Pulmonary Embolism (အဆုတ်သွေးကြော သွေးခဲပိတ်ခြင်း)

Pulmonary Embolism (အဆုတ်သွေးကြော သွေးခဲပိတ်ခြင်း)

အဆုတ်သွေးကြော သွေးခဲပိတ်ခြင်း (Pulmonary Embolism) ဆိုသည်မှာ နှလုံးမှ အဆုတ်သို့သွားသော အဆုတ်သွေးလွှတ်ကြောတွင် သွေးခဲဖြင့်ပိတ်သောကြောင့် အဆုတ်သို့သွေးစီးဆင်းမှု ပြတ်တောက်ခြင်းဖြစ်သည်။ ပုံမှန်အားဖြင့် အဆုတ်တွင် အောက်ဆီဂျင်နှင့် ကာဗွန်ဒိုင်အောက်ဆိုဒ် လဲလှယ်မှုပြုလုပ်သည်။ ထွက်ရှိလာသော ‌အောက်ဆီဂျင်ပြည့်ဝနေသည့် သွေးသည် နှလုံးသို့ပြန်ဝင်ကာ ထိုမှတစ်ဆင့် ခန္ဓာကိုယ်တစ်ခုလုံးသို့ ရောက်ရှိသည်။ အဆုတ်သွေးခဲပိတ်ခြင်းကြောင့် သွေးတွင်းအောက်ဆီဂျင် ပြတ်တောက်သဖြင့် အဆုတ်နှင့် အခြားကိုယ်တွင်းအင်္ဂါများ ထိခိုက်ပြီး အသက်အန္တရာယ်ရှိနိုင်သည်။

Pulmonary Embolism image
ဖြစ်ပေါ်ရသော အကြောင်းရင်းများ

အဖြစ်အများဆုံးမှာ ခြေထောက်သွေးပြန်ကြောအတွင်း သွေးခဲခြင်း (Deep vein thrombosis) စတင်ဖြစ်ပေါ်ရာမှ ထိုသွေးခဲပြုတ်ထွက်ကာ အဆုတ်သွေးကြောအတွင်း သွေးခဲပိတ်ခြင်းဖြစ်သည်။ ခန္ဓာကိုယ်အစိတ်အပိုင်းများ အချိန်ကြာမြင့်စွာ လှုပ်ရှားမှုမရှိလျှင် ခြေထောက်တွင် သွေးစီးဆင်းမှုနှေးလာပြီး သွေးခဲများဖြစ်ပေါ်လာသည်။ ခြေထောက်သွေးကြောအတွင်း သွေးခဲဖြစ်ပေါ်စေရန် အားပေးသော အချက်များမှာ_

  • အချိန်ကာလကြာမြင့်စွာ လှုပ်ရှားမှုမရှိခြင်း (ဥပမာ_ဆေးရုံကြာရှည်တက်နေသူများ၊ ကာလကြာရှည်စွာ အိပ်ယာထဲလဲနေသူများ၊ လေယာဥ်အချိန်ကြာမြင့်စွာ စီးသူများ)
  • ကိုယ်ဝန်ဆောင်မိခင်များ
  • သားဆက်ခြားဆေး သောက်သုံးခြင်း
  • ဆေးလိပ်သောက်ခြင်း
  • ကင်ဆာရောဂါ
  • လတ်တလော ခွဲစိတ်မှု ပြုလုပ်ထားခြင်း
  • ခြေထောက် ထိခိုက်ဒဏ်ရာရခြင်း၊ အရိုးကျိုးခြင်း၊ သွေးကြောဖောင်းရောဂါရှိခြင်း
  • မွေးရာပါ သို့မဟုတ် မိသားစုမျိုးရိုးတွင် သွေးခဲရောဂါရှိခြင်း
  • ကိုဗစ်-၁၉ ရောဂါ (ရေတိုသာမက ရေရှည်တွင်လည်း သွေးခဲဖြစ်ပေါ်ရန် အားပေးသည်)
  • အခြားရောဂါအခံများ (နှလုံးခုန်စည်းချက် မမှန်ခြင်း၊ နှလုံး အမောဖောက်ခြင်း၊ လေဖြတ်ရောဂါ၊ အဝလွန်ရောဂါ) တို့ ဖြစ်ကြသည်။

