Dry Eye (မျက်လုံးခြောက်ခြင်း)

Dry Eye (မျက်လုံးခြောက်ခြင်း)

မျက်လုံး၏မျက်နှာပြင်ကို ကျန်းမာအောင် ထိန်းသိမ်းရန်နှင့် ကြည်လင်ပြတ်သားသော အမြင်အာရုံရှိစေရန်အတွက် မျက်ရည်သည် မရှိမဖြစ် လိုအပ်သည်။ မျက်လုံးခြောက်ခြင်းသည် အတွေ့ရများသော အခြေအနေတစ်ခုဖြစ်ပြီး၊ မျက်လုံးအား အစိုဓာတ် လုံလုံလောက်လောက် ပေးနိုင်ရန်နှင့် အာဟာရပေးနိုင်စွမ်းရှိသော မျက်ရည်များ လုံလောက်အောင် မထုတ်နိုင်ခြင်းကြောင့်ဖြစ်သည်။ မျက်ရည်လုံ‌လောက်စွာ မထုတ်နိုင်ခြင်းမှာ အကြောင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်ပြီး၊ နောက်ဆက်တွဲပြဿနာအနေဖြင့် မျက်လုံးရောင်ရမ်း ထိခိုက်နိုင်သည်။

မျက်ရည်တွင် အင်ဇိုင်းများ၊ အဆီများနှင့် ဆားဓာတ်များပါဝင်ပြီး၊ အပြင်ပိုင်း – အဆီအလွှာ၊ အလယ်ပိုင်း – အရည်အလွှာနှင့် အတွင်းပိုင်း – အချွဲအလွှာဟူ၍ အလွှာသုံးလွှာဖြင့် ဖွဲ့စည်းထားသည်။ အလွှာတစ်ခုချင်းသည် မျက်စိ၏ အပေါ်ယံမျက်နှာပြင်အား အာဟာရပေးခြင်း၊ ကာကွယ်ခြင်းများ ပြုလုပ်ပေးသည်။

မျက်ရည်အမျိုးအစားများမှာ_

  1. မျက်စိ၏ အစိုဓာတ်ထိန်းထားရန်၊ အာဟာရပေးရန်နှင့် မျက်ကြည်လွှာကို ကာကွယ်ရန် ပုံမှန်ထွက်နေသော မျက်ရည် (basal tears)
  2. မီးခိုး၊ အငွေ့၊ စူးရှသောအလင်းရောင် စသည်တို့နှင့် ထိတွေ့ခြင်း၊ အန်ခြင်း၊ သန်းဝေခြင်း စသည့်အခြေအနေများတွင် ထွက်သော မျက်ရည် (reflex tears)
  3. ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်း၊ နာကျင်ခြင်းစသည့် စိတ်အခြေအနေများတွင် ထွက်သော မျက်ရည် (emotional tears) ဟူ၍ ခွဲခြားထားနိုင်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ

မျက်လုံးခြောက်ခြင်းသည် မျက်ရည်လုံလောက်စွာ မထုတ်နိုင်ခြင်းနှင့် ထွက်သည့်မျက်ရည်သည် အရည်အသွေးမပြည့်မီခြင်းတို့ကြောင့် ဖြစ်ပေါ်သည်။

မျက်ရည်လုံလောက်စွာ မထုတ်နိုင်ခြင်း
မျက်ခွံအတွင်းနှင့် ပတ်လည်တွင်ရှိသော ဂလင်းများမှ မျက်ရည်ကို ထုတ်လုပ်သည်။ မျက်ရည်ထုတ်လုပ်မှု နည်းပါးခြင်းကြောင့်ဖြစ်သော မျက်လုံးခြောက်ခြင်းကို keratoconjuncitvitis sicca ဟုခေါ် ပြီး အသက်အရွယ်ကြီးသူများ၊ အချို့သောရောဂါခံစားနေရသူများ၊ အချို့သောဆေးဝါးများကို သုံးစွဲနေသူများနှင့် မျက်ကပ်မှန်အသုံးပြုမှုကြောင့် မျက်ကြည်လွှာအာရုံကြောထိခိုက်သူများတွင် ပို၍အဖြစ်များသည်။ ပတ်ဝန်းကျင်ဆိုင်ရာ အခြေအနေများဖြစ်သော ပူပြင်းခြောက်သွေ့ခြင်း၊ လေတိုက်ခြင်းများကြောင့် မျက်ရည်အငွေ့ပျံမှုများပြီး မျက်ရည်ပမာဏကို လျော့နည်းစေသည်။ မျက်ရည်ထုတ်လုပ်မှု နည်းပါးခြင်း သို့မဟုတ် မျက်ရည်အငွေ့ပျံမှုများခြင်းတို့ကြောင့် မျက်လုံးခြောက်ခြင်းလက္ခဏာများ ဖြစ်ပေါ်လာနိုင်သည်။

