ရောဂါပိုးများကြောင့်ဖြစ်သော ဦးနှောက်ရောင်ခြင်းများနှင့်ယှဉ်လျှင် ရှားပါးသည်ဟု ဆိုနိုင်သော်လည်း ကိုယ်ခံအား မူမမှန်တုံ့ပြန်ခြင်းကြောင့် ဖြစ်ပွါးသော ဦးနှောက်ရောင်ခြင်းများကို ဆေးပညာတိုးတက်မှုများအရ ယခုနောက်ပိုင်း တဖြည်းဖြည်း အတွေ့ရများလာသည်။ မူမမှန်ကိုယ်ခံအားစနစ်ကြောင့်ဖြစ်သော ဦးနှောက်ရောင်ခြင်း အမျိုးအစားများ များစွာရှိသော်လည်း Acute Disseminated Encephalo-Myelitis (ADEM) နှင့် Anti-N-methyl- D-aspartate (anti-NMDA) receptor encephalitis ဟုခေါ်သော ဦးနှောက်ရောင်ခြင်း အမျိုးအစားနှစ်မျိုးကို ကလေးများတွင် အတွေ့ရများသည်။ နောက်ဆက်တွဲပြဿနာ များစွာရှိသော်လည်း စောစီးစွာသိရှိလျှင် ထိထိရောက်ရောက် ကုသနိုင်သော ရောဂါအုပ်စုဖြစ်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
အများစုတွင် ကိုယ်ခံအား မူမမှန် အလွန်အကျွံတုံ့ပြန်မှုကြောင့် ဖြစ်ပွါးကြောင်း သိသာသော်လည်း အကြောင်းရင်းကို ရှာဖွေတွေ့ရှိခြင်း မရှိသေးပါ။
ခန္ဓာကိုယ်အတွင်းသို့ ပိုးမွှားများ အထူးသဖြင့် ဗိုင်းရပ်စ်ပိုးများဝင်ရောက်လာသောအခါ ခန္ဓာကိုယ်၏ ခုခံစွမ်းအားက အဆိုပါပိုးများကို တိုက်ခိုက်ရမည့်အစား ဦးနှောက်၏အစိတ်အပိုင်း၊ ဦးနှောက်ပရိုတင်း စသည်တို့ကို မှားယွင်းတိုက်ခိုက်သောကြောင့် ရောဂါဖြစ်ပေါ်လာနိုင်သည်။ ထို့ပြင် ရောဂါဖြစ်ပေါ်လာမှုသည် ကလေး၏ မျိုးဗီဇ၊ ကင်ဆာအဖုအကျိတ်များ စသည်တို့နှင့်လည်း ဆက်စပ်မှုရှိနိုင်သည်။ တိုက်ခိုက်ဖျက်ဆီးခံရသည့် ဦးနှောက်အစိတ်အပိုင်းပေါ် မူတည်ပြီး ရောဂါလက္ခဏာများကွဲပြားကာ ရောဂါအမည်အုပ်စုများလည်း ခွဲခြားထားသည်။ Anti-N-methyl- D-aspartate (anti-NMDA) receptor encephalitis ဟုခေါ်သော ဦးနှောက်ရောင်ရောဂါသည် လူကြီးများတွင် သားဥအိမ်၊ မျိုးပွါးအင်္ဂါ အကျိတ်တစ်မျိုးနှင့် ယှဉ်တွဲတွေ့ရတတ်သော်လည်း ကလေးများတွင် တွေ့ရလေ့မရှိပါ။
ရောဂါလက္ခဏာများ
တချို့သောကလေးများတွင် ဦးနှောက်ရောင်ရောဂါမပေါ်မီ ဗိုင်းရပ်စ်ပိုးဝင်သည့် လက္ခဏာများဖြစ်သည့် နှာစေးချောင်းဆိုးခြင်း၊ ဖျားနာခြင်းစသည်တို့ တစ်ပတ်၊ နှစ်ပတ်ခန့် ကြို၍ဖြစ်တတ်သည်။ သို့သော် နှာစေးချောင်းဆိုးတိုင်း၊ ဖျားနာတိုင်း အဆိုပါရောဂါများ ဖြစ်လာနိုင်သည်ဟု မဆိုလိုပါ။ ထို့ပြင် ကြိုတင်ကာကွယ်၍လည်း မရပါ။
လူနာတွင် ဖြစ်ပေါ်ခံစားရသည့် ရောဂါလက္ခဏာများသည် ထိခိုက်သော ဦးနှောက်အစိတ်အပိုင်းပေါ် မူတည်ပြီး ကွဲပြားနိုင်သည်။ အများအားဖြင့် ဖျားခြင်း၊ ပျို့အန်ခြင်း၊ နုံးချည့်ခြင်း၊ မှိန်းခြင်း၊ ခေါင်းကိုက်ခြင်းစသည့် ယေဘုယျလက္ခဏာများ တွေ့ရှိနိုင်သည်။
Acute Disseminated EncephaloMyelitis (ADEM) ဟုခေါ်သော ဦးနှောက်ရောင်ခြင်းမျိုးတွင် အထက်ပါလက္ခဏာများအပြင် ဦးနှောက်နှင့် ကျောရိုးအာရုံကြောမကြီးကိုထိခိုက်ပြီး၊ သတိလစ်ခြင်း၊ တက်ခြင်း၊ ခြေထောက်များမလှုပ်နိုင်ခြင်း၊ ဆီးချုပ်ဝမ်းချုပ်ခြင်း သို့မဟုတ် ဆီး၊ ဝမ်းမထိန်းနိုင်ခြင်းတို့ ဖြစ်တတ်သည်။