အဆုတ်သွေးလွှတ်ကြော သွေးခဲပိတ်ရာတွင် သွေးခဲများအပြင်

  • အကြောင်းအမျိုးမျိုးကြောင့် သွေးအတွင်းဝင်ရောက်သွားသော လေပူဖောင်းများ
  • ကင်ဆာအလုံးအကျိတ်၏ အစိတ်အပိုင်းများ
  • အရိုးကျိုးလျှင် ရိုးတွင်းခြင်ဆီမှ ထွက်လာသော အဆီများ
  • ကိုယ်ဝန်ဆောင်မိခင်များ ကလေးမွေးဖွားရာ၌ ရေမြွှာရည်နှင့် ပါဝင်ပစ္စည်းများ (amniotic fluid embolism) စသည်တို့ဖြင့်လည်း ပိတ်ဆို့ခြင်း ဖြစ်နိုင်သည်။
ရောဂါလက္ခဏာများ

အဆုတ်သွေးကြော သွေးခဲပိတ်လျှင် အောက်ဖော်ပြပါ ရောဂါလက္ခဏာများ ရုတ်တရက် ဖြစ်ပေါ်လာတတ်သည်။ ရောဂါလက္ခဏာပြင်းထန်မှုသည် ပိတ်ဆို့သည့် သွေးခဲ အရွယ်အစား၊ သွေးကြောပိတ်ဆို့မှု ရာခိုင်နှုန်းပေါ် မူတည်သည်။

  • ရုတ်တရက် အသက်ရှူကျပ်ခြင်း၊ မောခြင်း
  • ရင်ဘတ်အောင့်ခြင်း
  • ချောင်းဆိုးသွေးပါခြင်း
  • နှလုံးခုန်မြန်ခြင်း
  • နောက်ကျောအောင့်ခြင်း
  • ပုံမှန်ထက် ချွေးပိုထွက်ခြင်း
  • ခေါင်းမူးခြင်း
  • သတိလစ်ခြင်း
  • နှုတ်ခမ်းနှင့် လက်သည်းများ ပြာခြင်း
  • ခြေထောက်ရောင်ရမ်းနာကျင်ခြင်း အစရှိသည့် လက္ခဏာများ ဖြစ်ပေါ်နိုင်သည်။
နောက်ဆက်တွဲပြဿနာများ

အဆုတ်သွေးကြော သွေးခဲပိတ်ခြင်းကြောင့် အောက်ဖော်ပြပါ နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်နိုင်သည်။

  • အဆုတ်အတွင်းသွေးဖိအားများခြင်း (Pulmonary hypertension)
  • အဆုတ် တစ်ရှူးများ ပုပ်ခြင်း (Pulmonary infarction)
  • သွေးလန့်ပြီး ရှော့ခ်ရခြင်း (Shock)
  • ရုတ်တရက် အသက်ဆုံးရှုံးနိုင်ခြင်းတို့ ဖြစ်ကြသည်။
ဆေးရုံ၊ ‌ဆေးခန်းပြသရန်

သွေးခဲခြင်းဖြစ်စေနိုင်သည့် အကြောင်းရင်းရှိသူများတွင် အထက်ဖော်ပြပါ လက္ခဏာများကို ဂရုတစိုက်စောင့်ကြည့်ရန် လိုအပ်သည်။ အဆုတ်သွေးကြော သွေးခဲပိတ်ခြင်းသည် အသက်အန္တရာယ် ထိခိုက်စေနိုင်သော အရေးပေါ်အခြေအနေ ဖြစ်သောကြောင့် ရုတ်တရက်မောခြင်း၊ အသက်ရှူကျပ်ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ သတိလစ်ခြင်းတို့ ဖြစ်ပေါ်လျှင် ဆေးရုံအရေးပေါ်ဆေးကုဌာနတွင် အမြန်ဆုံးဆေးကုသမှု ခံယူရန်လိုသည်။ အဆုတ်သွေးလွှတ်ကြောအား လုံးဝပိတ်သွားစေသည့် သွေးခဲကြီး (Massive Clot) ဖြစ်လျှင် ချက်ချင်းသေဆုံးနိုင်သည်အထိ အန္တရာယ်ရှိသည်။ သွေးခဲအရွယ်အစား သေးငယ်သော်လည်း ချက်ချင်းကုသမှု မခံယူလျှင် တဖြည်းဖြည်း လုံးဝပိတ်ဆို့နိုင်သဖြင့် စောစီးစွာ ကုသသင့်သည်။

