Goitre (လည်ပင်းကြီးရောဂါ)

Goitre (လည်ပင်းကြီးရောဂါ)

လည်ပင်းကြီးရောဂါ (Goitre) သည် သိုင်းရွိုက်ဂလင်း ပုံမှန်မဟုတ်ဘဲ ကြီးထွားလာခြင်းကြောင့်ဖြစ်သည်။ သိုင်းရွိုက်ဂလင်းတစ်ခုလုံး ကြီးလာနိုင်သလို သိုင်းရွိုက်ဂလင်းအတွင်း အလုံးအကျိတ်တစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ ဖြစ်ပေါ်လာခြင်းကြောင့်လည်း ကြီးနိုင်သည်။

Goitre image
သိုင်းရွိုက်ဂလင်း

သိုင်းရွိုက်ဂလင်းသည် လည်ပင်းရှေ့အောက်ဘက်ပိုင်း လေပြွန်ပေါ်တွင် တည်ရှိသော လိပ်ပြာပုံသဏ္ဌာန် ဂလင်းဖြစ်သည်။ သိုင်းရွိုက်ဂလင်းမှ သိုင်းရွိုက်ဟော်မုန်းများ (T4 and T3) ထုတ်လုပ်ခြင်းဖြင့် အောက်ပါ ကိုယ်ခန္ဓာဇီဝကမ္မဖြစ်စဥ်များကို ထိန်းညှိလုပ်ဆောင်ပေးသည်။

  • မွေးကင်းစကလေးငယ်၏ ကိုယ်ခန္ဓာနှင့်ဦးနှောက် ဖွံ့ဖြိုးမှုကို လှုံ့ဆော်ပေးခြင်း
  • အစားအစာများမှ စွမ်းအင်ထုတ်လုပ်ပေးခြင်း
  • စိတ်ခံစားမှု
  • ကိုယ်ခန္ဓာ အပူချိန်၊ နှလုံးခုန်နှုန်းနှင့် သွေးပေါင်ချိန်တို့ကို ထိန်းညှိပေးခြင်း စသည်တို့ဖြစ်သည်။

ထို့အပြင် သွေးအတွင်း ကယ်လ်ဆီယမ်ဓာတ် (calcium) ကို ထိန်းညှိပေးသော ကယ်လ်ဆီတိုနင် (calcitonin) ဟော်မုန်းကိုလည်း သိုင်းရွိုက်ဂလင်းမှ ထုတ်လုပ်သည်။

လည်ပင်းကြီးရောဂါ အမျိုးအစားများ

လည်ပင်းကြီးရောဂါများကို ဂလင်းကြီးထွားလာသည့်ပုံစံနှင့် သိုင်းရွိုက်ဟော်မုန်းပမာဏအပေါ် မူတည်၍ အမျိုးအစားခွဲခြားနိုင်သည်။ ဂလင်းကြီးထွားလာသည့်ပုံစံအရ အမျိုးအစားခွဲခြားထားသည်မှာ_

  • သိုင်းရွိုက်ဂလင်းတစ်ခုလုံး ကြီးလာခြင်း (Diffuse goitre)
  • သိုင်းရွိုက်ဂလင်းတွင် အလုံးအကျိတ်တစ်ခုသာ ကြီးထွားလာခြင်း (Thyroid nodule) နှင့်
  • သိုင်းရွိုက်ဂလင်းတွင် အလုံးအကျိတ်များစွာ ကြီးထွားလာခြင်း (Multinodular goitre) တို့ဖြစ်သည်။

