ဒူးဆစ်ကျီးပေါင်းတက်ရောဂါ (Knee OA) သည် ဒူးအဆစ်အတွင်းရှိ အရိုးနုများ ပျက်စီးခြင်းကြောင့် အရိုးမာအချင်းချင်း တိုက်ရိုက်ပွတ်တိုက်မိရာမှ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ထိုသို့ ပွတ်တိုက်မိခြင်းကြောင့် ဒူးဆစ်ရောင်ရမ်းခြင်း၊ ပြင်းထန်စွာ နာကျင်ခြင်းနှင့် ဒူးအကွေးအဆန့်ပြုလုပ်ရာတွင် ခက်ခဲခြင်း စသည့်ဝေဒနာများ ခံစားရနိုင်သည်။
ဤရောဂါကို ဆေးဝါးဖြင့် အမြစ်ပြတ်ပျောက်ကင်းအောင် မကုသနိုင်သော်လည်း ရောဂါလက္ခဏာများ သက်သာလျော့ပါးစေရန်နှင့် ဒူးဆစ်လှုပ်ရှားမှု ပြန်လည်ကောင်းမွန်စေရန် ကုသနည်းများစွာရှိသည်။ ရောဂါအခြေအနေ ဆိုးဝါးသည့်လူနာများတွင်မူ ဒူးဆစ်လဲလှယ်ခြင်းကဲ့သို့သော ခွဲစိတ်ကုသသည့် နည်းလမ်းဖြင့် ကုသနိုင်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
ဒူးဆစ်ကျီးပေါင်းတက်ရောဂါသည် အလွန်အဖြစ်များသော ရောဂါတစ်ခုဖြစ်ပြီး၊ လူဦးရေ၏ (၄၆) ရာခိုင်နှုန်းခန့်သည် ၎င်းတို့၏ တစ်သက်တာတွင် ဤဝေဒနာကို ခံစားရလေ့ရှိသည်။ ဒူးဆစ်အတွင်းရှိ အရိုးနုများ တဖြည်းဖြည်း ပါးလွှာပျက်စီးလာရာမှ အရိုးမာအချင်းချင်း ပွတ်တိုက်မှု ဖြစ်ပေါ်လာသည်။ ထိုသို့ပွတ်တိုက်မိခြင်းကြောင့် အဆစ်အမြှေးပါးများ၊ အရွတ်များနှင့် ကြွက်သားများ ရောင်ရမ်းလာကာ နာကျင်မှုကို ဖြစ်ပေါ်စေသည်။
ဖြစ်ပွါးနိုင်ခြေများသူများ
အောက်ပါအခြေအနေများတွင် ဒူးဆစ်ကျီးပေါင်းတက်ရောဂါ ပိုမိုဖြစ်ပွားနိုင်ခြေရှိသည်။
- အသက်အရွယ်ကြီးသူများနှင့် အမျိုးသမီးများ
- ကိုယ်အလေးချိန်များသူများ (Body Mass Index BMI ၃၀ အထက်ရှိသူများသည် ပုံမှန်လူများထက် Knee OA ခုနှစ်ဆ ပိုမိုဖြစ်ပွားနိုင်သည်)
- ဖြစ်ပွါးနိုင်ခြေရှိသော မျိုးဗီဇ မိသားစုအတွင်းရှိသူများ
- ဒူးဆစ် ထိခိုက်ဒဏ်ရာရဖူးသူများ
- ဒူးအပေါ် ဖိအားသက်ရောက်မှုများသော အလုပ်အကိုင် သို့မဟုတ် အားကစားနည်းများ ပြုလုပ်သူများ
- မွေးရာပါ အဆစ်ပုံစံမမှန်သူများ သို့မဟုတ် အရိုးနုဖွံ့ဖြိုးမှု မပြည့်စုံသူများ
- ဆီးချိုရောဂါဝေဒနာရှင်များ

ရောဂါလက္ခဏာများ