မျက်ရည်၏အရည်အသွေး မပြည့်မီခြင်း

  • အဆီပါဝင်၍ ချောမွေ့သော အပြင်အလွှာသည် မျက်ရည်များ အငွေ့ပျံခြင်းကို ကာကွယ်ပေးသည်
  • အလယ်ပိုင်း အရည်အလွှာသည် မျက်စိကို အစိုဓာတ်ထိန်းထားရန်၊ ဘက်တီးရီးယားများအား ဖယ်ရှားရန်နှင့် မျက်ကြည်လွှာကို ကာကွယ်ရန်အတွက် ကူညီပေးသည်။
  • အတွင်းပိုင်း အချွဲအလွှာသည် မျက်စိ၏အပေါ်ယံမျက်နှာပြင်တွင် မျက်ရည်များ ညီညာစွာ ပျံ့နှံ့စေရန် ကူညီပေးသည်

ထိုမျက်ရည်အလွှာသုံးလွှာမှ တစ်လွှာချို့ယွင်းခြင်းကြောင့် မျက်ရည်များအငွေ့ပျံမှုများခြင်း သို့မဟုတ် မျက်စိ၏အပေါ်ယံမျက်နှာပြင်တွင် မျက်ရည်များ ညီညာစွာ ပျံ့နှံ့မှု မရှိပါက မျက်လုံးခြောက်ခြင်းလက္ခဏာများ ဖြစ်ပေါ်လာနိုင်သည်။

ဖြစ်နိုင်ခြေများသောအခြေအနေများ
  • အသက် (၅၀) နှစ်အထက် လူကြီးများ
    မျက်ရည်ထုတ်ခြင်းသည် အသက်ကြီးလာသည်နှင့်အမျှ နည်းသွားသည့်အတွက် မျက်လုံးခြောက်ခြင်းလက္ခဏာများကို အသက် (၅၀) နှစ်နှင့်အထက် လူကြီးများတွင် ပို၍အတွေ့ရများသည်။
  • အမျိုးသမီးများ
    အမျိုးသမီးများသည် ကိုယ်ဝန်ဆောင်ချိန်၊ သွေးဆုံးချိန်နှင့် သန္ဓေတားဆေးများသုံးခြင်းတို့ကြောင့် ဟော်မုန်းပြောင်းလဲမှုများ ခံစားရသဖြင့် မျက်လုံးခြောက်ခြင်း ပို၍တွေ့နိုင်သည်။
  • ဆေးဝါးများ
    အချို့သောဆေးဝါးများဖြစ်သော ဟစ်စ်တမင်းဆန့်ကျင်ဆေးများ၊ ချွဲဖျော်ဆေးများ၊ သွေးထိန်းဆေးများနှင့် စိတ်ရောဂါကုဆေးများသည် မျက်ရည်ထုတ်လုပ်မှုကို နည်းစေသည်။
  • အချို့သောကျန်းမာရေးအခြေအနေများ
    အချို့သော ကိုယ်ခံအားစနစ် မူမမှန်တုံ့ပြန်ခြင်းနှင့်ဆိုင်သော ရောဂါများ (ဥပမာ – SLE, Sjögren ရောဂါစု)၊ ဆီးချိုရောဂါရှိသူများသည် မျက်လုံးခြောက်သည့် လက္ခဏာများ ပို၍ခံစားရနိုင်သည်။
  • အစားအသောက်
    အစားအစာထဲတွင် ဗီတာမင် အေဓာတ် လုံ‌လောက်စွာမရရှိသူများ သို့မဟုတ် အိုမီဂါ ၃ အဆီဓာတ် ချို့တဲ့သူများ
  • ပတ်ဝန်းကျင်ဆိုင်ရာ အခြေအနေများ
    မီးခိုးများနှင့်ထိတွေ့မှုများခြင်း၊ ပူပြင်းခြောက်သွေ့သော နေရာ‌ဒေသ၊ လေတိုက်နှုန်းမြင့်သောဒေသများတွင် နေထိုင်သူများ
  • အချို့သောအချက်များ
    မျက်ကပ်မှန် ကြာရှည်စွာတပ်သူများ၊ လေဆာဖြင့် မျက်စိပြုပြင်မှု ပြုလုပ်ထားသူများ စသည်တို့တွင် ပို၍တွေ့ရတတ်သည်။
ရောဂါလက္ခဏာများ
  • မျက်စိထဲတွင် စူးအောင့်ခြင်း၊ ပူခြင်း
  • မျက်ဝတ်ထွက်ခြင်း
  • အလင်းရောင် မခံနိုင်ခြင်း
  • မျက်စိရဲခြင်း၊ မျက်စိယားယံခြင်း
  • မျက်စိထဲတွင် တစ်စုံတစ်ခုရှိနေသကဲ့သို့ ခံစားရခြင်း
  • မျက်ကပ်မှန်တပ်ဆင်လျှင် နာကျင်ခြင်း
  • မျက်လုံးခြောက်ခြင်းကို တုံ့ပြန်မှုကြောင့် မျက်ရည်ပို၍ထွက်ခြင်း
  • အမြင်အာရုံဝေဝါးခြင်း
နောက်ဆက်တွဲပြဿနာများ

