နှလုံးလုပ်ငန်းပျက်စီးခြင်း (Heart failure) ဆိုသည်မှာ နှလုံးသည် ခန္ဓာကိုယ်မှ လိုအပ်သော သွေးနှင့်အောက်ဆီဂျင်ကို လုံလောက်အောင် ညှစ်ထုတ်ပို့ဆောင်ပေးနိုင်ခြင်း မရှိသော အခြေအနေကို ဆိုလိုသည်။ နှလုံးလုပ်ငန်းပျက်စီးခြင်းသည် အသက်အရွယ်မရွေး ဖြစ်ပေါ်နိုင်သော်လည်း သက်ကြီးရွယ်အိုများတွင် ပို၍အဖြစ်များသည်။ နှလုံးလုပ်ငန်းပျက်စီးခြင်းသည် နာတာရှည်ရောဂါတစ်ခု ဖြစ်လာနိုင်ပြီး အချိန်ကြာလာသည်နှင့်အမျှ ပိုမိုဆိုးရွားလာနိုင်သည်။ နှလုံးလုပ်ငန်းပျက်စီးခြင်းကို ထိရောက်သော ကုသမှုခံယူပါက ရောဂါလက္ခဏာများကို ထိန်းချုပ်နိုင်သော်လည်း တစ်ခါတစ်ရံတွင် ရောဂါပြင်းထန်လျှင် အသက်အန္တရာယ် ထိခိုက်သည်အထိ ဆိုးရွားနိုင်သည်။
နှလုံးလုပ်ငန်းပျက်စီးခြင်း အမျိုးအစားများ
- နှလုံးညှစ်အား အလွန်နည်းသော အမျိုးအစား (Heart Failure with Reduced Ejection Fraction – HFrEF)
နှလုံး၏ သွေးညှစ်ထုတ်နိုင်စွမ်းမှာ ၄၀% နှင့်အောက်ရောက်သော အခြေအနေဖြစ်သည်။ နှလုံးအခန်းများ ကျယ်လာပြီး နှလုံးကြွက်သားများ အားနည်းသွားသောကြောင့် သွေးကို ကောင်းစွာ မညှစ်ထုတ်နိုင်ခြင်းဖြစ်သည်။ - နှလုံးညှစ်အား အနည်းငယ် လျော့နည်းသော အမျိုးအစား (Heart Failure with Mildly Reduced Ejection Fraction)
နှလုံး၏ သွေးညှစ်ထုတ်နိုင်စွမ်းမှာ ၄၁% မှ ၄၉% ကြားရှိသည့် အခြေအနေဖြစ်သည်။ ၎င်းသည် ညှစ်အားကောင်းသည့်အဆင့်နှင့် အလွန်အားနည်းသည့် အဆင့်ကြားရှိ အဆင့်တစ်ခုဖြစ်ပြီး၊ ညှစ်အား ပြန်လည်ကောင်းမွန်လာနိုင်သလို ပိုအားနည်းနိုင်ခြေလည်းရှိသည်။ - နှလုံးညှစ်အား ပုံမှန်ရှိသောအမျိုးအစား (Heart Failure with Preserved Ejection Fraction)
နှလုံး၏ သွေးညှစ်ထုတ်နိုင်စွမ်းမှာ ၅၀% နှင့်အထက် (ပုံမှန်) ရှိသော်လည်း နှလုံးကြွက်သားများမှာ တောင့်တင်းမာကြောနေသည့် အခြေအနေဖြစ်သည်။ နှလုံးသည် သွေးညှစ်ရန်အတွက် သွေးပြန်ဖြည့်သည့်အခါ (နှလုံးကြွက်သား ပြန်လျှော့သည့်အခါ) ကောင်းစွာ အလုပ်မလုပ်နိုင်ခြင်းကြောင့်ဖြစ်သည်။
ဖြစ်ပေါ်ရသော အကြောင်းရင်းများ
နှလုံးလုပ်ငန်းပျက်စီးခြင်းသည် နှလုံးကြွက်သားများ တောင့်တင်းခြင်း၊ အားနည်းထိခိုက်ခြင်းတို့ကို ဖြစ်ပေါ်စေနိုင်သည့် အောက်ဖော်ပြပါ အကြောင်းရင်းများကြောင့် ဖြစ်ပေါ်လာသည်။
- နှလုံးသွေးကြောကျဥ်းရောဂါ
- နှလုံးအမောဖောက်ခြင်း
- သွေးတိုးရောဂါ
- လေးဘက်နာနှလုံးရောဂါ
- နှလုံးအဆို့ရှင်ရောဂါ