ဒူးဆစ်ကျီးပေါင်းတက်ရောဂါတွင် ဒူးနာကျင်ခြင်းကို အများဆုံး ခံစားရလေ့ရှိသည်။ လှုပ်ရှားသွားလာခြင်း၊ လှေကားတက်ခြင်းနှင့် ဆောင့်ကြောင့်ထိုင်ခြင်းတို့တွင် နာကျင်မှု ပို၍ ခံစားရနိုင်သည်။ အချို့လူနာများတွင် ဒူးဆစ်ရောင်ရမ်းနေခြင်းကြောင့် အနားယူနေစဉ်တွင်ပင် နာကျင်နိုင်သည်။
အချိန်အတော်ကြာ ထိုင်ပြီးနောက် ပြန်ရပ်ပါက ဒူးဆစ်အကွေးအဆန့် ခက်ခဲနိုင်သည်။ အထူးသဖြင့် ကြမ်းပြင်တွင် ထိုင်ရာမှ ပြန်အထတွင် ပို၍ခက်ခဲသည်။ ဒူးဆစ်လှုပ်ရှားမှု ပြုလုပ်တိုင်း အဆစ်အတွင်းမှ ပွတ်တိုက်သံကို ကြားရခြင်း သို့မဟုတ် ခံစားမှုဖြင့် သိရှိနိုင်သည်။ လမ်းလျှောက်နေစဉ်အတွင်း ဒူးညွတ်ခြင်းများ ဖြစ်ပေါ်နိုင်သည်။ ဒူးဆစ်အတွင်း အရိုးအပိုများ သို့မဟုတ် အရိုးနုများ ပဲ့ကြွေခြင်း ဖြစ်ပါက ဒူးဆစ်ကို မကွေးနိုင်၊ မဆန့်နိုင်သည့် အခြေအနေအထိ ဖြစ်ပွါးနိုင်သည်။
နောက်ဆက်တွဲပြဿနာများ
ဒူးဆစ်ကျီးပေါင်းတက်ရောဂါသည် အချိန်ကြာလာသည်နှင့်အမျှ တဖြည်းဖြည်း ပို၍ ဆိုးရွားလာနိုင်ပြီး နာတာရှည် နာကျင်မှုခံစားရခြင်းနှင့် နေ့စဉ်ဘဝ သွားလာလှုပ်ရှားမှုကို အနှောင့်အယှက် ဖြစ်စေသည်။ စိတ်သွားတိုင်း ကိုယ်မပါနိုင်သဖြင့် စိတ်ဓာတ်ကျခြင်းနှင့် အိပ်စက်ချိန် နည်းပါးခြင်းတို့ကိုပါ တွေ့ကြုံလာရနိုင်သည်။ ဆိုးရွားသည့် ဒူးဆစ်ကျီးပေါင်းတက်ရောဂါ (Severe Osteoarthritis of knee) တွင် ဒူးဆစ်အတွင်းသို့ ခွင်ခြင်း သို့မဟုတ် အပြင်သို့ ခွင်ခြင်းတို့ ဖြစ်ပေါ်နိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
အထက်ပါ ရောဂါလက္ခဏာများကို သတိပြုမိပါက မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန်လိုသည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်း၊ ဓာတ်မှန်ရိုက်ခြင်းစသည်တို့ဖြင့် ရောဂါရှာဖွေ ကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အရိုးအထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။
အရေးပေါ်ပြသရန်
ဒူးဆစ်မလှုပ်နိုင်အောင် နာကျင်ခြင်း၊ ရောင်ရမ်းခြင်းနှင့်အတူ ကိုယ်အပူချိန်တက်ပါက အဆစ်တွင်းပိုးဝင်ခြင်း ဖြစ်နိုင်သဖြင့် အရေးပေါ် ကုသမှု လိုအပ်နိုင်သောကြောင့် ဆေးရုံအရေးပေါ်ဌာနများသို့ အချိန်မီပြသ ကုသမှုခံယူရန်လိုသည်။
