Cirrhosis of Liver (အသည်းခြောက်ရောဂါ)

Cirrhosis of Liver (အသည်းခြောက်ရောဂါ)

အသည်းခြောက်ရောဂါ (Cirrhosis of liver) ဆိုသည်မှာ နာတာရှည် အသည်းရောင်ရမ်းထိခိုက်ခြင်းကြောင့် မူလက ကျန်းမာ၍ ပျော့ပျောင်းသော အသည်းတစ်ရှူးများ၏နေရာတွင် မာကျောသော အမာရွတ်တစ်ရှူးများ အစားထိုးဝင်ရောက်လာသဖြင့် အသည်းကောင်းစွာ အလုပ်မလုပ်နိုင်ခြင်းဖြစ်သည်။ အရက်အလွန်အကျွံသောက်ခြင်း၊ ဗိုင်းရပ်စ်ပိုးများနှင့် ဇီဝကမ္မဖြစ်စဥ် မူမမှန်ခြင်းတို့သည် အသည်းခြောက်ခြင်းကို အများဆုံးဖြစ်စေသော အကြောင်းရင်းများဖြစ်ပြီး အသည်းသည် ကာလကြာရှည်စွာ ရောင်ရမ်းလာသောအခါ ရောင်ရမ်းမှုဖြစ်စဥ်အရ ထိခိုက်ပျက်စီးမှုများကို ပြန်လည်ပြုပြင်ရန် ကြိုးစားခြင်းကြောင့် အမာရွတ်တစ်ရှူးများ ဖြစ်ပေါ်လာသည်။ အသည်းခြောက်ခြင်း ပိုဆိုးလာသည်နှင့်အမျှ အမာရွတ်တစ်ရှူးများ ပိုများမှုကြောင့် အသည်းလုပ်ငန်းများ ထိခိုက်ပျက်စီး၍ အသက်အန္တရာယ်ရှိသည်အထိ ဆိုးရွားနိုင်သည်။ အသည်းခြောက်ခြင်းကြောင့် ဖြစ်ပေါ်သည့် အသည်းထိခိုက်မှုကို ပြန်လည်ပြုပြင်၍ မရသော်လည်း စောစီးစွာသိရှိ၍ ဖြစ်ပေါ်စေသော အကြောင်းရင်းကို ထိရောက်စွာ ကုသမှုခံယူလျှင် အသည်း နောက်ထပ်ပိုမိုပျက်စီးမှုကို တားဆီးနိုင်မည်ဖြစ်သည်။

ဖြစ်ပေါ် ရသော အကြောင်းရင်းများ

နာတာရှည် အသည်းရောင်ရမ်းမှုကို ဖြစ်စေနိုင်သော အောက်ဖော်ပြပါ အကြောင်းရင်းများကြောင့် အသည်းခြောက်ရောဂါ ဖြစ်ပေါ်လာသည်။

  • အရက်ကြောင့်ဖြစ်သော အသည်းရောင်ရောဂါ (Alcoholic hepatitis)
  • ဇီဝကမ္မဖြစ်စဥ် မူမမှန်ခြင်းကြောင့်ဖြစ်သော အသည်းအဆီဖုံးခြင်းကြောင့် အသည်းရောင်ရောဂါ (Metabolic dysfunction-associated steatohepatitis – MASH)
  • နာတာရှည် အသည်းရောင်အသားဝါ ရောဂါ (အသည်းရောင် အသားဝါ ဘီ ပိုး၊ စီ ပိုး) (Chronic hepatitis B, C infection)
  • ခန္ဓာကိုယ်တွင်း သံဓာတ်စုပုံသော ရောဂါ (Hemochromatosis)
  • ကိုယ်ခံအားစနစ် မူမမှန်တုံ့ပြန်ခြင်းကြောင့် ဖြစ်ပေါ်သော အသည်းရောင်‌ရောဂါ (Autoimmune hepatitis)
  • သည်းခြေပြွန်ရောင်ရမ်းခြင်း (Primary biliary cholangitis, Primary sclerosing cholangitis)
  • အသည်းတွင် ကြေးနီဓာတ်စုပုံသော ရောဂါ (Wilson’s disease)
  • မျိုးဗီဇပြောင်းလဲမှုဆိုင်ရာ‌ရောဂါများ (ဥပမာ – Cystic fibrosis, Alpha-1 antitrypsin deficiency)
  • အချို့သောဆေးများ (ဥပမာ – Methotrexate, Isoniazid)
  • အသည်းကို အဆိပ်သင့်စေသော ဓာတုပစ္စည်းများ (ဥပမာ_မြေပဲမှို၊ ငရုတ်သီးမှို)
  • နှလုံးလုပ်ငန်းပျက်စီးခြင်းကြောင့် အသည်းထိခိုက်ခြင်း (Chronic heart failure with liver congestion)
ရောဂါလက္ခဏာများ

