မျက်လုံးအိမ်အတွင်း ဖိအားတက်စေသည့် အခြေခံအကြောင်းအားလုံးသည် မျက်စိရေတိမ်ရောဂါကို ဖြစ်စေသည်။ မျက်လုံးအတွင်း ဖိအားတက်လာပါက မြင်လွှာနှင့်မျက်စိအာရုံကြောကို ပိစေသဖြင့် အမြင်အာရုံ အားနည်းခြင်းမှသည် မျက်စိကွယ်သည်အထိ ဖြစ်နိုင်သည်။ ရေတိမ်ရောဂါသည် အသက်အရွယ်မရွေး ဖြစ်နိုင်ပြီး အသက် (၆၀) ကျော်သူများတွင် မျက်စိရေတိမ်ရောဂါသည် မျက်စိကွယ်ရခြင်း အကြောင်းရင်းများ၌ အများဆုံးဖြစ်သည်။
မျက်စိရေတိမ်ရောဂါ (Glaucoma) သည် စတင်ဖြစ်ချိန်တွင် သတိမထားမိတတ်ကြဘဲ အမြင်အာရုံကို ထိခိုက်ချိန်ရောက်မှ သိရှိတတ်ကြသဖြင့် ကုသရန် ခက်ခဲတတ်သည်။ မျက်စိရေတိမ်ဖိအားတက်ခြင်းကို စောစီးစွာသိရှိပြီး စနစ်တကျကုသလျှင် ပျောက်ကင်းနိုင်သည်။ ပုံမှန် မျက်စိစစ်ဆေးမှုခံယူခြင်း၊ ကုသခြင်းဖြင့် မျက်စိကွယ်ခြင်းကို တားဆီးနိုင်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ
ပုံမှန် မျက်လုံးအိမ်အတွင်း၌ မျက်စိတွင်း အစိတ်အပိုင်းများအား အာဟာရပေးရန် အရည်ကြည် (Aqueous humor) များရှိသည်။ အဆိုပါအရည်ကြည်များသည် မျက်စိရှေ့ပိုင်းရှိ သူငယ်အိမ်ပေါက်ကို ဖြတ်သန်းစီးဆင်းပြီး မျက်နက်ဝန်း (Iris) နှင့် မျက်ကြည်လွှာ (Cornea) ကြားရှိ ဆန်ကာကဲ့သို့ အပေါက်ငယ်အတွင်းသို့ စီးဝင်သည်။ ယင်းမှတစ်ဆင့် မျက်လုံးတွင်းအရည်ကြည်များသည် သွေးတွင်းသို့ ပြန်လည်စီးဝင်သွားသည်။ မျက်လုံးတွင် အရည်ကြည်ထုတ်လုပ်ခြင်းနှင့် ပြန်လည်စုပ်ယူခြင်းတို့ကို မျှခြေဖြစ်စေခြင်းဖြင့် မျက်လုံးတွင်းဖိအားကို ထိန်းညှိထားသည်။ အကြောင်းတစ်စုံတစ်ရာကြောင့် အရည်ကြည်ထုတ်လုပ်မှု များလာခြင်း သို့မဟုတ် ထွက်ပေါက်ပိတ်ခြင်းဖြစ်လျှင် မျက်လုံးတွင်းဖိအား တက်လာသည်။ တဖြည်းဖြည်း တက်လာသော ဖိအားကြောင့် မျက်စိအာရုံကြောကိုပိမိပြီး အမြင်အာရုံကွယ်ခြင်းကို ဖြစ်စေနိုင်သည်။
မျက်စိရေတိမ်အမျိုးအစားများ
- ထောင့်ကျယ်ရေတိမ်
မျက်နက်ဝန်းနှင့် မျက်ကြည်လွှာကြားရှိ ထောင့်သည် ပုံမှန်ရှိပြီး ရေဖိအားတက်ရခြင်းမှာ အခြားအကြောင်းရင်းကြောင့်ဖြစ်သည်။ ထောင့်ကျယ်ရေတိမ်သည် တဖြည်းဖြည်းမှ ဖိအားတက်လာတတ်သည်။ - ထောင့်ကျဉ်းရေတိမ်
အတွင်းရှိအရည်ကြည်မှ တွန်းထုတ်သည့်ဖိအားကြောင့် မျက်နက်ဝန်းရွေ့လျားပြီး မျက်နက်ဝန်းနှင့် မျက်ကြည်လွှာကြားရှိ ထောင့်ကို ကျဉ်းသွားစေသဖြင့် ထွက်ပေါက် ပိတ်သွားခြင်းဖြစ်သည်။ ထောင့်ကျဉ်းရေတိမ်သည် တဖြည်းဖြည်းဖိအားတက်လာခြင်းလည်း ရှိနိုင်သကဲ့သို့ ရုတ်တရက်ဖိအား မြင့်တက်လာခြင်းမျိုးလည်း ရှိနိုင်သည်။ - အကြောင်းရင်းခံရှိသော ရေတိမ်
