Ingrown toenail and thumbnail (ခြေစွယ် လက်စွယ်ငုပ်ခြင်း)

Ingrown toenail and thumbnail (ခြေစွယ် လက်စွယ်ငုပ်ခြင်း)

ခြေစွယ် လက်စွယ်ငုပ်ခြင်းသည် ခြေသည်း၊ လက်သည်း ဘေးဘက် သို့မဟုတ် ထောင့်စွန်းပိုင်းရှိ အရေပြားအောက် အသားတစ်ရှူးအတွင်းသို့ ခြေသည်း သို့မဟုတ် လက်သည်း တိုးဝင်သွားခြင်းဖြစ်သည်။ ခြေမတွင် အဖြစ်များသည်။ ခြေသည်း၊ လက်သည်းထောင့်စွန်းများ တိုအောင် ဝိုက်ညှပ်သည့်အခါ ခြေစွယ် လက်စွယ်ငုပ်လေ့ရှိသည်။ ခြေစွယ်ငုပ်ခြင်းကို ပိုမိုတွေ့ရှိရပြီး နောက်ဆက်တွဲပြဿနာ ပိုများနိုင်သောကြောင့် ခြေစွယ်ငုပ်ခြင်း အကြောင်းကိုသာ ဆက်လက်ဖော်ပြသွားမည်။ လက်စွယ်ငုပ်ခြင်း (Ingrown Thumbnail) သည် ခြေစွယ်ငုပ်ခြင်းထက် ရှားပါးသော်လည်း ဖြစ်ပေါ်ရသော အကြောင်းရင်းများ၊ ရောဂါလက္ခဏာများနှင့် ကုသမှု၊ ကာကွယ်မှု နည်းလမ်းများသည် ခြေစွယ်ငုပ်ခြင်းနှင့် အခြေခံအားဖြင့် အတူတူပင်ဖြစ်သည်။

Ingrown toenail and thumbnail image1
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
  • ခြေသည်း၊ ခြေချောင်းများ ကျပ်နေသော ဖိနပ်စီးခြင်း
  • ခြေသည်းညှပ်သည့်အခါ တိုလွန်းခြင်း သို့မဟုတ် ထောင့်စွန်းများ ဝိုင်းအောင် ညှပ်ခြင်း
  • ခြေသည်းတွင် ထိခိုက်ဒဏ်ရာရခြင်း
  • ခြေသည်းပုံသဏ္ဌာန် ခုံးလွန်းခြင်း
  • ခြေသည်း ပိုးဝင်ခြင်း စသည်တို့ကြောင့် ခြေစွယ်ငုပ်နိုင်သည်။

ခြေစွယ်ငုပ်ခြင်းဖြစ်နိုင်သော အခြေအနေများ

  • ဆယ်ကျော်သက်အရွယ် လူငယ်များ (ချွေးအထွက်များကာ ခြေသည်းပျော့သောကြောင့်ဖြစ်သည်)
  • ခြေသည်းကို တိုအောင်၊ ထောင့်စွန်းများ ဝိုင်းအောင် ညှပ်လေ့ရှိသူများ
  • ခြေသည်း သန့်ရှင်းရေး ပုံမှန်မပြုလုပ်နိုင်သူများ
  • ခြေချောင်းထိခိုက်နိုင်ခြေများသော အားကစားပြုလုပ်သူများ (ဥပမာ _ ပြေးခြင်း၊ ကန်ခြင်း)
  • ဆီးချို‌ရောဂါကဲ့သို့ သွေးလည်ပတ်မှုမကောင်းသော ရောဂါရှိသူများတို့တွင် ခြေစွယ်ငုပ်နိုင်ခြေ ပိုမိုများပြားသည်။
ရောဂါလက္ခဏာများ

ခြေစွယ်ငုပ်သည့်နေရာတွင် အနည်းငယ်မာ၍ ရောင်လာတတ်သည်။ ထိုမှတစ်ဆင့် ခြေသည်းသည် အသားကို ဖောက်ဝင်သွားသည့်အခါ ဘက်တီးရီးယားပိုးဝင်ပြီး အနာရင်းလာသည်။ ထိုအခါ အောက်ဖော်ပြပါ လက္ခဏာများ ခံစားရနိုင်သည်။

  • ကိုက်ခဲခြင်း
  • အရေပြားနီခြင်း သို့မဟုတ် မည်းသွားခြင်း
  • ရောင်ရမ်းခြင်း
  • ခြေချောင်း ပူနွေးလာခြင်း
  • ခြေသည်းအောက်မှ အရည် သို့မဟုတ် ပြည်ထွက်ခြင်း
နောက်ဆက်တွဲပြဿနာများ

