အိတ်ချ်အိုင်ဗွီ (HIV) ဆိုသည်မှာ အေအိုင်ဒီအက်စ် (AIDS) ရောဂါကို ဖြစ်ပေါ်စေသော ဗိုင်းရပ်စ်ပိုးတစ်မျိုးဖြစ်သည်။ ခန္ဓာကိုယ်ထဲသို့ အိတ်ချ်အိုင်ဗွီဗိုင်းရပ်စ်ပိုး ဝင်ရောက်လာသောအခါ ကိုယ်ခံအားစနစ်ကို တိုက်ခိုက်သည်။ ထိုသို့တိုက်ခိုက်မှုကြောင့် တဖြည်းဖြည်း ကိုယ်ခံအားကျဆင်းပြီး အသက်အန္တရာယ် ဖြစ်စေနိုင်သည့်အခြေအနေကို အေအိုင်ဒီအက်စ်ရောဂါဟု ခေါ်သည်။ ခန္ဓာကိုယ်ထဲသို့ အိတ်ချ်အိုင်ဗွီပိုး တစ်ခါဝင်ရောက်ပြီးလျှင် တစ်သက်လုံး ခန္ဓာကိုယ်ထဲတွင် ရှိနေသည်။ HIV/AIDS ရောဂါသည် ပျောက်ကင်းအောင်ကုသ၍ မရသော်လည်း ဗိုင်းရပ်စ်ပိုးထိန်းဆေးများဖြင့် ရောဂါကို ထိန်းသိမ်းနိုင်ပြီး သေဆုံးမှုကို လျော့နည်းစေသည်။

ဖြစ်ပေါ်ရသော အကြောင်းရင်းများ
အိတ်ချ်အိုင်ဗွီ (HIV) ဗိုင်းရပ်စ်ပိုးသည် ရောဂါပိုးရှိသောသူ၏ ခန္ဓာကိုယ်မှအရည်များ (သွေး၊ နို့ရည်၊ သုက်ရည်နှင့် အမျိုးသမီးအင်္ဂါမှ ထွက်သောအရည်များ၊ စအိုမှထွက်သော အရည်များ) မှတစ်ဆင့် အခြားသူတစ်ယောက်ကို ကူးစက်ခြင်းဖြစ်သည်။ ကိုယ်ဝန်ဆောင်မိခင်မှတစ်ဆင့် ကလေးထံသို့လည်း ကူးစက်နိုင်သည်။ ပုံမှန်ထိတွေ့ခြင်း (လက်ဆွဲနှုတ်ဆက်ခြင်း၊ အသုံးအဆောင်ပစ္စည်းများ မျှဝေသုံးစွဲခြင်း၊ အစာအတူစားခြင်း၊ သာမန်နမ်းရှုံ့ခြင်း၊ ဖက်ခြင်း) တို့ကို ပြုလုပ်ရုံမျှဖြင့် မကူးစက်နိုင်ပါ။
HIV ဗိုင်းရပ်စ်ပိုးသည် ပိုးမွှားများ၊ ရောဂါများကို တိုက်ခိုက်ခုခံပေးသည့် သွေးဖြူဥဆဲလ် (CD4 T cell) ကို ဖျက်ဆီးသည်။ သွေးဖြူဥဆဲလ် (CD4 T cell) လျော့နည်းလာသည်နှင့်အမျှ ကိုယ်ခံအားစနစ် ပိုမိုအားနည်းကျဆင်းလာခြင်း ဖြစ်စေသည်။ HIV ပိုးသည် စစချင်းတွင် ရောဂါလက္ခဏာ အနည်းငယ်သာပြသော်လည်း သွေးဖြူဥဆဲလ် (CD4 T cell) အရေအတွက် (၂၀၀) အောက်ရောက်လျှင် ပြင်းထန်သော လက္ခဏာများနှင့် နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်လာပြီး အေအိုင်ဒီအက်စ်ရောဂါ ဖြစ်လာသည်။
HIV ပိုး ကူးစက်နိုင်ခြေများသူများမှာ_
- အကာအကွယ်မဲ့ လိင်ဆက်ဆံသူများ
- လိင်ဆက်ဆံဖော် များသူများ
- ပြည့်တန်ဆာများ
- လိင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါရှိသူများ (sexually transmitted disease- ကာလသားရောဂါ၊ ရေယုန်ရောဂါ)
