Sciatica (ခါးကြောညှပ် ခြေထောက်ထုံကျဉ်နာကျင်ခြင်း)

Sciatica (ခါးကြောညှပ် ခြေထောက်ထုံကျဉ်နာကျင်ခြင်း)

ခြေထောက်ပိုင်းဆိုင်ရာ အဓိကအာရုံကြောတစ်ခုဖြစ်သော Sciatic nerve သည် ခါးရိုးအာရုံကြောမကြီးမှ ထွက်လာပြီး တင်ပါး၊ ပေါင်နှင့် ခြေသလုံးအနောက်ပိုင်းမှတစ်ဆင့် ခြေထောက်နှင့် ခြေချောင်းလေးများသို့ အာရုံခံစားမှု ထောက်ပံ့ပေးသည်။ ခါးကြောညှပ် ခြေထောက်ထုံကျဉ်နာကျင်ခြင်း (Sciatica) သည် အများအားဖြင့် ရောဂါပြင်းထန်မှုနည်းပြီး အသက်အန္တရာယ်မရှိပါ။ လူနာအများစုမှာ မိမိကိုယ်တိုင် ဂရုတစိုက် နေထိုင်စောင့်ရှောက်ရုံဖြင့် အချိန်ကာလတစ်ခုအတွင်း သက်သာလာနိုင်သော်လည်း အချို့ပြင်းထန်လူနာများတွင်မူ ခွဲစိတ်ကုသမှု လိုအပ်နိုင်သည်။

ဖြစ်ပေါ်ရသော အကြောင်းရင်းများ

ခါးကြောညှပ် ခြေထောက်ထုံကျဉ်နာကျင်ခြင်း (Sciatica) သည် အဖြစ်များသောရောဂါ အခြေအနေတစ်ခုဖြစ်သည်။ ဥပမာအားဖြင့် အမေရိကန်နိုင်ငံ လူဦးရေ၏ (၄၀) ရာခိုင်နှုန်းသည် ၎င်းတို့ တစ်သက်တာ တစ်ချိန်ချိန်တွင် ဤရောဂါကို ခံစားခဲ့ဖူးသည်။ အသက် (၂၀) နှစ်အောက် လူငယ်များတွင်မူ ထိခိုက်ဒဏ်ရာရမှု မရှိပါက ဤရောဂါအခြေအနေ တွေ့ရခဲသည်။

ခါးကြောညှပ် ခြေထောက်ထုံကျဉ်နာကျင်ခြင်း (Sciatica) ဖြစ်စေနိုင်သော အခြေအနေများမှာ_

  • ခါးရိုးဆစ် အရိုးနုပြားကျွံထွက်ခြင်း (Lumbar Disc Herniation)
  • အာရုံကြောလမ်းကြောင်း ကျဉ်းခြင်း (Spinal stenosis and Foraminal stenosis)
  • အသက်အရွယ်ကြီးလာ၍ အရိုးနုပြား ပျက်စီးခြင်း (Degenerative disk disease)
  • ခါးရိုးဆစ်လွဲခြင်း (Spondylolisthesis)
  • ခါးရိုး ကျီးပေါင်းတက်ခြင်း (Osteoarthritis)
  • ထိခိုက်ဒဏ်ရာရခြင်း
  • ကိုယ်ဝန်ဆောင်ခြင်း
  • အာရုံကြောကို ပိမိစေနိုင်သည့် အဖု၊ အကျိတ်၊ အရည်အိတ်များ
  • Cauda equina ဟုခေါ်သည့် အာရုံကြောများအစု ပိမိခြင်း (Cauda equina syndrome) တို့ဖြစ်သည်။
ဖြစ်ပွါးနိုင်ခြေ များသူများ
  • အသက် (၂၀)နှစ် မှ (၅၀)နှစ်အတွင်း လူလတ်ပိုင်းများ
  • အဝလွန်သူများ
  • အလေးအပင် မ သူများ၊ ကျောရိုး သို့မဟုတ် ခါးရိုးလှည့်၍ လုပ်ရသော အလုပ်အကိုင်များ
  • အထိုင်များသူများ
  • နီကိုတင်း (Nicotine) ပါသည့် ဆေးလိပ်၊ ဆေးရွက်ကြီး သုံးစွဲသူများ
  • ဆီးချိုဝေဒနာရှင်များ
ရောဂါလက္ခဏာများ

