ငှက်ဖျားရောဂါ (Malaria) ဆိုသည်မှာ အပူပိုင်းဇုံဒေသများတွင် အဓိကတွေ့ရသည်။ ငှက်ဖျားရောဂါသည် စနစ်တကျ ကုသလျှင် ပျောက်ကင်းနိုင်ပြီး ကာကွယ်၍ရသော ရောဂါလည်းဖြစ်သည်။ လူတစ်ဦးမှတစ်ဦးသို့ တိုက်ရိုက်မကူးစက်နိုင်ဘဲ ရောဂါပိုးရှိသည့် ခြင်အကိုက်ခံရခြင်းမှတစ်ဆင့် ကူးစက်သောရောဂါဖြစ်သည်။ ထိရောက်သော ကုသမှုကို မခံယူလျှင် ကိုယ်တွင်းအင်္ဂါများ ထိခိုက်ပျက်စီးပြီး အသက်သေဆုံးသည်အထိ ဆိုးရွားနိုင်သည်။

ဖြစ်ပေါ်ရသော အကြောင်းရင်းများ
ငှက်ဖျားရောဂါကို ဖြစ်ပေါ်စေနိုင်သော ငှက်ဖျားပိုးမျိုးစိတ် (၅) မျိုးရှိသည်။ ၎င်းတို့မှာ Plasmodium falciparum, Plasmodium vivax, Plasmodium ovale, Plasmodium malariae, Plasmodium knowlesi တို့ဖြစ်ကြသည်။ ၎င်းတို့အနက် Plasmodium falciparum အမျိုးအစားသည် အသက်အန္တရာယ် ဖြစ်စေနိုင်သည့် အပြင်းထန်ဆုံးသော မျိုးစိတ်ဖြစ်သည်။ ခြင်မျိုးစိတ် အနော်ဖလစ် (Anopheles) ခြင်သည် ငှက်ဖျားပိုးရှိနေသောလူကို ကိုက်သောအခါ ထိုခြင်၌ ငှက်ဖျားပိုးကူးစက်ခြင်းခံရသည်။ ထိုငှက်ဖျားပိုး သယ်ဆောင်ထားသော ခြင်သည် နောက်လူတစ်ယောက်ကို ထပ်မံကိုက်လိုက်သောအခါ ထိုငှက်ဖျားပိုးသည် ခြင်၏တံတွေးမှတစ်ဆင့် လူ့ခန္ဓာကိုယ်၏ သွေးကြောထဲသို့ ရောက်ရှိသွားသည်။
ငှက်ဖျားပိုးသည် လူ့ခန္ဓာကိုယ်ထဲသို့ ဝင်ပြီးနောက် အသည်းသို့ ရောက်ရှိကာ သားလောင်းအဆင့်မှ ကြီးရင့်လာကြသည်။ ထိုမှတစ်ဆင့် ရက်ပေါင်းများစွာကြာပြီးနောက် သွေးကြောထဲသို့ ဝင်ရောက်ပြီး သွေးနီဥများကို စတင်တိုက်ခိုက်သည်။ (၄၈)နာရီ မှ (၇၂)နာရီအတွင်း ငှက်ဖျားပိုးများသည် သွေးနီဥဆဲလ်များအတွင်း ပွါးများလာပြီး ပေါက်ကွဲထွက်ကာ ရောဂါလက္ခဏာများ ဖြစ်ပေါ်စေသည်။ ခြင်မှတစ်ဆင့် ကူးစက်ခြင်းအပြင် ငှက်ဖျားရောဂါပိုးရှိသောသူ၏ သွေးနှင့်ထိတွေ့မိခြင်းအားဖြင့် ကူးစက်နိုင်သည့် အခြားနည်းလမ်းများမှာ_
- ငှက်ဖျားရောဂါပိုးရှိသော ကိုယ်ဝန်ဆောင်မိခင်မှ ကလေးသို့ ကူးစက်ခြင်း
- ငှက်ဖျားရောဂါပိုးရှိသော သွေးသွင်းမိခြင်း
- ငှက်ဖျားရောဂါရှိသူနှင့် ဆေးထိုးအပ်များကို မျှဝေသုံးစွဲခြင်း
- ကိုယ်တွင်းအင်္ဂါ အစားထိုးကုသခြင်း စသည်တို့ဖြစ်သည်။
စမ်းရေသောက်ခြင်း၊ ငှက်ပျောသီးစားခြင်းတို့ကြောင့် ငှက်ဖျားရောဂါမဖြစ်ပါ။