- မသန့်ရှင်းသော ဆေးထိုးအပ်များကို မျှဝေသုံးစွဲသူများ
- ကျန်းမာရေးဝန်ထမ်းများ စသူတို့ဖြစ်သည်။

ရောဂါလက္ခဏာများ
ရောဂါလက္ခဏာများမှာ ဗိုင်းရပ်စ်ပိုးဝင်ရောက်သည့် အဆင့်ပေါ်မူတည်၍ ကွဲပြားသည်။
- အဆင့် (၁) – လတ်တလော ပိုးဝင်ခြင်း (Acute HIV/primary infection)
- ရောဂါပိုးဝင်ပြီး (၂)ပတ် မှ (၄)ပတ် အတွင်းတွင် အချို့သူများမှာ တုပ်ကွေးမိသကဲ့သို့ ခံစားရနိုင်ပြီး မည်သည့်ရောဂါလက္ခဏာမျှ မပြသူများလည်းရှိသည်
- ထိုအဆင့်မှာ ရက်အနည်းငယ်မှ ရက်သတ္တပတ်ပေါင်းများစွာ ကြာမြင့်နိုင်သည်။ ဖြစ်ပေါ် နိုင်သော ရောဂါလက္ခဏာများမှာ_
- ဖျားခြင်း
- ခေါင်းကိုက်ခြင်း
- ကြွက်သားနှင့်အဆစ်များ နာကျင်ခြင်း
- အနီကွက် ထွက်ခြင်း
- လည်ပင်းနာခြင်း၊ ပါးစပ်နာခြင်း
- ပြန်ရည်ကျိတ်များ ရောင်ခြင်း
- ဝမ်းလျှောခြင်း
- ကိုယ်အလေးချိန်ကျခြင်း
- ချောင်းဆိုးခြင်း
- ညဘက်တွင် ချွေးထွက်ခြင်းတို့ဖြစ်သည်
- ထိုအချိန်တွင် ရောဂါလက္ခဏာများမှာ မပြင်းထန်သော်လည်း သွေးကြောထဲတွင် ဗိုင်းရပ်စ်ပိုးပမာဏမှာ မြင့်မားနေပြီး အခြားသူများကို အလွယ်တကူ ကူးစက်နိုင်သောအဆင့်ဖြစ်သည်
- အဆင့် (၂) – နာတာရှည် ပိုးဝင်ခြင်း (Chronic HIV infection)
- ထိုအဆင့်တွင် ခန္ဓာကိုယ်နှင့် သွေးဖြူဥဆဲလ်များအတွင်း HIV ဗိုင်းရပ်စ်ပိုးများ ဆက်လက်ပွါးများနေသည်
- ထိုအဆင့်တွင်လည်း ရောဂါလက္ခဏာမပြဘဲ ရှိနေနိုင်သည်
- ဆေးကုသမှု မခံယူသူများသည် ထိုအဆင့်တွင် နှစ်ပေါင်းများစွာ ကြာနေနိုင်သကဲ့သို့ ပိုမိုပြင်းထန်သော အခြေအနေ (အဆင့် ၃ – အေအိုင်ဒီအက်စ်ရောဂါ) သို့ လျင်မြန်စွာ ရောက်ရှိသွားသူများလည်း ရှိသည်
- ဗိုင်းရပ်စ်ပိုးများ ဆက်လက်ပွါးများပြီး ခုခံအားဆဲလ်များကို ဖျက်ဆီးသောကြောင့် ရောဂါပိုးများ မကြာခဏဝင်ရောက်သည်
- နာတာရှည်လက္ခဏာများအနေနှင့် အောက်ပါအတိုင်း ဖြစ်ပေါ်လာနိုင်သည်
- ရက်ရှည်ဖျားခြင်း
- နုံးနယ်ခြင်း
- ပြန်ရည်ကျိတ်များ ရောင်ခြင်း
- ဝမ်းလျှောခြင်း
- ကိုယ်အလေးချိန်ကျခြင်း
- မှက္ခရု ထွက်ခြင်း
- ဆင်ရေယုန်
- အဆုတ်ရောင် နမိုးနီးယားရောဂါ စသည်တို့ဖြစ်သည်။
- အဆင့် (၃) – အေအိုင်ဒီအက်စ်ရောဂါ
- HIV ရောဂါပိုးဝင်ခြင်း၏ အပြင်းထန်ဆုံးအဆင့်ဖြစ်သည်