မျက်လုံးခြောက်ဝေဒနာခံစားရသူများတွင် အောက်ဖော်ပြပါ နောက်ဆက်တွဲပြဿနာများ ခံစားရနိုင်သည်။

  • မျက်စိပိုးဝင်ခြင်း
    မျက်ရည်များသည် မျက်စိ၏အပေါ်ယံမျက်နှာပြင်အား ရောဂါပိုးများဝင်ရောက်ခြင်းမှ ကာကွယ်ပေးသည်၊ မျက်ရည်များ လုံလောက်စွာ မထွက်သောအခါ မျက်စိပိုးဝင်နိုင်သည့် အခွင့်အလမ်းပိုများလာသည်
  • မျက်စိ၏အပေါ်ယံမျက်နှာပြင် ပျက်စီးခြင်း
    မကုသဘဲထားပါက အလွန်အမင်း မျက်လုံးခြောက်ခြင်းကြောင့် မျက်စိရောင်ရမ်းခြင်း၊ မျက်ကြည်လွှာပွန်းခြင်း၊ မျက်ကြည်လွှာအနာဖြစ်ခြင်းနှင့် အမြင်အာရုံဆုံးရှုံးခြင်းတို့ ခံစားရနိုင်သည်
  • လူနေမှုအရည်အသွေးလျော့ကျခြင်း
    မျက်လုံးခြောက်ခြင်းကြောင့် စာဖတ်ခြင်း၊ ကားမောင်းခြင်းစသည့် နေ့စဥ်လုပ်ငန်းများ လုပ်ဆောင်ရာတွင် အခက်အခဲရှိခြင်းတို့ ခံစားရနိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်

အထက်ပါ ရောဂါလက္ခဏာများကို သတိပြုမိပါက မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန်လိုသည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်းဖြင့် ရောဂါရှာ‌ဖွေ ကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ မျက်စိအထူးကုဆရာဝန်များထံ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။

