်းမှာ ဆေးလိပ် ကြာရှည်စွဲမြဲစွာ သောက်သုံးခြင်းကြောင့်ဖြစ်သည်။ အခြားဖြစ်စေသော အကြောင်းရင်းများမှာ_

  • မီးခိုးငွေ့များ၊ ဓာတ်ငွေ့များစသည့် မသန့်ရှင်းသောလေကို ကြာရှည်စွာ ရှူရှိုက်မိခြင်း
  • ဓာတ်ငွေ့များထွက်သည့် လုပ်ငန်းခွင်တွင် အလုပ်လုပ်ခြင်း
  • မွေးရာပါ Alpha-1 antitrypsin ပရိုတင်းချို့တဲ့ခြင်း (Alpha-1 antitrypsin deficiency) တို့ကြောင့် ဖြစ်နိုင်သည်။
ရောဂါဖြစ်နိုင်ခြေ များစေသောအချက်များ
  • ဆေးလိပ်သောက်ခြင်း (အဓိကအချက်ဖြစ်ပြီး ကြာကြာသောက်လေ ဖြစ်နိုင်ခြေများလေဖြစ်သည်) ‌ဆေးတံ၊ ဆေးပြင်းလိပ်၊ ဆေးခြောက်စသည်တို့သည်လည်း ဖြစ်နိုင်ခြေများစေသည်၊ ကိုယ်တိုင်မသောက်သော်လည်း အခြားသူ၏ ဆေးလိပ်ငွေ့ကို ရေရှည်ရှူရသူများ (ဥပမာ _ ဆေးလိပ်သောက်သူ၏ မိသားစုဝင်များသည်လည်း ရောဂါဖြစ်နိုင်ခြေများသည်)
  • ရင်ကျပ်ပန်းနာရောဂါရှိခြင်း
  • လုပ်ငန်းခွင်တွင် ဓာတုဓာတ်ငွေ့များ၊ မီးခိုးများ၊ အငွေ့များနှင့် ဖုန်မှုန့်များ ကြာရှည်စွာထိတွေ့ခြင်း
  • လေဝင်လေထွက်မကောင်းသော အိမ်တွင် မီးသွေးမီးဖိုများသုံး၍ ချက်ပြုတ်ခြင်း
  • မျိုးဗီဇပြောင်းလဲခြင်း (ဥပမာ _ AAT deficiency)
  • အမျိုးသမီးဖြစ်ခြင်း
  • အသက် (၆၅) နှစ်အထက်
  • ကလေးဘဝတွင် မကြာခဏ အသက်ရှူလမ်းကြောင်းပိုးဝင်ခြင်း
ရောဂါလက္ခဏာများ

ဖြစ်ပေါ်နိုင်သော ရောဂါလက္ခဏာများမှာ_

  • အသက်ရှူမဝခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ ချွဲကျပ်ခြင်း
  • လှုပ်ရှားမှုများပြုလုပ်လျှင် မောပန်းလွယ်ခြင်း
  • အသက်ရှူလျှင် တရွှီရွှီမြည်ခြင်း
  • နာတာရှည်ချောင်းဆိုးခြင်း [အနည်းဆုံး (၂) နှစ်ဆက်တိုက်ကြာပြီး တစ်နှစ်တွင် (၃) လနှင့် အထက် ချောင်းဆိုးခြင်း] (သလိပ်၏အရောင်သည် အဖြူရောင်၊ အစိမ်းရောင်၊ အဝါရောင် ဖြစ်နိုင်သည်)
  • မကြာခဏ အသက်ရှူလမ်းကြောင်းပိုးဝင်၍ နေထိုင်မကောင်းဖြစ်ခြင်း
  • အားအင်မရှိခြင်း (နုံးခြင်း)
  • ကိုယ်အလေးချိန်ကျဆင်းခြင်း
  • ခြေထောက်များ ဖောရောင်လာခြင်းတို့ ဖြစ်ကြသည်။