သိုင်းရွိုက်ဟော်မုန်းပမာဏအပေါ် မူတည်၍ အမျိုးအစားခွဲခြားထားသည်မှာ_

  • သိုင်းရွိုက်ဟော်မုန်းလွန်ကဲသည့် လည်ပင်းကြီးခြင်း (Toxic goitre)
  • သိုင်းရွိုက်ဟော်မုန်းပုံမှန်ပမာဏရှိသည့် လည်ပင်းကြီးခြင်း (Nontoxic goitre)
  • သိုင်းရွိုက်ဟော်မုန်းနည်းသည့် လည်ပင်းကြီးခြင်း (Hypothyroid goitre) တို့ဖြစ်သည်။
Goitre image2
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
  1. အိုင်အိုဒင်းချို့တဲ့မှု
    အိုင်အိုဒင်းဓာတ်သည် သိုင်းရွိုက်ဟော်မုန်း ထုတ်လုပ်ရာတွင် အရေးအကြီးဆုံး ကုန်ကြမ်းဖြစ်သည်။ နေ့စဥ်စားသုံးသော အစားအစာများတွင် အိုင်အိုဒင်းဓာတ် လုံလောက်စွာ မပါဝင်ပါက ဟော်မုန်းထုတ်လုပ်မှု ကျဆင်းသွားသောကြောင့် ဟော်မုန်းပိုမိုထုတ်လုပ်ရန် သိုင်းရွိုက်ဂလင်းအား လှုံ့ဆော်ရာမှ ဂလင်းကြီးလာခြင်းဖြစ်သည်။ ယင်းအခြေအနေကို အိုင်အိုဒင်းဆား အသုံးပြုခြင်းဖြင့် ကာကွယ်နိုင်သည်။
  2. ကိုယ်ခံအား မူမမှန်တုံ့ပြန်ခြင်း
    • ဟရှီမိုတိုသိုင်းရွိုက်ရောင်ရောဂါ (Hashimoto’s disease)
      ကိုယ်ခံအား မူမမှန် အလွန်အကျွံတုံ့ပြန်မှုကြောင့် ဖြစ်ပွါးသော သိုင်းရွိုက်ဂလင်းရောင်ရမ်းသည့် ရောဂါတစ်မျိုးဖြစ်သည်။ သိုင်းရွိုက်တစ်ရှူးများ ရောင်ရမ်းပျက်စီးရာမှ ဟော်မုန်းလုံလောက်စွာ မထုတ်လုပ်နိုင်သောကြောင့် သိုင်းရွိုက်ဟော်မုန်းချို့တဲ့ရောဂါ (Hypothyroidism) ဖြစ်ပွါးသည်။
    • ဂရေ့ဗ်သိုင်းရွိုက်ရောဂါ (Graves’ disease)
      မိမိကိုယ်ခံစွမ်းအားစနစ်မှ သိုင်းရွိုက်ဂလင်းကို လှုံ့ဆော်ပေးသော ပဋိပစ္စည်းဖြစ်သည့် ပရိုတင်းဓာတ်တစ်မျိုး ထုတ်လုပ်ပေးသောကြောင့် ဂလင်းကြီးထွားလာပြီး သိုင်းရွိုက်ဟော်မုန်းလွန်ကဲရောဂါ (Hyperthyroidism) ဖြစ်ပွါးသည်။
  3. သိုင်းရွိုက်ဂလင်းတွင် အလုံးအကျိတ်တစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ ကြီးထွားလာခြင်း (Thyroid nodule or multinodular goitre)
    များသောအားဖြင့် ကင်ဆာမဟုတ်သော အလုံးအကျိတ် သို့မဟုတ် အရည်အိတ်တည်ခြင်းဖြစ်သည်။ သိုင်းရွိုက်ဟော်မုန်းလွန်ကဲသည့် လည်ပင်းကြီးခြင်း (Toxic goitre) ဖြစ်နိုင်သည်။ အလုံးအကျိတ်ပေါ်လာရခြင်း အကြောင်းရင်းကို တိတိကျကျ မသိရှိသော်လည်း မျိုးဗီဇ၊ အစားအသောက်၊ နေထိုင်မှုပုံစံနှင့် ပတ်ဝန်းကျင်ဆိုင်ရာအချက်များကြောင့် ဖြစ်နိုင်သည်။