- ဗိုင်းရပ်စ်ပိုးပမာဏမှာ မြင့်မား၍ သွေးဖြူဥဆဲလ် (CD4 T cell) (၂၀၀) အောက်သို့ ကျဆင်းလာပြီး ကိုယ်ခံအားစနစ်ကို တိုက်ခိုက်သောကြောင့် ပြင်းထန်သော ရောဂါပိုးများဝင်ခြင်း ၊ ကင်ဆာရောဂါများနှင့် ဦးနှောက်အာရုံကြောထိခိုက်ခြင်းတို့ အောက်ပါအတိုင်း ဖြစ်ပေါ်လာသည်
- ပြန်ရည်ကျိတ်ကင်ဆာ (Burkitt lymphoma)
- လေပြွန်၊ အစာမျိုပြွန်နှင့် အဆုတ်တွင် မှိုပိုးဝင်ခြင်း (Candidiasis)
- မျက်ကြည်လွှာရောင်ပြီး အမြင်အာရုံချို့တဲ့ခြင်း (Retinitis)
- ဦးနှောက်အမြှေးရောင်ရောဂါ (Meningitis)
- ဦးနှောက်ရောင်ရောဂါ (Encephalitis)
- ရေယုန်ပိုးကြောင့် လေပြွန်ရောင်ခြင်း၊ အဆုတ်ရောင်ခြင်း၊ အစာမျိုပြွန်ရောင်ခြင်း
- သားအိမ်ခေါင်းကင်ဆာ (invasive Cervical cancer)
- အဆုတ်နှင့် အဆုတ်မဟုတ်သော အခြားနေရာများတွင် တီဘီပိုးဝင်ခြင်း (Mycobacterium tuberculosis, Extrapulmonary tuberculosis)
- မှိုပိုးဝင်၍ အဆုတ်ရောင်ခြင်း (Pneumocystis jirovecii pneumonia)
- အူလမ်းကြောင်းတွင် နာတာရှည် ကပ်ပါးပိုးဝင်ခြင်း (Chronic intestinal cryptosporidiosis)
- အာရုံကြောထိခိုက်ခြင်းကြောင့် ခြေလက်များ ထုံကျဥ်ခြင်း (Peripheral neuropathy)
- အစာအိမ်နှင့် အူလမ်းကြောင်းတစ်လျှောက်ရှိ အမြှေးပါး သို့မဟုတ် အရေပြားတွင် ဖြစ်သောကင်ဆာ (Kaposi’s sarcoma)
- ခန္ဓာကိုယ်အနှံ့တွင် ရောဂါပိုးများ မကြာခဏဝင်ခြင်း (Multiple or recurrent bacterial infections)
- မူလခန္ဓာကိုယ်အလေးချိန်၏ (၁၀) ရာခိုင်နှုန်းခန့် ကျဆင်းခြင်း (အထူးသဖြင့် ကြွက်သားများဆုံးရှုံးခြင်း) (HIV wasting syndrome) တို့ဖြစ်ပေါ်လာနိုင်သည်
နောက်ဆက်တွဲပြဿနာများ
ကိုယ်ခံအားစနစ်ကို အားနည်းစေသောကြောင့် မကြာခဏ ရောဂါပိုးဝင်ခြင်း၊ ပိုးဆိပ်ပျံ့နှံ့ခြင်း၊ ပြန်ရည်ကျိတ်ကင်ဆာများနှင့် အခြားသောကင်ဆာရောဂါများ၊ ဦးနှောက်နှင့်အာရုံကြောစနစ် ထိခိုက်ခြင်း၊ ကျောက်ကပ်နှင့်အသည်း ထိခိုက်ခြင်း အစရှိသော နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်နိုင်ပြီး အသက်အန္တရာယ်ရှိသည်အထိ ဖြစ်နိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