- နှလုံးကြွက်သားများ ထိခိုက်သောရောဂါ
- နှလုံးခုန်စည်းချက် မမှန်သောရောဂါ
- နှလုံးတွင် ပိုးဝင်ရောင်ရမ်းခြင်း
- မွေးရာပါနှလုံးရောဂါများ
- အခြားသော နာတာရှည် ရောဂါများ (ဥပမာ _ ဆီးချိုရောဂါ၊ သိုင်းရွက်ဟော်မုန်း မညီမျှခြင်း၊ အိတ်ချ်အိုင်ဗွီရောဂါ၊ ကျောက်ကပ်ရောဂါ)
- အချို့သော ကင်ဆာရောဂါတွင် အသုံးပြုသောဆေးများ
- သွေးအားနည်းရောဂါ
- အာဟာရချို့တဲ့သည့် ရောဂါများ (ဥပမာ – Vitamin B1 deficiency or Beri Beri)
- အဆုတ်တွင်း ဖိအားများခြင်းတို့ ဖြစ်ကြသည်။
နှလုံးလုပ်ငန်းပျက်စီးခြင်း ဖြစ်နိုင်ခြေများစေသော အချက်များမှာ_
- အသက်အရွယ်ရလာခြင်း (Aging)
- အဝလွန်ခြင်း (Obesity)
- အိပ်ပျော်နေစဥ် အသက်ရှူလမ်းကြောင်းပိတ်ဆို့၍ အသက်ရှူရပ်ခြင်း (Obstructive Sleep Apnea)
- ကိုယ်လက်လှုပ်ရှားမှု နည်းခြင်း
- ကျန်းမာရေးနှင့်မညီညွတ်သော အငန်များသော၊ အဆီများသော အစားအစာများ စားခြင်း
- အရက်အလွန်အကျွံသောက်သုံးခြင်း
- ဆေးလိပ်သောက်သုံးခြင်း
- အချို့သော နှလုံးကိုထိခိုက်စေသည့် ဆေးဝါးများ ကာလကြာရှည်စွာသောက်သုံးခြင်း (ဥပမာ_ pioglitazone, NSAIDs) တို့ဖြစ်သည်။
နှလုံးလုပ်ငန်းပျက်စီးခြင်းသည် များသောအားဖြင့် တဖြည်းဖြည်း ဖြစ်ပေါ်တတ်သော်လည်း နှလုံးလုပ်ငန်း ရုတ်တရက်ဖြစ်စေသော အောက်ပါအကြောင်းရင်းများလည်းရှိသည်။
- အဆုတ်သွေးကြော သွေးခဲပိတ်ခြင်း
- ပြင်းထန်သော ပိုးဝင်ခြင်း
- တစ်ကိုယ်လုံး ထိခိုက်စေသော ရောဂါများ
- ပြင်းထန်ဓာတ်မတည့်ခြင်း (Anaphylaxis)
- အချို့ဆေးဝါးများ
- နှလုံးကြွက်သားကို ထိခိုက်သော ဗိုင်းရပ်စ်ပိုးဝင်ခြင်း
ရောဂါလက္ခဏာများ
နှလုံးအမောဖောက်ခြင်း၏ ရောဂါလက္ခဏာများသည် တဖြည်းဖြည်းချင်း ဖြစ်ပေါ်လာနိုင်သကဲ့သို့ တစ်ခါတစ်ရံတွင် ရုတ်တရက် စတင်ဖြစ်ပေါ်လာနိုင်သည်။
- လှုပ်ရှားမှုပြုလုပ်လျှင် သို့မဟုတ် လှဲအိပ်လျှင် မောလာခြင်း
- အားနည်းခြင်း၊ ပင်ပန်းနွမ်းလျခြင်း
- ခြေထောက်များ ဖောရောင်ခြင်း
- ဆီးနည်းခြင်း
- ရင်တုန်ခြင်း
- လေ့ကျင့်ခန်းပြုလုပ်လျှင် သက်လုံကျလာခြင်း
- အသက်ရှူလျှင် တရွှီရွှီမြည်ခြင်း
- ချောင်းဆိုးခြင်း (သလိပ်အရောင်မှာ အဖြူရောင် သို့မဟုတ် ပန်းရောင်နှင့် တစ်ခါတစ်ရံတွင် သွေးစက်လေးများ ပါနိုင်သည်)
- ဝမ်းဗိုက်ဖောင်းလာခြင်း
- အရည်များစုမိသောကြောင့် ကိုယ်အလေးချိန် လျင်မြန်စွာ တက်လာခြင်း
- အစာစားချင်စိတ် မရှိခြင်း၊ ပျို့အန်ခြင်း
