သွားအခေါင်းပေါက်ဖြစ်ခြင်းနှင့် သွားပိုးစားခြင်းသည် ကမ္ဘာပေါ်တွင် အဖြစ်အများဆုံး ကျန်းမာရေးပြဿနာများထဲမှ တစ်ခုဖြစ်သည်။ အသက်အရွယ်မရွေး သွားပိုးစားခြင်းဖြစ်နိုင်သော်လည်း ကလေးများ၊ ဆယ်ကျော်သက်များနှင့် သက်ကြီးရွယ်အိုများတွင် ပို၍အဖြစ်များသည်။ ပြင်းထန်သော သွားပိုးစားခြင်းသည် ကျန်းမာရေးကို ထိခိုက်စေပြီး မကြာခဏသွားကိုက်ခြင်း၊ ပိုးဝင်ခြင်း၊ သွားနှုတ်ရခြင်းများအထိ ဖြစ်စေနိုင်သည်။ သွားပိုးစားခြင်းကို ဖြစ်ပေါ်စေသော အကြောင်းရင်းများစွာရှိပြီး ကာကွယ်၍ရသော ရောဂါလည်းဖြစ်သည်။
သွားတစ်ချောင်းကို အောက်ပါအလွှာသုံးလွှာဖြင့် ဖွဲ့စည်းထားသည်။ အပြင်ဘက်ဆုံးအလွှာမှာ အမာဆုံးဖြစ်ပြီး ကြွေသွားလွှာ (enamel) ဟုခေါ်သည်။ အလယ်အလွှာကို ဆင်စွယ်နှစ်လွှာ (dentine) ဟုခေါ်ပြီး ကြွေသွားလွှာလောက် မမာချေ။ အတွင်းဆုံးတွင် မွသွားလွှာ (pulp) ရှိပြီး သွေးကြောများ၊ အာရုံကြောများ ပါဝင်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ
သကြားနှင့် ကစီဓာတ်များအား အသုံးပြုပြီး အက်ဆစ်များကို ထုတ်ပေးသော ဘက်တီးရီးယားပိုးများကြောင့် သွားပိုးစားခြင်း ဖြစ်ပေါ်လာရသည်။ ဘက်တီးရီးယား၊ အက်ဆစ်များ၊ အစာအကြွင်းအကျန်များနှင့် တံတွေးတို့ စုပေါင်း၍ သွားမျက်နှာပြင်ပေါ်တွင် သွားချေးများဖြစ်လာပြီး စေးကပ်သောအလွှာအဖြစ် သွားတွင်ကပ်တွယ်နေသည်။ သွားချေးများကို ပုံမှန်သန့်ရှင်းရေးမလုပ်ဘဲ ကြာရှည်စွာထားပါက မာကျောသော အရာဝတ္ထု (ကျောက်တည်ခြင်း) အဖြစ် ပြောင်းလဲသွားနိုင်သည်။ ကျောက်တည်သွားပါက သွားတိုက်ရုံနှင့် ဖယ်ရှား၍မရဘဲ သွားဆရာဝန်၏ အကူအညီဖြင့်သာ ဖယ်ရှားနိုင်သည်။ ကျောက်တည်ခြင်းသည် သွားဖုံးရောဂါကို ဖြစ်စေနိုင်သည်။
သွားသေချာမတိုက်ခြင်း သို့မဟုတ် သွားပွတ်ကြိုးဖြင့် သန့်ရှင်းရေးသေချာစွာ မလုပ်ခြင်းတို့ကြောင့် အက်ဆစ်များသည် သွား၏ကြွေလွှာအားတိုက်စား၍ သွားကြွေလွှာမျက်နှာပြင်တွင် အခေါင်းပေါက်များ ဖြစ်စေသည်။ တဖြည်းဖြည်းဖြင့် သွား၏ပျော့ပျောင်းသော အလွှာများအတွင်းသို့ ဆက်လက်ထိုးဖောက်သွားသည်။ မကုသဘဲထားပါက သွားပိုးစားခြင်းသည် သွား၏အစိတ်အပိုင်းများစွာကို ဖျက်ဆီးနိုင်ပြီး သွား၏ ဆင်စွယ်နှစ်လွှာနှင့်အာရုံကြောတွင် ပိုးဝင်ခြင်း ဖြစ်စေသည်။ အသက်ကြီးလာလျှင် သွားဖုံးများ ကြုံလှီပိန်သွားသဖြင့် သွားခြေများ ပိုမိုပေါ်ထွက်လာခြင်းကြောင့် ပျက်စီးနိုင်ခြေ ပိုများသည်။
ဖြစ်နိုင်ခြေများသောအခြေအနေများ