HIV ရောဂါပိုးကူးစက်ခံရလျှင် အေအိုင်ဒီအက်စ်ရောဂါဖြစ်ပွါးခြင်းနှင့် အခြားသူများအား ရောဂါပိုးကူးစက်ခြင်းမှ ကာကွယ်ရန် မိသားစုဆရာဝန်များနှင့် တိုင်ပင်၍ ကုသမှုခံယူရမည်။ မိသားစုဆရာဝန်မှ လိုအပ်ပါက သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။
ရောဂါပိုးကူးစက်နိုင်ခြေ များသူများအနေနှင့်လည်း ဆရာဝန်များနှင့်တိုင်ပင်၍ ရောဂါပိုးမကူးစက်နိုင်အောင် ကာကွယ်နိုင်သည့် နည်းလမ်းများ မှတ်သားလိုက်နာရမည်။ မတော်တဆကူးစက်နိုင်သည့် အခြေအနေတွေ့ကြုံခဲ့ရလျှင် ဆရာဝန်နှင့်တိုင်ပင်၍ ရောဂါကာကွယ်ဆေးများကို အချိန်မီသောက်သုံးနိုင်သည်။
ရောဂါရှာဖွေခြင်း
သွေးနှင့်တံတွေးကို စစ်ဆေးခြင်းဖြင့် HIV ရောဂါပိုးကို ရှာဖွေနိုင်သည်။ အခြေခံအားဖြင့် အဆင့် (၂) ဆင့်ဖြင့် စစ်ဆေးနိုင်သည်။
- သွေးထဲတွင် HIV ဗိုင်းရပ်စ်ပိုးရှိလျှင် ထွက်လာသော ပဋိပစ္စည်း (antibodies) နှင့် ပဋိလှုံ့ပစ္စည်း (antigen) တို့ကို စစ်ဆေးခြင်း (antigen or antibody test)
- ပဋိပစ္စည်းကို စစ်ဆေးပါက ရောဂါပိုးဝင်ရောက်ပြီး (၃)ပတ် မှ (၃)လအကြာတွင် စစ်ဆေးမှသာ ရောဂါပိုးရှိကြောင်း ပြသနိုင်သည်
- ထိုသို့ စစ်ဆေးခြင်းကို မိမိအိမ်၌ပင် အလွယ်တကူ ပြုလုပ်နိုင်ပြီး HIV ပိုး ရှိမရှိကို မိနစ် (၃၀) အတွင်း သိရှိနိုင်သည်
- အဖြေမှာ ရောဂါပိုးမရှိဟု ထွက်သော်လည်း မိမိတွင် ရောဂါပိုးကူးစက်နိုင်ခြေ မြင့်မားနေပါက (၃) လအကြာတွင် ထပ်မံစစ်ဆေးရမည်
- အဖြေတွင် ရောဂါပိုးရှိသည်ဟု ထွက်ခဲ့လျှင် သေချာစေရန် သွေးထဲတွင် HIV ဗိုင်းရပ်စ်ပိုးကို ဆက်လက်ရှာဖွေ အတည်ပြုရန် လိုအပ်သည်
- သွေးထဲတွင် HIV ဗိုင်းရပ်စ်ပိုး စစ်ဆေးခြင်း (Nucleic acid tests – NAT)
- အထက်တွင် ဖော်ပြခဲ့သော ပဋိပစ္စည်း သို့မဟုတ် ပဋိလှုံ့ပစ္စည်းတို့ကို စစ်ဆေး၍ တွေ့ရှိပါက သွေးထဲတွင် HIV ရောဂါပိုးရှိကြောင်း သေချာစေရန် သွေးကို ဓာတ်ခွဲခန်းသို့ပို့၍ ဆက်လက်ရှာဖွေစစ်ဆေးရန် လိုအပ်သည်
- HIV ပိုးဝင်ရောက်ပြီး (၁၀)ရက် မှ (၁)လအကြာတွင် တွေ့ရှိနိုင်သည်
- ထိုစစ်ဆေးခြင်းကို ရောဂါပိုးကူးစက်နိုင်ခြေ များသူတို့တွင်သာ ပြုလုပ်လေ့ရှိသည်
- အဖြေတွင် HIV ပိုးတွေ့ရှိပါက ထိုသူတွင် HIV ရောဂါပိုး ကူးစက်ခံရသည်မှာ သေချာသည်
ထို့အပြင် ထပ်မံစစ်ဆေးရမည့် လိုအပ်သည့် စစ်ဆေးခြင်းများမှာ အောက်ပါအတိုင်းဖြစ်သည်။
