Chronic Obstructive Pulmonary Disease or COPD (နာတာရှည်လေပြွန်ကျဉ်းအဆုတ်ပွရောဂါ)

Chronic Obstructive Pulmonary Disease or COPD (နာတာရှည်လေပြွန်ကျဉ်းအဆုတ်ပွရောဂါ)

နာတာရှည် လေပြွန်ကျဉ်းအဆုတ်ပွရောဂါသည် လေပြွန်ကျဥ်းလာခြင်းကြောင့် အသက်ရှူရခက်ခဲခြင်းကို ဖြစ်ပေါ်စေသော နာတာရှည်အဆုတ်ရောင်ရောဂါ ဖြစ်သည်။ အဆုတ်လေအိတ်နံရံများ ပျက်စီး၍ အဆုတ်ဖောင်းပွလာခြင်း (emphysema) နှင့် လေပြွန်များ နာတာရှည်ရောင်ရမ်းခြင်း (chronic bronchitis) တို့သည် အဖြစ်အများဆုံး ဖြစ်ကြသည်။ ရောဂါသက်တမ်း ကြာလာသည်နှင့်အမျှ တဖြည်းဖြည်းနှင့် ပျောက်ကင်းအောင် ကုသ၍ မရနိုင်သည်အထိ ပိုမိုဆိုးရွားနိုင်သည်။ သို့သော် ဖြစ်ပေါ်စေသော အကြောင်းရင်းများကို ရှောင်ကြဥ်၍ ထိ‌ရောက်သော ကုသမှုကို ခံယူပါက ရောဂါလက္ခဏာများ သက်သာနိုင်သည်။

COPD image 1
ဖြစ်ပေါ်ရသော အကြောင်းရင်းများ

နာတာရှည် လေပြွန်ကျဉ်းအဆုတ်ပွရောဂါကို အဓိကဖြစ်စေသော အကြောင်းရင်းမှာ ဆေးလိပ် ကြာရှည်စွဲမြဲစွာ သောက်သုံးခြင်းကြောင့် ဖြစ်သည်။ အခြားဖြစ်စေသော အကြောင်းရင်းများမှာ_

  • မီးခိုးငွေ့များ၊ ဓာတ်ငွေ့များစသည့် မသန့်ရှင်းသောလေကို ကြာရှည်စွာ ရှူရှိုက်မိခြင်း
  • ဆေးလိပ်မသောက်သော်လည်း အနီးရှိ ဆေးလိပ်သောက်သူ၏ ဆေးလိပ်ငွေ့များကို ကြာရှည်စွာ ရှူရှိုက်မိခြင်း
  • လေထုညစ်ညမ်းခြင်း
  • ဓာတ်ငွေ့များထွက်သည့် လုပ်ငန်းခွင်တွင် အလုပ်လုပ်ခြင်း
  • ကလေးဘဝတွင် ရင်ကျပ်ရောဂါရှိခြင်း
  • မွေးရာပါ Alpha-1 antitrypsin ပရိုတင်းချို့တဲ့ခြင်း (Alpha-1 antitrypsin deficiency) တို့ကြောင့် ဖြစ်နိုင်သည်။
ရောဂါလက္ခဏာများ

ဖြစ်ပေါ်နိုင်သော ရောဂါလက္ခဏာများမှာ_

  • အသက်ရှူမဝခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ ချွဲကျပ်ခြင်း
  • လှုပ်ရှားမှုများပြုလုပ်လျှင် မောပန်းလွယ်ခြင်း
  • အသက်ရှူလျှင် တရွှီရွှီမြည်ခြင်း
  • နာတာရှည်ချောင်းဆိုးခြင်း (သလိပ်၏အရောင်သည် အဖြူရောင်၊ အစိမ်းရောင်၊ အဝါရောင် ဖြစ်နိုင်သည်)
  • မကြာခဏ အသက်ရှူလမ်းကြောင်းပိုးဝင်၍ နေထိုင်မကောင်းဖြစ်ခြင်း
  • အားအင်မရှိခြင်း (နုံးခြင်း)
  • ကိုယ်အလေးချိန်ကျဆင်းခြင်း
  • ခြေထောက်များ ဖောရောင်လာခြင်းတို့ ဖြစ်ကြသည်။