  4. သိုင်းရွိုက်ကင်ဆာ (Thyroid cancer)
    သိုင်းရွိုက်ဂလင်း အလုံးအကျိတ်များ၏ (၅) ရာခိုင်နှုန်းတွင် ကင်ဆာဖြစ်နေကြောင်း တွေ့ရှိရသည်။
  5. သိုင်းရွိုက်ဂလင်းရောင်ရမ်းခြင်း (Thyroiditis)
    ဘက်တီးရီးယားပိုး၊ ဗိုင်းရပ်စ်ပိုး သို့မဟုတ် ဆေးဝါးအချို့ကြောင့် သိုင်းရွိုက်ဂလင်းရောင်ရမ်းနိုင်သည်။
  6. ခန္ဓာကိုယ်လိုအပ်ချက်အရ ကြီးထွားခြင်း (Physiological Enlargement)
    • ဤအခြေအနေသည် ဟော်မုန်းလိုအပ်ချက် တိုးလာခြင်းကြောင့် သိုင်းရွိုက်ဂလင်း အနည်းငယ် ယာယီကြီးထွားလာခြင်းကို ဆိုလိုသည်
    • အဖြစ်များသော အခြေအနေများမှာ ဆယ်ကျော်သက်အရွယ် (Adolescence) နှင့် ကိုယ်ဝန်ဆောင်ကာလ (Pregnancy) တို့ဖြစ်သည်၊ ကိုယ်ဝန်ဆောင်ဟော်မုန်း (Human Chorionic Gonadotropin) ကြောင့်လည်း သိုင်းရွိုက်ဂလင်း အနည်းငယ် ကြီးလာနိုင်သည်
    • ဤကြီးထွားမှုသည် ယာယီဖြစ်ပြီး ပုံမှန်အားဖြင့် ရောဂါလက္ခဏာ မပြပေ၊ ကိုယ်ခန္ဓာမှ ဟော်မုန်းလိုအပ်ချက် ဖြည့်ဆည်းပြီးသွားပါက ပုံမှန်အရွယ်အစားသို့ ပြန်ရောက်သွားတတ်သည်
လည်ပင်းကြီးရောဂါ ပိုမိုဖြစ်စေနိုင်သော အချက်များ
  • မြေဆီအတွင်း အိုင်အိုဒင်းပါဝင်မှု နည်းသောဒေသ (ဥပမာ _ တောင်တန်းဒေသ) တွင် နေထိုင်သူများ
  • သိုင်းရွိုက်ဟော်မုန်းထုတ်လုပ်မှုကို ဟန့်တားသော Goitrogen ဓာတ်ပါဝင်သည့် အစားအစာများ (ဥပမာ_ပီလောပီနံ၊ ဂေါ်ဖီထုပ်၊ မုန်လာဥ၊ ပြောင်းဆန် စသည်) ပုံမှန်စားသုံးခြင်း
  • အမျိုးသမီးများ
  • ကိုယ်ဝန်ဆောင်ချိန်နှင့်သွေးဆုံးချိန်
  • အသက်အရွယ် (အသက်အရွယ်ကြီးလာသည့်နှင့်အမျှ လည်ပင်းကြီးရောဂါ ပိုမိုဖြစ်ပွါးနိုင်သည်)
  • မိသားစုတွင် လည်ပင်းကြီးရောဂါရှိခြင်း
  • ဆေးဝါးများ – Amiodarone ကဲ့သို့သော နှလုံးဆေး၊ Lithium ကဲ့သို့သော စိတ်ရောဂါကုသဆေး
  • ဓာတ်ရောင်ခြည်ထိတွေ့မှု _ လည်ပင်းနှင့်ရင်ဘတ်ပိုင်းတွင် ဓာတ်ရောင်ခြည်ပြကုသမှု ခံယူဖူးခြင်း စသည်တို့ဖြစ်သည်။
ရောဂါလက္ခဏာများ