ရောဂါလက္ခဏာများမှာ အချိန်ကြာလာသည်နှင့်အမျှ ပိုမိုဆိုးရွားလာနိုင်သည်။ အသက်ရှူရခက်ခဲသောကြောင့် ရင်ဘတ်ပုံစံ ပြောင်းလဲခြင်း (Barrel-shaped chest)၊ ခြေလက်များ ပြာခြင်း (cyanosis) များကို တွေ့ရသည်။ နာတာရှည် လေပြွန်ကျဉ်း အဆုတ်ပွရောဂါ ခံစားနေရသော လူနာသည် အအေးမိခြင်း၊ ‌ရောဂါပိုးဝင်ခြင်း၊ လေထုညစ်ညမ်းခြင်းတို့ကြောင့် မကြာခဏ ရောဂါဖောက်ခြင်းလည်း ဖြစ်ပေါ် နိုင်သည်။ ထိုအချိန်တွင် ယခင်ကထက် အသက်ရှူပိုကျပ်ခြင်း၊ ရင်ထဲတွင် တင်းကြပ်စွာ ခံစားရခြင်း၊ ပုံမှန်ထက် ချောင်းပိုဆိုးခြင်း၊ သလိပ်များပိုထွက်ပြီး အရောင်ပြောင်းခြင်း၊ ဖျားခြင်းအစရှိသည့် ရောဂါလက္ခဏာများကို ရက်ပေါင်းများစွာ ခံစားရနိုင်သည်။

COPD image 2
နောက်ဆက်တွဲပြဿနာများ

နာတာရှည်လေပြွန်ကျဉ်း အဆုတ်ပွရောဂါအခံရှိသောသူသည်

  1. မကြာခဏ အသက်ရှူလမ်းကြောင်း ရောဂါပိုးဝင်ခြင်း (ဥပမာ_တုပ်ကွေးဖြစ်ခြင်း၊ အဆုတ်ရောင်ခြင်း၊ အအေးမိခြင်း)
  2. သွေးတွင်းအောက်ဆီဂျင် နည်းခြင်းနှင့် ကာဗွန်ဒိုင်အောက်ဆိုဒ် များလာခြင်း
  3. အဆုတ်လုပ်ငန်း ပျက်စီးခြင်း (Respiratory failure)
  4. နှလုံးနှင့်ဆိုင်သောရောဂါများဖြစ်ခြင်း (ဥပမာ _ နှလုံး၏ ညာဘက်အခန်းလုပ်ငန်းပျက်စီးခြင်း၊ နှလုံးခုန်စည်းချက်မမှန်ခြင်း၊ နှလုံးအမောဖောက်ခြင်း)
  5. အဆုတ်ကင်ဆာဖြစ်ပွါးနိုင်ခြင်း
  6. အဆုတ်တွင်း သွေးဖိအားများခြင်း
  7. သွေးနီဥများ၍ သွေးပျစ်ခြင်း (Polycythemia)
  8. စိတ်ဓာတ်ကျခြင်း (အသက်ရှူရခက်ခဲခြင်းကြောင့် နေ့စဉ် လုပ်ငန်းဆောင်တာများ ထိခိုက်ပျက်စီးမှုဖြစ်ကာ စိတ်ဓာတ်ကျဆင်းခြင်းများ ဖြစ်ပွါးနိုင်သည်)
  9. အရိုးပွခြင်း (Osteoporosis)
  10. ကြွက်သားအားနည်းခြင်းများ ဖြစ်နိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်

နာတာရှည်လေပြွန်ကျဉ်း အဆုတ်ပွရောဂါ စတင်ခံစားရသောလူနာသည် အထက်ဖော်ပြပါ ရောဂါလက္ခဏာများ ခံစားရပါက မိသားစု ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးကာ ကုသမှုခံယူရန် လိုအပ်သည်။ ရောဂါရှိသူများသည် မိမိခံစားရသော လက္ခဏာများ ပြောင်းလဲလာခြင်း (ဥပမာ _ နဂိုထက် အသက်ရှူပိုကျပ်လာခြင်း၊ သလိပ်ပိုပျစ်လာခြင်း၊ သလိပ်တွင် သွေးပါခြင်း၊ အနံ့ဆိုးသော သလိပ်များထွက်ခြင်း) ရှိပါက မိသားစုဆရာဝန်နှင့် ချက်ချင်းပြသရန် လိုအပ်သည်။