ရောဂါလက္ခဏာများမှာ အချိန်ကြာလာသည်နှင့်အမျှ ပိုမိုဆိုးရွားလာနိုင်သည်။ နာတာရှည် လေပြွန်ကျဉ်း အဆုတ်ပွရောဂါ ခံစားနေရသော လူနာသည် အအေးမိခြင်း၊ ‌ရောဂါပိုးဝင်ခြင်း၊ လေထုညစ်ညမ်းခြင်းတို့ကြောင့် မကြာခဏ ရောဂါဖောက်ခြင်းလည်း ဖြစ်ပေါ် နိုင်သည်။ ထိုအချိန်တွင် ယခင်ကထက် အသက်ရှူပိုကျပ်ခြင်း၊ ရင်ထဲတွင် တင်းကြပ်စွာ ခံစားရခြင်း၊ ပုံမှန်ထက် ချောင်းပိုဆိုးခြင်း၊ သလိပ်များပိုထွက်ပြီး အရောင်ပြောင်းခြင်း၊ ဖျားခြင်း အစရှိသည့် ရောဂါလက္ခဏာများကို ရက်ပေါင်းများစွာ ခံစားရနိုင်သည်။

COPD image 2
နောက်ဆက်တွဲပြဿနာများ

နာတာရှည်လေပြွန်ကျဉ်းအဆုတ်ပွရောဂါအခံရှိသောသူသည်

  1. မကြာခဏ အသက်ရှူလမ်းကြောင်း ရောဂါပိုးဝင်ခြင်း (ဥပမာ _ တုပ်ကွေးဖြစ်ခြင်း၊ အဆုတ်ရောင်ခြင်း၊ အအေးမိခြင်း)
  2. နှလုံးနှင့်ဆိုင်သောရောဂါများဖြစ်ခြင်း (ဥပမာ _ နှလုံးလုပ်ငန်းပျက်စီးခြင်း၊ နှလုံးခုန်စည်းချက်မမှန်ခြင်း၊ နှလုံးအမောဖောက်ခြင်း)
  3. အဆုတ်ကင်ဆာဖြစ်ပွါးနိုင်ခြင်း
  4. အဆုတ်တွင်း သွေးဖိအားများခြင်း
  5. စိတ်ဓာတ်ကျခြင်း (အသက်ရှူရခက်ခဲခြင်းကြောင့် နေ့စဉ် လုပ်ငန်းဆောင်တာများ ထိခိုက်ပျက်စီးသောကြောင့် စိတ်ဓာတ်ကျဆင်းခြင်းများ ဖြစ်ပွါးနိုင်သည်)
  6. အရိုးပွခြင်း
  7. ကြွက်သားအားနည်းခြင်းများ ဖြစ်နိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်

နာတာရှည်လေပြွန်ကျဉ်းအဆုတ်ပွရောဂါ စတင်ခံစားရသောလူနာသည် အထက်ဖော်ပြပါ ရောဂါလက္ခဏာများ ခံစားရပါက မိသားစု ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးကာ ကုသမှုခံယူရန် လိုအပ်သည်။ အသက်ရှူကျပ်လာခြင်း၊ ခြေဖျားလက်ဖျား ပြာနှမ်းလာခြင်း၊ နှုတ်ခမ်းနားတစ်ဝိုက် ပြာနှမ်းလာခြင်း၊ ရင်တုန်လာခြင်း၊ အာရုံစူးစိုက်ရခက်ခဲလာခြင်းများ ဖြစ်လာပါက ဆေးရုံအရေးပေါ်ဌာနသို့ အမြန်ဆုံးသွားရောက် ကုသမှုခံယူရန်လိုသည်။

ရောဂါရှာဖွေခြင်း

နာတာရှည်လေပြွန်ကျဥ်းအဆုတ်ပွရောဂါကို ရှာဖွေရာတွင် ရောဂါရာဇဝင်ကို သေချာစွာ မေးမြန်းခြင်း၊ အဆုတ်ကို စမ်းသပ်စစ်ဆေးခြင်း၊ သွေးတွင်းအောက်ဆီဂျင် တိုင်းတာခြင်းနှင့် အဆုတ်၏လုပ်ဆောင်နိုင်စွမ်းကို စစ်ဆေးခြင်း (Pulmonary function tests) ဖြင့် ရောဂါရှာဖွေနိုင်သည်။ ထို့အပြင် နောက်ဆက်တွဲ ပြဿနာများနှင့် ဖြစ်ပေါ်စေသော အကြောင်းရင်းများကို ဆက်လက်ရှာဖွေနိုင်ရန် အောက်ပါ စမ်းသပ်စစ်ဆေးခြင်းများ လိုအပ်နိုင်သည်။