အသည်းခြောက်ခြင်း၏ အစောပိုင်းလက္ခဏာများမှာ_

  • ပျို့အန်ခြင်း
  • အစာစားချင်စိတ် လျော့နည်းခြင်း
  • ပင်ပန်းနွမ်းနယ်ခြင်း
  • နုံးချည့် မအီမသာဖြစ်ခြင်း
  • ညာဘက် ဝမ်းဗိုက်အပေါ်ပိုင်းနေရာတွင် နာခြင်း သို့မဟုတ် မသက်မသာဖြစ်ခြင်း
  • အရေပြားတွင် ပင့်ကူကဲ့သို့သော သွေးကြောငယ်များပေါ်လာခြင်း (spider angiomas)
  • လက်ဖဝါး နီရဲခြင်း (palmar erythema) တို့ဖြစ်ကြသည်။

နောက်ပိုင်းတွင် အသည်းလုပ်ငန်းများ ထိခိုက်ပျက်စီးလာသည့်အခါ ဖြစ်ပေါ် နိုင်သော အသည်းခြောက်ရောဂါ လက္ခဏာများ_

  • အရေပြားနှင့်မျက်လုံးများ ဝါခြင်း
  • အရေပြား ယားယံခြင်း
  • ဆီးအရောင်ရင့်ခြင်းနှင့် ဝမ်းအရောင်ဖျော့ခြင်း
  • အစာခြေရခက်ခဲခြင်း (အထူးသဖြင့် အဆီများသောအစာများ)၊ အစာမကြေဖြစ်ခြင်း
  • သွေးထွက်လွယ်ခြင်း (Coagulopathy)
  • ခြေ၊ လက် ဖောရောင်ခြင်း (Oedema)
  • ကိုယ်အလေးချိန်ကျခြင်းနှင့် ကြွက်သားများ ပိန်လှီလာခြင်း
  • အသည်းကြောင့် ဦးနှောက်ထိခိုက်ခြင်း (စိတ်ကယောင်ကတမ်းဖြစ်ခြင်း၊ တက်ခြင်း၊ သတိလစ်ခြင်း)
  • အမျိုးသမီးများတွင် ဓမ္မတာမမှန်ခြင်း
  • အမျိုးသားများတွင် ရင်သားဆူဖြိုးလာခြင်း၊ ဝှေးစေ့များ ကျုံ့သွားခြင်းတို့ ဖြစ်ကြသည်။
နောက်ဆက်တွဲပြဿနာများ

အသည်းခြောက်ခြင်း၏ နောက်ဆက်တွဲပြဿနာအနေဖြင့် အသည်းသို့သွားသော သွေးပြန်ကြော (portal vein) အတွင်း သွေးဖိအားများခြင်း (Portal Hypertension) ဖြစ်ပေါ်လာပြီး အောက်ဖော်ပြပါ လက္ခဏာများ ခံစားရနိုင်သည်။

  • ဝမ်းဗိုက် ဖောရောင်ခြင်း၊ ရေဖျဉ်းစွဲခြင်း (Ascites)
  • ဘေလုံးကြီးခြင်း
  • သွေးအန်ခြင်း သို့မဟုတ် ဝမ်းထဲတွင်သွေးပါခြင်း

ထို့အပြင်

  • ဝမ်းခေါင်းအမြှေးပါးပိုးဝင်ခြင်း (Spontaneous bacterial peritonitis)
  • အာဟာရချို့တဲ့ခြင်း (Malnutrition)
  • သွေးတွင်းရှိ အဆိပ်အတောက်များကို အသည်းမှ မဖယ်ရှားနိုင်သဖြင့် ဦးနှောက်အတွင်း စုပုံလာသောကြောင့် ကယောင်ကတမ်းဖြစ်ခြင်း၊ အာရုံစူးစိုက်ရန် ခက်ခဲခြင်း၊ သတိလစ်ခြင်း (Hepatic encephalopathy)
  • ကျောက်ကပ်လုပ်ငန်းများ ထိခိုက်ပျက်စီးခြင်း (Hepatorenal syndrome)
  • အသည်းကြောင့် အသက်ရှူလုပ်ငန်း ထိခိုက်ပျက်စီးခြင်း (Hepatopulmonary syndrome)
  • အသည်းကင်ဆာဖြစ်ခြင်း (Liver cancer) အစရှိသော နောက်ဆက်တွဲပြဿနာများလည်း ဖြစ်ပေါ်နိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်

