မွေးရာပါ တင်ပါးဆုံဆစ်ဖွံ့ဖြိုးမှု ပုံမှန်မဟုတ်ခြင်း (Developmental dysplasia of hips) ကို အများအားဖြင့် မွေးကင်းစကလေးငယ်များတွင် တွေ့ရသည်။ ပုံမှန်အခြေအနေတွင် ပေါင်ရိုး (Femur) နှင့် တင်ပါးဆုံအရိုးခွင် (Pelvis) တို့သည် တင်ပါးဆုံရိုး အဆစ်နေရာ (Hip joint) တွင် တွယ်ဆက်နေသည်။ ပေါင်ရိုး၏ထိပ်ဆုံးပိုင်းသည် စက်လုံးကဲ့သို့ လုံးဝန်းသောသဏ္ဌာန်ရှိသည်။ ထိုအရိုးဘုလုံးသည် တင်ပါးဆုံအရိုးခွင်ရှိ အရိုးခွက်ထဲသို့ ဘောလုံးနှင့် ခွက်ပုံစံ ( Ball and socket joint) အတိုင်း အံဝင်ခွင်ကျ ချိတ်ဆက်ထားသည်။ ဤချိတ်ဆက်မှုသည် တင်ပါးဆုံရိုးတစ်ခုလုံး ချောမွေ့စွာလှုပ်ရှားနိုင်မှုအတွက် အလွန်အရေးကြီးသည်။ ထိုသို့ချိတ်ဆက်မှု ပုံမှန်မဟုတ်ခြင်းကို မွေးရာပါ တင်ပါးဆုံဆစ်ဖွံ့ဖြိုးမှု ပုံမှန်မဟုတ်သည့်ရောဂါဟုခေါ်သည်။
ဤအခြေအနေကို ကလေးမွေးဖွားလာပြီးနောက် နာရီပိုင်းအတွင်း စမ်းသပ်စစ်ဆေးသိရှိနိုင်သကဲ့သို့အချို့တွင် အဆစ်အားပျော့ခြင်း ပြင်းထန်မှုမရှိပါက အသက်အရွယ်ကြီးရင့်လာမှ ရောဂါလက္ခဏာများ တွေ့ရှိနိုင်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်း
သန္ဓေသားဘဝနှင့် မွေးဖွားပြီးစအချိန်များတွင် တင်ပါးဆုံအရိုးခွက်သည် အရိုးနုများဖြင့်သာ ဖွဲ့စည်းတည်ဆောက်ထားသည်။ ပေါင်ရိုးဘုလုံးနှင့် အရိုးခွက်တို့ အံဝင်ခွင်ကျ ချိတ်ဆက်နေမှသာ အရိုးနုများသည် ပေါင်ရိုးဘုလုံးကို ကောင်းစွာ ဖုံးအုပ်၍ အရိုးများအဖြစ် ဖွံ့ဖြိုးလာမည်ဖြစ်သည်။ အကြောင်းအမျိုးမျိုးကြောင့် ဖွံ့ဖြိုးမှုအနေအထား ပုံမှန်မဟုတ်လျှင် (ဥပမာ _ ဆုံပိုင်းဖြင့်မွေးဖွားသော ကလေးများ) တင်ပါးဆုံအရိုးခွက်တိမ်ခြင်းဖြစ်ကာ တင်ပါးဆုံအရိုးဆစ်ကို အားပျော့စေသည်။ အလွန်ပြင်းထန်လျှင် ပေါင်ရိုးထိပ်ဘုလုံးသည် တင်ပါးဆုံအရိုးခွက်အတွင်းမှ ချော်ထွက်၍ အဆစ်လွဲခြင်းအထိ ဖြစ်စေနိုင်သည်။ ပေါင်တစ်ဖက်တည်းတွင်သာမက နှစ်ဖက်လုံးတွင်လည်း တစ်ပြိုင်နက်ဖြစ်နိုင်သည်။

ဖြစ်နိုင်ခြေများသောအခြေအနေများ
- ပုံမှန်ထက်ပို၍ ကြီးထွားသော သန္ဓေသား သို့မဟုတ် မွေးကင်းစကလေးများ (Large baby)