မျက်စိထိခိုက်ဒဏ်ရာ၊ မျက်နက်ဝန်းမှ ရောင်ခြယ်မော်လီကျုးများ ပြုတ်ထွက်ပိတ်ဆို့ခြင်း၊ မျက်စိအတွင်းသားရောင်ခြင်း (Uveitis)၊ ထိခိုက်ဒဏ်ရာရခြင်း၊ မျက်စိခွဲစိတ်ကုသမှု ပြုလုပ်ခြင်းနှင့် အချို့သောဆေးဝါးများ (စတီးရွိုက်ဆေးများ၊ အချို့ မျက်စဉ်းဆေးများ) စသည်တို့ကြောင့် မျက်လုံးတွင်းဖိအားကို တက်စေနိုင်သည်။ - မွေးရာပါရေတိမ်
သန္ဓေသားဘဝတွင် မျက်လုံးတည်ဆောက်ပုံ ချွတ်ယွင်းချက်ကြောင့် မျက်လုံးတွင်း အရည်ကြည်စီးဆင်းမှု မူမမှန်သဖြင့် ကလေးဘဝ မွေးပြီးနှစ်အနည်းငယ်အတွင်း ရေတိမ်ရောဂါဖြစ်လာနိုင်သည်။
ရေတိမ်ရောဂါဖြစ်နိုင်ခြေများသူများ
အောက်ပါအခြေအနေများတွင် ရေတိမ်ရောဂါဖြစ်နိုင်ခြေ ပို၍များသည်ကို တွေ့ရသည်။
- အသက် (၅၅) နှစ်အထက်ရှိသူများ [အသက် (၄၀) ကျော်လျှင် မျက်လုံးတွင်းဖိအား အများဆုံးတက်နိုင်ပြီး၊ အသက် (၇၅) နှစ်ကျော်သူများ၏ (၁၀) ရာခိုင်နှုန်းတွင် ရေတိမ်ရောဂါရှိသည်ကို တွေ့ရှိရသည်]
- မိသားစုအတွင်း ရေတိမ်ရောဂါရှိခြင်း
- ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ ခေါင်းတစ်ခြမ်းကိုက်ရောဂါ၊ တံစဥ်ပုံသွေးနီဥပုံပျက်ရောဂါ (Sickle cell disease) ရှိသူများ
- မျက်ကြည်လွှာပါး၍ အလယ်စုသည့်အခြေအနေ
- မျက်စိထိခိုက်ဒဏ်ရာရခြင်း၊ မျက်စိခွဲစိတ်ကုသမှု ခံယူခြင်း
- မျက်စိ အဝေးမှုန်ခြင်း၊ အနီးမှုန်ခြင်း လွန်စွာဆိုးရွားခြင်း
- စတီးရွိုက်ဆေး (အထူးသဖြင့် မျက်စဥ်းဆေးများ) ကို ကာလကြာရှည်သုံးစွဲခြင်း
ရောဂါလက္ခဏာများ
ရေတိမ်ရောဂါ စတင်ဖြစ်ကာစတွင် မည်သည့်လက္ခဏာမျှ မပြသဖြင့် ရေတိမ်ရောဂါရှိသူ (၅၀) ရာခိုင်နှုန်းသည် အမြင်အာရုံ ချွတ်ယွင်းသည့်အခြေအနေရောက်မှ ရေတိမ်ရောဂါရှိမှန်း သိကြရသည်။ ရေတိမ်ရောဂါလက္ခဏာများသည် ရေတိမ်အမျိုးအစားနှင့် အဆင့်ပေါ်မူတည်ပြီး ကွဲပြားနိုင်သည်။ အဖြစ်အများဆုံးလက္ခဏာများတွင် အောက်ပါတို့ပါဝင်သည်။
- မျက်စိအောင့်ခြင်း (ဖိအားကြောင့်ဖြစ်တတ်သည်)
- မျက်စိနီရဲခြင်း
- ခေါင်းကိုက်ခြင်း
- ပုံရိပ်နှစ်ထပ်မြင်ခြင်း
- အမြင်အာရုံဝေဝါးခြင်း
- မျက်စိမှုန်လာခြင်း
- လိုဏ်ခေါင်းမြင်ကွင်းကဲ့သို့ မြင်ခြင်း၊ အစက်အပြောက်များမြင်ခြင်း (tunnel vision and blind spots)