ရောဂါရှာဖွေခြင်း
လူနာ၏ရောဂါရာဇဝင် မေးမြန်းပြီး စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ခြင်းဖြင့် ရောဂါ၏အတိမ်အနက်ကို ခန့်မှန်းသိရှိနိုင်သည်။ ရောဂါအခြေအနေကို ပိုမိုတိကျစွာ သိရှိရန် အောက်ပါစမ်းသပ်မှုများ လုပ်ဆောင်နိုင်သည်။
- ဒူးဆစ်ဓာတ်မှန်ရိုက်ခြင်း (X-ray knee)
- အဆစ်အတွင်းရှိသော အရိုးနုကို ဓာတ်မှန်တွင် မတွေ့နိုင်သော်လည်း အဆစ်တွင်းရှိ အရိုးနုပျက်စီးခြင်း ပမာဏအလိုက် အဆစ်ကျဉ်းခြင်းကို တွေ့နိုင်သည်
- ထို့ပြင်အဆစ်မျက်နှာပြင်မှ အရိုးစများပဲ့ကြွေခြင်းရှိပါကလည်း ဓါတ်မှန်တွင် တွေ့ရှိနိုင်သည်
- ဒူးဆစ်ဓါတ်မှန်အပေါ် အခြေခံ၍ ဒူးဆစ်ကျီးပေါင်းတက်ရောဂါကို အဆင့်များခွဲခြားနိုင်သည်
- အဆင့် (၁) – သံသယရှိအဆင့်
- အဆင့် (၂) – သေးငယ်သော အရိုးအတက်၊ အရိုးပိုများ တွေ့ရခြင်း
- အဆင့် (၃) – အဆစ်ကျဉ်းနေခြင်း၊ အရိုးအတက်၊ အရိုးပိုများ ပိုများလာခြင်း
- အဆင့် (၄) – အရိုးအချင်းချင်း ထိဆက်နေပြီး၊ အဆစ်နေရာလွတ်မရှိတော့ခြင်း၊ အဆစ်ပုံသဏ္ဌာန် ပျက်ယွင်းနေခြင်း
- ဒူးဆစ်သံလိုက်ဓာတ်မှန်ရိုက်ခြင်း (MRI)
- အဆစ်အတွင်းရှိ အရိုးနု၊ အရိုးမာ၊ အရွတ်နှင့် ကြွက်သားတို့၏ အခြေအနေကို ပိုမိုသိရှိနိုင်သည်
- သံလိုက်ဓာတ်မှန်ကို သာမန်ဒူးဆစ်ကျီးပေါင်းတက်ရောဂါ အမည်တပ်ရန် သက်သက်အတွက် လုပ်ဆောင်လေ့မရှိဘဲ ခက်ခဲရှုပ်ထွေးသည့် ဒူးဆစ်ကျီးပေါင်းတက် ရောဂါများတွင်လည်းကောင်း၊ အခြားအရေးကြီးရောဂါများနှင့် မှားနိုင်လျှင်လည်းကောင်း လုပ်ဆောင်လေ့ရှိသည်
- သွေးစစ်ဆေးခြင်း (CP, ESR, CRP, RA, Uric acid)
- ဒူးဆစ်ကျီးပေါင်း ရောဂါလက္ခဏာနှင့် ဆင်တူသော ဂေါက်အဆစ်ရောင်ရောဂါ (Gout)၊ အဆစ်အတွင်း ပိုးဝင်ခြင်းနှင့် သွေးလေးဖက်နာကြောင့် အဆစ်ရောင်ခြင်းတို့မှ ခွဲခြားနိုင်ရန် အသုံးပြုသည်
- အဆစ်အတွင်းမှ အရည်ကို စုပ်ယူစစ်ဆေးခြင်း (Joint fluid analysis)
- အခြားအဆစ်ရောင်ရောဂါများကို ခွဲခြားနိုင်သည်
ကုသခြင်း
