Bladder Cancer (ဆီးအိမ်ကင်ဆာ)

Bladder Cancer (ဆီးအိမ်ကင်ဆာ)

ဆီးအိမ်ကင်ဆာရောဂါ (Bladder cancer) သည် ဆီးလမ်းကြောင်းဆိုင်ရာ ကင်ဆာရောဂါများ၌ အဖြစ်အများဆုံး ဆီးကျိတ်ကင်ဆာနောက်တွင် ဒုတိယအဖြစ်အများဆုံးဖြစ်သည်။ ရောဂါကို စောစီးစွာသိရှိက ထိရောက်စွာကုသနိုင်ပြီး ရောဂါပျောက်ကင်းနိုင်ခြေများသည်။

Bladder cancer image 1
ဖြစ်ပေါ်ရသော အကြောင်းရင်းများ

ဆီးအိမ်အတွင်းရှိ ပုံမှန်ဆဲလ်များသည် မျိုးဗီဇ ချို့ယွင်းလာမှုကြောင့် ကင်ဆာဆဲလ်များအဖြစ် ပြောင်းလဲသွားသည်။ ယင်းကင်ဆာဆဲလ်များ အဆမတန် ပွားများလာပြီးနောက် ပုံမှန်တစ်ရှူးများအတွင်းသို့ ဖောက်ဝင်ကာ ကင်ဆာအကျိတ် ဖြစ်လာသည်။

ဆီးအိမ်ကင်ဆာ ဖြစ်နိုင်သည့်အကြောင်းရင်းများကို တိကျစွာ မသိရှိသော်လည်း အဓိကအားဖြင့် ဓာတုပစ္စည်းများဖြင့် ကြာရှည်ထိတွေ့ခြင်းကြောင့် အဖြစ်များသည်။

ကင်ဆာပိုမိုဖြစ်ပွါးစေနိုင်သော အချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

  • ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းများ သုံးစွဲခြင်း
    ဥပမာ _ ဆေးလိပ်သောက်သုံးခြင်းနှင့် တစ်ဆင့်ခံ ဆေးလိပ်ငွေ့ရှူရှိုက်ခြင်း (ဆေးလိပ်သောက်သူများသည် ဆေးလိပ်မသောက်သူများထက် (၂)ဆ မှ (၆)ဆအထိ အဖြစ်ပိုများသည်)
  • ရာဘာထုတ်လုပ်ရေးနှင့် ဆိုးဆေးထုတ်လုပ်ရေးတွင် အသုံးပြုသည့် ဓာတုပစ္စည်းများ – Aniline dyes ဟုခေါ်သော ဆိုးဆေး အသုံးပြုသည့် စက်ရုံများတွင် အလုပ်လုပ်သူများ
  • ပျမ်းမျှအသက် (၇၀) နှစ်ဝန်းကျင် (မှတ်ချက် _ အသက်အရွယ်မရွေးဖြစ်တတ်သည်)
  • အမျိုးသားများ
  • ဆီးအိမ်ကင်ဆာ မျိုးဗီဇရှိသူများ
  • မကြာခဏ သို့မဟုတ် နာတာရှည် ဆီးပိုးဝင်ခြင်းနှင့် ဆီးအိမ်ရောင်ရမ်းခြင်း
  • ဆီးအိမ်ကျောက်တည်ခြင်း၊ ဆီးပိုက်ကြာမြင့်စွာ ထည့်ထားခြင်း (Squamous cell carcinoma – SCC ဟုခေါ်သည့် ဆီးအိမ်ကင်ဆာအမျိုးအစား ဖြစ်နှုန်းများစေသည်)
  • Schistosoma haematobium ဟုခေါ်သော ကပ်ပါးကောင် ကူးစက်ခံရခြင်း
    (ထိုကပ်ပါးကောင်များသည် ခရုများမှပါလာတတ်ပြီး လူ၏အရေပြားကို ဖောက်ဝင်တတ်သည်၊ ရောဂါကူးစက်ခံရသောလူများ၏ ဆီးနှင့်ဝမ်းများထဲမှတစ်ဆင့်လည်း ထိုကပ်ပါးကောင်များ ကူးစက်တတ်သည်)
ရောဂါလက္ခဏာများ

ဆီးအိမ်ကင်ဆာဖြစ်သူများ၏ (၈၀) မှ (၉၀) ရာခိုင်နှုန်းခန့်သည် နာကျင်မှုမရှိသော ဆီးထဲသွေးပါခြင်း လက္ခဏာကို အဓိကဖော်ပြတတ်သည်။