ထောင့်ကျဉ်းရေတိမ်အမျိုးအစားတွင် လက္ခဏာများသည် ချက်ချင်းပြင်းထန်လာတတ်ပြီး အောက်ပါလက္ခဏာများနှင့် တွဲနေတတ်သည်။
- သူငယ်အိမ်ရှေ့တွင် သွေးခြည်ဥခြင်း
- မျက်လုံးအိမ်တင်းခြင်း၊ ဖောင်းထွက်လာခြင်း
- ပျို့အန်ခြင်း
- မြင်ကွင်းတွင် အစက်အပြောက်များမြင်ခြင်း၊ သက်တန့်ရောင်ကွင်းများမြင်ခြင်း၊ လျှပ်စီးလျှပ်သကဲ့သို့မြင်ခြင်း၊
- ရုတ်တရက် မျက်စိကွယ်ခြင်း
ကလေးငယ်များတွင် မျက်တောင်ခတ်မြန်ခြင်း၊ မငိုဘဲ မျက်ရည်ကျခြင်း၊ မျက်စိအရောင်နောက်ခြင်း၊ အမြင်ဝေဝါးခြင်းများရှိလျှင် မွေးရာပါရေတိမ်ရောဂါ ရှိမရှိ စစ်ဆေးသင့်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
အထက်ဖော်ပြပါလက္ခဏာများ ရုတ်တရက်ပေါ်ပေါက်ပါက ထောင့်ကျဉ်းရေတိမ်ဖြစ်နိုင်သဖြင့် ဆေးရုံအရေးပေါ်ဌာနတွင် မျက်စိအထူးကုဆရာဝန်နှင့် အလျင်အမြန်ပြသရမည်ဖြစ်သည်။ တဖြည်းဖြည်း လက္ခဏာများ ခံစားရလျှင် မိမိ၏ မိသားစုဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးရန်လိုသည်။ မိသားစုဆရာဝန်သည် စမ်းသပ်စစ်ဆေးပြီး လိုအပ်ပါက မျက်စိအထူးကုဆရာဝန်များထံ ထပ်မံကုသမှု ခံယူစေမည်ဖြစ်သည်။
ရောဂါရှာဖွေခြင်း
မျက်စိအထူးကုဆရာဝန်များသည် လူနာ၏လက်ရှိအခြေအနေနှင့် အခံရောဂါများ ရာဇဝင်မေးမြန်းခြင်း၊ စက်ကိရိယာများဖြင့် အောက်ပါစမ်းသပ်ခြင်းများကို ပြုလုပ်မည်ဖြစ်သည်။
- မျက်လုံးတွင်းဖိအား တိုင်းတာခြင်း (Tonometry)
မျက်လုံးအတွင်းရှိ ရေဖိအားကို တိုင်းတာခြင်းဖြစ်သည်။ - မျက်ကြည်လွှာအထူ တိုင်းတာခြင်း (Pachymetry)
မျက်ကြည်လွှာ အလွန်ပါးလွှာနေပါက မျက်စိဖိအားကို တိုင်းတာရာတွင် အမှားအယွင်း ရှိနိုင်သဖြင့် ရေတိမ်ရောဂါ ရှာဖွေရာတွင် ဤစစ်ဆေးမှုသည် အရေးကြီးသည်။ - အမြင်အာရုံကြော စစ်ဆေးခြင်း (Ophthalmoscopy/Dilated Eye Exam)
သူငယ်အိမ်ချဲ့ဆေး အသုံးပြု၍ မျက်လုံးအနောက်ဘက်ရှိ အမြင်အာရုံကြော (Optic Nerve) ၏ ပုံသဏ္ဌာန်နှင့် အရောင်ကို စစ်ဆေးခြင်းဖြစ်ပြီး ထိခိုက်ပျက်စီးမှု ရှိမရှိကို တိုက်ရိုက် ကြည့်ရှုနိုင်သည်။ - မြင်ကွင်း အကျယ်အဝန်း စစ်ဆေးခြင်း (Visual Field Test/Perimetry)
လူနာ၏ ဘေးပတ်ပတ်လည်မြင်ကွင်း မည်မျှအထိ ကွယ်ပျောက်နေသည်ကို စစ်ဆေးခြင်းဖြစ်သည်၊ ရေတိမ်ရောဂါ အဆင့်ကို ခွဲခြားရာတွင် အလွန်အသုံးဝင်သည်။ - ရေတိမ်အမျိုးအစား ခွဲခြားခြင်း (Gonioscopy)