- အာရုံစူးစိုက်ရခက်ခဲခြင်း
- ရင်ဘတ်အောင့်ခြင်း
- ရုတ်တရက် နှလုံးအမောဖောက်ခြင်းများ ဖြစ်ပေါ်နိုင်သည်။

နောက်ဆက်တွဲပြဿနာများ
နှလုံးလုပ်ငန်းပျက်စီးခြင်း ရှိပါက ရောဂါလက္ခဏာများ သက်သာသည့်တိုင်အောင် ပုံမှန်ကျန်းမာရေး စစ်ဆေးခြင်း၊ ဆေးကုသမှု ဆက်လက်ခံယူခြင်း၊ ရက်ချိန်း ပုံမှန်ပြသခြင်းတို့ကို ဆက်လက်လုပ်ဆောင်ရန် အလွန်အရေးကြီးသည်။ ထိုသို့မဟုတ်ပါက အောက်ဖော်ပြပါ နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်နိုင်သည်။
- နှလုံးစည်းချက် မမှန်ခြင်း (Arrhythmia)
- ကျောက်ကပ် ထိခိုက်ပျက်စီးခြင်း (Renal failure)
- အသည်း ထိခိုက်ပျက်စီးခြင်း (Liver Damage)
- ဆားသတ္တုဓာတ်များ မညီမျှခြင်း (Electrolyte imbalance)
- အဆုတ်သွေးကြောများတွင်း ဖိအားများခြင်း (Pulmonary hypertension)
- ရုတ်တရက် နှလုံးရပ်ကာ သေဆုံးခြင်း (Sudden cardiac death)
ဆေးရုံ၊ ဆေးခန်းပြသရန်
အထက်ဖော်ပြပါ ရောဂါလက္ခဏာများ ဖြစ်ပေါ်ပါက မိမိ၏မိသားစုဆရာဝန်နှင့် တိုင်ပင်ဆွေးနွေး၍ ကုသမှုခံယူရန် လိုအပ်သည်။ အရေးပေါ်လက္ခဏာများဖြစ်သော ရင်ဘတ်အောင့်ခြင်း၊ မူးမေ့ခြင်း၊ ရင်တုန်ခြင်း၊ အသက်ရှူကျပ်လာခြင်း၊ မောခြင်းတို့ ဖြစ်ပေါ်ပါက ဆေးရုံအရေးပေါ်ဌာနသို့ အမြန်ဆုံး သွားရောက်ရန် လိုအပ်သည်။
ရောဂါရှာဖွေခြင်း
နှလုံးလုပ်ငန်းပျက်စီးခြင်းကို ရှာဖွေသိရှိရန် လူနာအား ရောဂါရာဇဝင်မေးမြန်းခြင်း၊ နှလုံးအပါအဝင် အထွေထွေစမ်းသပ်စစ်ဆေးခြင်းတို့ကို ဦးစွာပြုလုပ်ရန် လိုအပ်သည်။ ထို့အပြင် နှလုံးလုပ်ငန်းပျက်စီးခြင်းကို ဖြစ်စေသော တိကျသေချာသော အကြောင်းရင်းနှင့် ရောဂါအခြေအနေများ အသေးစိတ်သိရှိနိုင်ရန် အောက်ဖော်ပြပါ စစ်ဆေးမှုများကို ဆက်လက်ပြုလုပ်နိုင်သည်။
- သွေးစစ်ဆေးခြင်း
- နှလုံးကြွက်သားများတွင် ဖိအားများလာပါက ထွက်လာသော NT-proBNP သို့မဟုတ် BNP ဟော်မုန်းဓာတ်ကို စစ်ဆေးခြင်းဖြစ်သည်
- ထိုသို့စစ်ဆေးခြင်းဖြင့် မောနေသော လူနာတစ်ယောက်တွင် မောခြင်းမှာ နှလုံးကြောင့် သို့မဟုတ် အဆုတ်ကြောင့် ဆိုသည်ကို ခွဲခြားသိရှိနိုင်သကဲ့သို့ နှလုံးရောဂါအခြေအနေကို စောင့်ကြည့်ရာတွင်လည်း အလွန်အသုံးဝင်သည်
- ရင်ဘတ်ဓာတ်မှန်ရိုက်ခြင်း (Chest X-ray)
- အီးစီဂျီဆွဲခြင်း (ECG)
- အသံလှိုင်းသုံး နှလုံးပုံရိပ်ဖော်စက်ဖြင့် စစ်ဆေးခြင်း (Echocardiogram)
- ခန္ဓာကိုယ်လှုပ်ရှားနေစဥ် နှလုံးလုပ်ငန်း စစ်ဆေးခြင်း (Exercise Stress test)