ရောဂါရှာဖွေခြင်း

အဆုတ်သွေးကြော သွေးခဲပိတ်ခြင်းကို ရောဂါရှာဖွေရန် ရောဂါရာဇဝင်မေးမြန်းခြင်း၊ အထွေထွေစမ်းသပ်ခြင်းအပါအဝင် ခြေထောက်သွေးပြန်ကြော သွေးခဲခြင်းကို သိရှိနိုင်ရန် ခြေထောက်ရောင်ရမ်းခြင်း၊ အရောင်ပြောင်းခြင်း ရှိမရှိ သေချာစွာ ကြည့်ရှုစစ်ဆေးရသည်။ အဆုတ်သွေးခဲရောဂါ ဖြစ်နိုင်ခြေကို Wells criteria, YEARS algorithm တို့ဖြင့် ဆုံးဖြတ်ပြီး ရောဂါအတည်ပြုရန် အောက်ပါစစ်ဆေးမှုများကို ဆက်လက်ပြုလုပ်နိုင်သည်။

  • အသံလှိုင်းကို အသုံးပြု၍ အာထရာဆောင်း (Duplex scan or compression ultrasonography) ရိုက်ခြင်း _ ခြေထောက်ရှိ သွေးကြောတွင် သွေးခဲရှာဖွေနိုင်သည်
  • သွေးစစ်ဆေးခြင်း _ သွေးတွင်းအောက်ဆီဂျင် တိုင်းတာခြင်း၊ ခန္ဓာကိုယ်မှ သွေးခဲကို ဖြိုခွဲပြီးနောက် ထွက်လာသည့် ပရိုတင်းအပိုင်းအစ (D dimer) တိုင်းတာခြင်း
  • အဆုတ်သွေးကြောကို ကွန်ပျူတာဓာတ်မှန်ရိုက်ခြင်း (CTPA – Computed tomographic pulmonary angiography) _ အဆုတ်သွေးခဲပိတ်ဆို့ခြင်းနှင့် ပြင်းထန်မှုကို တိကျစွာ ရှာဖွေနိုင်သည်
  • CTPA မရိုက်နိုင်သော နေရာများတွင် ရေဒီယိုသတ္တိကြွ ပစ္စည်းများကို အသုံးပြု၍ အသက်ရှူလျှင် ရရှိသော လေပမာဏနှင့် သွေးစီးဆင်းမှုတို့ကို နှိုင်းယှဥ်ကြည့်ခြင်း (ventilation/perfusion scan) ဖြင့် သိရှိနိုင်သည်
  • လိုအပ်ပါက ရင်ဘတ်ဓာတ်မှန် (CXR) ရိုက်ခြင်း၊ သံလိုက်ဓာတ်မှန် (MRI) ရိုက်ခြင်း၊ အသံလှိုင်းသုံး နှလုံးပုံရိပ်ဖော်စက် (Echo) ဖြင့် စစ်ဆေးခြင်းတို့ကိုလည်း ပြုလုပ်နိုင်သည်။
ကုသခြင်း

အဆုတ်သွေးကြော သွေးခဲပိတ်ခြင်း၏ အဓိကကုသမှုသည် သွေးခဲများ ပို၍ကြီးလာခြင်းကို တားဆီးရန်နှင့် နောက်ထပ်သွေးခဲအသစ်များ ထပ်မံဖြစ်‌ပေါ်လာခြင်းမှ ကာကွယ်ရန်ဖြစ်သည်။ အောက်ဖော်ပြပါ ထိ‌ရောက်မှန်ကန်သော ကုသခြင်းဖြင့် နောက်ဆက်တွဲပြဿနာများနှင့် သေဆုံးခြင်းကို ကာကွယ်နိုင်သည်။