မျက်လုံးအတွင်းရှိ အရည်ကြည်များ ထွက်ပေါက် (Drainage angle) ကို စစ်ဆေးခြင်းဖြစ်သည်။ ၎င်းသည် ထောင့်ကျဉ်းရေတိမ် သို့မဟုတ် ထောင့်ကျယ်ရေတိမ် ဖြစ်သည်ကို ခွဲခြားပေးသည်။ - မြင်လွှာ၏ အလွှာများကို ပုံရိပ်ဖော်စစ်ဆေးခြင်း (OCT Scan)
Optical Coherence Tomography (OCT) နည်းပညာကို အသုံးပြု၍ အမြင်အာရုံကြော အလွှာများ၏ အထူကို တိကျစွာ တိုင်းတာခြင်းဖြစ်သည်။ ၎င်းသည် ရောဂါလက္ခဏာ မပြမီ အလွန်စောစီးသော အဆင့်မှပင် ပျက်စီးမှုကို ရှာဖွေတွေ့ရှိနိုင်သည်။ - ဉာဏ်ရည်တု (AI) ဖြင့် ဆန်းစစ်ခြင်း
ယခုအခါ AI စနစ်များကို အသုံးပြု၍ မျက်စိပုံရိပ်များကို ခွဲခြမ်းစိတ်ဖြာခြင်းဖြင့် ရေတိမ်ဖြစ်နိုင်ခြေကို ပိုမိုတိကျစွာ ခန့်မှန်းလာနိုင်ပြီဖြစ်သည်။ - အခြားစစ်ဆေးမှုများ
လိုအပ်ပါက အာထရာဆောင်း (USG)၊ ကွန်ပျူတာဓာတ်မှန် (CT scan) သို့မဟုတ် သံလိုက်ဓာတ်မှန် (MRI) တို့ဖြင့် မျက်လုံးအိမ် တည်ဆောက်ပုံကို စစ်ဆေးနိုင်သည်။
ကုသခြင်း
ရေတိမ်ရောဂါ ကုသခြင်း၏ အဓိကရည်ရွယ်ချက်မှာ မျက်လုံးတွင်းဖိအားကို အလျင်အမြန် လျော့ကျစေရန်နှင့် အမြင်အာရုံကြော ထပ်မံမပျက်စီးအောင် တားဆီးရန်ဖြစ်သည်။ ရေတိမ်ကြောင့် ပျက်စီးသွားသော အမြင်အာရုံကို မူလအတိုင်း ပြန်ကောင်းအောင် ကုသရန် မလွယ်ကူသောကြောင့် ရောဂါကို စောစီးစွာသိရှိရန်နှင့် ပုံမှန်မျက်စိစစ်ဆေးရန် အလွန်အရေးကြီးသည်။
- ဆေးဝါးဖြင့် ကုသခြင်း
ဆိုးရွားခြင်းမရှိသေးသည့် အခြေအနေတွင် ဖိအားလျှော့ချသည့် မျက်စဉ်းဆေးများဖြင့် စတင်ကုသလေ့ရှိသည်။- မျက်စဉ်းဆေးများ
မျက်လုံးတွင်း အရည်ကြည်ထုတ်လုပ်မှုကို လျှော့ချပေးသောဆေးများ (Timolol, Apraclonidine, Dorzolamide) နှင့် အရည်ကြည်စီးဆင်းမှု ကောင်းမွန်စေသောဆေးများ (Latanoprost, Travoprost) ကို အသုံးပြုသည်။ ယခုအခါ မျက်လုံးယားယံမှုကို လျှော့ချရန် ပိုးသတ်ဆေး (Preservative) မပါဝင်သော မျက်စဉ်းဆေးများကိုလည်း ရွေးချယ်အသုံးပြုလာကြသည်။ - သောက်ဆေးများ
မျက်စဉ်းဆေးဖြင့် ဖိအားမကျပါက Acetazolamide နှင့် Methazolamide စသော သောက်ဆေးများကို ညွှန်ကြားနိုင်သည်။ ထိုဆေးများသည် ဆီးများခြင်း၊ လက်ချောင်းခြေချောင်းများ ထုံကျဉ်ခြင်း၊ အစာအိမ်အချဉ်ပေါက်ခြင်းနှင့် စိတ်ကျခြင်း စသည့် ဘေးထွက်ဆိုးကျိုးများ ရှိနိုင်သည်။ - ဆေးသွင်းကုထုံးသစ်များ