အချို့သောအခြေအနေများသည် သွားပိုးစားခြင်းကို ပို၍ဖြစ်စေနိုင်သည်။
- သွား၏တည်နေရာအနေအထား
အနောက်ဘက်ရှိသွားများသည် အစာအကြွင်းအကျန်များ ပို၍ကပ်နေနိုင်ပြီး သန့်ရှင်းရေးလုပ်ရန်ခက်ခဲသောကြောင့် သွားပိုးစားခြင်းကို ပို၍ဖြစ်စေသည်။ - ပါးစပ်ခြောက်ခြင်း
တံတွေးထွက်မှုနည်းသောကြောင့်ဖြစ်သည်၊ အချို့သောဆေးဝါးများ (ဥပမာ _ စိတ်ကျဆေးများ)၊ အချို့သောရောဂါအခြေအနေများ (ဥပမာ – Sjogren’s Syndrome)၊ ဦးခေါင်းနှင့်လည်ပင်းတွင် ဓာတ်ရောင်ခြည်ကုထုံးယူဖူးသူများနှင့် အချို့သောကင်ဆာဆေးဝါးများသည် တံတွေးထွက်မှု နည်းသွားစေသောကြောင့် ပါးစပ်ခြောက်ခြင်းကို ပို၍ဖြစ်စေသည်။ - အစားအသောက်
သကြားဓာတ်၊ ကစီဓာတ်များသော အစားအစာများ စားသုံးခြင်း၊ အချိုရည်များ သောက်သုံးမှုများခြင်းနှင့် အစာစားချိန် တစ်ခုနှင့်တစ်ခုကြားတွင် သရေစာများ စားသုံးခြင်း၊ ကလေးငယ်များတွင် အိပ်ခါနီး နို့စို့ခြင်း၊ နို့ဘူးတိုက်ခြင်း ပြုလုပ်ပြီး သန့်ရှင်းရေး သေချာစွာ မပြုလုပ်ပါက သွားပိုးစားခြင်းကို ပို၍ဖြစ်စေသည်။ - သွားသန့်ရှင်းရေး သေချာစွာ မပြုလုပ်ခြင်း
သွားသန့်ရှင်းရေး သေချာစွာ မပြုလုပ်ခြင်းကြောင့် သွားချေးများ ဖြစ်ပေါ် နိုင်ပြီး၊ သွားပိုးစားခြင်း၊ သွားဖုံးရောင်ခြင်းများ ပိုဖြစ်စေသည်။ - ဖလိုရိုက်ဓာတ် လုံလောက်စွာ မရရှိခြင်း
- အချို့သောရောဂါအခြေအနေများ
အစာအိမ်အချဥ်ပြန်ခြင်းကြောင့် အစာအိမ်မှအက်ဆစ်များသည် ပါးစပ်ထဲသို့ရောက်သွားပြီး သွား၏ကြွေလွှာများကို တိုက်စားကာ ထိခိုက်မှုဖြစ်စေသည်၊ စားသောက်မှုအလေ့အထ မူမမှန်ခြင်းဆိုင်ရာရောဂါ (ဥပမာ – Anorexia၊ Bulimia) တွင် ထပ်ခါတလဲလဲ ပြန်အန်ခြင်းကြောင့် အစာအိမ်အက်ဆစ်များသည် သွားကြွေလွှာများအား တိုက်စားမှုဖြစ်သည်။ - ဆီးချိုရောဂါ
သွေးတွင်းသကြားဓာတ်များခြင်းကြောင့် တံတွေးတွင်လည်း သကြားဓာတ်များလာပြီး ဘက်တီးရီးယားများ ပေါက်ပွါးရန် ပိုမိုလွယ်ကူစေသည်၊ ထို့အပြင် ဆီးချိုရောဂါသည် ပါးစပ်ခြောက်သွေ့ခြင်းကို ဖြစ်စေနိုင်သောကြောင့် သွားပိုးစားနိုင်ခြေ ပိုများစေသည်။
ရောဂါလက္ခဏာများ
သွား၏အပြင်ဘက် ကြွေလွှာသပ်သပ်တွင် သွားပိုးစားခြင်းဖြစ်ပါက နာကျင်မှု သို့မဟုတ် အခြားရောဂါလက္ခဏာများကို မဖြစ်စေသော်လည်း သွားကြွေလွှာကိုကျော်လွန်၍ သွားအတွင်းပိုင်းသို့ရောက်သွားပါက အခေါင်းပေါက်များဖြစ်ပြီး အောက်ပါလက္ခဏာများ ခံစားရနိုင်သည်။
- ခံတွင်းအနံ့ထွက်ခြင်း
- ပူသော၊ အေးသော အစားအစာများနှင့် ထိတွေ့လျှင် သွားကျဥ်ခြင်း