- နှလုံးကို သံလိုက်ဓာတ်မှန်ရိုက်ခြင်း (Cardiac MRI)
- နှလုံးကို ကွန်ပျူတာဓာတ်မှန်ရိုက်ခြင်း (CT scan of the heart)
- နှလုံးသွေးကြော ပုံရိပ်ဖော်စစ်ဆေးခြင်း (Coronary Angiogram)
- နှလုံးစည်းချက်မမှန်ခြင်းကို လေ့လာခြင်း (Electrophysiological study)
- နှလုံးကြွက်သား အသားစယူကာ စစ်ဆေးခြင်း (Myocardial biopsy) များ ပြုလုပ်နိုင်သည်။
ကုသခြင်း
နှလုံးလုပ်ငန်းပျက်စီးခြင်းကို ကုသရာတွင် ဖြစ်ပေါ်စေသော အကြောင်းရင်းများပေါ် မူတည်ပြီး နှလုံးလုပ်ငန်းများ ပိုမိုထိခိုက်ပျက်စီးခြင်းကို လျော့နည်းစေရန် ဦးတည်၍ ကုသခြင်းဖြစ်သည်။ လူနာ၏ရောဂါအခြေအနေ ဖြစ်ပွါးမှုအဆင့်အပေါ် မူတည်၍ အောက်ဖော်ပြပါနည်းလမ်းများဖြင့် ကုသနိုင်သည်။
- ဆေးဝါးများဖြင့် ကုသခြင်း
- နှလုံးလုပ်ငန်းပျက်စီးခြင်းကို ကုသရာတွင် ရောဂါလက္ခဏာ သက်သာစေရန်နှင့် နှလုံးညှစ်အား ပိုမိုကောင်းမွန်လာစေရန် အောက်ဖော်ပြပါဆေးဝါးများကို လူနာ၏ ရောဂါအခြေအနေပေါ် မူတည်ကာ တစ်မျိုးတည်းဖြစ်စေ၊ ပေါင်းစပ်၍ဖြစ်စေ အသုံးပြုနိုင်သည်
- Angiotensin-converting enzyme (ACE) inhibitors (ဥပမာ _ Enalapril, Lisinopril, Captopril)
- Angiotensin II receptor blockers (ARBs) (ဥပမာ _ Losartan, Valsartan, Candesartan)
- Angiotensin receptor plus neprilysin inhibitors (ARNIs) (ဥပမာ _ Sacubitril-valsartan)
- Beta-blockers (ဥပမာ _ Carvedilol, Metoprolol, Bisoprolol)
- Diuretics (ဥပမာ _ Furosemide)
- Potassium-sparing diuretics (ဥပမာ _ Spironolactone, Eplerenone)
- Sodium-glucose cotransporter-2 (SGLT2) inhibitors (ဥပမာ _ Canagliflozin, Dapagliflozin, Empagliflozin)
- Digoxin
- Hydralazine and isosorbide dinitrate (BiDil)
- Vericiguat
- Positive inotropes အစရှိသောဆေးများကို လူနာ၏အခြေအနေပေါ် မူတည်၍ ဆရာဝန်ညွှန်ကြားသည့်အတိုင်း ပုံမှန်သောက်ရန်၊ ဆေးပမာဏ အတိုးအလျှော့ ပြုလုပ်ရန် လိုအပ်သည်။
- လက်ရှိတွင် နှလုံးညှစ်အား အလွန်နည်းသူများ (HFrEF) အတွက် သေဆုံးနိုင်ခြေကို အထိရောက်ဆုံး လျှော့ချပေးနိုင်ရန် ပေးသင့်သော “အခြေခံဆေး (၄) မျိုး” စနစ်ကို ဦးစားပေး အသုံးပြုလာကြသည်။
- ARNI (Sacubitril-valsartan) – ACE inhibitors များထက် ပိုမိုကောင်းမွန်သဖြင့် အစားထိုး အသုံးပြုလာကြသည်
