SLE ရောဂါဆိုသည်မှာ ခန္ဓာကိုယ်၏ ကိုယ်ခံအားစနစ်မှ တစ်ရှူးများနှင့် ကိုယ်တွင်းအင်္ဂါများကို မှားယွင်းစွာ တိုက်ခိုက်သောအခါ ရောင်ရမ်းခြင်းများဖြစ်ပေါ်သော ကိုယ်ခံအားဆိုင်ရာရောဂါဖြစ်သည်။ ထိုကဲ့သို့ရောင်ရမ်းခြင်းသည် အဆစ်များ၊ အရေပြား၊ ကျောက်ကပ်၊ သွေးဆဲလ်များ၊ ဦးနှောက်၊ နှလုံး၊ အဆုတ်အစရှိသည့် ခန္ဓာကိုယ်အစိတ်အပိုင်းအသီးသီးတွင် ဖြစ်ပေါ်နိုင်သည်။ အရေပြားလက္ခဏာများ သိသာထင်ရှားသောကြောင့် SLE ရောဂါကို “အရေပြားလေးဘက်နာ” ဟုလည်းခေါ်သည်။
ဖြစ်ပေါ်ရသော အကြောင်းရင်းများ
SLE ရောဂါသည် ကိုယ်ခံအားစနစ်မှ ခန္ဓာကိုယ်တွင်းရှိ ကျန်းမာသောတစ်ရှူးများကို မှားယွင်းစွာ တိုက်ခိုက်သောအခါ ဖြစ်ပေါ်လာသော ကိုယ်ခံအားဆိုင်ရာရောဂါဖြစ်သည်။ SLE ရောဂါ ဖြစ်ပေါ်စေသော တိကျသည့်အကြောင်းရင်းကို မသိရှိသော်လည်း မျိုးဗီဇနှင့် ပတ်ဝန်းကျင်အခြေအနေများ ပေါင်းစပ်မှုကြောင့် ဖြစ်ပေါ်လာသည်ဟု ယူဆကြသည်။ ဥပမာအားဖြင့် လူတစ်ဦးတွင် SLE ရောဂါ ဖြစ်စေနိုင်သော မျိုးဗီဇအခြေအနေရှိနေပြီး ရောဂါဖြစ်စေရန် လှုံ့ဆော်သည့် ပတ်ဝန်းကျင်ရှိ အချို့သောအရာများနှင့် ထိတွေ့ပေါင်းစပ်မိသောအခါ ထိုရောဂါစတင်ဖြစ်ပွါးလာနိုင်သည်ဟု ဆိုလိုခြင်းဖြစ်သည်။ SLE ရောဂါဖြစ်စေရန် လှုံ့ဆော်ပေးသည့်အရာများမှာ_
- ဟော်မုန်းများ (oestrogen ဟော်မုန်းတုံ့ပြန့်မှုကြောင့် ဖြစ်ပေါ်ခြင်း)
- နေရောင်ခြည်နှင့် ထိတွေ့ခြင်း
- ရောဂါပိုးဝင်ခြင်း
- စိတ်ဖိစီးမှုများခြင်း
- ဆေးလိပ်သောက်ခြင်း
- အချို့သောဆေးများ (ဥပမာ _ သွေးပေါင်ကျဆေး၊ အတက်ကျဆေး၊ ပိုးသတ်ဆေးအချို့) စသည်တို့ဖြစ်သည်။
SLE ရောဂါသည် အသက် (၁၅)နှစ် မှ (၄၅)နှစ်အတွင်း အမျိုးသမီးများနှင့် မိသားစုမျိုးရိုးရာဇဝင်တွင် SLE ရောဂါရှိသူများတွင် ပို၍အဖြစ်များသည်။ သို့သော် ကလေးများတွင်လည်းဖြစ်နိုင်သည်။
ရောဂါလက္ခဏာများ
SLE ရောဂါသည် ခန္ဓာကိုယ်အနှံ့အပြားတွင် ထိခိုက်သောနေရာပေါ် မူတည်၍ အောက်ပါအတိုင်း ရောဂါလက္ခဏာအမျိုးမျိုး ရှိနိုင်သည်။
- မျက်နှာတွင် နှာခေါင်းနှင့်ပါးတစ်ဝိုက်၌ လိပ်ပြာပုံသဏ္ဌာန် အနီကွက်ပေါ်ခြင်း (Malar rash)
- အရေပြားတွင် အနီရောင် အဝိုင်းကွက်များ ထွက်ခြင်း (Discoid rash)
- နေရောင်နှင့် ထိတွေ့ပြီးနောက် အရေပြားတွင် အကွက်ပေါ်ခြင်း (Photosensitivity)