အခြားလက္ခဏာများမှာ_

  • ဆီးကျဥ်ခြင်း
  • ဆီးခဏခဏ သွားခြင်း
  • ဆီးသွားရခက်ခဲခြင်း၊ ဆီးကျန်ခြင်း
  • ခါးနာခြင်း၊ ဗိုက်အောင့်ခြင်း
  • ခြေထောက် ဖောရောင်ခြင်းတို့ဖြစ်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်

အထက်ပါ ရောဂါလက္ခဏာများ (အထူးသဖြင့် နာကျင်မှုမရှိသော ဆီးထဲသွေးပါခြင်း) ကို သတိပြုမိပါက မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန်လိုသည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်း၊ ဓာတ်မှန်ရိုက်ခြင်းဖြင့် ရောဂါရှာဖွေ ကုသပေးမည်။ လိုအပ်ပါက သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ဆက်လက်ဆောင်ရွက်မည်ဖြစ်သည်။

ရောဂါရှာဖွေခြင်း

မိသားစုဆရာဝန်မှ ရောဂါရာဇဝင်နှင့် လက္ခဏာများကို အသေးစိတ်မေးမြန်းခြင်း၊ ဝမ်းဗိုက်၊ ဆီးလမ်းကြောင်းနှင့် ပတ်သက်သော မျိုးပွါးအင်္ဂါတို့ကို စမ်းသပ်စစ်ဆေးခြင်းများ ပြုလုပ်မည်ဖြစ်သည်။ ထို့နောက် ရောဂါအတည်ပြုရန်အတွက် အောက်ပါဆေးစစ်ချက်များကို ဆက်လက်ပြုလုပ်မည်ဖြစ်သည်။

  • ဆီးစစ်ခြင်း (urinalysis, urine cytology) – ဆီးထဲတွင် ဆီးပိုးဝင်ခြင်းလက္ခဏာများနှင့် ကင်ဆာဆဲလ်များကို စစ်ဆေးနိုင်သည်
  • ဆီးအိမ်အတွင်းသို့ မှန်ပြောင်းကြည့်ခြင်း (cystoscopy) – ဆီးစွန့်ပြွန် (Urethra) မှတစ်ဆင့် မှန်ပြောင်းထည့်၍ ဆီးအိမ်အတွင်းသို့ ကြည့်ရှုစစ်ဆေးပြီး၊ ကင်ဆာအကျိတ်ဟု သံသယရှိပါက အသားစယူ၍ စစ်ဆေးနိုင်သည်၊ ဆီးအိမ်အတွင်း မှန်ပြောင်းကြည့်ခြင်းသည် ဆီးအိမ်ကင်ဆာကို စစ်ဆေးရှာဖွေနိုင်သော အကောင်းဆုံးနည်းဖြစ်သည်
  • ကွန်ပျူတာဓာတ်မှန် (CT urogram) – ပုံရိပ်များကို ပိုမိုပြတ်သားစွာ မြင်နိုင်ရန် Contrast ထိုးဆေးကို သွေးပြန်ကြောမှတစ်ဆင့်ထိုး၍ ကွန်ပျူတာဓာတ်မှန်ရိုက်ပြီး၊ ဆီးလမ်းကြောင်းဖွဲ့စည်းပုံ ပုံမှန်ဟုတ်မဟုတ်၊ ဆီးလမ်းကြောင်းရှိ ကျောက်များ၊ ကျောက်ကပ်အရည်အိတ်များ၊ ကင်ဆာအကျိတ်များ ရှိမရှိ ကြည့်နိုင်သည်

ဆီးအိမ်ကင်ဆာရှိကြောင်း အတည်ပြုပြီးလျှင် ကင်ဆာဆဲလ်များ ခန္ဓာကိုယ်အတွင်း ပျံ့နှံ့မှုကို သိရှိရန် ကွန်ပျူတာဓာတ်မှန် (CT scan)၊ သံလိုက်ဓာတ်မှန် (MRI) စသည်တို့ကို ထပ်မံပြုလုပ်မည်ဖြစ်သည်။