- Beta-blockers – နှလုံးခုန်နှုန်းကို ထိန်းညှိပြီး နှလုံး၏ ဝန်ပိုကို လျှော့ချပေးသည်
- MRA (Spironolactone/Eplerenone) – နှလုံးအမာရွတ်ဖြစ်ခြင်းကို ကာကွယ်ပေးသည်
- SGLT2 inhibitors (Dapagliflozin/Empagliflozin)
မူလက ဆီးချိုဆေးဖြစ်သော်လည်း နှလုံးအားနည်းခြင်းကြောင့် ဆေးရုံတက်ရမှုနှုန်းကို သိသာစွာ လျှော့ချပေးသဖြင့် နှလုံးညှစ်အား နည်းသူအားလုံးတွင် အသုံးပြုရန် လမ်းညွှန်ထားသည်။ ထိုဆေးများသည် လူနာများအတွက် အကျိုးရှိသည်မှာ မှန်သော်လည်း လူနာတစ်ဦးချင်းစီအတွက် ရောဂါအဆင့်၊ ပြင်းထန်မှုအပါအဝင် ဆေးပေးရန် သင့်တော်ခြင်း၊ မသင့်တော်ခြင်း စသည့်အချက်များပေါ် မူတည်၍ လိုအပ်သော ဆေးပမာဏ၊ ဆေးအမျိုးအစားကို သက်ဆိုင်ရာ နှလုံးအထူးကုမှ ဆုံးဖြတ်၍ ကုသမည်ဖြစ်သည်။
- ဆေးဝါးများအပြင် ပြင်းထန်သော နှလုံးလုပ်ငန်းပျက်စီးခြင်းများတွင် လိုအပ်လျှင် အောက်ဆီဂျင် အချိန်ကြာမြင့်စွာရှူရန် လိုအပ်နိုင်သည်
- ထို့အပြင် နှလုံးလုပ်ငန်းပျက်စီးခြင်းကို ဖြစ်ပေါ်စေသော အခြေခံအကြောင်းရင်းများကို ကုသရန်လည်း လွန်စွာအရေးကြီးသည် (ဥပမာ _ သွေးတိုးရောဂါ ကုသခြင်း၊ ကျောက်ကပ်ရောဂါ ကုသခြင်း၊ သွေးအားနည်းရောဂါ ကုသခြင်း စသည်)
- နှလုံးလုပ်ငန်းပျက်စီးခြင်းကို ကုသရာတွင် ရောဂါလက္ခဏာ သက်သာစေရန်နှင့် နှလုံးညှစ်အား ပိုမိုကောင်းမွန်လာစေရန် အောက်ဖော်ပြပါဆေးဝါးများကို လူနာ၏ ရောဂါအခြေအနေပေါ် မူတည်ကာ တစ်မျိုးတည်းဖြစ်စေ၊ ပေါင်းစပ်၍ဖြစ်စေ အသုံးပြုနိုင်သည်
- ခွဲစိတ်ကုသခြင်း
ခွဲစိတ်သည့်ကုထုံးသည်လည်း နှလုံးလုပ်ငန်းပျက်စီးခြင်း ဖြစ်ပေါ်စေသော အကြောင်းရင်းကို ကုသရန်အတွက် အသုံးပြုခြင်းဖြစ်သည်။- နှလုံးသွေးကြော အစားထိုးခွဲစိတ်ကုသခြင်း (Coronary bypass surgery)
- နှလုံးအဆို့ရှင် အစားထိုးခြင်း၊ နှလုံးအဆို့ရှင် ခွဲစိတ်ပြုပြင်ခြင်း (heart valve repair or replacement)
- နှလုံးသို့ လျှပ်စီးကြောင်းပို့လွှတ်သည့်စက် ထည့်၍ကုသခြင်း [Implantable cardioverter-defibrillator (ICD) နှင့် Cardiac resynchronization therapy (CRT)]
- သွေးလှည့်ပတ်စီးဆင်းမှုကို အထောက်အကူပြုသည့်စက် ထည့်၍ကုသခြင်း (Ventricular assist device)
- နှလုံးအစားထိုးကုသခြင်း (Heart transplant) တို့ ဖြစ်ကြသည်။
ကာကွယ်ခြင်း
အချို့သော ရောဂါဖြစ်နိုင်ခြေများကို ပြောင်းလဲ၍မရသော်လည်း အောက်ဖော်ပြပါ ကျန်းမာသော နေထိုင်စားသောက်မှုပုံစံများကို ပြောင်းလဲလိုက်နာခြင်းဖြင့် နှလုံးလုပ်ငန်းပျက်စီးခြင်းကို အကောင်းဆုံး ကာကွယ်နိုင်မည်ဖြစ်သည်။