- ပါးစပ်တွင် အနာဖြစ်ခြင်း (Oral ulcer)
- အဆစ်များ ပျက်စီးမှုမရှိဘဲ ရောင်ရမ်းနာကျင်ခြင်း (Non-erosive arthritis)
- နှလုံး သို့မဟုတ် အဆုတ်အမြှေးပါးရောင်ခြင်း (Pericarditis or pleuritis) ကြောင့် အသက်ရှူလျှင် ရင်ဘတ်အောင့်ခြင်း၊ မောခြင်း
- ကျောက်ကပ်ရောင်ခြင်း (SLE nephritis) ကြောင့် ဆီးထဲတွင် အသားဓာတ် ပါဝင်မှုများပြီး ကျောက်ကပ်ထိခိုက်ပျက်စီးခြင်း
- ဦးနှောက်၊ အာရုံကြောရောင်ရမ်းခြင်းကြောင့် ခေါင်းကိုက်ခြင်း၊ ခေါင်းမူးခြင်း၊ လေဖြတ်ခြင်း၊ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲခြင်းနှင့် တက်ခြင်း၊ သတိလစ်ခြင်း
- သွေးနီဥနည်းသောကြောင့် သွေးအားနည်းခြင်း၊ သွေးဖြူဥ နည်းသောကြောင့် ရောဂါပိုး အဝင်လွယ်ခြင်း၊ သွေးဥမွှားနည်းသောကြောင့် သွေးယိုစိမ့်လွယ်ခြင်း
- ဖျားခြင်း၊ နုံးနယ်ခြင်း
- ဆံပင်ကျွတ်ခြင်း
- လည်ပင်း၊ ချိုင်းနှင့် ပေါင်ခြံတွင် ဂလင်းများရောင်ခြင်း
- ကိုယ်အလေးချိန်ကျခြင်း အစရှိသည့် လက္ခဏာများ ဖြစ်ပေါ်လာနိုင်သည်။
SLE ရောဂါသည် နာတာရှည် ကိုယ်ခံအားဆိုင်ရာရောဂါဖြစ်ပြီး၊ သာမန်ရောဂါလက္ခဏာများမှ နေ့စဥ်လုပ်ငန်းဆောင်တာများ ထိခိုက်သည်အထိ ဆိုးရွားသောလက္ခဏာများလည်း ဖြစ်ပေါ်နိုင်သည်။ ထိုရောဂါလက္ခဏာများသည် ဆိုးရွားလာချိန် (flares up/ relapses) ရှိပြီး သက်သာသောအချိန် (remission) လည်းရှိသည်။ ခန္ဓာကိုယ်၏ အရေးကြီးသော အစိတ်အပိုင်းများဖြစ်သည့် နှလုံး၊ အဆုတ်၊ ဦးနှောက် သို့မဟုတ် ကျောက်ကပ်ကို ထိခိုက်လျှင် အသက်အန္တရာယ်ရှိနိုင်သည်အထိ ဆိုးရွားနိုင်သည်။
နောက်ဆက်တွဲပြဿနာများ
SLE ရောဂါသည် ခန္ဓာကိုယ်အစိတ်အပိုင်း အသီးသီးကို ထိခိုက်နိုင်သောကြောင့် အောက်ဖော်ပြပါ နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်လာနိုင်သည်။
- ကိုယ်ခံအားကို ထိခိုက်သောကြောင့် မကြာခဏရောဂါပိုးဝင်ခြင်း
- သွေးကြောများရောင်ခြင်း
- ရုတ်တရက် နှလုံးထဖောက်ခြင်း
- လေဖြတ်ခြင်း
- တက်ခြင်း
- ကျောက်ကပ်လုပ်ငန်း ထိခိုက်ပျက်စီးခြင်း
- အရိုးအားနည်းပြီး ကျိုးလွယ်ခြင်း
- ကိုယ်ဝန်ဆောင်များတွင် ဖြစ်ပါက ကိုယ်ဝန်ပျက်ကျနိုင်ခြေများခြင်း၊ ကိုယ်ဝန်ဆိပ်တက်ခြင်းနှင့် လမစေ့ဘဲ ကလေးမွေးဖွားခြင်းတို့ ဖြစ်ပေါ်နိုင်သည်။