ကူးစက်နိုင်ခြေများသောသူများမှာ ပူနွေးသောရာသီဥတုရှိသည့် တိုင်းပြည်များ (ဥပမာ _ အာဖရိက၊ အရှေ့တောင်အာရှ၊ အမေရိကန်တောင်ပိုင်း)တွင် နေထိုင်သူများ ဖြစ်ကြသည်။ ငှက်ဖျားရောဂါပိုး ကူးစက်ခံရလျှင် ရောဂါပြင်းထန်နိုင်ခြေများသူများမှာ_
- ကလေးငယ်များ
- အိတ်ချ်အိုင်ဗွီ သို့မဟုတ် အေအိုင်ဒီအက်စ် ရောဂါရှိသူများ
- ကိုယ်ဝန်ဆောင်များ
- ငှက်ဖျားကင်းစင်သောဒေသမှ လာသောခရီးသွားများ ဖြစ်ကြသည်။

ရောဂါလက္ခဏာများ
ငှက်ဖျားရောဂါ၏ ရောဂါလက္ခဏာများမှာ ငှက်ဖျားပိုး ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ပြီးနောက် (၁၀)ရက် မှ (၄)ပတ်အတွင်း စတင်ဖြစ်ပေါ်လေ့ရှိသည်။ အချို့မှာ လပေါင်းများစွာ ကြာသည့်တိုင်အောင် ရောဂါလက္ခဏာ မပြသူများလည်းရှိသည်။ အဖြစ်များသော ရောဂါလက္ခဏာများမှာ_
- ချမ်းတုန်၍ အဖျားကြီးခြင်း
- ချွေးထွက်ခြင်း၊ နုံးနယ်ခြင်း
- ခေါင်းကိုက်ခြင်း
- ပျို့အန်ခြင်း၊ ဗိုက်အောင့်ခြင်း၊ ဝမ်းလျှောခြင်း
- ကြွက်သားများနာကျင်ခြင်း
- အသည်းကြီးပြီး အသားဝါခြင်း
- အသက်ရှူမြန်ခြင်းတို့ ဖြစ်ကြသည်။
အချို့သူများတွင် ငှက်ဖျားပိုးသည် သွေးနီဥဆဲလ်များ၏ (၅) ရာခိုင်နှုန်းကျော်ကို ထိခိုက်သောအခါ ငှက်ဖျားရောဂါမှာ ပိုဆိုးလာပြီး အရေးကြီးသော ကိုယ်တွင်းအင်္ဂါများကို ထိခိုက်သောကြောင့် အောက်ဖော်ပြပါ ရောဂါလက္ခဏာများ ဖြစ်ပေါ်လာနိုင်သည်။
- သွေးအား အလွန်နည်းခြင်း
- ဆီးထဲတွင် သွေးပါခြင်း
- သွေးခဲခြင်း
- သတိလစ်ခြင်း
- တက်ခြင်းအစရှိသော လက္ခဏာများဖြစ်ပေါ်လျှင် အသက်အန္တရာယ်ထိခိုက်နိုင်သော အရေးကြီးသည့်အခြေအနေဖြစ်သည်။

နောက်ဆက်တွဲပြဿနာများ
ဖြစ်ပေါ်နိုင်သော နောက်ဆက်တွဲပြဿနာများမှာ_
- အသည်းလုပ်ငန်းများ ထိခိုက်ပျက်စီးခြင်း
- ကျောက်ကပ်လုပ်ငန်းများ ထိခိုက်ပျက်စီးခြင်း
- ငှက်ဖျားပိုး ဦးနှောက်ထဲသို့ ရောက်ရှိပြီး ဦးနှောက်ရောင်ရမ်းထိခိုက်ခြင်း
- သွေးတွင်းသကြားဓာတ်ကျခြင်း
- ဘေလုံးရောင်ရမ်းပြီး ကွဲထွက်ခြင်း
- ရုတ်တရက် သွေးပေါင်ချိန်ထိုးကျပြီး ရှော့ခ်ရခြင်း
- အဆုတ်တွင် ရေများစုမိပြီး အမောဖောက်ခြင်း
- ရုတ်တရက် အသက်ရှူလုပ်ငန်းများ ထိခိုက်ပြီး မောခြင်း
- ရေဓာတ်ခန်းခြောက်ခြင်းတို့ ဖြစ်ပေါ်နိုင်သည်။

ဆေးရုံ၊ ဆေးခန်းပြသရန်