Anti-N-methyl- D-aspartate (anti-NMDA) receptor encephalitis ဟုခေါ်သော ဦးနှောက်ရောင်ခြင်းတွင် အတွေ့များသောလက္ခဏာများမှာ တက်ခြင်း၊ ခြေလက် ပါးစပ် စသည်တို့၌ အကြောဆွဲခြင်း၊ စိတ်ပိုင်းဆိုင်ရာ ပုံမှန်မဟုတ်ခြင်း၊ အမူအကျင့်ပြောင်းလဲခြင်း၊ မအိပ်စက်နိုင်ခြင်း၊ စကားပြောပုံစံပြောင်းသွားခြင်း သို့မဟုတ် စကားမပြောတော့ခြင်း၊ သတိလစ်ခြင်းစသည်တို့ ဖြစ်တတ်သည်။
နောက်ဆက်တွဲပြဿနာများ
အသက်ဆုံးရှုံးနိုင်ခြင်း၊ မသန်စွမ်းဖြစ်ခြင်း၊ ဉာဏ်ရည်ထိခိုက်ခြင်း၊ အကြောဆွဲခြင်း၊ အတက်ရောဂါဖြစ်ခြင်း၊ ဆီးပိုးဝင်ခြင်း စသည်တို့ ဆက်လက်ဖြစ်ပွါးနိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
အထက်ပါအခြေအနေများသည် အရေးပေါ်အခြေအနေဖြစ်နိုင်ပြီး အသက်အန္တရာယ်ရှိနိုင်သဖြင့် အရေးပေါ်ဆေးကုသမှုများ လိုအပ်နိုင်သောကြောင့် ဆေးရုံအရေးပေါ်ဌာနများသို့ အချိန်မီပြသ ကုသမှုခံယူရန်လိုသည်။
ရောဂါရှာဖွေခြင်း
ရောဂါလက္ခဏာများသည် ရောဂါပိုးများကြောင့်ဖြစ်သော ဦးနှောက်ရောင်လက္ခဏာများနှင့် တူညီသဖြင့် အစပိုင်းတွင် သင့်တော်သော ပဋိဇီဝပိုးသတ်ဆေးများပေး၍ စတင်ကုသလေ့ရှိသည်။ တစ်ပြိုင်နက်ထဲတွင် လိုအပ်သောစမ်းသပ်မှုများ [ဥပမာ _ သွေးစစ်ခြင်း၊ ကွန်ပျူတာဓာတ်မှန် (CT scan)၊ သံလိုက်ဓာတ်မှန် (MRI) ရိုက်ခြင်း၊ ခါးဆစ်ကြားမှတစ်ဆင့် CSF အရည်ကိုယူ၍ ဓာတ်ခွဲစမ်းသပ်ခြင်း (lumbar puncture) စသည်] ကို ကလေး၏ ရောဂါလက္ခဏာပေါ် မူတည်ပြီး ပြုလုပ်ရသည်။ ADEM ရောဂါအတွက် ဦးနှောက်နှင့် ကျောရိုးအာရုံကြောမကြီး သံလိုက်ဓာတ်မှန် (MRI) ရိုက်ခြင်းဖြင့် တိတိကျကျသိနိုင်သကဲ့သို့ Anti-NMDA ဦးနှောက်ရောင်ခြင်းအတွက် သက်ဆိုင်ရာ NMDA receptor antibody ဟုခေါ်သော ပဋိပစ္စည်းများကို သွေးနှင့် CSF အရည်တို့မှ ရှာဖွေသိရှိနိုင်သည်။
ကုသခြင်း
စမ်းသပ်စစ်ဆေးချက်များအရ အထက်ပါရောဂါနှစ်မျိုးအနက် တစ်မျိုးဖြစ်ကြောင်း တွေ့ရှိပါက သက်ဆိုင်ရာကုသမှုများကို အမြန်ဆုံးစတင်ရမည်ဖြစ်သည်။ ကိုယ်ခံအား မူမမှန်အလွန်အကျွံတုံ့ပြန်မှုကြောင့် ဖြစ်ပွါးသော ရောဂါဖြစ်သဖြင့် ကိုယ်ခံအားကို ထိန်းချုပ်ပေးသော စတီးရွိုက်ဆေးများ (Steroids) နှင့် Immunoglobulin ဆေးများ၊ ပဋိပစ္စည်းများကို ဖယ်ထုတ်ပေးနိုင်သည့် သွေးလဲလှယ်ကုထုံးများ (Therapeutic plasma exchange) ဖြင့် ကုသရသည်။ အခြားလက္ခဏာများပေါ် မူတည်၍ အတက်ကျဆေး၊ စိတ်ငြိမ်ဆေး၊ အိပ်ဆေးစသည်တို့လည်း အသုံးပြုရသည်။ သတိလစ်နေသော ကလေးများအတွက် မိဘ သို့မဟုတ် သူနာပြုများ၏ အနီးကပ်ပြုစုမှုသည်လည်း အရေးကြီးသည် (ဥပမာ _ တစ်ကိုယ်ရေသန့်ရှင်းရေး၊ အစားအသောက်၊ လေ့ကျင့်ခန်းများစသည်တို့ ပြုလုပ်ပေးရသည်)။ ပြန်လည်နလန်ထူလာသောအချိန်တွင်လည်း အစားအစာ မျိုချစားသောက်နိုင်ခြင်း၊ ကိုယ်လက်အစိတ်အပိုင်းများ၏ လှုပ်ရှားသွားလာခြင်း၊ စကားပြောစွမ်းရည်နှင့် အသိဉာဏ်ဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာစွမ်းရည်များ စသည်တို့ကို ပြန်လည်ပြုစုပျိုးထောင်ပေးရန်၊ သင်ကြားလေ့ကျင့်ပေးရန် အရေးကြီးသည်။