ဆေးရုံ၊ ဆေးခန်းပြသရန်
အထက်တွင်ဖော်ပြထားသော ရောဂါလက္ခဏာများ ဖြစ်ပေါ်လျှင် မိသားစုဆရာဝန်နှင့် တိုင်ပင်၍ ရောဂါရှာဖွေပြီး စောစီးစွာ ကုသမှုခံယူရန် အလွန်အရေးကြီးသည်။ မိသားစုဆရာဝန်များမှတစ်ဆင့် သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ဆွေးနွေး၍ ထိရောက်သောကုသမှု ခံယူရန် လိုအပ်သည်။
ရောဂါရှာဖွေခြင်း
SLE ရောဂါလက္ခဏာများသည် တစ်ဦးနှင့်တစ်ဦး ကွဲပြားကြပြီး ရောဂါလက္ခဏာများသည် အချိန်ကြာလာသည်နှင့်အမျှ ပြောင်းလဲလာနိုင်သည်။ ထို့အပြင် အခြားသောရောဂါများ၏ လက္ခဏာများနှင့် ဆင်တူနိုင်သဖြင့် ရောဂါရှာဖွေရာတွင် အခက်အခဲများစွာ ရှိနိုင်သည်။ SLE ရောဂါကို ရှာဖွေနိုင်ရန် ရောဂါရာဇဝင်များ သေချာစွာ မေးမြန်းခြင်း၊ အထွေထွေစမ်းသပ်ခြင်းများ ပြုလုပ်၍ သွေးထဲတွင် ပဋိပစ္စည်းများ [antinuclear Ab(ANA), anti-double stranded DNA Ab, anti-Smith Ab or anti-phospholipid Ab (APLs)] တို့ကို ရှာဖွေစစ်ဆေးခြင်းဖြင့် သိရှိနိုင်သည်။ ထို့အပြင် အခြားသော သွေးစစ်ဆေးခြင်း (စီဘီစီ သွေးစစ်ဆေးခြင်း (CBC)၊ ရောင်ရမ်းသောဓာတ်များ (ESR/CRP)၊ ရောဂါပိုး ရှိမရှိ၊ ကျောက်ကပ်ဓာတ်၊ အသည်းဓာတ်) နှင့် ဆီးစစ်ဆေးခြင်း၊ လိုအပ်လျှင် ဓာတ်မှန် (X-ray) ရိုက်ခြင်း၊ အသံလှိုင်းသုံး နှလုံးပုံရိပ်ဖော်စက်ဖြင့် စစ်ဆေးခြင်း (Echo) နှင့် ကျောက်ကပ်အသားစယူစစ်ဆေးခြင်း (Renal biopsy) တို့ကို ပြုလုပ်နိုင်သည်။ တစ်ခါတစ်ရံတွင် အရေပြားအသားစယူ စစ်ဆေးခြင်းဖြင့်လည်း ရောဂါရှာဖွေတွေ့ရှိနိုင်သည်။
ကုသခြင်း
SLE ရောဂါမှာ လုံးဝပျောက်ကင်းအောင် ကုသ၍မရသော်လည်း အများစုမှာ ထိရောက်သောကုသမှုကို ခံယူလျှင် ပုံမှန်လူတစ်ယောက်ကဲ့သို့ နေထိုင်နိုင်သည်။ ကုသမှု၏ အဓိကရည်ရွယ်ချက်မှာ ကိုယ်တွင်းအင်္ဂါများ ထိခိုက်မှုအနည်းဆုံးဖြစ်စေရန်နှင့် ရောဂါကြောင့် နေ့စဥ်လူနေမှုဘဝအပေါ် သက်ရောက်မှုကို လျှော့ချရန်ဖြစ်သည်။ SLE ရောဂါကို ကုသရာတွင် ရောဂါလက္ခဏာ ပြင်းထန်မှုနှင့် ထိခိုက်သော ခန္ဓာကိုယ်အစိတ်အပိုင်းပေါ် မူတည်၍ အောက်ပါအတိုင်း ကုသမှုပေးနိုင်သည်။
- အဆစ်များ တောင့်တင်းနာကျင်မှုအတွက် စတီးရွိုက်မဟုတ်သော အကိုက်အခဲပျောက်ဆေး (NSAIDs)