ကျန်းမာသူများတွင် နောက်ဆက်တွဲပြဿနာ ဖြစ်လေ့မရှိပါ။ ပိုးဝင်ပြည်တည်ပါက ခြေသည်းဘေး၊ ခြေသည်းအောက်တွင် အမာရွတ်မျှသာ ကျန်ရှိတတ်သည်။ အလွန်ရှားပါးသော ပြဿနာတစ်ခုမှာ အရိုးအတွင်းအထိ ပိုးဝင်ပြီး ရောင်ရမ်းခြင်းဖြစ်သည်။ ဆီးချိုရောဂါ သို့မဟုတ် ခြေထောက်သွေးလည်ပတ်မှု မကောင်း‌သော ရောဂါအခြေအနေများ ရှိပါက အထူးဂရုပြုသင့်သည်။

ဆေးရုံ၊ ဆေးခန်းပြသရန်

အောက်ပါရောဂါလက္ခဏာများကို သတိပြုမိပါက မိမိ၏မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန်လိုသည်။

  • မခံမရပ်နိုင်အောင် နာခြင်း
  • ပြည်ထွက်ခြင်း
  • အရေပြားရောင်ရမ်းမှု ပိုဆိုးလာခြင်း
  • ဆီးချိုရောဂါနှင့် အခြား ခြေထောက်သွေးလည်ပတ်မှု မကောင်း‌သော ရောဂါအခြေအနေများရှိခြင်း
  • ခြေဖဝါးအနာရှိခြင်း
ရောဂါရှာဖွေခြင်း

ဆရာဝန်မှ ရောဂါရာဇဝင် မေးမြန်းခြင်း၊ ခြေသည်း၊ လက်သည်းများနှင့် ခြေသည်း၊ လက်သည်းဝန်းကျင်ရှိ အရေပြားအခြေအနေကို စမ်းသပ်ခြင်းဖြင့် ခြေစွယ်ငုပ်ခြင်းကို သိရှိနိုင်သည်။

ကုသခြင်း

အများအားဖြင့် ခြေစွယ်ငုပ်ခြင်း အနုစားအဆင့်တွင် မိမိကိုယ်ကို ဂရုစိုက်ခြင်း (Self care) ဖြင့် သက်သာပျောက်ကင်းနိုင်ပြီး ခွဲစိတ်ကုသရန် မလိုအပ်ပါ။ ကုသနည်း အမျိုးမျိုးမှာ_

  • ငုပ်ဝင်နေသည့် ခြေသည်းအား အရေပြားတွင်း မတိုးဝင်စေရန် လုပ်ဆောင်ခြင်း
    • သွားကြားထိုးကြိုး သို့မဟုတ် အထူးပြုလုပ်ထားသော သေးငယ်သည့် ပြွန်မာတစ်ချောင်း စသည်တို့ကို အသုံးပြုကာ ငုပ်ဝင်စပြုနေသော ခြေသည်းအား အရေပြားအောက်သို့ ဆက်လက်တိုးဝင်မသွားစေရန် မ တင်ခြင်း၊ သေးငယ်သည့်ဂွမ်းစကို ခြေသည်းအစွန်းအောက်တွင် ခုခံထားခြင်း ပြုလုပ်နိုင်သည်
    • အရေပြားပေါ်သို့ ခြေသည်းရှည်လာရန် (၂)ပတ် မှ (၁၂)ပတ်အထိ ကြာမြင့်နိုင်သည်
  • ခြေသည်း တစ်စိတ်တစ်ပိုင်း သို့မဟုတ် ခြေသည်း တစ်ခုလုံး ဖြတ်ထုတ်ခြင်း (ခြေသည်းခွာခြင်း)
    • ခြေစွယ်ငုပ်ခြင်း ပိုမိုဆိုးဝါးသည့်အခါ ခြေချောင်းကို ထုံဆေးထိုး၍ ငုပ်နေသော ခြေသည်း တစ်စိတ်တစ်ပိုင်း သို့မဟုတ် ခြေသည်း တစ်ခုလုံးကို ဖြတ်ထုတ်ခြင်းဖြစ်သည်
    • ယခင်အတိုင်း ခြေသည်း ပြန်ပြည့်လာရန် (၂)လ မှ (၄)လအထိ ကြာမြင့်နိုင်သည်
  • ပဋိဇီဝပိုးသတ်ဆေးများအသုံးပြုခြင်း
    • ခြေစွယ်ငုပ်ခြင်းမှတစ်ဆင့် ပိုးဝင်ရောင်ရမ်းခြင်း၊ ပြည်တည်ခြင်း ဖြစ်လာသည့်အခါ ပဋိဇီဝပိုးသတ်ဆေးများ လိုအပ်နိုင်သည်
  • ပြည်ဖောက်ထုတ်ခြင်း
    • ပြည်တည်နာ ဖြစ်သွားပါက ပြည်ဖောက်ထုတ်ရန် လိုသည်။ လိုအပ်ပါက ငုပ်နေသော ခြေသည်းကို တစ်ခါတည်းဖြတ်ထုတ်သည်
  • ခြေသည်း ခွဲစိတ်ဖြတ်ထုတ်ခြင်း
    • ခြေစွယ်ငုပ်ခြင်း မကြာခဏ ပြန်ဖြစ်ပါက ခြေချောင်းထုံဆေးအသုံးပြုပြီး ခြေသည်းနှင့်အတူ ခြေသည်းအောက်ခြေအခံ တစ်ရှူး (nail bed) ကို ခွဲစိတ်ထုတ်ရနိုင်သည်
    • ယင်းအခြေအနေတွင် ခြေသည်း ပြန်ထွက်လာမည်မဟုတ်ပါ
    • ဓာတုပစ္စည်း သို့မဟုတ် လေဆာ သုံး၍လည်း ပြုလုပ်နိုင်သည်
    • ရောင်ရမ်းနာ သို့မဟုတ် ပြည်တည်နာရှိနေပါက ခြေသည်းခွဲစိတ်ဖြတ်ထုတ်ခြင်းကို မပြုလုပ်ရပါ၊ ရောင်ရမ်းနာ သို့မဟုတ် ပြည်တည်နာကို ပျောက်အောင်အရင်ကုရမည်။
  • မိမိကိုယ်ကို ဂရုစိုက်ခြင်း (Self care)
    အောက်ဖော်ပြပါ ရိုးရှင်းသော အချက်များကို ဂရုပြုလုပ်ဆောင်ခြင်းဖြင့် ခြေစွယ်ငုပ်ခြင်းကို သက်သာစေပြီး ပိုးဝင်ခြင်းကို ဟန့်တားနိုင်သည်။
    • ခြေထောက်ရေစိမ်ပါ_ တစ်နေ့ (၂) ကြိမ် ဆား သို့မဟုတ် ဆပ်ပြာပါသော ရေနွေးဖြင့် စိမ်နိုင်သည်
    • ကျန်သည့်အချိန်များတွင် ခြေထောက်ကို ခြောက်သွေ့စွာ ထားပါ
    • ပိုးသတ်သန့်ရှင်းထားသော ဂွမ်းစ သို့မဟုတ် သွားကြားထိုးသည့်ကြိုးကို အသုံးပြု၍ ခြေသည်းနှင့် အရေပြားအကြား ဟနေစေရန် ခြေသည်းထောင့်စွန်းကို ညင်သာစွာ မတင်ထားပါ၊ ယင်းဂွမ်းစ သို့မဟုတ် ကြိုးကို နေ့စဥ် လဲလှယ်ပေးပါ
    • ပဋိဇီဝပိုးသတ်ဆေးခရင်မ်လိမ်း၍ ပတ်တီးစည်းထားနိုင်သည်
    • လိုအပ်ပါက နာကျင်မှုပျောက်ဆေးများ သောက်သုံးနိုင်သည်
    • ချောင်ချိသော ဖိနပ်များ ဝတ်ဆင်သင့်သည်