ဒူးဆစ်ကျီးပေါင်းတက်ရောဂါ (Osteoarthritis of knee) ကို ပျောက်ကင်းအောင် မကုသနိုင်သော်လည်း နာကျင်မှုနှင့်မသန်စွမ်းမှု လျော့ပါးစေသည့် ကုသနည်းများရှိသည်။
မခွဲစိတ်ဘဲကုသသည့် နည်းလမ်း
- နေ့စဉ်ဘဝ သွားလာလှုပ်ရှားမှုပုံစံ ပြောင်းခြင်း
- လှေကားအတက်အဆင်း လျှော့ခြင်း၊ ထိုင်ခုံအမြင့်ဖြင့် ထိုင်ခြင်း၊ ဘိုထိုင်အိမ်သာ အသုံးပြုခြင်း၊ စက်ဘီးစီးခြင်း၊ ရေကူးခြင်းတို့ကို ပြုလုပ်သင့်သည်
- အချိန်အတော်ကြာ မတ်တတ်ရပ်ခြင်း၊ ပြေးခြင်းတို့ကို လျှော့ချသင့်သည်
- လေ့ကျင့်ခန်းပုံမှန်လုပ်ပြီး ကိုယ်အလေးချိန်လျော့စေရန် နေထိုင်စားသောက်ရမည်
- အကူကိရိယာများ (လမ်းလျှောက်တုတ်ကောက်၊ ဒူးစွပ်) တို့ကို အသုံးပြုခြင်းဖြင့် ဒူးဆစ်အပေါ် ဒဏ်ဖြစ်မှုကို သက်သာစေသည်၊ ရေနွေးအိတ်ကပ်ခြင်း၊ ရေခဲကပ်ခြင်းတို့သည်လည်း နာကျင်မှု သက်သာနိုင်သည်
- ခန္ဓာကိုယ် ပြန်လည်သန်စွမ်းရေး လေ့ကျင့်ခန်း ကုထုံးများဖြင့် ကုသခြင်း
- ကြွက်သားသန်မာစေသော လေ့ကျင့်ခန်းများ
ဒူးဆစ်အပေါ်သက်ရောက်သည့် ဝန်ထုပ်ဝန်ပိုးကို လျှော့ချရန် ပေါင်ကြွက်သားအား သန်မာစေရန် လုပ်ဆောင်ပေးရမည်။- ပေါင်ကြွက်သားတင်းခြင်း (Quadriceps exercises)
- ခြေထောက်ကို ဆန့်တန်းပြီး ထိုင်ပါ၊ ဒူးဆစ်အောက်တွင်တဘက်အသေးလေး တစ်ခုခု ခံထားပါ
- ပေါင်ကြွက်သားကို တင်းပြီး ဒူးဆစ်ကို ကြမ်းပြင်နဲ့ ထိအောင် ဖိချပါ (၁၀ စက္ကန့်ခန့် တောင့်ထားပါ)
- တစ်ခါလုပ်လျှင် ၁၀ ကြိမ်၊ တစ်နေ့ ၃ ခါ ပြုလုပ်ပါ
- ခြေထောက်ဆန့်မြှောက်ခြင်း (Straight Leg Raise)
- ပက်လက်အိပ်ပါ၊ ခြေထောက်တစ်ဖက်ကို ကွေးထားပြီး ကျန်တစ်ဖက်ကို ဆန့်ထားပါ
- ဆန့်ထားသော ခြေထောက်ကို ဒူးမကွေးဘဲ ၁၂ လက်မခန့် မြှောက်ပါ (၃ စက္ကန့် တောင့်ထားပါ)
- တစ်ဖက်ကို ၁၀ ကြိမ်စီ ပြုလုပ်ပါ
- ထိုင်ရာမှ ထခြင်း (Sit to Stand)
- ခိုင်ခံ့သော ကုလားထိုင်တွင် ထိုင်ပါ
- လက်ကို အသုံးမပြုဘဲ (သို့မဟုတ် အနည်းငယ်သာ ထောက်ပြီး) ဖြည်းဖြည်းချင်း မတ်တပ်ရပ်ပါ၊ ၎င်းနောက် ဖြည်းဖြည်းချင်း ပြန်ထိုင်ပါ
- ပေါင်ကြွက်သားတင်းခြင်း (Quadriceps exercises)