SLE ရောဂါကြောင့် ဖြစ်ပေါ်သော နာကျင်မှု၊ ရောင်ရမ်းမှု၊ ဖျားနာမှုများကို သက်သာစေနိုင်သည်။ ဖြစ်ပေါ်နိုင်သော ဘေးထွက်ဆိုးကျိုးများမှာ အစာအိမ် သွေးထွက်ခြင်း၊ အစာအိမ်နာခြင်း၊ ကျောက်ကပ်ထိခိုက်ခြင်း၊ နှလုံးထိခိုက်ခြင်းတို့ဖြစ်သည်။ - ငှက်ဖျားဆေး (Hydroxychloroquine)
ငှက်ဖျားရောဂါကုသရာတွင် အသုံးပြုသည့် Hydroxychloroquine သည် ကိုယ်ခံအားစနစ်အပေါ် သက်ရောက်မှုရှိပြီး SLE ရောဂါပြန်လည်ထကြွနိုင်ခြေကို လျော့နည်းစေရန် အထောက်အကူပြုသည်။ ဖြစ်ပေါ်နိုင်သော ဘေးထွက်ဆိုးကျိုးများမှာ အစာအိမ်နာခြင်း၊ မျက်ကြည်လွှာထိခိုက်ခြင်းတို့ဖြစ်သည်။ ထို့ကြောင့် ဤဆေးဝါးများ သောက်သုံးနေစဥ်အတွင်း မျက်စိပုံမှန်စစ်ဆေးမှု ခံယူရန် အကြံပြုထားသည်။ - စတီးရွိုက်သောက်ဆေး၊ ထိုးဆေးများ (Corticosteroids)
စတီးရွိုက်ဆေးများကို SLE ရောဂါကြောင့် ဖြစ်ပေါ်သော ရောင်ရမ်းမှုကို သက်သာစေနိုင်သည်။ ကျောက်ကပ်၊ ဦးနှောက်အစရှိသော ကိုယ်တွင်းအင်္ဂါများ ထိခိုက်သည့် ပြင်းထန်သော ရောဂါအခြေအနေကို ထိန်းချုပ်နိုင်ရန် Methylprednisolone ကဲ့သို့သော စတီးရွိုက်ဆေးများကို ပမာဏများများ အသုံးပြု၍ ကုသရန် လိုအပ်သည်။ ဖြစ်ပေါ်နိုင်သော ဘေးထွက်ဆိုးကျိုးများမှာ ကိုယ်အလေးချိန်တက်ခြင်း၊ သွေးပေါင်ချိန်တက်ခြင်း၊ သကြားဓာတ်တက်ခြင်း၊ အရိုးပွခြင်း၊ ရောဂါပိုးဝင်လွယ်ခြင်း၊ သွေးခြည်ဥလွယ်ခြင်းတို့ ဖြစ်ပေါ်နိုင်သည်။ ဆေးပမာဏ များများနှင့် ရေရှည်သောက်နေရသူများတွင် အဖြစ်များသည်။ - ကိုယ်ခံအားနှိမ့်ချပေးသော ဆေးများ (Immunosuppressants – Azathioprine, Mycophenolate (MMF), Methotrexate, Cyclosporine and Leflunomide)
ဤဆေးများသည် ကိုယ်ခံအားကို နှိမ့်ချပေးသော ဆေးဝါးများဖြစ်သောကြောင့် ကိုယ်ခံအားတုံ့ပြန်မှုကို လျော့နည်းစေပြီး ပြင်းထန်သော ရောဂါထကြွမှုကို သက်သာစေနိုင်သည်။ တစ်ရှူးများ ရောင်ရမ်းမှုကြောင့် ထိခိုက်ပျက်စီးမှုများကို ကာကွယ်ရာတွင် အထောက်အကူပြုနိုင်သည်။ ရောဂါပိုးဝင်လွယ်ခြင်း၊ ကလေးရနိုင်ခြေနည်းခြင်း၊ ကင်ဆာဖြစ်နိုင်ခြေများခြင်း၊ အသည်းထိခိုက်နိုင်ခြင်း အစရှိသောဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်နိုင်သည်။ - ဇီဝဆေးဝါးများ (Biologics)