  • ရင်ဘတ်ဓာတ်မှန်ရိုက်ခြင်း (Chest X-ray)
  • ကွန်ပြူတာဓာတ်မှန်ရိုက်ခြင်း (CT scan)
  • သွေးလွှတ်ကြောအတွင်းရှိ အောက်ဆီဂျင်၊ ကာဗွန်ဒိုင်အောက်ဆိုဒ်နှင့် အခြားဓာတ်များစစ်ဆေးခြင်း (Arterial blood gas)
  • လိုအပ်သော သွေးဖောက်စစ်ဆေးခြင်းများ
  • နှလုံးအီစီဂျီ ဆွဲခြင်း (ECG)
  • အသံလှိုင်းသုံး နှလုံးပုံရိပ်ဖော်စက်ဖြင့် စစ်ဆေးခြင်း (Echocardiogram)
  • မျိုးဗီဇစစ်ဆေးခြင်း စသည်တို့ဖြစ်သည်။
ကုသခြင်း

နာတာရှည်လေပြွန်ကျဉ်းအဆုတ်ပွရောဂါကို ပျောက်ကင်းအောင် ကုသ၍မရသော်လည်း အောက်ဖော်ပြပါကုသမှုများကို ခံယူပါက လူနာ၏ ရောဂါလက္ခဏာများကို သက်သာစေခြင်း၊ ပို၍ မဆိုးရွားစေရန် ထိန်းချုပ်နိုင်ခြင်းတို့အပြင် နောက်ဆက်တွဲပြဿနာတို့ကို လျော့နည်းစေနိုင်သည်။

  1. ဆေးဝါးများဖြင့်ကုသခြင်း
    • လေပြွန်ကျယ်စေသော ရှူဆေးများ (bronchodilators)
      လေပြွန်ကျယ်စေသောဆေးများကို ရှူဆေးများ (inhalers) အနေဖြင့် အသုံးပြုခြင်းဖြင့် ချောင်းဆိုးခြင်း၊ ချွဲကျပ်ခြင်းနှင့် အသက်ရှူရခက်ခဲခြင်းကို သက်သာစေသည်။ ရှူဆေးများတွင်
      • အချိန်တိုမျှသာ အာနိသင်ပြသောဆေးများ (short-acting bronchodilators)
      • အချိန်ကြာရှည်စွာ အာနိသင်ပြသောဆေးများ (long-acting bronchodilators ) ဟူ၍ (၂)မျိုး ရှိသည်။
    • ရောင်ရမ်းခြင်းကျစေသောရှူဆေးများ (anti-inflammatory drugs – Fluticasone, Budesonide)
      ရောင်ရမ်းခြင်းကျစေသောဆေးများ (စတီးရွိုက်) ကို ရှူဆေးများအနေဖြင့် အသုံးပြုခြင်းဖြင့် လေပြွန်ရောင်ရမ်းခြင်းကို သက်သာစေကာ မကြာခဏ ရောဂါပြန်၍ဖြစ်ပေါ်ခြင်းကို ကာကွယ်ပေးသည်။
    • ပေါင်းစပ်ရှူဆေးများ
      လေပြွန်ကျယ်စေသော ရှူဆေးများကို တစ်မျိုးထက်ပို၍ ပေါင်းပေးခြင်း (သို့မဟုတ်) လေပြွန်ကျယ်စေသော ရှူဆေးနှင့် စတီးရွိုက်ရှူဆေးတို့ကို ပေါင်းပေးခြင်း စသည်တို့ဖြင့် အာနိသင်နှစ်မျိုး တစ်ပြိုင်တည်းရရှိစေနိုင်သည်။
    • စတီးရွိုက်သောက်ဆေးများ
      ရောဂါလက္ခဏာဆိုးရွားသည့် လူနာများတွင် စတီးရွိုက်သောက်ဆေးများကို ရက်တို (ဥပမာ_ ၃ရက် မှ ၅ရက်ခန့်) ပေးခြင်းဖြင့် ရောဂါအခြေအနေ ပိုမိုမဆိုးရွားစေရန် ကာကွယ်ပေးနိုင်သည်။
    • ပဋိဇီဝပိုးသတ်ဆေးများ
      နာတာရှည်လေပြွန်ကျဉ်းအဆုတ်ပွရောဂါရှိသူများသည် အသက်ရှူလမ်းကြောင်းတွင် ရောဂါပိုးများ မကြာခဏဝင်‌ရောက်နိုင်ပြီး ရောဂါလက္ခဏာများ ပိုဆိုးစေနိုင်သောကြောင့် ပဋီဇီဝပိုးသတ်ဆေးများကို လိုအပ်လျှင် ဆရာဝန်ညွှန်ကြားသည့်အတိုင်း အသုံးပြုနိုင်သည်။
    • အခြားသော ရောဂါလက္ခဏာသက်သာစေသည့် သောက်ဆေးများ
      • Phosphodiesterase- 4 inhibitors (roflumilast)
      • Theophylline
      • သလိပ်ပျော်ဆေးများ (Expectorants)
  2. ဆေးလိပ်ဖြတ်ခြင်း
    နာတာရှည်လေပြွန်ကျဥ်းအဆုတ်ပွရောဂါကို ကုသရာတွင် ဆေးလိပ်ဖြတ်ခြင်းသည် အရေးအကြီးဆုံးသော ကုသမှုဖြစ်သည်။ ဆေးလိပ်ဖြတ်ခြင်းဖြင့် ရောဂါအခြေအနေ ပိုမိုဆိုးရွားခြင်းကို လျှော့ချပေးနိုင်သည်။ ဆေးလိပ်ဖြတ်နိုင်ရန် ခက်ခဲသော်လည်း လိုအပ်ပါက ကျန်းမာရေးဝန်ထမ်းများ၏ အကူအညီကိုယူပြီး ဆေးလိပ်ဖြတ်ခြင်းအစီအစဥ်များတွင် ပူးပေါင်းပါဝင်၍ ဆေးလိပ်လုံးဝဖြတ်နိုင်ရန် ကြိုးစားရမည်ဖြစ်သည်။
  3. အောက်ဆီဂျင်ပေးခြင်း
    သွေးတွင်းရှိ အောက်ဆီဂျင်ပမာဏမလုံလောက်ပါက အောက်ဆီဂျင်ပေးရန် လိုအပ်သည်။ အချို့သူများ၌ လှုပ်ရှားမှုပြုလုပ်သည့်အချိန်နှင့် အိပ်ချိန်များတွင်သာ ရှူရန်လိုအပ်ပြီး အချို့သူများမှာ အချိန်ပြည့် အောက်ဆီဂျင်ရှူရန် လိုအပ်တတ်သည်။
  4. အသက်ရှူလေ့ကျင့်ခန်းများပြုလုပ်ခြင်း
    အသက်ရှူလေ့ကျင့်ခန်းများ ပြုလုပ်ခြင်းအားဖြင့် အဆုတ်ကျန်းမာရေး ကောင်းမွန်စေပြီး အသက်ရှူရခက်ခဲခြင်းကို သက်သာစေနိုင်သည်။
  5. ခွဲစိတ်ကုသခြင်း
    နာတာရှည်လေပြွန်ကျဥ်းအဆုတ်ပွရောဂါကို အဓိကဖြစ်စေသော အဆုတ်ထဲရှိ လေအိတ်နံရံများ ပျက်စီး၍ အဆုတ်ဖောင်းပွလာခြင်း (emphysema) ပြင်းထန်လာပြီး ဆေးဝါးများဖြင့်ကုသ၍ မသက်သာပါက ခွဲစိတ်ကုသနိုင်သည်။
  6. ကာကွယ်ဆေးများထိုးနှံခြင်း
    နာတာရှည်လေပြွန်ကျဉ်းအဆုတ်ပွရောဂါအခံရှိသူများသည် အခြားသောရောဂါပိုးများ ဝင်ရောက်သောအခါတွင် ရောဂါအခြေအနေပိုမိုဆိုးရွားနိုင်သောကြောင့် ရာသီတုပ်ကွေး ကာကွယ်ဆေးများ၊ အဆုတ်ရောင်ရောဂါကာကွယ်ဆေးနှင့် ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးနှံထားသင့်သည်။
ကာကွယ်ခြင်း