- အဆစ်အကြော လျှော့ခြင်းနှင့် ပျော့ပျောင်းစေသော လေ့ကျင့်ခန်းများ
ဒူးဆစ်တောင့်တင်းမှုကို ပြေလျော့စေရန် အောက်ပါတို့ကို လုပ်ဆောင်ပါ။- ဖနောင့်ဆွဲလေ့ကျင့်ခန်း (Heel Slides)
- ပက်လက်အိပ်ပြီး ခြေထောက်ကို ဆန့်ထားပါ
- ဖနောင့်ကို ကြမ်းပြင်ကမခွာဘဲ တင်ပါးဆီသို့ တဖြည်းဖြည်းချင်း ဆွဲကွေးပါ၊ ပြီးလျှင် ပြန်ဆန့်ပါ
- ပေါင်နောက်ကြွက်သား ဆန့်ခြင်း (Hamstring Stretch)
- ကုလားထိုင်အစွန်းမှာ ထိုင်ပြီး ခြေထောက်တစ်ဖက်ကို ဖြောင့်ဖြောင့်ဆန့်ထားပါ
- ခါးကို မတ်မတ်ထားပြီး ပေါင်နောက်ကြွက်သား တင်းလာသည်အထိ ကိုယ်ကို အရှေ့သို့ အနည်းငယ်ကိုင်းပေးပါ (စက္ကန့် ၃၀ ခန့် တောင့်ထားပါ)
- ဖနောင့်ဆွဲလေ့ကျင့်ခန်း (Heel Slides)
- အထက်ပါလေ့ကျင့်ခန်းများလုပ်နေစဉ် ပိုမိုနာကျင်လာပါက ချက်ချင်းရပ်ပါ။ ကြွက်သားညောင်းခြင်း သို့မဟုတ် အနည်းငယ်တင်းခြင်းမှာ ပုံမှန်သာဖြစ်သည်
- အခြားလိုက်နာရန်အချက်များ
- အပူ/အအေး ပေးခြင်း_ လေ့ကျင့်ခန်းမလုပ်မီ ဒူးဆစ်ကို ရေနွေးအိတ်ကပ်ပေးခြင်းသည် အကြောပြေလျော့စေပြီး၊ လေ့ကျင့်ခန်းလုပ်ပြီးနောက် နာကျင်ပါက ရေခဲအိတ်ကပ်ပေးပါ
- လမ်းလျှောက်ခြင်း_ မြေပြန့်မျက်နှာပြင်ပေါ်တွင် အရှိန်အသင့်အတင့်ဖြင့် လမ်းလျှောက်ပေးနိုင်သည်
- ရေကူးခြင်း_ ရေထဲတွင် လေ့ကျင့်ခန်းလုပ်ခြင်းသည် ဒူးဆစ်ပေါ်တွင် ဝန်မပိစေဘဲ ကြွက်သားသန်မာစေရန် အကောင်းဆုံးနည်းလမ်းဖြစ်သည်
- လေ့ကျင့်ခန်းလုပ်ပြီးနောက် (၂) နာရီကြာသည်အထိ ဒူးဆစ်ပိုမိုနာကျင်ပါက လေ့ကျင့်ခန်း ပြင်းထန်သွားခြင်း ဖြစ်နိုင်သဖြင့် နောက်တစ်ကြိမ်တွင် လျှော့လုပ်ပါ
- အောက်ခံပျော့ပျောင်းပြီး သက်သောင့်သက်သာရှိသော ဖိနပ်ကို အမြဲစီးပါ
- ကြွက်သားသန်မာစေသော လေ့ကျင့်ခန်းများ
- ဆေးဝါးဖြင့်ကုသခြင်း
- ပါရာစီတမောနှင့် အကိုက်အခဲပျောက်ဆေးများ အသုံးပြုနိုင်သည်၊ နာတာရှည် နာကျင်မှု ခံစားရသူများတွင် စိတ်ကျရောဂါကုသဆေးများကို အသုံးပြုနိုင်သည်