ရောဂါရှာဖွေခြင်း

မျက်လုံးခြောက်ခြင်းကို မျက်စိအထူးကုဆရာဝန်မှ စနစ်တကျ ရောဂါရှာဖွေမှု ပြုလုပ်သည်။

  1. အခြေခံစမ်းသပ်စစ်ဆေးခြင်း
    • ရောဂါရာဇဝင် မေးမြန်းခြင်း – မျက်လုံးခြောက်ခြင်း၏ လက္ခဏာများ၊ ကြာချိန်၊ ဆေးဝါးသုံးစွဲမှု မှတ်တမ်းနှင့် ဆက်စပ်ရောဂါအခံများ (ဥပမာ _ ကိုယ်ခံအားစနစ်ရောဂါများ၊ သိုင်းရွိုက်) ကို အသေးစိတ် မေးမြန်းခြင်း
    • မျက်စိကို အသေးစိတ် စစ်ဆေးခြင်း – အလင်းတန်းကျဉ်းမှန်ပြောင်း (Slit Lamp) အသုံးပြု၍ မျက်ခွံများ၊ မျက်ကြည်လွှာနှင့် မျက်လုံးမျက်နှာပြင် အခြေအနေတို့ကို စစ်ဆေးခြင်း
  2. မျက်ရည်ဆိုင်ရာ အထူးစစ်ဆေးမှုများ
    • မျက်ရည်ပမာဏ တိုင်းတာခြင်း
      Schirmer Test ကဲ့သို့သော နည်းလမ်းဖြင့် မျက်ရည်ထုတ်လုပ်မှု ပမာဏ လုံလောက်မှု ရှိမရှိကို တိုင်းတာခြင်း
    • မျက်ရည်၏ အရည်အသွေး စမ်းသပ်ခြင်း
      Tear Breakup Time (TBUT) ကို စစ်ဆေးခြင်းဖြစ်သည်။ မျက်ရည်ဆဲလ်မျက်နှာပြင်တွင် ကြာရှည်စွာ မပျက်စီးဘဲ တည်မြဲနိုင်သည့်အချိန်ကို တိုင်းတာပြီး မျက်ရည်အလွှာ၏ တည်ငြိမ်မှုကို ဆုံးဖြတ်သည်။
    • မျက်လုံးမျက်နှာပြင် ဆေးဆိုး၍ စစ်ဆေးခြင်း
      Fluorescein သို့မဟုတ် Lissamine Green ကဲ့သို့သော ဆေးဆိုးပစ္စည်းများ အသုံးပြုကာ မျက်ကြည်လွှာနှင့် မျက်ဖြူလွှာပေါ်ရှိ ပျက်စီးနေသော ဆဲလ်များကို စစ်ဆေးခြင်းဖြစ်သည်။
  3. နောက်ခံအကြောင်းရင်း ရှာဖွေစစ်ဆေးခြင်း
    • မျက်ခွံစစ်ဆေးခြင်း
      Meibomian Gland Dysfunction (MGD) ရှိမရှိ စစ်ဆေးခြင်းဖြစ်သည်။ MGD သည် မျက်ရည်၏ အဆီအလွှာကို ထုတ်လုပ်ပေးသော ဂလင်းများ ပိတ်ဆို့နေခြင်း သို့မဟုတ် ပုံမှန်အလုပ်မလုပ်ခြင်း ဖြစ်သည်။
    • မျက်ရည် စစ်ဆေးခြင်း (Tear Analysis)
      • မျက်ရည်၏ Osmolarity တိုင်းတာခြင်း – မျက်ရည်ထဲရှိ ဆားပါဝင်မှု ပမာဏ (မျက်လုံးခြောက်ပါက ပို၍ မြင့်မားသည်) ကို တိုင်းတာခြင်း
      • ရောင်ရမ်းမှု အမှတ်အသားများ စစ်ဆေးခြင်း – မျက်ရည်ထဲတွင် ရောင်ရမ်းမှုကို ဖော်ပြသည့် ပရိုတင်းဓာတ်များ (ဥပမာ- Matrix metalloproteinase-9, MMP-9) ပါဝင်မှု ရှိမရှိ စစ်ဆေးခြင်း
  4. သွေးစစ်ဆေးခြင်း
    Sjögren ရောဂါစု သို့မဟုတ် အခြားကိုယ်ခံအားစနစ် မူမမှန်တုံ့ပြန်သော ရောဂါများကဲ့သို့သော ရောဂါအခံများကို ရှာဖွေရန် သွေးစစ်ဆေးမှုများ ပြုလုပ်ခြင်းဖြစ်သည်။
ကုသခြင်း