အထက်ဖော်ပြပါ ဆေးများနှင့် မသက်သာပါက Rituximab ကဲ့သို့သော ဇီဝဆေးဝါးများကို အသုံးပြုခြင်းဖြင့် အကျိုးရှိနိုင်သည်။ ဓာတ်မတည့်တုံ့ပြန်မှုများနှင့် ရောဂါပိုးဝင်ခြင်း အစရှိသော ဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်နိုင်သည်။ ယခုအခါတွင် SLE ရောဂါကို ကုသနိုင်သော ဇီဝဆေးဝါးများ ထပ်မံပေါ်ထွက်လာစေရန် သုတေသနများ ဆက်လက်ပြုလုပ်လျက်ရှိသည်။
ထိုသို့ ဆေးကုသမှုခံယူခြင်းဖြင့် ရောဂါပြန်လည်ထကြွလာခြင်း ဖြစ်နိုင်ခြေ လျှော့ချပေးသည့်အပြင် ရောဂါလက္ခဏာများ ပြင်းထန်မှုကိုလည်း လျော့နည်းစေနိုင်သည်။ ဆေးကုသမှုခံယူနေသူများတွင် သက်ဆိုင်ရာ ရောဂါကာကွယ်ဆေးများကို ကြိုတင်အချိန်မီ ထိုးထားခြင်းဖြင့် ရောဂါပိုးများ အလွယ်တကူဝင်ရောက်ခြင်းမှ ကာကွယ်နိုင်သည်။ စတီးရွိုက်ကို ကြာရှည်စွာ အသုံးပြုရသူများတွင် အရိုးပွရောဂါကို ကာကွယ်ရန် အရိုးသိပ်သည်းဆကို ပုံမှန်စစ်ဆေးခြင်း၊ အရိုးကျန်းမာရေးအတွက် လိုအပ်သော ကယ်လ်ဆီယမ်နှင့် ဗီတာမင် ဒီ များပေးခြင်းနှင့် လိုအပ်လျှင် အရိုးကျိုးခြင်းကို ကာကွယ်သည့်ဆေးများပေးခြင်းတို့ ပြုလုပ်နိုင်သည်။ ထို့အပြင် သွေးပေါင်ချိန် ပုံမှန်စစ်ဆေးခြင်း၊ သွေးတွင်းသကြားဓာတ် ပုံမှန်စစ်ဆေးခြင်းများ ပြုလုပ်၍ လိုအပ်လျှင် ကုသမှုခံယူရမည်။ ဆေးများကို ဆရာဝန်ညွှန်ကြားသည့်အတိုင်း သောက်သုံးရန်နှင့် လိုအပ်သည့် သွေးစစ်ဆေးမှုများကို ပုံမှန်ပြုလုပ်၍ ရက်ချိန်းမှန်မှန် ပြန်ပြရန် အလွန်အရေးကြီးသည်။
ကိုယ်ခံအားကောင်းစေရန် ကျန်းမာရေးနှင့် ညီညွတ်သော အာဟာရပြည့်ဝသည့် အစားအသောက်များ စားခြင်း၊ လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ခြင်း၊ အိပ်ရေးဝအောင် အိပ်ခြင်းတို့ကို ပြုလုပ်ရန် လိုအပ်သည်။ နှလုံးနှင့်သွေးကြောကို ထိခိုက်စေနိုင်သော ဆေးလိပ်သောက်ခြင်းကို ရှောင်ကြဥ်ပါ။ နေရောင်ခြည်နှင့် ထိတွေ့မှုကြောင့် ပိုဆိုးစေနိုင်သောကြောင့် နေရောင်ကိုကာကွယ်ရန် ဦးထုပ်ဆောင်းခြင်း၊ အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည် ဝတ်ခြင်း၊ နေကာခရင်မ်များ လိမ်းခြင်းတို့ကို ပြုလုပ်ပေးနိုင်သည်။
ကာကွယ်ခြင်း
SLE ရောဂါဖြစ်ပေါ်မှုကို ကာကွယ်နိုင်သောနည်းလမ်း မရှိသေးသော်လည်း SLE ရောဂါဖြစ်ပြီးသူများတွင် ရောဂါထကြွမှုကို လျော့နည်းစေရန် အောက်ဖော်ပြပါနည်းလမ်းများဖြင့် ကာကွယ်နိုင်သည်။