ကာကွယ်ခြင်း
ပိုးမွှားများကြောင့်ဖြစ်သော ဦးနှောက်အမြှေးရောင်၊ ဦးနှောက်ရောင်ရောဂါများကဲ့သို့ ကာကွယ်ဆေးများဖြင့် အဓိကကာကွယ်ရသော ရောဂါမျိုးမဟုတ်ပါ။ ကိုယ်ခံအားကို ထိန်းညှိပေး၍လည်း ကြိုတင်မကာကွယ်နိုင်ပါ။ အရေးအကြီးဆုံးအချက်မှာ ဤရောဂါများသည် ရှားပါးသော်လည်း ဖြစ်နိုင်ခြေရှိသည်ဟု ဆရာဝန်များဘက်မှ အမြဲသတိရှိနေရန်နှင့် ရောဂါလက္ခဏာများနှင့် ယဉ်ပါးနေရန်ဖြစ်သည်။ မိဘများဘက်မှလည်း ဤရောဂါများနှင့်ပတ်သက်သော ဗဟုသုတများ အသင့်အတင့်ရှိနေသင့်သည်။ သို့မှသာ ရောဂါဖြစ်ပွါးလျှင် စောစီးစွာသိရှိပြီး ထိရောက်သောကုသမှုများ လျင်မြန်စွာ ပေးနိုင်မည်ဖြစ်သည်။
References:
- Autoimmune Encephalitis Alliance. (2019). Acute disseminated encephalomyelitis (ADEM) fact sheet [PDF]. Retrieved December 14, 2025, from https://autoimmune-encephalitis.org/wp-content/uploads/2019/05/72f61a_a486d279511e4ef3b4256023fae4cc54.pdf
- Cleveland Clinic. (n.d.). Acute disseminated encephalomyelitis (ADEM). Retrieved December 14, 2025, from https://my.clevelandclinic.org/health/diseases/14266-acute-disseminated-encephalomyelitis-adem
- Children’s Hospital of Philadelphia. (n.d.). Acute disseminated encephalomyelitis (ADEM). Retrieved January 15, 2025, from https://www.chop.edu/conditions-diseases/acute-disseminated-encephalomyelitis-adem
- Cleveland Clinic. (n.d.). Adult-onset anti-NMDA receptor encephalitis. Retrieved December 14, 2025, from https://my.clevelandclinic.org/departments/neurological/depts/multiple-sclerosis/ms-approaches/adult-onset-anti-nmda-receptor-encephalitis
- Encephalitis Society. (2023). ADEM in children [PDF]. Retrieved December 14, 2025, from https://www.encephalitis.info/wp-content/uploads/2023/11/FS044V4-ADEM-in-children.pdf
- Encephalitis Society. (2023). NMDAR-antibody encephalitis [PDF]. Retrieved December 14, 2025, from https://www.encephalitis.info/wp-content/uploads/2023/11/FS057V5-NMDAR-antibody-encephalitis.pdf
Published: 7 December 2024
Last updated: 17 January 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.