ငှက်ဖျားရောဂါအဖြစ်များသော နေရာဒေသတွင် နေထိုင်သောသူများ သို့မဟုတ် ငှက်ဖျားရောဂါ အဖြစ်များသောနေရာသို့ ခရီးထွက်ထားသူများသည် ဖျားသည့်အခါတွင် မိသားစုဆရာဝန်များနှင့် တိုင်ပင်ပြသ၍ ငှက်ဖျားရောဂါပိုးစစ်ဆေးပြီး စောစီးစွာ ကုသမှုခံယူရန် လိုအပ်သည်။ အထက်တွင် ဖော်ပြခဲ့သော ပြင်းထန်သော ရောဂါလက္ခဏာများနှင့် နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်ခဲ့လျှင် အသက်အန္တရာယ် ထိခိုက်နိုင်သောကြောင့် ဆေးရုံအရေးပေါ်ဆေးကုဌာနသို့ အမြန်ဆုံးသွားရောက် ကုသမှုခံယူရန် လိုအပ်သည်။
ရောဂါရှာဖွေခြင်း
ငှက်ဖျားရောဂါကို ရှာဖွေရန် ရောဂါရာဇဝင်များကို သေချာစွာမေးမြန်းခြင်း (လတ်တလော ငှက်ဖျားရောဂါအဖြစ်များသော အပူပိုင်းဇုံဒေသများသို့ ခရီးထွက်ခြင်း ရှိမရှိ မေးမြန်းခြင်း)၊ စမ်းသပ်စစ်ဆေးခြင်းများ ပြုလုပ်ပြီး၊ သွေးစစ်ဆေးခြင်း (ငှက်ဖျားပိုး ရှိမရှိနှင့် အကောင်အရေအတွက်ကို စစ်ဆေးခြင်း၊ ငှက်ဖျားပိုး မျိုးစိတ်ကို သိရှိရန်စစ်ဆေးခြင်း၊ ဟီမိုဂလိုဘင်ဓာတ် စစ်ဆေးခြင်း၊ အသည်းလုပ်ငန်းစစ်ဆေးခြင်း၊ ကျောက်ကပ်လုပ်ငန်းစစ်ဆေးခြင်း၊ သွေးတွင်းသကြားဓာတ် စစ်ဆေးခြင်း) တို့ဖြင့် သိရှိနိုင်သည်။ ငှက်ဖျားရောဂါပိုးဝင်လျှင် ထွက်ပေါ်သော ပဋိလှုံ့ပစ္စည်း (Antigen) ကို စစ်ဆေးခြင်းဖြင့် (၁၅) မိနစ်အတွင်း ငှက်ဖျားပိုးရှိကြောင်း သိရှိနိုင်သော်လည်း ထိုသို့စစ်ဆေးခြင်းသည် ပိုးအကောင်အရေအတွက်နှင့် ပိုးမျိုးစိတ် အမျိုးအစားအသေးစိတ်ကို မသိရှိနိုင်ပါ။

ကုသခြင်း
ငှက်ဖျားရောဂါဖြစ်လျှင် ငှက်ဖျားပိုးသတ်ဆေးဖြင့် တတ်နိုင်သမျှ အမြန်ဆုံး ကုသမှုခံယူရန် အရေးကြီးသည်။ ငှက်ဖျားပိုးအမျိုးအစား၊ ရောဂါလက္ခဏာ ပြင်းထန်မှု၊ အသက်အရွယ်နှင့် ကိုယ်ဝန် ရှိမရှိ ပေါ်မူတည်၍ အသုံးပြုမည့် ငှက်ဖျားပိုးသတ်ဆေး အမျိုးအစားနှင့် အချိန်ကာလကို နားလည်တတ်ကျွမ်းသော ဆရာဝန်များ ညွှန်ကြားသည့်အတိုင်း သောက်သုံးရန် အရေးကြီးသည်။ အသုံးပြုနိုင်သော ငှက်ဖျားပိုးသတ်ဆေး အမျိုးအစားများမှာ_
- Artemisinin drugs (artemether and artesunate)
- Atovaquone
- Chloroquine
- Doxycycline
- Mefloquine
- Quinine
- Primaquine တို့ဖြစ်ကြသည်။
အဆိုပါငှက်ဖျားပိုးသတ်ဆေးများကို တစ်မျိုးတည်းဖြစ်စေ၊ ပေါင်းစပ်၍ဖြစ်စေ (ဥပမာအားဖြင့် Artemether-lumefantrine, Atovaquone-proguanil) ကုသခြင်းဖြင့် ရောဂါပျောက်ကင်းနိုင်သည်။