သိုင်းရွိုက်ဂလင်း ကြီးထွားလာခြင်းကြောင့်ဖြစ်သော လက္ခဏာများအပြင် သိုင်းရွိုက်ဟော်မုန်း မူမမှန်ခြင်းကြောင့်ဖြစ်သော လက္ခဏာများ တွဲလျက်တွေ့ရှိနိုင်သည်။

လည်ပင်းကြီးရောဂါ၏ အဓိကလက္ခဏာများ

  • လည်ပင်းရှေ့အောက်ပိုင်းတွင် အလုံးအကျိတ်ပေါ်ခြင်း (အလွန်သေးငယ်သော အလုံးအကျိတ်မှ အရွယ်ကြီးမားသော လည်ပင်းကြီးခြင်းအထိ ဖြစ်နိုင်သည်)
  • လည်ချောင်းအတွင်း တင်းကြပ်သကဲ့သို့ ခံစားရခြင်း
  • နာကျင်ခြင်း (များသောအားဖြင့် နာကျင်မှု မရှိသော်လည်း သိုင်းရွိုက်ဂလင်းရောင်ရမ်းခြင်းတွင် နာကျင်နိုင်သည်)
နောက်ဆက်တွဲပြဿနာများ
  • အသံပြောင်းခြင်း၊ အသံအက်ခြင်း
  • လည်ပင်းသွေးပြန်ကြောများ ဖောင်းခြင်း
  • အသက်ရှူရခက်ခြင်း
  • ချောင်းဆိုးခြင်း
  • လေပြွန်အားဖိထားပါက အသက်ရှူလျှင် တရွှီရွှီမြည်ခြင်း
  • အစာမျိုရခက်ခြင်း
သိုင်းရွိုက်ဟော်မုန်းလွန်ကဲခြင်းကြောင့် ဖြစ်သော လက္ခဏာများ
  • ကိုယ်အလေးချိန်ကျဆင်းခြင်း
  • နှလုံးခုန်မြန်ခြင်း
  • ချွေးထွက်များခြင်း
  • စိတ်တိုစိတ်ဆတ်လာခြင်း
  • ကြွက်သားအားနည်းခြင်း
  • မကြာခဏ ဝမ်းသွားခြင်း
  • ရာသီသွေးပေါ်သည့်ပုံစံ ပြောင်းလဲခြင်း
  • အိပ်မပျော်ခြင်း
  • သွေးတိုးခြင်း
  • အစာစားချင်စိတ် ပိုများလာခြင်း
သိုင်းရွိုက်ဟော်မုန်းချို့တဲ့ခြင်းကြောင့် ဖြစ်သော လက္ခဏာများ
  • ပင်ပန်းနွမ်းနယ်သလို ခံစားရခြင်း
  • အခြားသူများ သက်သောင့်သက်သာရှိသော အပူချိန်တွင် အလွန်အေးသည်ဟု ခံစားရခြင်း
  • အိပ်ငိုက်ခြင်း
  • အသားအရေခြောက်သွေ့ခြင်း
  • ဝမ်းချုပ်ခြင်း
  • ကြွက်သားအားနည်းခြင်း
  • မှတ်ဉာဏ်နှင့် အာရုံစူးစိုက်ခြင်းတို့တွင် အခက်အခဲဖြစ်ခြင်း
ဆေးရုံ၊ ဆေးခန်းပြသရန်

အထက်ပါရောဂါလက္ခဏာများကို သတိပြုမိပါက မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန်လိုသည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်း စသည်တို့ဖြင့် ရောဂါရှာဖွေ ကုသပေးနိုင်သည်။ လိုအပ်ပါက သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။

ရောဂါရှာဖွေခြင်း

လည်ပင်းစမ်းသပ်ခြင်းဖြင့် သိုင်းရွိုက်ဂလင်း အရွယ်အစားနှင့် အလုံးအကျိတ်တည်ခြင်းတို့ကို သိရှိနိုင်သည်။ ထို့နောက် အလုံးအကျိတ် အရွယ်အစားနှင့် သိုင်းရွိုက်ဟော်မုန်းပမာဏကို သိရှိနိုင်ရန် အောက်ပါစမ်းသပ်စစ်ဆေးခြင်းများ ပြုလုပ်သည်။

  • သိုင်းရွိုက်ဂလင်းစွမ်းဆောင်ရည် သွေးစစ်ဆေးခြင်း (Thyroid Function Test)
    သိုင်းရွိုက်ဂလင်းမှ ထုတ်သောဟော်မုန်းများ (T4, T3) နှင့် ဦးနှောက်ရှိ ပီကျူထရီဂလင်းမှ ထုတ်သော သိုင်းရွိုက်ဂလင်း လှုံ့ဆော်ဟော်မုန်း (thyroid-stimulating hormone – TSH) စသည့် ဟော်မုန်းဓာတ်ပမာဏကို သွေးဖောက်စစ်ဆေးခြင်းဖြင့် သိနိုင်သည်။
  • ပဋိပစ္စည်းများ စစ်ဆေးခြင်း (Antibody Test)
    သွေးတွင်း ပဋိပစ္စည်းများကို စစ်ဆေးခြင်းဖြင့် ကိုယ်ခံအား မူမမှန် အလွန်အကျွံတုံ့ပြန်မှု အခြေအနေကို သိရှိနိုင်သည်။
  • အာထရာဆောင်းရိုက်ခြင်း (USG)
    လည်ပင်းကို အာထရာဆောင်းရိုက် ပုံရိပ်ဖော်ကာ သိုင်းရွိုက်ဂလင်း အရွယ်အစားနှင့် အလုံးအကျိတ်များ ရှိမရှိ စစ်ဆေးခြင်းဖြစ်သည်။
  • သိုင်းရွိုက်စကင်န် (Thyroid Scan)
    ရေဒီယိုသတ္တိကြွ အိုင်အိုဒင်းအနည်းငယ်ကို သွေးပြန်ကြောအတွင်းထိုးခြင်း၊ မျိုချခြင်း သို့မဟုတ် ရှူသွင်းခြင်းစသည့် နည်းလမ်းတစ်မျိုးမျိုးကို အသုံးပြု၍ သိုင်းရွိုက်ဂလင်း ပုံမှန်အလုပ်လုပ်ခြင်း ရှိမရှိနှင့် အလုံးအကျိတ်အခြေအနေကို စစ်ဆေးခြင်းဖြစ်သည်။
  • အသားစယူစစ်ဆေးခြင်း (Biopsy)
    အာထရာဆောင်းအကူအညီဖြင့် သိုင်းရွိုက်အကျိတ်ကို အပ်ငယ်ဖြင့်ထိုးကာ အသားစ သို့မဟုတ် အရည်ကို ရယူစစ်ဆေးခြင်းဖြစ်သည်။
  • ရိုးရိုးဓာတ်မှန် (X-ray) သို့မဟုတ် ကွန်ပျူတာဓာတ်မှန် (CT scan) သို့မဟုတ် သံလိုက်ဓာတ်မှန် (MRI) ရိုက်ခြင်း
    လည်ပင်းကြီးရောဂါသည် အရွယ်အစားအလွန်ကြီးမားပါက ရင်ခေါင်းအတွင်းသို့ တိုးဝင်နေနိုင်သည့်အတွက် ရိုးရိုးဓာတ်မှန် သို့မဟုတ် ကွန်ပျူတာဓာတ်မှန် သို့မဟုတ် သံလိုက်ဓာတ်မှန်ရိုက်ရန် လိုအပ်သည်။
ကုသခြင်း