- သွားကိုက်ခြင်း
- သွားဖုံးသွေးယိုခြင်း၊ သွားဖုံးရောဂါ၏ အခြားသောလက္ခဏာများ ခံစားရခြင်း
- မျက်နှာရောင်ခြင်း
- သွားသည် နဂိုမူလအရောင်မှ အရောင်ပြောင်းပြီး အညိုရောင်၊ အမည်းရောင်၊ အဖြူရောင်အစွန်းများ ဖြစ်လာခြင်း
နောက်ဆက်တွဲပြဿနာများ
သွားအခေါင်းပေါက်ဖြစ်ခြင်း၊ သွားပိုးစားခြင်းများသည် စောစီးစွာ ကုသမှုမခံယူလျှင် ပြင်းထန်သော နောက်ဆက်တွဲပြဿနာများ ဖြစ်နိုင်သည်။
- မခံနိုင်အောင်သွားကိုက်ခြင်း
- သွားတစ်ဝိုက်တွင် ပိုးဝင်ခြင်းကြောင့် ရောင်ရမ်းခြင်း
- သွားများ ပျက်စီးခြင်း သို့မဟုတ် ကျိုးခြင်း
- အစာကောင်းစွာ မဝါးနိုင်ခြင်းတို့ဖြစ်သည်။
ထိုအဆင့်တွင် ကုသမှုမပြုလုပ်ပါက ပို၍ပြင်းထန်သော ပြဿနာများ ဖြစ်စေသည်။
- အလွန်အမင်းနာကျင်သောကြောင့် နေ့စဥ်လုပ်ငန်းများ လုပ်ဆောင်ရန် ခက်ခဲခြင်း
- အစာစားရန် ခက်ခဲခြင်း သို့မဟုတ် အစာကောင်းစွာ မဝါးနိုင်ခြင်းကြောင့် ကိုယ်အလေးချိန်ကျခြင်း သို့မဟုတ် အာဟာရဆိုင်ရာပြဿနာများဖြစ်ခြင်း
- သွားများဆုံးရှုံးခြင်း
- သွားပိုးဝင်ခြင်းအား စောစီးစွာ ကုသမှုမပြုလုပ်ပါက ပို၍ပြင်းထန်သော သွားအမြစ်ထိပ်ပြည်တည်နာ (periapical abscess) စသည်တို့အထိဖြစ်နိုင်သည်။
သွားအမြစ်ထိပ်ပြည်တည်နာ ဖြစ်လာပါက မေးရိုး သို့မဟုတ် မျက်နှာသို့ ပျံ့နှံ့သွားပြီး နာကျင်ခြင်း၊ မျက်နှာရောင်ရမ်းခြင်းနှင့် လည်ပင်းရှိ ပြန်ရည်ကျိတ်များ ရောင်ရမ်းခြင်းတို့ ဖြစ်နိုင်သည်။ ထို့အပြင် ဘေးပတ်လည်ရှိ တစ်ရှူးများနှင့် ခန္ဓာကိုယ်၏ အခြားသောနေရာများသို့ ပျံ့ နှံ့သွားနိုင်သဖြင့် အချို့တွင် ဦးနှောက်အထိ ပျံ့နှံ့ခြင်း၊ ပိုးဆိပ်ပျံ့ခြင်းအထိ ဖြစ်နိုင်သည်။

ဆေးရုံ၊ ဆေးခန်းပြသရန်
အထက်ပါ ရောဂါလက္ခဏာများကို သတိပြုမိပါက မိမိ၏မိသားစုဆရာဝန်၊ သွားဆရာဝန်များနှင့် ပြသတိုင်ပင်ရန်လိုသည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။
ရောဂါရှာဖွေခြင်း
သက်ဆိုင်ရာဆရာဝန်မှ ရောဂါရာဇဝင်မေးမြန်းခြင်း၊ လိုအပ်သည့် စမ်းသပ်မှုများ ပြုလုပ်ခြင်း၊ သွားများအား အသေးစိတ်စစ်ဆေးမှုများ ပြုလုပ်ခြင်း၊ သွားဓာတ်မှန်ရိုက်ခြင်း စသည်တို့ဖြင့် ရောဂါရှာဖွေ ကုသပေးနိုင်သည်။
ကုသခြင်း
သွားပိုးစားခြင်းကို ကုသရာတွင် ရောဂါ၏အခြေအနေပေါ် မူတည်၍ ကွာခြားမှုရှိသည်။
- ဖလိုရိုက်ဖြင့်ကုသမှုပေးခြင်း
- သွားပိုးစားခြင်း၏ အစောပိုင်းအဆင့်များတွင် ဖလိုရိုက်ဖြင့်ကုသမှုပေးခြင်းဖြင့် ပျက်စီးသွားသောကြွေလွှာများအား ပြန်လည်ပြုပြင်နိုင်သည်