  1. ဆေးဝါးများဖြင့် ကုသခြင်း
    • သွေးမခဲဆေးများ (Anticoagulants)
      • Heparin သည် အများဆုံး အသုံးပြုသော သွေးမခဲထိုးဆေး အမျိုးအစားဖြစ်ပြီး သွေးပြန်ကြောမှတစ်ဆင့် သို့မဟုတ် အ‌ရေပြားအောက်သို့ ထိုး၍အသုံးပြုနိုင်သည်
      • ထိုးဆေးများသည် လျင်မြန်စွာ အလုပ်လုပ်ဆောင်နိုင်သောကြောင့် သောက်ဆေးအမျိုးအစား သွေးမခဲဆေး (Warfarin) ၏ အာနိသင်စတင်ရရှိသည့်အချိန်ထိ တွဲဖက်၍ အနည်းဆုံး (၅) ရက်ခန့် ပေးလေ့ရှိသည်
      • Warfarin သောက်ဆေးကို ရွေးချယ်လျှင် ဆရာဝန် ညွှန်ကြားသည့်အတိုင်း သွေးကျဲဓာတ် (INR) သွေးပုံမှန်စစ်၍ သောက်ရမည့် ဆေးပမာဏကို အတိုးအလျှော့ ပြုလုပ်ရသည်၊ ထို့အပြင် အချို့သော အစားအစာများ၊ ဆေးဝါးများနှင့် ဓာတ်ပြုခြင်းရှိပြီး ဆေးအာနိသင် နည်းခြင်း၊ များခြင်း ဖြစ်စေနိုင်သောကြောင့် သတိပြု၍ သုံးစွဲရန် လိုအပ်သည်
      • ယနေ့ခေတ်တွင် Rivaroxaban, Dabigatran, Apixaban, Edoxaban အစရှိသော သွေးမခဲ‌ဆေး (Direct oral anticoagulants) သောက်ဆေးအသစ်များ ထပ်မံပေါ်ပေါက်နေပြီ ဖြစ်သည်
      • ထိုဆေးများ၏ အာနိသင်သည် ပိုမိုလျင်မြန်သည့်အပြင် အခြားသောဆေးများနှင့် အပြန်အလှန်တုံ့ပြန်မှုလည်း နည်းပါးသည်
        • Warfarin ဆေးကဲ့သို့ သွေးကျဲဓာတ် (INR) စစ်စရာမလိုသည့်အပြင် အစားအစာများနှင့် အခြားဆေးဝါးများနှင့် ဓာတ်ပြုခြင်း နည်းသောကြောင့် လက်ရှိတွင် အဆုတ်သွေးကြော သွေးခဲလူနာများ ကုသရာ၌ ထိုဆေးအသစ်များကို ဦးစားပေးရွေးချယ်သည်
        • ကင်ဆာရောဂါကြောင့် သွေးခဲပိတ်သူများတွင်လည်း ယခင် Heparin ထိုးဆေးများအစား Apixaban, Rivaroxaban ဆေးများကို သောက်သုံးနိုင်သည်
      • သွေးမခဲဆေးအားလုံး၏ အဖြစ်အများဆုံး ဘေးထွက်ဆိုးကျိုးမှာ သွေးထွက်ခြင်းဖြစ်သည်၊ ထို့ကြောင့် ဆရာဝန်ညွှန်ကြားသည့်အတိုင်း သောက်ရန်နှင့် သွေးထွက်ခြင်း ဖြစ်ပေါ်ပါက ဆရာဝန်ကို ချက်ချင်းအသိပေးရန် အရေးကြီးသည်
      • သွေးမခဲဆေးများကို အနည်းဆုံး (၃) လအထိ သောက်ရန် လိုအပ်ပြီး၊ လူနာတစ်ဦးချင်းစီ၏ အခြေအနေပေါ် မူတည်၍ ဆေးသောက်ရန် ကြာမြင့်ချိန် ကွာခြားနိုင်သည် (ဥပမာ _ အကြောင်းရင်းရှာမရသော၊ ပြန်၍ဖြစ်တတ်သော၊ ကင်ဆာရောဂါနှင့် တွဲ၍ဖြစ်သော သွေးကြောပိတ်လူနာများတွင် (၆) လ၊ တစ်နှစ် သို့မဟုတ် ရာသက်ပန် သောက်သုံးရန်လည်း လိုအပ်နိုင်သည်)
    • သွေးခဲဖျော်ဆေး (Thrombolytics – clot dissolvers)
      • သွေးခဲဖျော်ဆေးများကို သွေးပြန်ကြောမှတစ်ဆင့် ထိုးခြင်းဖြင့် သွေးခဲများကို လျင်မြန်စွာ ဖျော်နိုင်သော်လည်း ရုတ်တရက်သွေးထွက်လွန်နိုင်သဖြင့် ရှော့ခ်ရနေသည့်အချိန်နှင့် အသက်အန္တရာယ်ရှိနိုင်သည့် အ‌ရေးပေါ်အခြေအနေများတွင်သာ အသုံးပြုလေ့ရှိသည်
  2. ခွဲစိတ်ကုသခြင်း
    • သွေးခဲဖယ်ရှားခြင်း (Medical thrombectomy)
      • သွေးခဲမှာ အလွန်ကြီးမားပြီး ပိတ်နေလျှင် သွေးကြောမှတစ်ဆင့် သေးငယ်သည့် အကွေးအဆန့် ပြုလုပ်နိုင်သော ပိုက်ချောင်းကို အသုံးပြု၍ ဖယ်ရှားနိုင်သည်
    • သွေးပြန်ကြော စကာထည့်ခြင်း (Vein filter)
      • ခြေထောက်မှ နှလုံးသို့သွားသော အဓိကသွေးပြန်ကြောမကြီး (Inferior vena cava) အတွင်းသို့ စကာ (filter) ထည့်ခြင်းဖြင့် သွေးခဲများ အဆုတ်သို့ ‌ရွေ့လျားခြင်းကို တားဆီးပေးနိုင်သည်
      • သွေးမခဲဆေးသောက်သုံးရန် မသင့်တော်သူများနှင့် သွေးမခဲဆေးများဖြင့် မသက်သာသူများတွင်သာ အသုံးပြုသင့်သည်
      • အချို့စကာများသည် ရောဂါသက်သာသွားပြီး မလိုအပ်သောအချိန်တွင် ပြန်လည်ဖယ်ရှားပေးရမည်
  3. ဖြစ်ပေါ်စေသော အခြေခံအကြောင်းရင်းကို ကုသခြင်း
    သွေးခဲခြင်းကိုဖြစ်ပေါ်စေသော အခြေခံအကြောင်းရင်းကို ရှာဖွေ၍ ကုသရန် လိုအပ်သည်။ (ဥပမာ_ကင်ဆာရောဂါ ကုသခြင်း)
ကာကွယ်ခြင်း