အသည်းခြောက်ခြင်း ရောဂါလက္ခဏာများ ခံစားနေရပါက မိသားစုဆရာဝန်နှင့် တိုင်ပင်ပြသ ကုသမှုခံယူရန် လိုအပ်သည်။ အသည်းခြောက်ရောဂါကို သိလျှင်သိချင်း စောစီးစွာကုသမှုခံယူလျှင် အသည်းကို နောက်ထပ်ပို၍ မပျက်စီးစေရန် ကာကွယ်နိုင်သည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးမှုများကို ထပ်မံပြုလုပ်ပြီး သက်ဆိုင်ရာ အသည်းအထူးကုဆရာဝန်ထံ ညွှန်းပို့မည်ဖြစ်သည်။

ရောဂါရှာဖွေခြင်း

အသည်းခြောက်ရောဂါကို ရှာဖွေနိုင်ရန် အောက်ဖော်ပြပါအတိုင်း စမ်းသပ်စစ်ဆေးရန် လိုအပ်သည်။

  • ရောဂါရာဇဝင် မေးမြန်းခြင်း၊ အသည်းခြောက်ရောဂါဖြစ်စေသော အကြောင်းရင်းခံရောဂါများကို မေးမြန်းခြင်း
  • လူနာအား စမ်းသပ်စစ်ဆေးခြင်း
  • သွေးစစ်ခြင်း (ဥပမာ_အသည်း၏လုပ်ငန်းများကို စစ်ဆေးခြင်း၊ အသည်းရောင် အသားဝါ ဗိုင်းရပ်စ်ပိုး စစ်ဆေးခြင်း၊ သွေးခဲနှုန်း စစ်ဆေးခြင်း)
  • သွေးအဖြေများကို အခြေခံ၍ အသည်းရောင်ရောဂါရှိသူများတွင် အသည်းခြောက်ခြင်း ဖြစ်နိုင်ခြေကို ရမှတ်တွက်ချက်၍ ခန့်မှန်းခြင်း (ဥပမာ – FIB-4 score, NFS)
  • အာထရာဆောင်းရိုက်ခြင်း (USG)
  • အသည်းမာကျောတောင့်တင်းမှုကို တိုင်းတာနိုင်သော အာထရာဆောင်းရိုက်ခြင်း (Fibroscan)
  • ကွန်ပျူတာဓာတ်မှန်ရိုက်ခြင်း (CT Scan)
  • သံလိုက်ဓာတ်မှန်ရိုက်ခြင်း (MRI)
  • အသည်း အသားစယူစစ်ဆေးခြင်း (Liver Biopsy) အစရှိသည်တို့ကို လိုအပ်သလို ပြုလုပ်၍ ရောဂါရှာဖွေနိုင်သည်။
ကုသခြင်း