- မိန်းကလေးများ (Females)
- သားဦးကိုယ်ဝန်မှ မွေးဖွားသောကလေးများ (First pregnancy)
- ဆုံပိုင်းဖြင့် မွေးဖွားသောကလေးများ (Breech presentation)
- မိသားစုအတွင်း အလားတူ တင်ပါးဆုံအရိုးဆစ်ပြဿနာများရှိခြင်း (Family history of DDH) စသည်တို့ဖြစ်သည်။
ရောဂါလက္ခဏာများ
မွေးရာပါ တင်ပါးဆုံဆစ်ဖွံ့ဖြိုးမှု ပုံမှန်မဟုတ်သည့်ရောဂါကို အများအားဖြင့် မွေးကင်းစအရွယ်မှ အသက် (၆) လအောက်တွင် ပုံမှန်စမ်းသပ်စစ်ဆေးမှုများဖြင့် တွေ့ရှိနိုင်သည်။ ဆယ်ကျော်သက်အရွယ်နှင့် လူကြီးများတွင်မူ မတော်တဆ ထိခိုက်ဒဏ်ရာရခြင်းမှတစ်ဆင့် တွေ့ရှိနိုင်သည်။ အခြေအနေနှင့် ပြင်းထန်မှုအပေါ် မူတည်၍ အသက်အရွယ်အမျိုးမျိုးတွင် လက္ခဏာအမျိုးမျိုးကို တွေ့ရှိနိုင်သည်။
မွေးကင်းစကလေးငယ်များတွင်_
- တင်ပါး၊ ပေါင်တို့ရှိ အရေပြားအရေးအကြောင်းများ (၂) ဖက် မတူညီခြင်း
- ဖွံ့ဖြိုးမှု ပုံမှန်မဟုတ်သည့်ဘက်ရှိ ခြေထောက်သည် အပြင်သို့ ကားထွက်ခြင်း၊ လန်ထွက်ခြင်း
- ဖွံ့ဖြိုးမှု ပုံမှန်မဟုတ်သည့်ဘက်ရှိ ခြေထောက်သည် အခြားတစ်ဖက်နှင့်ယှဉ်လျှင် လှုပ်ရှားမှုနည်းခြင်း၊ အလျားမတူညီခြင်းစသည်တို့ တွေ့ရသည်။
အဆစ်လွဲခြင်း မပြင်းထန်သောသူများတွင် ဆယ်ကျော်သက်နှင့်အထက် အရွယ်တွင်မှ လက္ခဏာများ စတင်ခံစားရတတ်သည်။
- လမ်းလျှောက်လှုပ်ရှားသည့်အချိန်တွင် ထော့နဲ့ခြင်း
- ပေါင်နှင့် ပေါင်ခြံတစ်ဝိုက် နာကျင်မှု ခံစားရခြင်း
- ပေါင်၊ တင်ပါးဆုံရိုးအဆစ် ချောင်ခြင်း သို့မဟုတ် ဟန်ချက်မညီဖြစ်ခြင်း
- တင်ပါးဆုံရိုးအဆစ် စောင်းနေခြင်း
- ဖြစ်သည့်ဘက်၌ ကြွက်သားပိန်လှီမှုများ တွေ့ရခြင်း
- ခြေထောက်နှစ်ဖက် အရှည်မညီခြင်းတို့ ဖြစ်ပေါ်တတ်သည်။
နောက်ဆက်တွဲလက္ခဏာများ
တင်ပါးဆုံရိုးအဆစ်ကို အနေအထားမမှန်ဘဲ အသုံးပြုနေသောကြောင့်
- နာတာရှည်နာကျင်မှု ခံစားရခြင်း၊ ခြေထောက်ထော့နဲ့ခြင်း
- အရိုးဆစ်ရှိ အရိုးနုများ တဖြည်းဖြည်း ပွန်းတီးလာခြင်း (Hip labial tear)
- အရိုးများပွတ်တိုက်ခြင်းတို့ကြောင့် အရိုးအဆစ်ရောင်ခြင်း (Arthritis)