- အကိုက်အခဲပျောက်ဆေးများသည် အစာအိမ် ဗိုက်အောင့်ဗိုက်နာရှိသူများ၊ အသည်း၊ ကျောက်ကပ်၊ နှလုံးရောဂါရှိသူများ၊ သွေးရောဂါရှိသူများတွင် ရောဂါကို ပိုဆိုးစေသည်၊ အဆစ်ပေါ်ရှိ အရေပြားကို အကိုက်အခဲပျောက်လိမ်းဆေးများ အသုံးပြုခြင်းသည် ဘေးထွက်ဆိုးကျိုးနည်းပါးစွာဖြင့် နာကျင်မှုသက်သာစေသည်
- အရိုးနုပျက်စီးခြင်းကို ကုသသည့် Glucosamine and chondroitin sulfate စသည့်ဆေးဝါးများသည် ရောဂါဖြစ်ခါစ လူနာများအတွက် အကျိုးရှိနိုင်သည်
- ဒူးဆစ်အတွင်းသို့ ဆေးထိုးခြင်း (Joint injections)
နာကျင်မှုနှင့်ရောင်ရမ်းမှု သက်သာစေရန် ဒူးဆစ်အတွင်းသို့ စတီးရွိုက် (Corticosteroid) ထိုးဆေးထိုးခြင်းကို အသုံးပြုနိုင်သော်လည်း တစ်နှစ် (၃-၄) ကြိမ်ထက် ပို၍အသုံးမပြုသင့်ပေ၊ အချိန်ကြာလာသည်နှင့်အမျှ အဆစ်ပိုမိုပျက်စီးစေနိုင်သဖြင့် သတိထားသုံးသင့်သည်၊ ချောဆီ (Hyaluronic acid) ထိုးဆေးတို့ကို အသုံးပြုခြင်းဖြင့် နာကျင်မှု သက်သာနိုင်သည်။
- အခြားနည်းလမ်းများ
- ဇီဝကုထုံး_ သွေးရည်ကြည် (Platelet rich plasma PRP) နှင့် ပင်မဆဲလ်အသုံးပြုကုသခြင်း (Stem cell therapy) သည် ကုသနည်းအသစ်များဖြစ်ပြီး ထိရောက်မှုအတွက် သုတေသနများ လိုအပ်လျက်ရှိသည်
- အပ်စိုက်ကုသခြင်း (Acupuncture) နှင့် လျှပ်စစ်ဖြင့် အာရုံကြောလှုံ့ဆော်ခြင်း (Transcutaneous electrical nerve stimulation TENS) တို့သည် နာကျင်မှုကို ယာယီသက်သာစေသည်
ခွဲစိတ်ကုသသည့်နည်းလမ်း
မခွဲစိတ်ဘဲကုသသည့် နည်းလမ်းများဖြင့် မသက်သာဘဲ နာတာရှည် နာကျင်လာခြင်း၊ နေ့စဉ်ဘဝသွားလာလှုပ်ရှားမှု ထိခိုက်လာခြင်း စသည့်အခြေအနေများတွင် ခွဲစိတ်ကုသမှုနည်းလမ်းကို ရွေးချယ်နိုင်သည်။
ခွဲစိတ်ကုသမည့်ဆရာဝန်မှ မခွဲစိတ်မီ ခွဲစိတ်ကုသမှုတစ်မျိုးစီ၏ ကောင်းကျိုးနှင့် ဖြစ်ပေါ်နိုင်သည့် ဘေးထွက်ဆိုးကျိုးများကို ရှင်းပြပေးမည်ဖြစ်သည်။ ခွဲစိတ်မှုနည်းလမ်းမှာ လူနာ၏အသက်၊ ရောဂါပြင်းထန်မှု၊ သွားလာလှုပ်ရှားမှု အခြေအနေ၊ အခြားရောဂါ ရှိမရှိပေါ် မူတည်သည်။
အဓိက ခွဲစိတ်သည့် နည်းလမ်းများမှာ_
- အဆစ်အတွင်း မှန်ပြောင်းကြည့်ကုသခြင်း
- အဆစ်အတွင်းရှိ ကြားခံအရွတ်ပြားစုတ်ပြဲခြင်း (Meniscus tear) ကို အဆစ်အတွင်း မှန်ပြောင်းကြည့်ခြင်းဖြင့် ကုသနိုင်သည်