အသည်းခြောက်ရောဂါကို ကုသရာတွင်

  1. အသည်းထိခိုက်ပျက်စီးမှုကို ပိုမဆိုးလာစေရန် ဖြစ်ပေါ်စေသောအကြောင်းရင်းကို ကုသခြင်း
    • ဆေးဝါးဖြင့် ကုသခြင်း
      • အသည်းရောင်အသားဝါ ဘီ ပိုးရှိသူများကို ဗိုင်းရပ်စ်ပိုးသတ်ဆေးများပေးခြင်း (ဥပမာ_ Tenofovir, Entecavir စသည်)
      • အသည်းရောင်အသားဝါ စီ ပိုးရှိသူများကို Direct acting antiviral ခေါ် ဗိုင်းရပ်စ်ပိုးသတ်ဆေးများ (၂) မျိုး သို့မဟုတ် (၃) မျိုးပေါင်းစပ်၍ ကုသခြင်း
      • ကိုယ်ခံအားစနစ် မူမမှန်တုံ့ပြန်ခြင်းကြောင့် ဖြစ်ပေါ်သော အသည်းရောင်‌‌ရောဂါများအတွက် စတီးရွိုက်နှင့် ကိုယ်ခံအားကို နှိမ့်ချပေးသော ဆေးများပေးခြင်း
    • အရက်ကြောင့်ဖြစ်သော အသည်းရောင်ရောဂါဖြစ်လျှင် အရက်ဖြတ်ခြင်း
    • ဇီဝကမ္မဖြစ်စဥ် မူမမှန်ခြင်းကြောင့်ဖြစ်သော အသည်းအဆီဖုံး အသည်းရောင်ရောဂါအတွက် သွေးတွင်း အဆီဓာတ်နှင့် သကြားဓာတ်ကို ထိန်းသိမ်းခြင်း၊ ကိုယ်အလေးချိန် လျှော့ချခြင်း၊ အသည်းအဆီဖုံးအသည်းရောင်ရောဂါရှိပြီး အသည်းခြောက်ရောဂါမဖြစ်သေးသူ သို့မဟုတ် အသည်းခြောက် မပြင်းထန်သောအဆင့်ရှိ လူနာများ (Compensated Cirrhosis) တွင် အသည်းအဆီဖုံးခြင်းကို ထိရောက်စွာ လျှော့ချပေးနိုင်သော Resmetirom ဆေးကို အသုံးပြု၍ ကုသခြင်း
    • အသည်းကို အဆိပ်အတောက် ဖြစ်စေနိုင်သည့် ပစ္စည်းများကို ရှောင်ကြဥ်ခြင်း (ဥပမာ_ မှိုတက်နေသော အစားအစာများ၊ ဓာတုပစ္စည်းများ၊ အချို့ဆေးဝါးများ)
  2. ကျန်းမာသော နေထိုင်စားသောက်မှု ပုံစံပြောင်းလဲခြင်း
    • ကျန်းမာရေးနှင့် ညီညွတ်သော အာဟာရပြည့်ဝသည့် အစားအသောက်များ စားသောက်ခြင်း
    • အာဟာရချို့တဲ့မှုရှိသူများတွင် အာဟာရဖြည့်စွက်စာများပေးခြင်း
    • ကိုယ်အလေးချိန် ထိန်းသိမ်းခြင်း
    • အရက်ဖြတ်ခြင်း
    • ဆေးလိပ်ဖြတ်ခြင်း
    • လေ့ကျင့်ခန်းပြုလုပ်ခြင်း
  3. အသည်းခြောက်ရောဂါ၏ လက္ခဏာများ ကုသခြင်းနှင့် နောက်ဆက်တွဲပြဿနာများ ရှာဖွေကုသခြင်း
    အသည်းခြောက်ရောဂါ၏ လက္ခဏာများကို သက်သာစေရန် ‌ဆရာဝန်ညွှန်ကြားသည့်အတိုင်း ဆေးဝါးများဖြင့်ကုသရန် လိုအပ်သည့်အပြင် တစ်ပြိုင်နက်ဖြစ်ပေါ်နိုင်သော နောက်ဆက်တွဲပြဿနာများကိုပါ ရှာဖွေ၍ ဆက်လက်ကုသရန်လိုသည်။
    • ခန္ဓာကိုယ်တွင်း အရည်များစုပုံခြင်းအတွက် ဆိုဒီယမ်ဓာတ် (အငန်) လျှော့စားခြင်း၊ ဆီးဆေးများ ပေးခြင်း၊ အရည်များစုပုံခြင်းကို သက်သာစေရန် ဗိုက်မှအရည်ဖောက်ထုတ်ပေးခြင်း (Paracentesis)
    • အစာအိမ်မှန်ပြောင်းဖြင့် အစာအိမ်နှင့် အစာရေမျိုပြွန်တွင် သွေးထွက်စေနိုင်သော သွေးကြောဖောင်းများကို ရှာဖွေခြင်း
    • သွေးကြောဖောင်းများရှိလျှင် သွေးထွက်ခြင်းကို လျော့နည်းစေရန် အသည်းသွေးပြန်ကြော ဖိအားချသော ဆေးများပေးခြင်း
    • သွေးကြောဖောင်းများ သွေးထွက်နေသည်ကို တွေ့ရှိပါက သွေးတိတ်စေရန်နှင့် နောက်ထပ် သွေးမထွက်စေရန် အစာအိမ်မှန်ပြောင်းမှတစ်ဆင့် ကုသမှုပေးခြင်း (Band ligation)
    • သွေးထွက်များလျှင် လိုအပ်ပါက သွေးသွင်းကုသခြင်း
    • ရောဂါပိုးဝင်လျှင် ပဋိဇီဝပိုးသတ်ဆေးများပေးခြင်း
    • ဦးနှောက်အတွင်း အဆိပ်များမစုမိစေရန်၊ အူလမ်းကြောင်းမှ အဆိပ်အတောက်များ ဖယ်ရှားနိုင်ရန် ဝမ်းပျော့ဆေးများပေးခြင်း
    • အသည်းကင်ဆာဖြစ်လျှင် ခွဲစိတ်ကုသခြင်း၊ ကင်ဆာဆေးသွင်းကုသခြင်း၊ ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း
  4. အသည်း အစားထိုးကုသခြင်း
    အထက်ဖော်ပြပါ ကုသမှုများကို တုံ့ပြန်မှုမရှိခြင်း၊ ရောဂါလက္ခဏာများ ပိုမိုဆိုးရွားလာခြင်း၊ အသည်းကင်ဆာဖြစ်ခြင်းတို့ ဖြစ်ပေါ်လာပါက အသည်းအစားထိုးကုသမှုအတွက် သတ်မှတ်ထားသော အချက်များနှင့် ကိုက်ညီသူများတွင် အသည်းအစားထိုးကုသနိုင်သည်။
ကာကွယ်ခြင်း