- သွားအခေါင်းပေါက်ဖြစ်ခြင်း၏ အစောပိုင်းလက္ခဏာများအား ပြန်လည်ကောင်းမွန်စေသည်
- ဖလိုရိုက်ပါသော သွားတိုက်ဆေးများ၊ ခံတွင်းဆေးရည်များသုံးခြင်း၊ သွားဆေးခန်းတွင် ဖလိုရိုက်ကုသမှုယူခြင်းများ ပြုလုပ်နိုင်သည်
- သွားဖာခြင်း
- သွားတွင်အပေါက်ဖြစ်လာသည်နှင့် သွားဆရာဝန်မှ ဆွေးမြေ့နေသောတစ်ရှူးများအား ဖယ်ရှားပြီး သွားဖာပေးခြင်းဖြစ်သည်
- သွားဖာခြင်းတွင် သွားအရောင်ရှိသောအစေး၊ ငွေရောင် သို့မဟုတ် ရွှေရောင်တို့အားသုံးနိုင်သည်
- သွားစွပ်တပ်ခြင်း
- သွားများဆွေးမြေ့ခြင်း ဆိုးရွားစွာဖြစ်နေလျှင်၊ သွား၏ကျန်းမာသော ကြွေလွှာများမကျန်တော့လျှင် သွားစွပ်တပ်ရန် လိုအပ်နိုင်သည်
- ဆွေးမြေ့နေသော နေရာများအားဖယ်ရှားပြီး ပြန်လည်ပြုပြင်ခြင်းများ ပြုလုပ်သည်
- ထို့နောက် ရွှေ၊ ကြွေ၊ အစေး စသည့်ပစ္စည်းများအား အသုံးပြု၍ သွားစွပ်ပြုလုပ်ပြီး ကျန်နေသည့်သွားပေါ်တွင် တပ်ဆင်ခြင်းဖြစ်သည်
- သွားအမြစ်အားဖယ်ရှားခြင်း
- သွား၏အမြစ် သို့မဟုတ် အတွင်းသားသည် ပြုပြင်၍မရနိုင်အောင် ပျက်စီးသွားလျှင် သွားအမြစ်အားဖယ်ရှားခြင်းဖြင့် ကုသရန် လိုအပ်သည်
- သွားဆရာဝန်မှ ပျက်စီးနေသော သွား၏အစိတ်အပိုင်းများနှင့်အတူ အာရုံကြော၊ သွေးကြောများနှင့် တစ်ရှူးများအား ဖယ်ရှားသည်၊ ထို့နောက်အမြစ်နေရာတွင် ပစ္စည်းများထည့်၍ ပြန်ပိတ်ခြင်းဖြစ်သည်
- ပြုပြင်ထားသောသွားများပေါ်တွင် သွားစွပ်တပ်ရန် လိုအပ်နိုင်သည်
- သွားနှုတ်ခြင်း
- သွားအမြစ်အားဖယ်ရှားခြင်းဖြင့် ကုသမှုမပေးနိုင်ပါက သွားနှုတ်ရန်လိုအပ်သည်၊ နှုတ်ထားသောသွားနေရာတွင် သွားတုပြန်စိုက်ရန် လိုအပ်နိုင်သည်
ကာကွယ်ခြင်း
သွားနှင့်ခံတွင်းသန့်ရှင်းရေး ကောင်းမွန်စွာ ပြုလုပ်ခြင်းသည် အက်ဆစ်ဓာတ်နှင့် သွားပိုးပေါက်များ ဖြစ်စေသော ဘက်တီးရီးယားများကို ဖယ်ရှားပေးကာ သွားချေးတက်ခြင်းကို ကာကွယ်နိုင်သည်။ သွားနှင့်သွားဖုံးကို ကောင်းမွန်စွာ ပြုစုစောင့်ရှောက်နိုင်ခြင်း၊ သွားပိုးပေါက်ခြင်းတို့ကို ကာကွယ်ရန် အထောက်အကူဖြစ်စေသော နည်းလမ်းများမှာ_
- သွားများအား နူးညံ့သောသွားတိုက်တံဖြင့် တစ်နေ့လျှင် အနည်းဆုံး နှစ်ကြိမ်တိုက်ပါ၊ သုံးကြိမ်ထက်မပိုပါနှင့်၊ ဖလိုရိုက်ပါသော သွားတိုက်ဆေးများဖြင့် သွားတိုက်ပါ
- သွားများကြားတွင် ကပ်နေသော အစာများနှင့် သွားချေးများကို ဖယ်ရှားရန် သွားပွတ်ကြိုး သို့မဟုတ် သန့်စင်ဆေးကို အစာစားပြီးတိုင်း နေ့စဥ်အသုံးပြုပါ၊ သန့်စင်ဆေးသည် သွားတိုက်တံ မရောက်နိုင်သော နေရာများသို့ သန့်ရှင်းရန် ကူညီပေးသည်