ခါးကြောညှပ် ခြေထောက်ထုံကျဉ်နာကျင်ခြင်း (Sciatica) သည် အာရုံကြောပိမိမှု၊ ထိခိုက်မှု အနည်းအများပေါ် မူတည်ပြီး သာမန် သို့မဟုတ် အပြင်းအထန် နာကျင်မှု၊ ထုံကျဉ်မှုအထိဖြစ်နိုင်သည်။ အာရုံကြောထိခိုက်သည့်နေရာပေါ် မူတည်ပြီး ထုံကျဉ်နာကျင်ခြင်းသည် ခါးရိုးနေရာ၊ တင်ပါး၊ ပေါင်နှင့် ခြေသလုံးစသည်ဖြင့် နေရာကွဲပြားစွာ ခံစားရနိုင်သည်။ ချောင်းဆိုးခြင်းနှင့် နှာချေခြင်းတို့သည် နာကျင်မှုကို ပိုဆိုးစေသည်။ ပက်လက်အိပ်၍ ခြေထောက်ကို ဒူးဆန့်ပြီး တစ်ဖြောင့်တည်းထားကာ အပေါ်မြှောက်ကြည့် (Straight Leg Raise) ပါက နာကျင်မှုခံစားရနိုင်သည်။ တချို့ပြင်းထန်လူနာများတွင် ဆီး၊ ဝမ်း မထိန်းနိုင်ခြင်း၊ ခြေထောက်ကြွက်သား အားနည်းခြင်းတို့ပါ တွေ့ကြုံနိုင်သည်။

နောက်ဆက်တွဲပြဿနာများ

လူနာအများစုမှာ ကုသမှုကြောင့် သက်သာပျောက်ကင်းသွားသော်လည်း တချို့မှာ နာတာရှည်နာကျင်မှု ခံစားရနိုင်သည်။ အာရုံကြောထိခိုက်မှု ပြင်းထန်ပါက ကြွက်သားအားနည်းပြီး ခြေချင်းဝတ် ကော့မရသည့်အခြေအနေ တွေ့ကြုံနိုင်သည်။ ထိုအခါ ထုံကျဉ်ခြင်းနှင့်အတူ လမ်းလျှောက်ရန်ခက်ခဲခြင်း သို့မဟုတ် လမ်းမလျှောက်နိုင်ခြင်း ဖြစ်နိုင်သည်။ Cauda equina ဟုခေါ်သည့် အာရုံကြောများအစု ပိမိခြင်းကြောင့် ဖြစ်သည့် Cauda equina syndrome တွင် ဆီး၊ ဝမ်း မထိန်းနိုင်ခြင်းတို့ ဖြစ်နိုင်သည်။

ဆေးရုံ၊ ဆေးခန်းပြသရန်

အထက်ပါ ရောဂါလက္ခဏာများကို သတိပြုမိပါက မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန်လိုသည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်း၊ ဓာတ်မှန်ရိုက်ခြင်း စသည်တို့ဖြင့် ရောဂါရှာ‌ဖွေ ကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊​ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။

အရေးပေါ်ပြသရန်
စအိုဝ ထုံခြင်း၊ ဆီးနှင့် ဝမ်း မထိန်းနိုင်ခြင်းတို့ ခံစားရပါက အရေးပေါ် ခွဲစိတ်ကုသမှု လိုအပ်နိုင်သဖြင့် ဆေးရုံအရေးပေါ်ဌာနများသို့ အချိန်မီပြသ ကုသမှုခံယူရန် လိုအပ်သည်။

ရောဂါရှာဖွေခြင်း

လူနာ၏ရောဂါရာဇဝင်ကို မေးမြန်းပြီး လူနာအား စမ်းသပ်စစ်ဆေးမှုများအရ ရောဂါ၏အကြောင်းရင်းကို ခန့်မှန်းသိရှိနိုင်သည်။ ပိုမိုတိကျစွာ သိရှိရန်နှင့် ရောဂါအမည်ရရှိရန် အောက်ပါစမ်းသပ်မှုများ လုပ်ဆောင်နိုင်သည်။