- နေရောင်ခြည်နှင့် ထိတွေ့မှုကို ရှောင်ကြဥ်ခြင်း
နေရောင်ခြည်ကို ထိတွေ့ခြင်းကြောင့် SLE ရောဂါ၏ လက္ခဏာများကို လှုံ့ဆော်ပေးသောကြောင့် နေရောင်နှင့် ထိတွေ့ခြင်းမှ ရှောင်ကြဥ်ရန် လိုအပ်သည်။ - တက်ကြွလှုပ်ရှားစွာနေပါ
အဆစ်များနာကျင်ခြင်းကြောင့် အဆစ်များ လှုပ်ရှားမှုပြုလုပ်ရန် အခက်အခဲများ ရှိနိုင်သော်လည်း အဆစ်များကို ဖြည်းညင်းစွာလှုပ်ရှားမှု ပြုလုပ်ခြင်းသည် အဆစ်များနာကျင်ခြင်းနှင့် တောင့်တင်းခြင်းကို သက်သာစေသော အကောင်းဆုံးနည်းလမ်းဖြစ်သဖြင့် တက်ကြွလှုပ်ရှားစွာနေရန် လိုအပ်သည်။ - အိပ်ရေးဝအောင် အိပ်ပါ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ကာကွယ်စောင့်ရှောက်ပါ
SLE ရောဂါနှင့် အတူယှဥ်တွဲနေထိုင်ရခြင်းသည် စိတ်ရှုပ်ထွေးစရာကောင်းသော အခြေအနေဖြစ်သည်။ ထို့ကြောင့် လူကြီးများအတွက် အိပ်စက်ချိန် (တစ်ညလျှင် ၇နာရီ မှ ၉နာရီ) လုံလောက်အောင် အိပ်ခြင်းနှင့် စိတ်ဖိစီးမှုများကို လျှော့ချခြင်းဖြင့် အချို့သူများတွင် ရောဂါထကြွမှုများကို ကာကွယ်ပေးနိုင်သည်။ ထို့အပြင် ကျန်းမာစေသော စိတ်ဖိစီးမှု ကိုင်တွယ်ဖြေရှင်းနိုင်သော နည်းလမ်းများကို သိရှိနိုင်ရန် လိုအပ်ပါက စိတ်ကျန်းမာရေး ပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်ခြင်းဖြင့် အထောက်အကူပြုနိုင်သည်။
References:
- Cleveland Clinic. (n.d.). Lupus. Retrieved November 7, 2025, from https://my.clevelandclinic.org/health/diseases/4875-lupus
- Healthline. (n.d.). Systemic lupus erythematosus. Retrieved November 7, 2025, from https://www.healthline.com/health/systemic-lupus-erythematosus
- Mayo Clinic. (n.d.). Lupus: Symptoms and causes. Retrieved November 7, 2025, from https://www.mayoclinic.org/diseases-conditions/lupus/symptoms-causes/syc-20365789
- Medical News Today. (n.d.). Lupus overview: Symptoms, causes, and treatment. Retrieved November 7, 2025, from https://www.medicalnewstoday.com/articles/323653
Published: 29 November 2024
Last updated: 6 January 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.