  • ကင်ဆာအဆင့်သတ်မှတ်ခြင်း (Staging)
    ကင်ဆာအဆင့်သတ်မှတ်ခြင်း ဆိုသည်မှာ ကင်ဆာဆဲလ်ပမာဏနှင့် တည်နေရာကို ရှာဖွေဖော်ထုတ် မှတ်တမ်းတင် ခွဲခြားထားခြင်းဖြစ်သည်။ လူနာအတွက် အကောင်းဆုံး ကုသမှုနည်းလမ်းများ ဆုံးဖြတ်ရာတွင် ထည့်သွင်းစဉ်းစားရသော အချက်များထဲမှ တစ်ခုအပါအဝင်ဖြစ်သည်။ ကင်ဆာဆဲလ်များ ဆီးအိမ်ပြင်ပသို့ ပျံ့နှံ့ခြင်း ရှိမရှိ၊ ပြန်ရည်ကျိတ်များ၊ အခြားကိုယ်ခန္ဓာအစိတ်အပိုင်းများသို့ ပျံ့နှံ့ခြင်း ရှိမရှိပေါ် မူတည်ပြီး ကင်ဆာအဆင့်သတ်မှတ်သည်။
  • ကင်ဆာဆဲလ်ပုံစံအဆင့် သတ်မှတ်ချက် (Grading)
    ကင်ဆာဆဲလ်များသည် မူလပုံမှန်ဆဲလ်များနှင့် ပုံသဏ္ဍာန်ဆင်တူမှု ရှိသေးပါက Low-grade ဟုခေါ်သည်။ ထိုဆဲလ်ပါဝင်သော အကျိတ်များသည် ကြီးထွားပျံ့နှံ့မှု နှေးသည်။ မူလဆဲလ်ပုံစံနှင့် လုံးဝမတူဘဲ ပုံပျက်နေသော ကင်ဆာဆဲလ်များကို High-grade ဟု သတ်မှတ်ပြီး ၎င်းဆဲလ်များသည် ကြီးထွားမှုနှင့် ကြွက်သားအလွှာ၊ အခြားတစ်ရှူးများသို့ ပျံ့နှံ့မှု မြန်ဆန်ကာ ပြင်းထန်သော အမျိုးအစားဖြစ်သည်။

ကင်ဆာဆဲလ်များသည် မူလပုံမှန်ဆဲလ်များနှင့် မည်မျှဆင်တူသေးသည့်အချက်ကို ဖော်ပြခြင်းကို Grading ဟု ခေါ်၍ ကင်ဆာဆဲလ်များ ပျံ့နှံ့မှု ဖော်ပြခြင်းကို Staging ဟုခေါ်သည်။

ကင်ဆာပျံ့နှံ့မှု သတ်မှတ်ချက် (Staging)

  • Stage I (TA, T1 or CIS) – ကင်ဆာအကျိတ်သည် ဆီးအိမ်၏ အတွင်းနံရံမျက်နှာပြင်၌သာ ရှိပြီး ဆီးအိမ်ကြွက်သားအလွှာသို့ မပျံ့နှံ့သေးသောအဆင့်
  • Stage II – အကျိတ်သည် ဆီးအိမ်၏ ကြွက်သားအလွှာတွင်းသို့ တိုးဝင်ပျံ့နှံ့သောအဆင့်
  • Stage III – အကျိတ်သည် ကြွက်သားအလွှာ၏ အပြင်ဘက်အဆီလွှာအထိ ပျံ့နှံ့သောအဆင့်
  • Stage IV – ကင်ဆာသည် ဆီးအိမ်မှတစ်ဆင့် ပြန်ရည်ကျိတ်များနှင့် အခြားကိုယ်တွင်းအင်္ဂါများနှင့် အရိုးများသို့ ပျံ့နှံ့သောအဆင့်
ကုသခြင်း

ကင်ဆာအမျိုးအစား၊ ပျံ့နှံ့မှုအတိုင်းအတာ၊ ကင်ဆာအဆင့်တို့အပေါ်တွင် မူတည်၍ အောက်ဖော်ပြပါ ကုထုံးများကို အသုံးပြုသည်။ တစ်မျိုးတည်းပေးနိုင်သလို ကုထုံးများကို ပေါင်းစပ်ကုသမှုများလည်း ပြုလုပ်သည်။