ထို့အပြင် အသက်ရှူကျပ်လာခြင်း၊ ခြေဖျားလက်ဖျား ပြာနှမ်းလာခြင်း၊ နှုတ်ခမ်းနားတစ်ဝိုက် ပြာနှမ်းလာခြင်း၊ ရင်တုန်လာခြင်း၊ အာရုံစူးစိုက်ရ ခက်ခဲလာခြင်းစသည့် အရေးကြီးလက္ခဏာများ ခံစားရပါက ဆေးရုံအရေးပေါ်ဌာနသို့ အမြန်ဆုံးသွားရောက် ကုသမှုခံယူရန်လိုသည်။

ရောဂါရှာဖွေခြင်း

နာတာရှည် လေပြွန်ကျဥ်းအဆုတ်ပွရောဂါကို ရှာဖွေရာတွင် ရောဂါရာဇဝင်ကို သေချာစွာ မေးမြန်းခြင်း၊ အဆုတ်ကို စမ်းသပ်စစ်ဆေးခြင်း၊ သွေးတွင်းအောက်ဆီဂျင် တိုင်းတာခြင်းနှင့် အဆုတ်၏လုပ်ဆောင်နိုင်စွမ်းကို စစ်ဆေးခြင်း (Pulmonary function tests/ Spirometry) ဖြင့် ရောဂါရှာဖွေနိုင်သည်။ ထို့အပြင် နောက်ဆက်တွဲပြဿနာများနှင့် ဖြစ်ပေါ်စေသော အကြောင်းရင်းများကို ဆက်လက်ရှာဖွေနိုင်ရန် အောက်ပါစမ်းသပ်စစ်ဆေးခြင်းများ လိုအပ်နိုင်သည်။

  • ရင်ဘတ်ဓာတ်မှန်ရိုက်ခြင်း (Chest X-ray)
  • ကွန်ပျူတာဓာတ်မှန်ရိုက်ခြင်း (CT scan)
  • သွေးလွှတ်ကြောအတွင်းရှိ အောက်ဆီဂျင်၊ ကာဗွန်ဒိုင်အောက်ဆိုဒ်နှင့် အခြားဓာတ်များစစ်ဆေးခြင်း (Arterial blood gas)
  • လိုအပ်သော သွေးဖောက်စစ်ဆေးခြင်းများ
  • နှလုံးအီစီဂျီ (ECG) ဆွဲခြင်း
  • အသံလှိုင်းသုံး နှလုံးပုံရိပ်ဖော်စက်ဖြင့် စစ်ဆေးခြင်း (Echocardiogram)
  • မျိုးဗီဇစစ်ဆေးခြင်း (Genetic Test) စသည်တို့ဖြစ်သည်။
ကုသခြင်း

နာတာရှည်လေပြွန်ကျဉ်း အဆုတ်ပွရောဂါကို ပျောက်ကင်းအောင် ကုသ၍မရသော်လည်း အောက်ဖော်ပြပါကုသမှုများကို ခံယူပါက လူနာ၏ ရောဂါလက္ခဏာများကို သက်သာစေခြင်း၊ ပို၍ မဆိုးရွားစေရန် ထိန်းချုပ်နိုင်ခြင်းတို့အပြင် နောက်ဆက်တွဲပြဿနာတို့ကို လျော့နည်းစေနိုင်သည်။