- သွေးဖြူဥဆဲလ် (CD4 T cell) အရေအတွက်
- HIV ဗိုင်းရပ်စ်ပိုး အရေအတွက်
- အခြားသွေးစစ်ဆေးခြင်းများ (သွေးအား စစ်ဆေးခြင်း၊ အသည်းနှင့်ကျောက်ကပ်ဓာတ်များ စစ်ဆေးခြင်း၊ အသည်းရောင် အသားဝါ ဘီ ပိုး၊ စီ ပိုး စစ်ဆေးခြင်း၊ ကာလသားရောဂါပိုး စစ်ဆေးခြင်း၊ သွေးတွင်းအဆီဓာတ် စစ်ဆေးခြင်း)
- အမျိုးသမီးများတွင် ကိုယ်ဝန်စစ်ဆေးခြင်း
- ဓာတ်မှန်ရိုက်ခြင်း
- တီဘီရောဂါ ရှိမရှိ စစ်ဆေးခြင်းတို့ကို လိုအပ်သလို ဆက်လက်ပြုလုပ်ရသည်။
ကုသခြင်း
HIV ရောဂါပိုးကို ပျောက်ကင်းအောင် ကုသ၍ မရသော်လည်း HIV ဗိုင်းရပ်စ်ပိုးထိန်းဆေးများ သောက်ခြင်းဖြင့် ခန္ဓာကိုယ်ထဲတွင် ဗိုင်းရပ်စ်ပိုးများ ပွါးများခြင်းကို ရပ်တန့်စေသည်။ ဗိုင်းရပ်စ်ပိုးထိန်းဆေးများ သောက်ခြင်းဖြင့် ကိုယ်ခံအားစနစ်ကို ပြန်လည်ကောင်းမွန်လာစေပြီး ရောဂါပိုးများကို တိုက်ထုတ်နိုင်ရန် ကူညီပေးသည်။ HIV ပိုး ရှိသည်နှင့်တစ်ပြိုင်နက် မည်သည့်အဆင့်တွင်မဆို ဗိုင်းရပ်စ်ပိုးထိန်းဆေးကို စတင်သောက်သုံးရန် လိုအပ်သည်။ ထိုဗိုင်းရပ်စ်ပိုးထိန်းဆေးများကို ကျန်ရှိနေသေးသော ဘဝတစ်လျှောက်လုံးတွင် နေ့စဥ်ပုံမှန်သောက်ရန် လိုအပ်သည်။
အသုံးများသော ဗိုင်းရပ်စ်ပိုးထိန်းဆေးအုပ်စုများမှာ_
- Nucleoside reverse transcriptase inhibitors (NRTIs)
- Non-nucleoside reverse transcriptase inhibitors (NNRTIs)
- Integrase inhibitors (လက်ရှိတွင် ပထမဦးစားပေး ရွေးချယ်သော ဆေးအုပ်စု)
- Protease inhibitors တို့ဖြစ်ကြသည်။
ဗိုင်းရပ်စ်ပိုးထိန်းဆေးများ၏ ဖြစ်ပေါ်နိုင်သော ဘေးထွက်ဆိုးကျိုးများမှာ_
- ပျို့အန်ခြင်း၊ ဝမ်းလျှောခြင်း
- နှလုံးရောဂါ
- ကျောက်ကပ်နှင့်အသည်း ထိခိုက်ခြင်း
- အရိုးအားနည်းခြင်း
- သွေးတွင်း အဆီဓာတ်မြင့်မားခြင်း
- သွေးတွင်း သကြားဓာတ်မြင့်မားခြင်း
- စိတ်ပိုင်းဆိုင်ရာပြဿနာများ စသည်တို့ ဖြစ်ပေါ်နိုင်သည်။
ဗိုင်းရပ်စ်ပိုးထိန်းဆေးသောက်ခြင်းဖြင့် ခန္ဓာကိုယ်ထဲတွင် ဗိုင်းရပ်စ်ပိုးပမာဏ လျော့ကျသွားပြီး ရောဂါလက္ခဏာများ သက်သာ၍ ပုံမှန်ကျန်းမာသော လူတစ်ဦးကဲ့သို့ပင် အသက်ရှင်နေထိုင်နိုင်မည်ဖြစ်သည်။ ဗိုင်းရပ်စ်ပိုးထိန်းဆေး တုံ့ပြန်မှု ရှိမရှိ သိရှိနိုင်ရန် ဗိုင်းရပ်စ်ပိုးအရေအတွက်နှင့် သွေးဖြူဥ (CD4 T cell) အရေအတွက်ကို (၁)လ မှ (၁)လခွဲအကြာတွင် တစ်ကြိမ်နှင့် နောက်ပိုင်းတွင် (၃)လ မှ (၆)လ တစ်ကြိမ် စစ်ဆေးခြင်းတို့ကို ဆရာဝန်ညွှန်ကြားသည့်အတိုင်း စစ်ဆေးရန်လိုအပ်သည်။ ထို့အပြင် အေအိုင်ဒီအက်စ်ရောဂါအဆင့်တွင် နောက်ဆက်တွဲပြဿနာများရှိလျှင်လည်း ကုသပေးရန် လိုအပ်သည်။
ဗိုင်းရပ်စ်ပိုးထိန်းဆေး သောက်နေသူများသည် သွေးထဲတွင် ဗိုင်းရပ်စ်ပိုး ရှာမတွေ့နိုင်အောင် နည်းသွားလျှင် မိမိ၏လိင်ဆက်ဆံဖော်သို့ ရောဂါပိုးမကူးစက်နိုင်တော့ပါ။ သို့သော် လိင်ဆက်ဆံမှုပြုလုပ်တိုင်း စိတ်ချရသော အကာအကွယ်ပစ္စည်း (ကွန်ဒုံး) ကို အသုံးပြုသင့်သည်။
HIV ပိုးရှိသော ကိုယ်ဝန်ဆောင်အမျိုးသမီးများအနေနှင့် ရောဂါပိုးရှိသည်ကို သိလျှင်သိချင်း ဗိုင်းရပ်စ်ပိုးကုသဆေး သောက်ပါက ကလေးမမွေးခင်နှင့် မိခင်နို့တိုက်နေစဥ် အချိန်များတွင် ကလေးသို့ ရောဂါပိုးကူးစက်ခြင်းကို ကာကွယ်နိုင်သည်။
ကာကွယ်ခြင်း
HIV ရောဂါကို ကာကွယ်ရာတွင် ဗိုင်းရပ်စ်ပိုးထိန်းဆေးများကို အသုံးပြု၍ ရောဂါကာကွယ်နိုင်သည်။
- HIV ရောဂါရှိသူနှင့် မထိတွေ့မီ ဆေးကြိုသောက်၍ ကာကွယ်ခြင်း (Pre-exposure prophylaxis)
- HIV ရောဂါရှိသူနှင့် ထိတွေ့ပြီးနောက် ရောဂါပိုး မကူးစက်အောင် ကာကွယ်ခြင်း (Post-exposure prophylaxis)
ထိုကာကွယ်ခြင်းနှစ်မျိုးစလုံးကို ရောဂါပိုး ကူးစက်နိုင်ခြေမြင့်မားသူများတွင် ဗိုင်းရပ်စ်ပိုးထိန်းဆေးများ ဆရာဝန် ညွှန်ကြားသည့်အတိုင်း သောက်သုံးနိုင်သည်။
ထို့အပြင် HIV ရောဂါပိုး ကူးစက်ခြင်းမှ ကာကွယ်ရန် အောက်ပါနည်းလမ်းများကို လိုက်နာရမည်။
- လိင်ဆက်ဆံမှု ပြုလုပ်တိုင်း စိတ်ချရသော အကာအကွယ်ပစ္စည်း (ကွန်ဒုံး) ကို အသုံးပြုပါ
- ဆေးထိုးအပ်များကို မျှဝေသုံးစွဲခြင်းမှ ရှောင်ကြဥ်ပါ
- ထိခိုက်ဒဏ်ရာရ၍ သွေးထွက်နေသောလူကို ကိုင်တွယ်မည်ဆိုလျှင် လက်အိတ်ဝတ်၍ ကိုင်တွယ်ပါ
- ရောဂါပိုးရှိသောလူနာကို ကိုင်တွယ်ပြုစုရပါက လူနာ၏ခန္ခာကိုယ်မှ ရောဂါပိုးကူးစက်နိုင်သော အရည်များကို သတိထားပြီး လက်အိတ်ဝတ်၍ ကိုင်တွယ်ပါ
- HIV ရောဂါပိုးကူးစက်ခံရသည်ဟု သံသယရှိလျှင် ဆရာဝန်နှင့် အမြန်ဆုံးတိုင်ပင်၍ ဗိုင်းရပ်စ်ပိုးထိန်းဆေးများကို တတ်နိုင်သမျှ စောစောသောက်ခြင်းဖြင့် ရောဂါပိုးကူးစက်ခြင်းကို လျှော့ချပေးနိုင်သည်