ငှက်ဖျားပိုးသတ်ဆေးများ၏ ဖြစ်ပေါ်တတ်သော ဘေးထွက်ဆိုးကျိုးအချို့မှာ_
- ပျို့အန်ခြင်း
- ဝမ်းသွားခြင်း
- ခေါင်းကိုက်ခြင်း
- နေရောင်ကို မခံနိုင်ခြင်း
- အိပ်မပျော်ခြင်း
- အိပ်မက်ဆိုးများ မက်ခြင်း
- နားအူခြင်း
- တက်ခြင်း
- သွေးအားနည်းခြင်း
- စိတ်ပိုင်းဆိုင်ရာ ပြဿနာများ ခံစားရခြင်းတို့ ဖြစ်ကြသည်။
အချို့သောငှက်ဖျားပိုးသတ်ဆေးများသည် G6PD အင်ဇိုင်းချို့တဲ့သူများတွင် သွေးနီဥများပျက်စီး၍ သွေးအားနည်းခြင်း၊ ဆီးမည်းမည်းသွားခြင်း၊ အသားဝါခြင်းတို့ ဖြစ်ပေါ် နိုင်သည်။ ထို့ကြောင့် G6PD အင်ဇိုင်းချို့တဲ့ခြင်းရှိသူများအနေနှင့် ဆရာဝန်ကို ကြိုတင်အသိပေးခြင်းဖြင့် သွေးနီဥပျက်စီးခြင်း ဖြစ်ပေါ်စေနိုင်သော ငှက်ဖျားပိုးသတ်ဆေး အမျိုးအစားကို ရှောင်ကြဥ်အသုံးပြုနိုင်သည်။
ကာကွယ်ခြင်း
ငှက်ဖျားရောဂါသည် ခြင်မှတစ်ဆင့် ကူးစက်သောရောဂါဖြစ်သောကြောင့် ခြင်ကိုက်မခံရအောင် ကာကွယ်ခြင်းသည် အရေးအကြီးဆုံးဖြစ်သည်။ ငှက်ဖျားရောဂါ အဖြစ်များသော ဒေသတွင် နေထိုင်သူများ၊ ထိုဒေသသို့ ခရီးသွားလာကြမည့်သူများ၊ ခေတ္တနေထိုင်မည့်သူများအနေဖြင့် ခြင်ကိုက်မခံရအောင် ကာကွယ်ရေးနည်းလမ်းများကို စနစ်တကျလိုက်နာခြင်းဖြင့် ငှက်ဖျားရောဂါ ကူးစက်ဖြစ်ပွါးခြင်းမှ ကာကွယ်နိုင်မည်ဖြစ်သည်။
- ခြင်မကိုက်စေရန် ကာကွယ်ခြင်း
- တံခါးနှင့် ပြတင်းပေါက်များတွင် ခြင်လုံစကာများတပ်ခြင်း
- ခြင်ကိုက်မခံရစေရန် ခြင်ပြေးလိမ်းဆေးများ (Mosquito repellents) လိမ်းခြင်း
- အိပ်သည့်အခါ ခြင်ထောင်ထောင်၍ အိပ်ခြင်းနှင့်
- အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည် ဝတ်ဆင်ခြင်းတို့ကို ဆောင်ရွက်သင့်သည်။
- ငှက်ဖျားဆေးဝါးများ ကြိုတင်သောက်သုံးခြင်းအားဖြင့် ရောဂါကာကွယ်ခြင်း (Chemoprophylaxis)
- ငှက်ဖျားရောဂါ အဖြစ်များသည့် ဒေသများသို့ ခရီးသွားလာမည့်သူများသည် ငှက်ဖျားဆေးများကို ညွှန်ကြားသည့်အတိုင်း ကြိုတင်သောက်သုံးခြင်းဖြင့် ငှက်ဖျားရောဂါ ကူးစက်နိုင်ခြေကို များစွာ လျှော့ချပေးနိုင်သည်
- Atovaquone-proguanil, Mefloquine, Primaquine, Doxycycline စသည့် ဆေးဝါးများကို သွားလာမည့်ဒေသ၊ ကြာမြင့်မည့်အချိန်၊ ငှက်ဖျားပိုး အမျိုးအစားနှင့် G6PD အင်ဇိုင်းချို့တဲ့ခြင်း စသည့်အချက်များပေါ် မူတည်၍ ဆရာဝန်က ရွေးချယ်ပေးမည်ဖြစ်သည်။