  1. ဆေးဝါးများဖြင့်ကုသခြင်း
    • လေပြွန်ကျယ်စေသော ရှူဆေးများ (bronchodilators)
      လေပြွန်ကျယ်စေသောဆေးများကို ရှူဆေးကိရိယာများ (Inhalers) အနေဖြင့် အသုံးပြုနိုင်သလို ဆေးရည်ကို အငွေ့ပြောင်းပေးသော စက်များ (Nebulizers) များဖြင့်လည်း ပေးနိုင်သည်။ ချောင်းဆိုးခြင်း၊ ချွဲကျပ်ခြင်းနှင့် အသက်ရှူရခက်ခဲခြင်းကို သက်သာစေသည်။ ရှူဆေးများတွင်
      • အချိန်တိုမျှသာ အာနိသင်ပြသောဆေးများ (short-acting bronchodilators)
      • အချိန်ကြာရှည်စွာ အာနိသင်ပြသောဆေးများ (long-acting bronchodilators ) ဟူ၍ (၂) မျိုးရှိသည်။
    • ရောင်ရမ်းခြင်းကျစေသော ရှူဆေးများ (anti-inflammatory drugs – Fluticasone, Budesonide)
      ရောင်ရမ်းခြင်းကျစေသောဆေးများ (စတီးရွိုက်) ကို ရှူဆေးများအနေဖြင့် အသုံးပြုခြင်းဖြင့် လေပြွန်ရောင်ရမ်းခြင်းကို သက်သာစေကာ မကြာခဏ ရောဂါပြန်၍ဖြစ်ပေါ်ခြင်းကို ကာကွယ်ပေးသည်။
    • ပေါင်းစပ်ရှူဆေးများ
      လေပြွန်ကျယ်စေသော ရှူဆေးများကို တစ်မျိုးထက်ပို၍ ပေါင်းပေးခြင်း သို့မဟုတ် လေပြွန်ကျယ်စေသော ရှူဆေးနှင့် စတီးရွိုက်ရှူဆေးတို့ကို ပေါင်းပေးခြင်း စသည်တို့ဖြင့် အာနိသင်နှစ်မျိုး တစ်ပြိုင်တည်းရရှိစေနိုင်သည်။ ရှူဆေး (၃) မျိုးကို တစ်ခုတည်းပေါင်းထားသည့် Triple therapy ရှူဆေးများကို အသုံးပြုခြင်းဖြင့် သေဆုံးနိုင်ခြေကို လျော့ကျစေရုံသာမက အဆုတ်လုပ်ငန်းကိုပါ ပိုမိုကောင်းမွန်စေကြောင်း သုတေသနများက လေ့လာတွေ့ရှိထားသည်။
    • စတီးရွိုက်သောက်ဆေးများ
      ရောဂါလက္ခဏာဆိုးရွားသည့် လူနာများတွင် စတီးရွိုက်သောက်ဆေးများကို ရက်တို (ဥပမာ_ ၃ရက် မှ ၅ရက်ခန့်) ပေးခြင်းဖြင့် ရောဂါအခြေအနေ ပိုမိုမဆိုးရွားစေရန် ကာကွယ်ပေးနိုင်သည်။
    • ပဋိဇီဝပိုးသတ်ဆေးများ
      နာတာရှည်လေပြွန်ကျဉ်း အဆုတ်ပွရောဂါရှိသူများသည် အသက်ရှူလမ်းကြောင်းတွင် ရောဂါပိုးများ မကြာခဏဝင်‌ရောက်နိုင်ပြီး ရောဂါလက္ခဏာများ ပိုဆိုးစေနိုင်သောကြောင့် ပဋီဇီဝပိုးသတ်ဆေးများကို လိုအပ်လျှင် ဆရာဝန်ညွှန်ကြားသည့်အတိုင်း အသုံးပြုနိုင်သည်။
    • အခြားသော ရောဂါလက္ခဏာသက်သာစေသည့် သောက်ဆေးများ
      • Phosphodiesterase- 4 inhibitors (roflumilast)
      • Theophylline
      • သလိပ်ပျော်ဆေးများ (Expectorants)
    • ဇီဝကုထုံးသစ် (Biologic Therapy)
      လက်ရှိတွင် နာတာရှည်လေပြွန်ရောင်လူနာများအနက် သွေးတွင်း Eosinophil (ဓာတ်မတည့်ခြင်း နှင့်ဆိုင်သော သွေးဖြူဥ) ပမာဏများပြီး မကြာခဏ ရောဂါပြင်းထန်လေ့ရှိသော လူနာများတွင် ပန်းနာရင်ကျပ်ရောဂါ ကုသရာတွင် သုံးသည့် Biologics ဇီဝဆေးများ (Dupilumab, Mepolizumab) ကို ရောဂါမကြာခဏ ပြန်ဖြစ်ခြင်း၊ ပြင်းထန်ခြင်းကို သက်သာစေရန် ပေးနိုင်ကြောင်း FDA မှ အတည်ပြုထားသည်။
  2. ဆေးလိပ်ဖြတ်ခြင်း
    နာတာရှည်လေပြွန်ကျဥ်း အဆုတ်ပွရောဂါကို ကုသရာတွင် ဆေးလိပ်ဖြတ်ခြင်းသည် အရေးအကြီးဆုံးသော ကုသမှုဖြစ်သည်။ ဆေးလိပ်ဖြတ်ခြင်းဖြင့် ရောဂါအခြေအနေ ပိုမိုဆိုးရွားခြင်းကို လျှော့ချပေးနိုင်သည်။ ဆေးလိပ်ဖြတ်နိုင်ရန် ခက်ခဲသော်လည်း လိုအပ်ပါက ကျန်းမာရေးဝန်ထမ်းများ၏ အကူအညီကိုယူပြီး ဆေးလိပ်ဖြတ်ခြင်း အစီအစဥ်များတွင် ပူးပေါင်းပါဝင်၍ ဆေးလိပ်လုံးဝဖြတ်နိုင်ရန် ကြိုးစားရမည်ဖြစ်သည်။
  3. အောက်ဆီဂျင်ပေးခြင်း
    သွေးတွင်းရှိ အောက်ဆီဂျင်ပမာဏမလုံလောက်ပါက အောက်ဆီဂျင်ပေးရန် လိုအပ်သည်။ ရောဂါပြင်းထန်မှုပေါ် မူတည်၍ အချို့သူများ၌ လှုပ်ရှားမှုပြုလုပ်သည့်အချိန်နှင့် အိပ်ချိန်များတွင်သာ ရှူရန်လိုအပ်ပြီး အချို့သူများမှာ အချိန်ပြည့် အောက်ဆီဂျင်ရှူရန် လိုအပ်တတ်သည်။
  4. အသက်ရှူလေ့ကျင့်ခန်းများပြုလုပ်ခြင်း
    အသက်ရှူလေ့ကျင့်ခန်းများပြုလုပ်ခြင်းအားဖြင့် အဆုတ်ကျန်းမာရေးကောင်းမွန်စေပြီး အသက်ရှူရခက်ခဲခြင်းကို သက်သာစေနိုင်သည်။ ယခုအခါ အသက်ရှူလေ့ကျင့်ခန်းများ သာမက “အဆုတ်ပြန်လည်သန်စွမ်းရေးကုထုံး” သည် ဆေးဝါးကဲ့သို့ပင် အရေးကြီးသည်။ ထိုကုထုံးများတွင် အာဟာရပြည့်ဝအောင် ထောက်ပံ့မှု၊ ကိုယ်လက်လှုပ်ရှားမှုနှင့် စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုများ ပါဝင်ပြီး ဆေးရုံတက်ရသည့် အကြိမ်အရေအတွက်ကို ထက်ဝက်ခန့် လျှော့ချပေးနိုင်သည်။
  5. အသက်ရှူအားကူစက် တပ်ခြင်း
    နာတာရှည်အသက်ရှူကျပ်ခြင်းကို သက်သာစေရန် အသက်ရှူစက်များ (BiPAP) အိမ်တွင် အသုံးပြုခြင်းဖြင့် မကြာခဏ အမောဖောက်ခြင်းကို သက်သာစေသည်။
  6. ခွဲစိတ်ကုသခြင်း
    နာတာရှည်လေပြွန်ကျဥ်း အဆုတ်ပွရောဂါကို အဓိကဖြစ်စေသော အဆုတ်ထဲရှိ လေအိတ်နံရံများ ပျက်စီး၍ အဆုတ်ဖောင်းပွလာခြင်း (Emphysema) ပြင်းထန်လာပြီး ဆေးဝါးများဖြင့်ကုသ၍ မသက်သာပါက ခွဲစိတ်ကုသနိုင်သည်။ အောက်ပါခွဲစိတ်ကုသနည်းလမ်းများ ပါဝင်သည်။
    • အဆုတ်ပျက်စီးနေသော နေရာများကို ဖြတ်ထုတ်ခွဲစိတ်ခြင်း (Lung volume reduction surgery)
    • မှန်ပြောင်းဖြင့် ခွဲစိတ်ခြင်း (Endoscopic lung volume reduction)
    • အဆုတ်အစားထိုးခြင်း (Lung transplant)
    • လေအိတ်များကို ဖြတ်ထုတ်ခြင်း (Bullectomy)
  7. ကာကွယ်ဆေးများထိုးနှံခြင်း
    နာတာရှည်လေပြွန်ကျဉ်း အဆုတ်ပွရောဂါအခံရှိသူများသည် အခြားသောရောဂါပိုးများ ဝင်ရောက်သောအခါတွင် ရောဂါအခြေအနေ ပိုမိုဆိုးရွားနိုင်သောကြောင့် ရာသီတုပ်ကွေး ကာကွယ်ဆေးများ၊ အဆုတ်ရောင်ရောဂါ ကာကွယ်ဆေးနှင့် ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးနှံထားသင့်သည်။ ထိုကာကွယ်ဆေးများအပြင် ယခုအခါ အသက် (၆၀) အထက် လူနာများအတွက် အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်တစ်မျိုးဖြစ်သော Respiratory Syncytial Virus ကာကွယ်ဆေးကိုပါ ထိုးနှံရန် နိုင်ငံတကာမှ အကြံပြုထားသည်။
ကာကွယ်ခြင်း