- အဆစ်အတွင်းရောင်ရမ်းနေသော အဆစ်ဖုံးအမြှေးများကို ဖယ်ထုတ်ခြင်း (Synovectomy) နည်းလမ်းဖြင့်လည်း နာကျင်မှု သက်သာစေသည်
- အရိုးတည့်အောင်ခွဲစိတ်ကုသခြင်း (Osteotomy)
ငယ်ရွယ်သူများတွင် ဒူးဆစ်မှစ၍ ခြေထောက် အတွင်း၊ အပြင် ခွင်ခြင်းများရှိပါက အရိုးတည့်အောင်ခွဲစိတ်ကုသနိုင်သည်။ - ဒူးဆစ်တစ်ခြမ်း သို့မဟုတ် ဒူးဆစ်တစ်ခုလုံး အစားထိုးကုသခြင်း (Unicompartmental or Total Knee Replacement)
- အဆစ်အစားထိုးခြင်းတွင် ပျက်စီးနေသော အရိုးနု၊ အရိုးများကို ဖယ်ထုတ်ကာ သတ္တုစပ်နှင့် ဖိအားဒဏ်ခံနိုင်သော ပလတ်စတစ်ပြားများ သုံးကာ အဆစ်မျက်နှာပြင်အသစ် ဖန်တီးပေးခြင်းဖြင့် ဒူးဆစ်လှုပ်ရှားမှုကို ပိုမိုကောင်းမွန်စေသည်
ကာကွယ်ခြင်း
ဒူးဆစ်ကျီးပေါင်းတက်ရောဂါကို အမြဲတမ်းကာကွယ်မှု မပြုနိုင်သော်လည်း အောက်ပါအချက်များကို လိုက်နာခြင်းဖြင့် ရောဂါဖြစ်ပွါးမှုကို လျော့ချနိုင်သည်။
- သင့်လျော်သော ကိုယ်အလေးချိန်ထိန်းခြင်း
- ဒူးနာပါက အပြည့်အဝအနားယူခြင်း
- ထိခိုက်ဒဏ်ရာ မရအောင်နေထိုင်ခြင်း
- သင့်လျော်သော လေ့ကျင့်ခန်းလုပ်ခြင်း
- နေ့စဉ်ဘဝ သွားလာလှုပ်ရှားမှုပုံစံကို ကျွမ်းကျင်သူများ၏ အကြံပြုချက်အတိုင်း လိုက်နာခြင်းတို့ဖြစ်သည်။
References:
- American Academy of Orthopaedic Surgeons. (n.d.). Osteoarthritis. Retrieved December 26, 2025, from https://orthoinfo.aaos.org/en/diseases–conditions/osteoarthritis/
- Cleveland Clinic. (2024). Osteoarthritis of the knee. Retrieved December 26, 2025, from https://my.clevelandclinic.org/health/diseases/21750-osteoarthritis-knee
- Mayo Clinic. (2021). Osteoarthritis: Symptoms and causes. Retrieved December 26, 2025, from https://www.mayoclinic.org/diseases-conditions/osteoarthritis/symptoms-causes/syc-20351925
Published: 23 December 2024
Last updated: 14 January 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.