ကုသရာတွင် သိုင်းရွိုက်ဂလင်း အရွယ်အစား၊ ရောဂါလက္ခဏာများနှင့် အကြောင်းရင်းရောဂါများအပေါ် မူတည်သည်။

  • စောင့်ကြည့်ကုသခြင်း
    လည်ပင်းကြီးရောဂါသည် အရွယ်အစားသေးငယ်ပြီး သိုင်းရွိုက်ဂလင်း စွမ်းဆောင်ရည် စစ်ဆေးမှုအဖြေ ကောင်းမွန်ပါက ဆေးဝါးများမပေးဘဲ စောင့်ကြည့်ကုသနိုင်သည်။ သို့သော် ရက်ချိန်းပြသခြင်းနှင့် ဓာတ်ခွဲစစ်ဆေးမှုများ ပုံမှန်ပြုလုပ်ရမည်။
  • ဆေးဝါးများ
    လည်ပင်းကြီးရောဂါကို အောက်ပါဆေးအမျိုးအစားများဖြင့် ကုသသည်။
    • သိုင်းရွိုက်ဟော်မုန်း အစားထိုးဆေးများ
      သိုင်းရွိုက်ဂလင်း ကောင်းစွာအလုပ်မလုပ်ပါက သိုင်းရွိုက်ဟော်မုန်းအစားထိုးကုသဆေးများ (ဥပမာ – Levothyroxine) အသုံးပြုခြင်းဖြင့် လည်ပင်းကြီးရောဂါ အရွယ်အစားသေးသွားနိုင်သည်။
    • သိုင်းရွိုက်ဟော်မုန်းထုတ်လုပ်ခြင်းကို လျှော့ချသည့်ဆေး
      သိုင်းရွိုက်ဂလင်း၏ လုပ်ငန်းလွန်ကဲနေပါက သိုင်းရွိုက်ဟော်မုန်းထုတ်လုပ်မှုကို တားဆီးသည့်ဆေးများ (ဥပမာ – Methimazole, Propylthiouracil) အသုံးပြုသည်။
    • သိုင်းရွိုက်ဟော်မုန်း၏ အကျိုးသက်ရောက်မှုကို ထိန်းညှိသည့်ဆေး
      သိုင်းရွိုက်ဟော်မုန်းလွန်ကဲသည့် လက္ခဏာများ သက်သာစေရန် ဟော်မုန်း၏ အကျိုးသက်ရောက်မှုကို ထိန်းညှိသည့်ဆေးများ (ဥပမာ – Beta blocker ဆေး) အသုံးပြုသည်။
  • နာကျင်မှုကို ကုသခြင်း
    သိုင်းရွိုက်ဂလင်းရောင်ရမ်း၍ နာကျင်ပါက Aspirin, Naproxen, Ibuprofen အစရှိသည့် အကိုက်အခဲပျောက်ဆေးများဖြင့် ကုသသည်။ မခံမရပ်နိုင်အောင် နာကျင်ပါက စတီးရွိုက် (Corticosteroid) ဆေးပေးမည်ဖြစ်သည်။