- မိခင်မှကလေးသို့ HIV ပိုးကူးစက်ခြင်းမှ ကာကွယ်ရန်အတွက် ကိုယ်ဝန်ဆောင်အမျိုးသမီးတိုင်း HIV ပိုးစစ်ဆေးခြင်း၊ ဗိုင်းရပ်စ်ပိုးထိန်းဆေးသောက်ခြင်း စသော နည်းလမ်းညွှန်ကြားချက်များကို တိကျစွာ လိုက်နာရမည်
- မိခင်နို့တိုက်ကျွေးခြင်းကြောင့် မိခင်မှတစ်ဆင့် ကလေးသို့ အိတ်ချ်အိုင်ဗွီရောဂါပိုးကူးစက်နိုင်ခြေကို အောက်ဖော်ပြပါ နည်းလမ်းများဖြင့် လျှော့ချနိုင်သည်
- မိခင်နို့သည် ကလေးများ၏ကြီးထွားဖွံဖြိုးမှုနှင့် ကိုယ်ခံစွမ်းအားကို မြင့်တက်စေနိုင်သည့်အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)မှ HIV မိခင်များတွင် မိခင်နို့တိုက်ကျွေးခြင်း [အထူးသဖြင့် အသက် (၆) လထိ မိခင်နို့တစ်မျိုးတည်းသာ တိုက်ကျွေးခြင်း] ကို အားပေးအကြံပြုထားသည်၊ သို့သော် မိခင်သည် အိတ်ချ်အိုင်ဗွီပိုးထိန်းဆေးများကို ဆရာဝန်ညွှန်ကြားသည့်အတိုင်း နေ့စဥ်ပုံမှန် သောက်သုံးနေသူဖြစ်ရန် လိုအပ်ပြီး၊ သွေးထဲတွင် ဗိုင်းရပ်စ်ပိုး ရှာမတွေ့နိုင်အောင် နည်းပါးသည့် အခြေအနေတွင် ရှိနေပါက အကောင်းဆုံးဖြစ်သည်
- သို့မဟုတ်ပါက အာဟာရပြည့်ဝစွာ စီမံထုတ်လုပ်ထားသော ဖော်မြူလာနို့ကို အစားထိုးတိုက်ကျွေးသင့်သည်
References:
- Centers for Disease Control and Prevention. (n.d.). About HIV. Retrieved January 14, 2026, from https://www.cdc.gov/hiv/about/index.html
- World Health Organization. (n.d.). HIV/AIDS. Retrieved January 14, 2026, from https://www.who.int/health-topics/hiv-aids
- Cleveland Clinic. (n.d.). HIV/AIDS. Retrieved January 14, 2026, from https://my.clevelandclinic.org/health/diseases/4251-hiv-aids
- Mayo Clinic. (n.d.). HIV/AIDS: Symptoms & causes. Retrieved January 14, 2026, from https://www.mayoclinic.org/diseases-conditions/hiv-aids/symptoms-causes/syc-20373524
- Penn Medicine. (n.d.). HIV. Retrieved January 14, 2026, from https://www.pennmedicine.org/conditions/hiv
Published: 10 January 2025
Last updated: 9 February 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.