- ထိုမှတစ်ဆင့် အရိုးကျီးပေါင်းတက်ခြင်း (Osteoarthritis) စသည်တို့အထိ ဖြစ်နိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
မွေးကင်းစ ကလေးအရွယ်တွင်ဖြစ်စေ၊ လသားအရွယ် ကလေးများတွင်ဖြစ်စေ အထက်ပါလက္ခဏာများရှိလျှင် မိသားစုဆရာဝန်နှင့် အမြန်ပြသသင့်သည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်း၊ ဓာတ်မှန်ရိုက်ခြင်း စသည်တို့ဖြင့် ရောဂါရှာဖွေ ကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။
ရောဂါရှာဖွေခြင်း
ပုံမှန်အားဖြင့် မွေးပြီး (၄၈ – ၇၂) နာရီအတွင်း ပြုလုပ်သော မွေးကင်းစကလေးစစ်ဆေးခြင်း (Newborn screening) တွင် တင်ပါးဆုံအဆစ် ပုံမှန်ဖွံ့ဖြိုးမှုမရှိခြင်းကို ပုံမှန်ထည့်သွင်းစစ်ဆေးလေ့ရှိသည်။ ဆရာဝန်မှ ကလေးငယ်၏ ခြေထောက်များကို ပုံစံအမျိုးမျိုး၊ ဦးတည်ရာအမျိုးမျိုး ညင်သာစွာလှုပ်ရှားစစ်ဆေးခြင်းဖြင့် အဆစ်အနေအထားနှင့် အားနည်းခြင်း ရှိမရှိကို စစ်ဆေးပေးမည်ဖြစ်သည်။ ဤစစ်ဆေးမှုကြောင့် ကလေးငယ်ကို တစ်စုံတစ်ရာ နာကျင်ခြင်းမရှိပါ။ အဆစ်လွဲခြင်း သံသယရှိပါက တင်ပါးဆုံရိုးအဆစ်ကို အာထရာဆောင်း (USG) ရိုက်၍ ဆက်လက်စစ်ဆေးနိုင်သည်။ ထို့အပြင် တင်ပါးဆုံရိုးဓာတ်မှန် (Hip X-ray)၊ ကွန်ပျူတာဓာတ်မှန် (CT – scan) နှင့် သံလိုက်ဓာတ်မှန် (MRI) များရိုက်ခြင်းဖြင့် ရောဂါရှာဖွေနိုင်သည်။ ထို့နောက် လိုအပ်ပါက ကလေးအရိုးအထူးကုဆရာဝန်ထံ ကုသမှုဆက်လက်ခံယူရန် လွှဲပြောင်းပေးမည်ဖြစ်သည်။
အောက်ပါအခြေအနေများတွင် တင်ပါးဆုံအဆစ် ပုံမှန်ဖွံ့ဖြိုးမှုမရှိခြင်း အတွေ့ရများသောကြောင့် ကလေးငယ်များအား ပုံမှန်စစ်ဆေးမှု၌ အာထရာဆောင်းစစ်ဆေးမှုကိုပါ အသက် (၄) ပတ်ပြည့်ပြီးချိန်တွင် ထည့်သွင်းပြုလုပ်သင့်သည်။
- မိသားစုတွင် တင်ပါးဆုံအဆစ် အားနည်းခြင်း ဖြစ်ပွါးဖူးခြင်း
- ဆုံပိုင်းဖြင့်မွေးခြင်း
- အမြွှာကိုယ်ဝန်များ စသည်တို့ဖြစ်သည်။
ကုသခြင်း
တင်ပါးဆုံအရိုးဆစ်အားပျော့ခြင်းရှိသူ ကလေးငယ်အများစုတွင် အသက် (၆) လမတိုင်မီ ရောဂါသိရှိပြီး၊ စနစ်တကျကုသပါက နောက်ဆက်တွဲပြဿနာ ကျန်ရှိနိုင်ခြေနည်းသည်။ အရိုးအဆစ်တို့သည် ကလေး၏ အသက်အလိုက် ကြီးထွားပြောင်းလဲနေသဖြင့် ကလေး၏အသက်နှင့် ရောဂါပြင်းထန်မှုအပေါ်တွင် မူတည်၍ ကုသမှုအမျိုးမျိုးရှိသည်။