နာတာရှည် လေပြွန်ကျဉ်းအဆုတ်ပွရောဂါကို မျိုးဗီဇချို့တဲ့ခြင်းကြောင့် ဖြစ်ပေါ်သည်မှလွဲ၍ ကာကွယ်နိုင်သည်။ အဓိကဖြစ်ပေါ်စေသော အကြောင်းရင်းဖြစ်သည့် ဆေးလိပ်သောက်သုံးခြင်းကို ရှောင်ကြဉ်ခြင်းအပြင် အခြားအကြောင်းရင်းများဖြစ်သော အလုပ်ခွင်မှ အခိုးအငွေ့များ၊ လေထုညစ်ညမ်းသောနေရာများကို ရှောင်ကြဉ်ခြင်းဖြင့်လည်း ကာကွယ်နိုင်သည်။

References:

  1. Mayo Clinic. (n.d.). Chronic obstructive pulmonary disease (COPD): Symptoms & causes. Retrieved January 24, 2026, from https://www.mayoclinic.org/diseases-conditions/copd/symptoms-causes/syc-20353679
  2. Mayo Clinic. (n.d.). Chronic obstructive pulmonary disease (COPD): Diagnosis & treatment. Retrieved January 24, 2026, from https://www.mayoclinic.org/diseases-conditions/copd/diagnosis-treatment/drc-20353685
  3. Cleveland Clinic. (n.d.). Chronic obstructive pulmonary disease (COPD). Retrieved January 24, 2026, from https://my.clevelandclinic.org/health/diseases/8709-chronic-obstructive-pulmonary-disease-copd
  4. World Health Organization. (n.d.). Chronic obstructive pulmonary disease (COPD) fact sheet. Retrieved January 24, 2026, from https://www.who.int/news-room/fact-sheets/detail/chronic-obstructive-pulmonary-disease-(copd)
  5. NHS. (n.d.). Chronic obstructive pulmonary disease (COPD). Retrieved January 24, 2026, from https://www.nhs.uk/conditions/chronic-obstructive-pulmonary-disease-copd/
  6. Torres, J., Alismail, A., & Doyle, S. (2025, July 16). The emerging role of biologic therapy in asthma-COPD overlap. CHEST Physician. Retrieved January 24, 2026, from https://www.chestphysician.org/the-emerging-role-of-biologic-therapy-in-asthma-copd-overlap/
  7. Global Initiative for Chronic Obstructive Lung Disease. (2024). 2024 GOLD report: Global strategy for prevention, diagnosis and management of COPD. Retrieved January 24, 2026, from https://goldcopd.org/2024-gold-report/

Published: 16 January 2025

Last updated: 10 February 2026

Share

26 January 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.