အထက်ပါ အချက်များဖြင့်မသက်သာပါက မိမိ၏မိသားစုဆရာဝန်နှင့် တိုင်ပင်ပြသရန် လိုအပ်သည်။ ပိုးဝင်ပြည်တည်ခြင်းနှင့် ခြေစွယ်ငုပ်ခြင်းဆိုးရွားပါက ခြေသည်းကို မိမိဘာသာ ညှပ်ခြင်း၊ ဖြတ်ထုတ်ခြင်းသည် ပိုဆိုးစေသောကြောင့် မပြုလုပ်သင့်ပါ။

ကာကွယ်ခြင်း
  • လက်သည်း/ခြေသည်းညှပ်ကို သန့်ရှင်းအောင် ဆေးကြောပါ
  • လက်သည်း၊ ခြေသည်း အစကို လက်ဖြင့် ဆွဲမထုတ်သင့်ပါ
  • လက်သည်း၊ ခြေသည်း ထိပ်များကိုသာ ညှပ်ပါ၊ လက်သည်း၊ ခြေသည်းထောင့်စွန်းများကို ဝိုင်းအောင် မညှပ်သင့်ပါ
  • မိမိခြေထောက်နှင့် ကိုက်ညီသော ဖိနပ်စီးပါ၊ ကျပ်လွန်း ချောင်လွန်းသော ဖိနပ်များ ရှောင်ကြဥ်ပါ
  • ဆီးချိုရောဂါရှိပါက ဆရာဝန်ညွှန်ကြားသည့် ခြေထောက်ပြုစုခြင်း အကြံပြုချက်များကို လိုက်နာပါ

References:

  1. Cleveland Clinic. (n.d.). Ingrown toenails. Retrieved October 17, 2025, from https://my.clevelandclinic.org/health/diseases/17664-ingrown-toenails
  2. Mayo Clinic. (n.d.). Ingrown toenails: Diagnosis and treatment. Retrieved October 17, 2025, from https://www.mayoclinic.org/diseases-conditions/ingrown-toenails/diagnosis-treatment/drc-20355908
  3. Tosti, A. (2025). Ingrown nails. In R. F. Connor (Ed.), UpToDate. Retrieved October 17, 2025, from https://www.uptodate.com/contents/ingrown-nails

Published: 29 November 2024

Last updated: 8 January 2026

Share

26 November 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.