နာတာရှည်လေပြွန်ကျဉ်းအဆုတ်ပွရောဂါကို မျိုးဗီဇချို့တဲ့ခြင်းကြောင့် ဖြစ်ပေါ်သည်မှလွဲ၍ ကာကွယ်နိုင်သည်။ အဓိကဖြစ်ပေါ်စေသောအကြောင်းရင်းဖြစ်သည့် ဆေးလိပ်သောက်သုံးခြင်းကို ရှောင်ကြဉ်ခြင်းအပြင် အခြားအကြောင်းရင်းများဖြစ်သော အလုပ်ခွင်မှ အခိုးအငွေ့များ၊ လေထုညစ်ညမ်းသောနေရာများကို ရှောင်ကြဉ်ခြင်းဖြင့်လည်း ကာကွယ်နိုင်သည်။

References:

  1. COPD – Symptoms and causes. (n.d.). Mayo Clinic. Retrieved July 29, 2024, from https://www.mayoclinic.org/diseases-conditions/copd/symptoms-causes/syc-20353679
  2. COPD – Diagnosis and treatment – Mayo Clinic. (n.d.). Retrieved July 29, 2024, from https://www.mayoclinic.org/diseases-conditions/copd/diagnosis-treatment/drc-20353685
  3. Chronic Obstructive Pulmonary Disease (COPD). (2024). Cleveland Clinic. Retrieved July 29, 2024, from https://my.clevelandclinic.org/health/diseases/8709-chronic-obstructive-pulmonary-disease-copd

Published: 16 January 2025

Share

16 January 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.