နေ့စဉ်မျက်စဉ်းခပ်ရန် ခက်ခဲသူများအတွက် မျက်လုံးအတွင်း လပေါင်းများစွာအထိ ဆေးကို တဖြည်းဖြည်းချင်း ထုတ်ပေးနိုင်သော ဆေးတောင့်ငယ်လေးများ ထည့်သွင်းသည့်စနစ် (Sustained-release implants) ကိုလည်း အသုံးပြုလာပြီဖြစ်သည်။
- မျက်စဉ်းဆေးများ
- လေဆာရောင်ခြည်ဖြင့် ကုသခြင်း
ဆေးဝါးဖြင့် ကုသသော်လည်း မျက်လုံးတွင်းဖိအားကျဆင်းမှု မလုံလောက်ခြင်း သို့မဟုတ် မျက်စဉ်းဆေးဖြင့် မသင့်တော်သော အခြေအနေများတွင် လေဆာကုထုံးကို အသုံးပြုသည်။- SLT လေဆာကုထုံး – အရည်ကြည်စီးဆင်းမှုလမ်းကြောင်းကို လေဆာဖြင့် ပွင့်စေသည့်နည်းလမ်းဖြစ်ပြီး ယခုအခါ မျက်စဉ်းဆေးအစား ပထမဦးစားပေးကုသမှုအဖြစ် ရှေ့တန်းတင် အသုံးပြုလာကြသည်
- ထောင့်ကျဉ်းရေတိမ်အတွက် လေဆာကုထုံး – အရည်ကြည်စီးဆင်းမှုကို ပိတ်နေသည့် သူငယ်အိမ်နှင့် မျက်ကြည်လွှာကြားရှိ ထောင့်ကို လေဆာဖြင့် ပွင့်စေခြင်းဖြစ်သည်
- ခွဲစိတ်ကုသခြင်း
ခွဲစိတ်နည်းများသည် လူနာ၏ မျက်စိအခြေအနေ၊ ရေတိမ်အဆင့်နှင့် အခံရောဂါများပေါ်တွင် မူတည်သည်။- မျက်လုံးတစ်ရှူးများကို ထိခိုက်မှုအနည်းဆုံးဖြစ်စေသော ခွဲစိတ်ကုသမှု (Minimally invasive Glaucoma Surgery – MIGS)
မျက်လုံးအတွင်း အလွန်သေးငယ်သော ပြွန်ငယ်လေးများ (Stents) ထည့်သွင်း၍ အရည်ကြည်စီးဆင်းမှု လွယ်ကူအောင် ပြုလုပ်ခြင်းဖြစ်သည်။ ၎င်းသည် နာကျင်မှုနည်းပြီး ပြန်လည်သက်သာမှု မြန်ဆန်သည်။ - သမားရိုးကျခွဲစိတ်မှုများ
အရည်ကြည်စီးဆင်းရန် လမ်းကြောင်းသစ် ဖန်တီးပေးခြင်း (Trabeculectomy) သို့မဟုတ် ရေထုတ်ပြွန်ငယ်များ တပ်ဆင်ခြင်းတို့ကို ပြုလုပ်ရမည်။
- မျက်လုံးတစ်ရှူးများကို ထိခိုက်မှုအနည်းဆုံးဖြစ်စေသော ခွဲစိတ်ကုသမှု (Minimally invasive Glaucoma Surgery – MIGS)
အထက်ပါ ကုသမှုများ ပြုလုပ်ပြီးလျှင် မျက်စိအထူးကုဆရာဝန်နှင့် စဉ်ဆက်မပြတ် ပြသရန် လိုအပ်သည်။
ကာကွယ်ခြင်း
မျက်စိရေတိမ်ရောဂါသည် ကြိုတင်ကာကွယ်ခြင်းထက် စောစီးစွာသိရှိကုသခြင်းကသာ အထိရောက်ဆုံးသော နည်းလမ်းဖြစ်သည်။ အမြင်အာရုံ ချွတ်ယွင်းခြင်းနှင့် မျက်စိကွယ်ခြင်းမှ ကာကွယ်နိုင်ရန် အောက်ပါအချက်များကို လိုက်နာသင့်သည်။
- ပုံမှန် မျက်စိစစ်ဆေးမှု ခံယူခြင်း
ရေတိမ်ရောဂါသည် အစောပိုင်းတွင် လက္ခဏာမပြတတ်သဖြင့် ပုံမှန်မျက်စိစစ်ဆေးခြင်းဖြင့်သာ မျက်လုံးတွင်း ဖိအားတက်ခြင်းကို သိရှိနိုင်သည်။ အသက် (၄၀) ကျော်သူများ၊ မိသားစုအတွင်း ရေတိမ်ရာဇဝင်ရှိသူများနှင့် ဖြစ်နိုင်ခြေများသူများသည် အနည်းဆုံး (၁) နှစ် သို့မဟုတ် (၂) နှစ်တစ်ကြိမ် မျက်စိစစ်ဆေးသင့်သည်။ - ဆေးဝါးများကို စနစ်တကျ သုံးစွဲခြင်း