  1. ခွဲစိတ်ကုသခြင်း
    • Transurethral resection of bladder tumour (TURBT)
      • ဆီးစွန့်ပြွန်မှတစ်ဆင့် ဆီးအိမ်တွင်းကြည့်မှန်ပြောင်း အကူအညီဖြင့် လျှပ်စစ်ဝိုင်ယာကိုထည့်ပြီး ကင်ဆာဆဲလ်များရှိရာနေရာအား အပူပေးကာ ခြစ်ထုတ်ခြင်းဖြစ်သည်
      • ကင်ဆာဆဲလ်များ ဆီးအိမ်၏ ကြွက်သားလွှာသို့ ပျံ့နှံ့မှုမရှိသော အဆင့်တွင် ပြုလုပ်​သည်
      • ကင်ဆာဆဲလ်ပျံ့ပွားမှု အခြေအနေပေါ်မူတည်၍ ဆီးပိုက်မှတစ်ဆင့် ဆီးအိမ်အတွင်းသို့ ကင်ဆာဆေးသွင်းခြင်းကို ဆက်လက်ပြုလုပ်ရသည်
    • Cystectomy
      • ကင်ဆာကျိတ်တည်ရှိသော ဆီးအိမ်၏အစိတ်အပိုင်းကို ခွဲစိတ်ဖယ်ထုတ်ခြင်း သို့မဟုတ် ဆီးအိမ်တစ်ခုလုံးနှင့် ဆီးအိမ်ပတ်လည်ရှိ ပြန်ရည်ကျိတ်များကို ဖယ်ထုတ်ခြင်းဖြစ်သည်
      • ကင်ဆာဆဲလ်များ ဆီးအိမ်၏ ကြွက်သားလွှာအထိ ပျံ့နှံ့ရောက်ရှိနေသော အခြေအနေတွင် ပြုလုပ်လေ့ရှိသည်
    • Neobladder reconstruction
      • ဆီးအိမ်တစ်ခုလုံး ဖယ်ထုတ်ခွဲစိတ်ခြင်းအတွက် ဆီးအိမ်နေရာကို အစားထိုးရန်အတွက် အူသိမ် သို့မဟုတ် အခြားအူအစိတ်အပိုင်းတစ်ခုကို အသုံးပြု၍ ပြုလုပ်ပေးသည်
  2. ဆီးအိမ်အတွင်းသို့ ဆီးပိုက်မှတစ်ဆင့် ကင်ဆာဆေးများသွင်းခြင်း (Intravesical chemotherapy)
    • ဆီးအိမ်၏ကြွက်သားလွှာသို့ ကင်ဆာဆဲလ်များ ပျံ့နှံ့မှုမရှိသေးသည့် အခြေအနေတွင် ခွဲစိတ်ပြီးနောက် ကင်ဆာပြန်လည်ပွါးများမည့် အခြေအနေကို ကာကွယ်ရန် ကင်ဆာဆေးသွင်းခြင်းကို ပြုလုပ်သည်
  3. ကင်ဆာဆေးဝါးများဖြင့် ကုသခြင်း (Chemotherapy)
    • အခြားကိုယ်တွင်းအင်္ဂါများသို့ ပျံ့နှံ့နေနိုင်သည့် သာမန်မျက်လုံးဖြင့် မမြင်နိုင်သော ကင်ဆာဆဲလ်များကို နှိမ်နင်းရန်အတွက် အသုံးပြုသည်
  4. ဓာတ်ရောင်ခြည်ဖြင့်ကုသခြင်း (Radiation Therapy)
    • ကုသမှုမပေးခင် CT သို့မဟုတ် MRI ရိုက်ပြီး ဓာတ်ရောင်ခြည်ပြရမည့် နေရာအတိအကျကို ရှာဖွေသတ်မှတ်ကာ တိတိကျကျ ဓာတ်ရောင်ခြည်ပြခြင်းဖြစ်သည်
    • တစ်ကြိမ်လျှင် (၅) ရက်ခန့် ရောင်ခြည်ပြရန် လိုအပ်ပြီး ရက်သတ္တပတ်ပေါင်းများစွာကြာ ပြသရသည်
    • ဓာတ်ရောင်ခြည်ကုထုံးသည် ပြုလုပ်ချိန် မိနစ်အနည်းငယ်သာကြာပြီး နာကျင်မှုလည်း မခံစားရပါ
    • ဓာတ်ရောင်ခြည်ပြခြင်းကို အောက်ပါအခြေအနေများတွင် ပြုလုပ်သည်။
      • ခွဲစိတ်မှုပြီးနောက်
      • ဆီးအိမ်မဖြတ်ထုတ်လိုသော သို့မဟုတ် ဖြတ်ထုတ်၍မရသော ရောဂါအခြေအနေ
      • ဆီးအိမ်ပြင်ပသို့ ကင်ဆာရောက်ရှိနေသော အဆင့်
      • ဆီးအိမ်ကင်ဆာ အဆင့်မြင့်သောအခြေအနေတွင် ခံစားရသောလက္ခဏာများ သက်သာရန်ပေးခြင်း စသည်တို့ဖြစ်သည်။
  5. ကိုယ်ခံအားကို ပြုပြင်ထိန်းညှိခြင်းဖြင့် ကုသခြင်း (Immunotherapy)
    • ကိုယ်ခံအားမြှင့်တင်သည့်ဆေးဝါး (BCG) ကို ဆီးအိမ်အတွင်းသို့ တိုက်ရိုက်ထည့်သွင်းခြင်း သို့မဟုတ် သွေးကြောမှတစ်ဆင့် သွင်းခြင်းဖြစ်သည်
    • အများအားဖြင့် ကင်ဆာနုသောအဆင့် (ကြွက်သားလွှာအထိ မရောက်သေးသောအဆင့်) တွင် သုံးလေ့ရှိသည်
  6. ကင်ဆာဆဲလ်သီးသန့် ပစ်မှတ်ထားကုသခြင်း (Targeted therapy)
    • ကင်ဆာဆဲလ်များ၏ မျိုးဗီဇအချို့ကို ပစ်မှတ်ထားသောဆေးများ ပေးပြီးကုသခြင်းဖြစ်သည်
    • ကင်ဆာဆဲလ်များတွင် ဆေးဝါးဖြင့်ကုသနိုင်သော မျိုးဗီဇကို တွေ့ရှိလျှင် ဤကုထုံးကို အသုံးပြုသည်
    • အားသာသည့်အချက်မှာ ကင်ဆာမဟုတ်သည့် ပုံမှန်ဆဲလ်များကို မထိခိုက်စေခြင်းဖြစ်သည်။
ရောဂါရလဒ်ခန့်မှန်းချက်