အဆုတ်သွေးကြော သွေးခဲပိတ်ခြင်းကို ကာကွယ်ရန် အောက်ပါနည်းလမ်းများကို လိုက်နာခြင်းဖြင့် ကာကွယ်နိုင်သည်။

  • ကိုယ်လက်လှုပ်ရှားမှု ပုံမှန်ပြုလုပ်ရမည်၊ လမ်းမလျှောက်နိုင်လျှင် ခြေ၊ လက်များကို အနည်းဆုံး တစ်နာရီကြာလျှင် မိနစ်အနည်းငယ်မျှ လှုပ်ရှားမှု ပြုလုပ်ပေးပါ၊ အချိန်ကြာမြင့်စွာ မတ်တတ်ရပ် သို့မဟုတ် ထိုင်ရန် လိုအပ်ပါက သွေးစီးဆင်းမှုကောင်းစေသော ခြေအိတ်စွပ်ခြင်း (compression stockings) ပြုလုပ်ပေးပါ
  • ရေများများသောက်ပါ
  • ကော်ဖီနှင့် အရက်သောက်ခြင်းကို ကန့်သတ်လျှော့ချပါ
  • ဆေးလိပ်ဖြတ်ပါ
  • ကိုယ်အလေးချိန် လျှော့ချပါ
  • ပုံမှန်ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ပါ

References:

  1. Mayo Clinic. (n.d.). Pulmonary embolism: Symptoms & causes. Retrieved January 26, 2026, from https://www.mayoclinic.org/diseases-conditions/pulmonary-embolism/symptoms-causes/syc-20354647
  2. NHS. (n.d.). Pulmonary embolism. Retrieved January 26, 2026, from https://www.nhs.uk/conditions/pulmonary-embolism/
  3. Cleveland Clinic. (n.d.). Pulmonary embolism. Retrieved January 26, 2026, from https://my.clevelandclinic.org/health/diseases/17400-pulmonary-embolism
  4. WebMD. (n.d.). What is a pulmonary embolism? Retrieved January 26, 2026, from https://www.webmd.com/lung/what-is-a-pulmonary-embolism

Published: 16 January 2025

Last updated: 10 February 2026

Share

26 January 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.