မျက်လုံးခြောက်ခြင်းအတွက် ကုသမှုသည် မျက်စိကျန်းမာရေးကို ထိန်းသိမ်းရန်၊ မျက်ရည်ပမာဏကို ပုံမှန်အတိုင်းဖြစ်စေရန်၊ မျက်လုံးခြောက်ခြင်းကို သက်သာစေရန်နှင့် ၄င်းနှင့်ဆက်စပ်သည့် ပြဿနာများကို လျှော့ချရန်ဖြစ်သည်။

ကုသမှုပေးနိုင်သည့်နည်းလမ်းများမှာ_

  • မျက်လုံးခြောက်ခြင်းကိုဖြစ်စေသည့် အ‌ကြောင်းအရာကို ကုသခြင်း
    ဥပမာ _ သောက်သုံးနေသော ဆေးဝါးများကြောင့် မျက်လုံးခြောက်ခြင်းကို ဖြစ်စေပါက ထိုဆေးကိုရပ်၍ အခြားဆေးပြောင်းခြင်း၊ မျက်ခွံလန်နေခြင်း၊ မျက်ခွံစိုက်နေခြင်းတို့ကြောင့် ဖြစ်ပါက ခွဲစိတ်ကုသခြင်း၊ မျက်စိဆရာဝန်မှ ညွှန်းသော မျက်စဥ်းများသုံးခြင်း၊ မျက်ခွံကို အဝတ်သန့်သန့်နွေးနွေးဖြင့် ကပ်ပေးခြင်း၊ သန့်ရှင်းရေးလုပ်ခြင်းဖြင့် မျက်စိတစ်ဝိုက်တွင် ဖြစ်နေသော ရောင်ရမ်းမှုများကို လျော့ကျစေခြင်းတို့ဖြစ်သည်
  • မျက်ရည်တုခပ်ခြင်း
    မျက်လုံးခြောက်ခြင်းသည် မပြင်းထန်ပါက မျက်ရည်တုခပ်ခြင်းဖြင့် ကုသမှုပေးနိုင်သည်၊ သဘာဝအတိုင်း မျက်ရည်ထုတ်ခြင်းအတွက် အထောက်အပံ့အနေဖြင့်လည်း အသုံးပြုနိုင်သည်။
  • မျက်ရည်ကိုထိန်းထားခြင်း
    မျက်ရည်များကို မျက်စိထဲတွင် ကြာရှည်စွာ ထိန်းထားခြင်းအားဖြင့် မျက်လုံးခြောက်ခြင်း လက္ခဏာများကို သက်သာစေနိုင်သည်၊ သဘာဝအတိုင်းစီးဆင်းနေသော မျက်ရည်များကို မျက်ရည်ပြွန်ရှိအပေါက်များသို့ မစီးဆင်းစေရန် ပိတ်ဆို့နိုင်သည်၊ ဖြုတ်နိုင်တပ်နိုင်သော ဆီလီကွန် သို့မဟုတ် ဂျယ်လ်ပလပ်များဖြင့် မျက်ရည်ပြွန်များကိုပိတ်ခြင်း သို့မဟုတ် ခွဲစိတ်ကုသခြင်းဖြင့် မျက်ရည်ပြွန်များကို အပြီးပိတ်စေခြင်းတို့ ပြုလုပ်နိုင်သည်၊ ကုသမှု၏ပန်းတိုင်မှာ မျက်ရည်များအား ကြာရှည်စွာထိန်းထားခြင်းဖြင့် မျက်လုံးခြောက်ခြင်းနှင့် ဆက်စပ်သည့် ပြဿနာများကို လျှော့ချရန်ဖြစ်သည်
  • မျက်ရည်ထုတ်လုပ်မှုကိုများစေခြင်း
    မျက်ရည်ထုတ်လုပ်မှုကို များစေသည့် မျက်စဥ်းဆေးများကို မျက်စိဆရာဝန်၏ ညွှန်ကြားချက်အတိုင်း အသုံးပြုခြင်းအားဖြင့်လည်း သက်သာစေနိုင်သည်
ကာကွယ်ခြင်း
  • လေနှင့် တိုက်ရိုက်ထိတွေ့ခြင်းကို ရှောင်ကြဉ်ခြင်း _ ဆံပင်လေမှုတ်စက်၊ လေအေးပေးစက် သို့မဟုတ် ပန်ကာလေများအား မျက်စိနှင့် တိုက်ရိုက်မထိတွေ့စေရန် သတိထားခြင်း
  • မျက်တောင်ပုံမှန်ခတ်ခြင်း _ စာဖတ်ခြင်း သို့မဟုတ် ကွန်ပျူတာမျက်နှာပြင်အား အချိန်ကြာရှည်စွာ ကြည့်နေချိန်များတွင် မျက်တောင်ခတ်ခြင်း သို့မဟုတ် မျက်စိကို မိနစ်အနည်းငယ် မှိတ်ထားခြင်းဖြင့် မျက်ရည်များကို မျက်စိအတွင်းသို့ ပျံ့နှံ့စေခြင်း
  • ပတ်ဝန်းကျင်လေထု စိုထိုင်းဆထိန်းသိမ်းခြင်း _ လေထုစိုထိုင်းဆနည်းသော နေရာဒေသများ (အထူးသဖြင့် လေယာဉ်အတွင်း သို့မဟုတ် ဆောင်းရာသီ) တွင် ရေငွေ့ထိန်းစက် (Humidifier) အသုံးပြုခြင်း
  • နေရောင်နှင့် လေပူများနှင့် ထိတွေ့ခြင်းကို လျှော့ချစေရန် နေကာမျက်မှန်များ တပ်ဆင်ခြင်း
  • မီးခိုးငွေ့များနှင့် ဆေးလိပ်သောက်ခြင်းကို ရှောင်ကြဉ်ခြင်း
  • မျက်ရည်တုကို ပုံမှန်ခပ်ပေးခြင်း _ ကာလရှည်ကြာ မျက်လုံးခြောက်ခြင်းရှိပါက မျက်စိအစိုဓာတ် ကောင်းစွာထိန်းသိမ်းထားရန် မျက်ရည်တုကို ပုံမှန်ခပ်ပေးခြင်း စသည်တို့ဖြစ်သည်။