- သွားပွတ်ကြိုးအပြင် သွားများကြား သန့်စင်ရန်အတွက်သုံးသော သွားတိုက်တံ (Interdental brushes) သို့မဟုတ် ရေဖြင့်ပက်ဖျန်းသော သန့်စင်စက် (Water Flosser) များကိုလည်း အသုံးပြုနိုင်သည်
- ဖလိုရိုက်ပါသော ခံတွင်းဆေးရည် (Mouthwash) များကို သုံးစွဲခြင်းသည်လည်း သွားကြွေလွှာကို ခိုင်မာစေပြီး ကာကွယ်ပေးသည်
- အာဟာရမျှတမှုရှိအောင်စားရမည်ဖြစ်ပြီး အချိုများသောအစာများ စားခြင်း၊ ကစီဓာတ်များသော
- အစားအစာများ စားခြင်းနှင့် အချိုရည်သောက်ခြင်းများ လျှော့ချခြင်း၊ ရှောင်ကြဥ်ခြင်း ပြုလုပ်ရမည်
- သွားပြဿနာများအား စောစီးစွာသိရှိနိုင်ရန် သွားသန့်ရှင်းရေးပြုလုပ်ခြင်းနှင့် စစ်ဆေးခြင်းများအား အနည်းဆုံး (၆) လ တစ်ကြိမ် ပြုလုပ်သင့်သည်
- အနောက်ဘက်ရှိသွားများ၏ အပေါ်မျက်နှာပြင်တွင် ပလတ်စတစ်အလွှာတစ်ခုအား အကာအနေဖြင့် သုတ်လိမ်းနိုင်သည်၊ ထိုအကာသည် အစာများ ညပ်လေ့ရှိသောမျက်နှာပြင်များနှင့် သွားချေးနှင့် အက်ဆစ်များကြောင့် သွား၏ကြွေလွှာများပျက်စီးခြင်းကို ကာကွယ်ပေးသည်၊ ထိုအကာသည် နှစ်ပေါင်းများစွာ သုံးနိုင်သော်လည်း ပုံမှန်စစ်ဆေးရန် လိုအပ်သည်
- ဖလိုရိုက်ကုသမှုများအား လိုအပ်သလို ပြုလုပ်သင့်သည်
References:
- Cleveland Clinic. (n.d.). Cavities. Retrieved November 5, 2025, from https://my.clevelandclinic.org/health/diseases/10946-cavities
- Mayo Clinic. (n.d.). Cavities: Symptoms and causes. Retrieved November 5, 2025, from https://www.mayoclinic.org/diseases-conditions/cavities/symptoms-causes/syc-20352892
- MSD Manual Professional Version. (n.d.). Dental caries (tooth decay). Retrieved November 5, 2025, from https://www.msdmanuals.com/professional/dental-disorders/common-dental-disorders/caries#Prevention_v950051
- National Health Service. (n.d.). Tooth decay. Retrieved November 5, 2025, from https://www.nhs.uk/conditions/tooth-decay/
- University of Rochester Medical Center. (n.d.). Dental caries (tooth decay). Retrieved November 5, 2025, from https://www.urmc.rochester.edu/encyclopedia/content.aspx?contenttypeid=85&contentid=P00875
Published: 26 November 2024
Last updated: 8 January 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.