- ကိုယ်အလေးချိန် ထိန်းသိမ်းခြင်း
- လေ့ကျင့်ခန်းများ ပုံမှန်ပြုလုပ်ခြင်း
- ကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက်များ စားသောက်ခြင်း (အဆီ၊ အငန်နှင့် အချိုလျှော့ စားသုံးခြင်း)
- စိတ်ဖိစီးမှုသက်သာသည့် လူနေမှုဘဝကို ဖန်တီးခြင်း
- ဆေးလိပ်နှင့် မူးယစ်စေတတ်သောအရာများကို ရှောင်ရှားခြင်း
- အရက်အလွန်အကျွံ မသောက်ခြင်း
- ကောင်းမွန်စွာ အိပ်စက်အနားယူခြင်းတို့ ဖြစ်ကြသည်။
References:
- Mayo Clinic. (n.d.). Heart failure: Symptoms & causes. Retrieved January 24, 2026, from https://www.mayoclinic.org/diseases-conditions/heart-failure/symptoms-causes/syc-20373142
- Cleveland Clinic Abu Dhabi. (n.d.). Heart failure. Retrieved January 24, 2026, from https://www.clevelandclinicabudhabi.ae/en/health-hub/health-resource/diseases-and-conditions/heart-failure
- NHS. (n.d.). Heart failure. Retrieved January 24, 2026, from https://www.nhs.uk/conditions/heart-failure/
- European Society of Cardiology. (2023). 2023 focused update on the 2021 ESC guidelines for the diagnosis and treatment of acute and chronic heart failure. Retrieved January 24, 2026, from https://www.escardio.org/guidelines/clinical-practice-guidelines/all-esc-practice-guidelines/focused-update-on-heart-failure-guidelines/
- Kittleson, M. M., Breathett, K., Ziaeian, B., Aguilar, D., Blumer, V., Bozkurt, B., Diekemper, R. L., Dorsch, M. P., Heidenreich, P. A., Jurgens, C. Y., Khazanie, P., Augustine, G. K., & Van Spall, H. G. C. V. (2024). 2024 update to the 2020 ACC/AHA clinical performance and quality measures for adults with heart failure: A report of the American Heart Association/American College of Cardiology Joint Committee on Performance Measures. Circulation, 17(9), e000132. https://doi.org/10.1161/HCQ.0000000000000132
Published: 14 January 2025
Last updated: 9 February 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.