References:

  1. American Academy of Ophthalmology. (n.d.). Facts about tears. Retrieved November 5, 2025, from https://www.aao.org/eye-health/tips-prevention/facts-about-tears
  2. American Optometric Association. (n.d.). Dry eye. Retrieved November 5, 2025, from https://www.aoa.org/healthy-eyes/eye-and-vision-conditions/dry-eye?sso=y
  3. Cleveland Clinic. (n.d.). Dry eye: Symptoms and causes. Retrieved November 5, 2025, from https://my.clevelandclinic.org/health/diseases/24479-dry-eye#symptoms-and-causes
  4. National Eye Institute. (n.d.). Dry eye. Retrieved November 5, 2025, from https://www.nei.nih.gov/learn-about-eye-health/eye-conditions-and-diseases/dry-eye
  5. National Center for Biotechnology Information. (2021). Dry eye disease: Update on pathophysiology and management. In StatPearls. Retrieved November 5, 2025, from https://www.ncbi.nlm.nih.gov/books/NBK559159/
  6. National Center for Biotechnology Information. (2019). Clinical aspects of dry eye disease. In StatPearls. Retrieved November 5, 2025, from https://www.ncbi.nlm.nih.gov/books/NBK580474/
  7. PubMed. (2011). The definition and classification of dry eye disease: Report of the International Dry Eye Workshop (2007). The Ocular Surface, 9(2), 76–92. Retrieved November 5, 2025, from https://pubmed.ncbi.nlm.nih.gov/21310379/
  8. Riga, M., Elalfy, M. S., & Dua, H. S. (2017). Advances in dry eye disease management. Clinical Ophthalmology, 11, 1145–1156. Retrieved November 5, 2025, from https://pmc.ncbi.nlm.nih.gov/articles/PMC5580996/

Published: 29 November 2024

Last updated: 8 December 2026

Share

26 November 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.