ပိတ်စပျော့ဖြင့် ကျပ်စည်းခြင်း
အရိုးအထူးကုဆရာဝန်မှ ကလေး၏ တင်ပါးဆုံအရိုးဆစ် အနေအထားမှန်စေရန် Pavlik harness ဟုခေါ်သော ပိတ်စအပျော့ဖြင့် ကျပ်စည်းလေ့ရှိသည်။ ခြေထောက်နှစ်ဖက်ကို အနည်းငယ်ကားထားသည့်ပုံစံဖြင့် ခြေဖဝါးမှတစ်ဆင့် ခြေထောက်တစ်ချောင်းစီကို ပိတ်စတဖြည်းဖြည်း ပတ်လာပြီး၊ ပခုံးနှင့်ရင်ဘတ်တွင် ကြိုးဖြင့် ပြန်ထိန်းသည့်ပုံစံဖြင့် ကျပ်စည်းထားရသည်။ ထိုပိတ်စကျပ်စည်းခြင်းကို (၆)ပတ် မှ (၁၂)ပတ်အထိကြာအောင် တောက်လျှောက် ကျပ်စည်းထားရသည်။ သက်ဆိုင်ရာဆရာဝန်၏ ညွှန်ကြားချက်မပါဘဲ မဖြုတ်ရပါ။ ကျပ်စည်းထားသည့် အချိန်များအတွင်း ဆောင်ရန်၊ ရှောင်ရန်များကို ဆရာဝန်မှ သင်ကြားထားပေးသည့်အတိုင်း အထူးသတိပြု၍ လိုက်နာသင့်သည်။
- ကျပ်စည်းထားလျက်နှင့် ကလေးကို အဝတ်အစားလဲခြင်း၊ သန့်ရှင်းရေးပြုလုပ်ပေးခြင်း
- ကလေးအိပ်ချိန်တွင် ဘေးတစောင်းမအိပ်စေဘဲ ပက်လက်သာ အိပ်စက်စေခြင်း
- ကျပ်စည်းထားသည့် အဝတ်စများ ညစ်ပေလျှင် မဖြုတ်ပစ်ဘဲ သန့်ရှင်းရေးလုပ်ပေးခြင်း
- အရေပြားလောင်ခြင်းများ မရှိအောင် လေဝင်လေထွက်ကောင်းသော၊ ပျော့ပြောင်းသော အဝတ်စများဖြင့် ကျပ်စည်းပေးခြင်း စသည်တို့ကို စနစ်တကျ ပြုစုလုပ်ဆောင်ပေးရန် လိုအပ်သည်။
ခွဲစိတ်ကုသခြင်း
အောက်ပါအခြေအနေများတွင် ကျောက်ပတ်တီးစီးခြင်း၊ ခွဲစိတ်ကုသခြင်းများ ပြုလုပ်ရနိုင်သည်။
- မွေးကင်းစအချိန်မှစတင်၍ ကုသမှုမပေးနိုင်ခြင်း
- ပိတ်စဖြင့် ကျပ်စည်းခြင်းဖြင့် မသက်သာခြင်း
- အသက် (၆) လအထက်တွင်မှ ရောဂါသိရှိခြင်း
- နောက်ဆက်တွဲပြဿနာများ ရှိလာခြင်း
ကျောက်ပတ်တီးစီးခြင်း (Casting)
ကျောက်ပတ်တီးကို ပိတ်စဖြင့် ကျပ်စည်းသည့် ပုံစံအတိုင်း ပုံသွင်း၍ စည်းရမည်ဖြစ်သည်။ ထိုသို့စည်းခြင်းဖြင့် တင်ပါးဆုံရိုးအဆစ်သည် ပုံစံမှန်မှန်ဖြင့် တည်မြဲနေမည်ဖြစ်သည်။
ခွဲစိတ်ကုသခြင်း (Surgical Treatment)
ခွဲစိတ်ကုသခြင်းတွင် မှန်ပြောင်းအသုံးပြု၍ ခွဲစိတ်ခြင်း (Laparoscopic Surgery) နှင့် အရေပြားဖွင့်၍ ခွဲစိတ်ခြင်း (Open Surgery) တို့ကို ပြုလုပ်နိုင်ပြီး၊ အခြေအနေပေါ်မူတည်၍ အောက်ပါတို့ကို ထပ်မံပြုလုပ်ပေးသည်။