မျက်လုံးတွင်းဖိအား မြင့်တက်နေသူများအနေဖြင့် မျက်စိအထူးကုဆရာဝန် ညွှန်ကြားထားသော မျက်စဉ်းဆေးနှင့် သောက်ဆေးများကို အချိန်မှန်၊ မပျက်မကွက် အသုံးပြုရန် လိုအပ်သည်။ ၎င်းသည် ရောဂါပိုမိုဆိုးရွားမသွားစေရန် တားဆီးပေးသည့် အဓိကသော့ချက်ဖြစ်သည်။ - မျက်စိထိခိုက်ဒဏ်ရာမှ ကာကွယ်ခြင်း
ပြင်းထန်သော မျက်စိထိခိုက်ဒဏ်ရာများသည် ရေတိမ်ရောဂါကို ဖြစ်စေနိုင်သည်။ ထို့ကြောင့် အန္တရာယ်ရှိသော အလုပ်ခွင်များ သို့မဟုတ် အားကစားပြုလုပ်ရာတွင် မျက်မှန် သို့မဟုတ် အကာအကွယ်ပစ္စည်းများကို ဝတ်ဆင်သင့်သည်။ - အခံရောဂါများကို ထိန်းချုပ်ခြင်း
ဆီးချိုရောဂါနှင့် သွေးတိုးရောဂါရှိသူများသည် မိမိတို့၏ရောဂါကို စနစ်တကျ ကုသထိန်းချုပ်ထားခြင်းဖြင့် မျက်စိကျန်းမာရေးကို သွယ်ဝိုက်သောနည်းဖြင့် ကာကွယ်ရာရောက်သည်။ - စတီးရွိုက်ဆေးများကို သတိထားသုံးစွဲခြင်း
စတီးရွိုက် (Steroids) ပါဝင်သော ဆေးဝါးများ (အထူးသဖြင့် မျက်စဉ်းဆေးများ) ကို ဆရာဝန်ညွှန်ကြားချက်မရှိဘဲ ကာလရှည်ကြာ သုံးစွဲခြင်းမှ ရှောင်ကြဉ်ပါ။ - ကျန်းမာသော နေထိုင်မှုပုံစံကို ကျင့်သုံးခြင်း
အာဟာရပြည့်ဝသော အစားအစာများကို စားသုံးခြင်း၊ သင့်တင့်သော ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်းနှင့် ဆေးလိပ်ဖြတ်ခြင်းတို့သည် မျက်လုံးအတွင်းရှိ သွေးလှည့်ပတ်မှုကို ကောင်းမွန်စေပြီး အာရုံကြော ပျက်စီးမှုကို လျှော့ချပေးနိုင်သည်။
References:
- Cleveland Clinic. (n.d.). Glaucoma. Retrieved December 23, 2025, from https://my.clevelandclinic.org/health/diseases/4212-glaucoma
- Mayo Clinic. (n.d.). Glaucoma: Diagnosis and treatment. Retrieved December 23, 2025, from https://www.mayoclinic.org/diseases-conditions/glaucoma/diagnosis-treatment/drc-20372846
- Boyd, K. (n.d.). Understanding glaucoma: Symptoms, causes, diagnosis and treatment. American Academy of Ophthalmology. Retrieved December 23, 2025, from https://www.aao.org/eye-health/diseases/what-is-glaucoma
Published: 23 December 2024
Last updated: 20 January 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.