  • သွေးစစ်ဆေးခြင်း (CP, ESR, CRP)
  • ခါးရိုးဓာတ်မှန်ရိုက်ခြင်း (X-ray Lumbar spine)
  • ခါးရိုးကွန်ပျူတာဓာတ်မှန်ရိုက်ခြင်း (CT scan)
  • ခါးရိုးသံလိုက်ဓာတ်မှန်ရိုက်ခြင်း (MRI)
    • ခါးကြောညှပ်ခြေထောက်ထုံကျဉ်နာကျင်ခြင်း လူနာအားလုံးတွင် သံလိုက်ဓာတ်မှန်ရိုက်ရန်မလိုအပ်ဘဲ နောက်ဆက်တွဲပြဿနာများ ကြုံတွေ့ရမှသာ ပြုလုပ်သင့်သည်
  • အာရုံကြောစမ်းသပ်ခြင်း (Nerve conduction velocity studies)
  • ကြွက်သားအခြေအနေစစ်ဆေးခြင်း (Electromyography)
  • အာရုံကြောဓာတ်မှန်ရိုက်ခြင်း (Myelogram)
    • ခါးရိုးဆစ်အတွင်းရှိ အာရုံကြောအရည်ကြည်အိတ်အတွင်းသို့ ဆေးသွင်း၍ ဓာတ်မှန်ရိုက်ခြင်းဖြစ်သည်
    • သံလိုက်ဓာတ်မှန်ပေါ်လာပြီးနောက်ပိုင်း ဤစမ်းသပ်နည်းကို အသုံးပြုခြင်း မရှိတော့ပေ
ကုသခြင်း

ခါးကြောညှပ် ခြေထောက်ထုံကျဉ်နာကျင်ခြင်း (Sciatica) ကို ကုသခြင်းဖြင့် နာကျင်မှုလျော့ပါးစေပြီး လှုပ်ရှားသွားလာမှုကို ပိုမိုကောင်းမွန်စေသည်။ သက်သာပျောက်ကင်းစေရန် သို့မဟုတ် ပြင်းထန်မှု ပို၍ မဆိုးသွားရန် မိမိကိုယ်တိုင်ပြုလုပ်နိုင်သော ကုသမှုနည်းလမ်းများရှိသည်။ သက်သာမှုမရှိပါက ခွဲစိပ်ကုသခံမှုနည်းလမ်းကို အသုံးပြုနိုင်သည်။

မိမိကိုယ်တိုင် ကုသမှုနည်းလမ်း

သာမန်နာကျင်ထုံကျဉ်မှု ခံစားရပါက မိမိကိုယ်တိုင် ကုသမှုပြုနိုင်သည့် နည်းလမ်းများမှာ_

  • နာကျင်မှုခံစားရသည့်နေရာကို ပထမရက်များအတွင်း ရေခဲကပ်ပါ၊ တစ်ကြိမ်လျှင် မိနစ် (၂၀) ကြာ တစ်နေ့ (၄-၅) ကြိမ်ကပ်ပါက ရောင်ရမ်းမှုလျော့ကျနိုင်ပြီး နာကျင်မှု သက်သာနိုင်သည်
  • ရက်အနည်းငယ်ကြာပြီးနောက် နာကျင်သည့်နေရာအား ရေနွေးအိတ်ကပ်ခြင်းကို တစ်ကြိမ်လျှင် မိနစ် (၂၀) ခန့် ပြုလုပ်နိုင်သည်၊ မိမိ၏နာကျင်မှု သက်သာခြင်းအပေါ်လိုက်၍ ရေခဲကပ်ခြင်းနှင့် ရေနွေးအိတ်ကပ်ခြင်းများကို တစ်လှည့်စီ ဆောင်ရွက်နိုင်သည်
  • ရောင်ရမ်းနာကျင်မှု သက်သာစေရန် အကိုက်အခဲပျောက်ဆေးဝါးများ (NSAIDs) ကို ဆရာဝန်ညွှန်ကြားချက်များအတိုင်း သောက်နိုင်သည်
  • တတ်ကျွမ်းနားလည်သူများ၏ အကူအညီဖြင့် အကြောလျှော့လေ့ကျင့်ခန်းများ၊ ကြွက်သားပိုမိုသန်မာစေမည့် လေ့ကျင့်ခန်းများ ပြုလုပ်နိုင်သည်

မိမိကိုယ်တိုင်ကုသခြင်းဖြင့် ရက်သတ္တပတ် အနည်းငယ်အတွင်း သက်သာမှု မရှိပါက ဆေးရုံ၊ ဆေးခန်းများသို့ ပြသသင့်သည်။