အသည်းခြောက်ရောဂါ ဖြစ်နိုင်ခြေကို လျှော့ချနိုင်ရန် အောက်ဖော်ပြပါအချက်များကို လိုက်နာရန် လိုအပ်သည်။

  • အရက်ဖြတ်ပါ၊ အသည်းရောဂါရှိလျှင် အရက် လုံးဝမသောက်သင့်ပါ
  • ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများကိုစားပါ (အစေ့အဆန်များ၊ သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များ၊ ကျန်းမာသောအဆီနှင့် ပရိုတင်းအသားများ) 
  • ကျန်းမာရေးနှင့် မညီညွတ်သော အစားအစာများ (အငန်များသော၊ အဆီများသော အစာများနှင့် အချိုကဲသော အဖျော်ယမကာများ၊ အချိုရည်များ) ကို ရှောင်ကြဉ်ပါ
  • ခန္ဓာကိုယ်အဆီများလွန်းလျှင် အသည်းကို ပျက်စီးစေနိုင်သဖြင့် ကျန်းမာသောကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ
  • အသည်းရောင် အသားဝါရောဂါ ဖြစ်နိုင်ခြေကို လျှော့ချနိုင်ရန် ဆေးထိုးအပ်များ မျှဝေခြင်းနှင့် အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်းတို့ကို ရှောင်ကြဥ်ပါ၊ အသည်းရောင်ခြင်းကို ဖြစ်စေသည့် ဗိုင်းရပ်စ်ပိုးများကို ကာကွယ်ရန် အသည်းရောင် အသားဝါ အေ ပိုးနှင့် ဘီ ပိုး ကာကွယ်ဆေးများကို ထိုးနှံပါ

References:

  1. Cleveland Clinic. (n.d.). Cirrhosis of the liver. Retrieved December 8, 2025, from https://my.clevelandclinic.org/health/diseases/15572-cirrhosis-of-the-liver
  2. Mayo Clinic. (n.d.). Cirrhosis: Symptoms and causes. Retrieved December 8, 2025, from https://www.mayoclinic.org/diseases-conditions/cirrhosis/symptoms-causes/syc-20351487
  3. National Health Service. (n.d.). Cirrhosis. Retrieved December 8, 2025, from https://www.nhs.uk/conditions/cirrhosis/
  4. WebMD. (n.d.). Understanding cirrhosis: Basic information. Retrieved December 8, 2025, from https://www.webmd.com/digestive-disorders/understanding-cirrhosis-basic-information
  5. Better Health Channel. (n.d.). Cirrhosis of the liver: Conditions and treatments. Retrieved December 8, 2025, from https://www.betterhealth.vic.gov.au/health/conditionsandtreatments/cirrhosis-of-the-liver

Published: 24 December 2024

Last updated: 19 January 2026

Share

26 December 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.