ကင်ဆာဆဲလ်များ ဆီးအိမ်အတွင်း၌သာရှိပြီး ပျံ့နှံ့မှုမရှိသေးစဉ် အခြေအနေတွင် ကုသမှုခံယူပါက လူဦးရေ (၁၀၀) တွင် (၉၆) ယောက်မှာ အနည်းဆုံး နောက် (၅) နှစ်ခန့်အထိ အသက်ရှင်နိုင်သည်။ ဆီးအိမ်ပြင်ပအနီးရှိ ကိုယ်တွင်းအင်္ဂါများ၊ ပြန်ရည်ကျိတ်များသို့ပျံ့နေပါက (၃၉) ရာခိုင်နှုန်းနှင့် ဆီးအိမ်နှင့်ဝေးရာတွင်ရှိသော ကိုယ်တွင်းအင်္ဂါများသို့ ပျံ့နှံ့မှုရှိပါက (၈) ရာခိုင်နှုန်းသာ အသက်ရှင်နိုင်သည်။

ကာကွယ်ခြင်း
  • ဆေးလိပ်သောက်ခြင်းကိုရှောင်ကြဉ်ပါ
  • နေ့စဉ် အနည်းဆုံး (၂) လီတာခန့်အထိ ရေများများသောက်ပါ 
  • ဓာတုပစ္စည်းများနှင့် ထိတွေ့ကိုင်တွယ်၍ အလုပ်လုပ်သူဖြစ်ပါက အန္တရာယ်ကင်းစေရန် ချမှတ်ထားသော ညွှန်ကြားမှုများအတိုင်း လိုက်နာလုပ်ဆောင်ပါ
  • အသီးအရွက်မျိုးစုံ စားသုံးပါ
  • ဆီးအိမ်ကင်ဆာဖြစ်နိုင်သည့် အကြောင်းရင်းများကို စောစီးစွာကုသပါ။

References:

  1. Cleveland Clinic. (2024). Bladder cancer. Retrieved November 7, 2025, from https://my.clevelandclinic.org/health/diseases/14326-bladder-cancer
  2. Kumar, N. B. M. (n.d.). Bladder cancer: Practice essentials, background, anatomy. Medscape. Retrieved November 7, 2025, from https://emedicine.medscape.com/article/438262-overview
  3. Mayo Clinic. (n.d.). Bladder cancer: Symptoms and causes. Retrieved November 7, 2025, from https://www.mayoclinic.org/diseases-conditions/bladder-cancer/symptoms-causes/syc-20356104

Published: 29 November 2024

Last updated: 6 January 2026

Share

26 November 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.