မခွဲစိတ်ဘဲကုသသည့် နည်းလမ်း
  • ဆေးဝါးဖြင့်ကုသခြင်း
    • အကိုက်အခဲပျောက်ဆေးများ၊ ကြွက်သားပျော့ဆေးများ အသုံးပြုနိုင်သည်
    • ရောဂါကြာမြင့်မှု၊ အာရုံကြောနာကျင်မှုအပေါ် မူတည်ပြီး အာရုံကြောအားဆေးများ၊ စိတ်ကျရောဂါပျောက်ဆေးများ အသုံးပြုနိုင်သည်
  • ကာယကုထုံး _ လေ့ကျင့်ခန်းကုထုံးများ၊ ကြွက်သားသန်မာရေးကုထုံးများဖြင့် ကုသသည်
  • ခါးရိုးအတွင်းသို့ ဆေးထိုးခြင်း _ ခါးရိုးဆစ်ကြားရှိ ရောင်နေသော အာရုံကြောတစ်ဝိုက်သို့ စတီးရွိုက်ဆေးကို ထိုးခြင်းဖြင့် နာကျင်မှုကို သက်သာစေနိုင်သည်
  • အပ်စိုက်ကုသခြင်း
  • ခါးရိုးထိန်းခါးပတ်များ (Back braces) များ ဝတ်ခြင်းဖြင့်လည်း ခါးဆစ်ရိုးအနေအထား မှန်ကန်စေကာ နာကျင်မှုသက်သာနိုင်သည် [ဥပမာ_ခါးဆစ်ရိုးလွဲခြင်း (Spondylolisthesis)]
ခွဲစိတ်ကုသသည့် နည်းလမ်း

ခါးကြောညှပ် ခြေထောက်ထုံကျဉ်နာကျင်ခြင်း (Sciatica) ရောဂါလက္ခဏာခံစားရသူ လူနာအားလုံး၏ (၈၀-၉၀) ရာခိုင်နှုန်းခန့်မှာ ခွဲစိတ်မှုမလိုအပ်သော်လည်း နာကျင်ထုံကျဉ်မှု ပြင်းထန်ပါက ခွဲစိတ်ကုသမှုသည် အကောင်းဆုံးဖြစ်သည်။ ခါးကြောညှပ် ခြေထောက် ထုံကျဉ်နာကျင်ခြင်း (Sciatica) ဖြစ်စေသည့် အကြောင်းရင်းအလိုက် ခွဲစိတ်ကုသမှု ပုံစံကွာခြားနိုင်သည်။ ခွဲစိတ်ကုသမည့်ဆရာဝန်မှ မခွဲစိတ်မီ ခွဲစိတ်ကုသမှု၏ ကောင်းကျိုးနှင့် ဖြစ်ပေါ်နိုင်သည့် ဘေးထွက်ဆိုးကျိုးများကို ရှင်းပြပေးမည်ဖြစ်သည်။

ကာကွယ်ခြင်း

ခါးကြောညှပ် ခြေထောက်ထုံကျဉ်နာကျင်ခြင်း (Sciatica) ဖြစ်စေသည့် အချို့အကြောင်းအရာများကို ကာကွယ်နိုင်သော်လည်း အကြောင်းရင်းရှာမတွေ့သည့် အခြေအနေများအတွက်မူ ကာကွယ်မှု မပြုလုပ်နိုင်ပါ။ ခန္ဓာကိုယ်အနေအထား မှန်ကန်အောင်နေခြင်း၊ ဆေးလိပ်ဖြတ်ခြင်း၊ ကိုယ်အလေးချိန်ထိန်းခြင်း၊ နေ့စဉ်ဘဝတွင် လှုပ်ရှားတက်ကြွစွာ နေထိုင်ခြင်းနှင့် လေ့ကျင့်ခန်းလုပ်ခြင်းများသည် ကာကွယ်နည်းများပင်ဖြစ်သည်။

References:

  1. Cleveland Clinic. (n.d.). Sciatica. Retrieved December 26, 2025, from https://my.clevelandclinic.org/health/diseases/12792-sciatica
  2. Mayo Clinic. (n.d.). Sciatica: Symptoms and causes. Retrieved December 26, 2025, from https://www.mayoclinic.org/diseases-conditions/sciatica/symptoms-causes/syc-2037743
  3. Solomon, L., Warwick, D., Nayagam, S., & Apley, A. G. (2018). Apley’s system of orthopaedics and fractures (10th ed.). CRC Press.

Published: 19 December 2024

Last updated: 14 January 2026

Share

26 December 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.