- အရိုးပုံစံတည့်မတ်ခြင်းခွဲစိတ်မှု (Osteotomy) – တင်ပါးဆုံရိုးအဆစ်ကို ပုံမှန်အတိုင်း တည့်မတ်အောင် ပြုပြင်ခွဲစိတ်ပေးခြင်း
- တင်ပါးဆုံအဆစ် အစားထိုးခွဲစိတ်ကုသခြင်း (Hip Replacement Surgery or Arthroplasty) – အလွန်ပျက်စီးနေသော အရိုးအဆစ်များကို တင်ပါးဆုံအဆစ် အစားထိုးခြင်း
ကာကွယ်ခြင်း
- တင်ပါးဆုံအဆစ် ပုံမှန်ဖွံ့ဖြိုးမှုမရှိခြင်း (DDH) သည် မွေးရာပါ အခြေအနေတစ်ခု ဖြစ်သည့်အတွက်ကြောင့် ကြိုတင်ကာကွယ်၍ မရပါ၊ ဆောလျင်စွာ သိရှိကုသခြင်းသည်သာ အဓိကကျသည်
- အရေးကြီးသောအချက်မှာ ကလေးအနှီးစီးခြင်း (Swaddling) ပုံစံ မှန်ကန်ရန် ဖြစ်သည်
- ရောဂါမပြင်းထန်သော ကလေးအချို့တွင် အသက်တစ်လမပြည့်မီ သက်သာလာနိုင်သည်။ သို့သော် ပုံစံမမှန်သော၊ စနစ်မကျသော အနှီးထုတ်နည်းဖြင့် ထုတ်ပါက အခြေအနေ ပိုမိုဆိုးရွားစေနိုင်သည်။
References:
- Hip Dysplasia Institute. (n.d.). Hip-healthy swaddling. Retrieved November 5, 2025, from https://hipdysplasia.org/infant-child/hip-healthy-swaddling/
- Mayo Clinic. (2024). Hip dysplasia: Symptoms and causes. Retrieved November 5, 2025, from https://www.mayoclinic.org/diseases-conditions/hip-dysplasia/symptoms-causes/syc-20350209
- NHS. (n.d.). Developmental dysplasia of the hip. Retrieved November 5, 2025, from https://www.nhs.uk/conditions/developmental-dysplasia-of-the-hip/
- Cleveland Clinic. (2023). Hip dysplasia. Retrieved November 5, 2025, from https://my.clevelandclinic.org/health/diseases/17903-hip-dysplasia
- WebMD. (n.d.). Hip dysplasia. Retrieved November 5, 2025, from https://www.webmd.com/children/what-is-hip-dysplasia
Published: 26 November 2024
Last updated: 9 January 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.