ခွဲစိတ်ကုသခြင်း
ခွဲစိတ်ကုသရာတွင်

  • သိုင်းရွိုက်ဂလင်းတစ်ခုလုံး ခွဲစိတ်ထုတ်ခြင်းနှင့်
  • သိုင်းရွိုက်ဂလင်း တစ်စိတ်တစ်ပိုင်း ခွဲစိတ်ထုတ်ခြင်းဟူ၍ (၂) မျိုးရှိသည်။

အောက်ပါအခြေအနေများတွင် ခွဲစိတ်ကုသသည်။

  • လည်ပင်းကြီးခြင်းကြောင့် အသက်ရှူရခက်ခြင်းနှင့် အစာမျိုရခက်ခြင်း
  • သိုင်းရွိုက်ဟော်မုန်း လွန်ကဲစွာထုတ်နေသော အလုံးအကျိတ် (Toxic nodule)
  • သိုင်းရွိုက်ကင်ဆာ
  • သိုင်းရွိုက်ဂလင်းတွင် အလုံးအကျိတ်များစွာ တည်ခြင်း (Multinodular goitre)
  • လူနာကိုယ်တိုင် စိုးရိမ်ပူပန်၍ သို့မဟုတ် အမြင်မတင့်တယ်၍ ဖယ်ရှားလိုခြင်း

ခွဲစိတ်ထုတ်လိုက်သော သိုင်းရွိုက်တစ်ရှူးပမာဏအပေါ် မူတည်၍ သိုင်းရွိုက်ဟော်မုန်း အစားထိုးကုသရန် လိုအပ်နိုင်သည်။

ရေဒီယိုသတ္တိကြွ အိုင်အိုဒင်းဖြင့် ကုသခြင်း
သိုင်းရွိုက်ဟော်မုန်းလွန်ကဲရောဂါ၊ သိုင်းရွိုက်ကင်ဆာ စသည်တို့တွင် ရေဒီယိုသတ္တိကြွ အိုင်အိုဒင်းဆေးဖြင့် ကုသသည်။ ရေဒီယိုသတ္တိကြွ အိုင်အိုဒင်းဆေးတိုက်၍ လွန်ကဲစွာ အလုပ်လုပ်နေသော သိုင်းရွိုက်ဂလင်းကို ကုသနိုင်သည်။ သောက်သုံးလိုက်သော ရေဒီယိုသတ္တိကြွ အိုင်အိုဒင်းဆေးသည် သွေးကြောမှတစ်ဆင့် သိုင်းရွိုက်ဂလင်းသို့ ရောက်ရှိကာ သိုင်းရွိုက်ဆဲလ်များကို ဖျက်ဆီးလိုက်သောကြောင့် သိုင်းရွိုက်ဟော်မုန်းထုတ်လုပ်မှုကို လျှော့ချတားဆီးပေးပြီး လည်ပင်းကြီးရောဂါကို သက်သာစေသည်။ သို့သော် ခွဲစိတ်မှုနည်းတူ သိုင်းရွိုက်ဟော်မုန်း အစားထိုးကုသရန် လိုအပ်နိုင်သည်။

ကာကွယ်ခြင်း

အိုင်အိုဒင်းဓာတ် ချို့တဲ့ခြင်းကြောင့်ဖြစ်သော လည်ပင်းကြီးရောဂါကို ကာကွယ်နိုင်ရန်

  • အိုင်အိုဒင်းဓာတ် လုံလောက်စွာ ရရှိစေရန် ငါး၊ နို့ထွက်ပစ္စည်းများနှင့် အိုင်အိုဒင်းဆား စားသုံးပါ
  • မြေဆီအတွင်း အိုင်အိုဒင်းပါဝင်မှုနည်းသော ဒေသများတွင် နေထိုင်ပါက အိုင်အိုဒင်းဓာတ် မချို့တဲ့စေရန် ပိုမိုသတိပြုသင့်သည်

ဆက်လက်ဖတ်ရှုရန်

References:

  1. Mayo Clinic. (n.d.). Goiter: Symptoms and causes. Retrieved November 7, 2025, from https://www.mayoclinic.org/diseases-conditions/goiter/symptoms-causes/syc-20351829
  2. Cleveland Clinic. (n.d.). Goiter. Retrieved November 7, 2025, from https://my.clevelandclinic.org/health/diseases/12625-goiter

Published: 27 December 2024

Last updated: 10 January 2026

Share

26 December 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.