- ငှက်ဖျားကာကွယ်ဆေး (Malaria vaccine)
- ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ ငှက်ဖျားရောဂါကူးစက်နှုန်းနှင့် ဖြစ်ပွါးမှုနှုန်းများသော ဒေသများတွင် နေထိုင်သည့် ကလေးငယ်များကို ပြင်းထန်ငှက်ဖျားပိုး Plasmodium falciparum ကူးစက်ခြင်းမှ ကာကွယ်ရန် ငှက်ဖျားကာကွယ်ဆေးများကို ထိုးနှံသင့်ကြောင်း လမ်းညွှန်ထားသည်
- လက်ရှိတွင် ထိုးနှံနိုင်သော ငှက်ဖျားကာကွယ်ဆေးများမှာ RTS,S နှင့် R21 ဆေး (၂) မျိုးဖြစ်သည်
- ကာကွယ်ဆေးများကို အသက် (၅) လနှင့်အထက် ကလေးငယ်များတွင် တစ်လခြားစီ တစ်ကြိမ်နှင့် စုစုပေါင်း (၄) ကြိမ် ထိုးနှံထားရန် လိုအပ်သည်။
References:
- Cleveland Clinic. (n.d.). Malaria. Retrieved December 9, 2025, from https://my.clevelandclinic.org/health/diseases/15014-malaria
- WebMD. (n.d.). Malaria. Retrieved December 9, 2025, from https://www.webmd.com/a-to-z-guides/malaria
- Healthline. (n.d.). Malaria. Retrieved December 9, 2025, from https://www.healthline.com/health/malaria
- Medical News Today. (n.d.). Everything you need to know about malaria. Retrieved December 9, 2025, from https://www.medicalnewstoday.com/articles/150670
- Mayo Clinic. (n.d.). Malaria: Symptoms and causes. Retrieved December 9, 2025, from https://www.mayoclinic.org/diseases-conditions/malaria/symptoms-causes/syc-20351184
- Mayo Clinic. (n.d.). Malaria: Diagnosis and treatment. Retrieved December 9, 2025, from https://www.mayoclinic.org/diseases-conditions/malaria/diagnosis-treatment/drc-20351190
- World Health Organization. (n.d.). Q&A on RTS,S malaria vaccine. Retrieved December 9, 2025, from https://www.who.int/news-room/questions-and-answers/item/q-a-on-rts-s-malaria-vaccine
Published: 7 December 2024
Last updated: 20 January 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.