Preeclampsia and Eclampsia (ကိုယ်ဝန်ဆိပ်တက်ခြင်း)

Preeclampsia and Eclampsia (ကိုယ်ဝန်ဆိပ်တက်ခြင်း)

ကိုယ်ဝန်ဆိပ်တက်ခြင်းဆိုသည်မှာ ကိုယ်ဝန်ပတ် (၂၀) နောက်ပိုင်း သွေးပေါင်ချိန်တက်ခြင်းနှင့် ဆီး၌ အသားဓာတ်များနေခြင်း (Proteinuria) ဖြစ်သည်။ စောစီးစွာ သိရှိကုသခြင်းမပြုပါက နောက်ဆက်တွဲဆိုးကျိုးများကြောင့် မိခင်နှင့်ကလေး အသက်အန္တရာယ်ဆုံးရှုံးရနိုင်သည်အထိ ဖြစ်တတ်သည်။

ကိုယ်ဝန်ဆိပ်တက်ခြင်းကြောင့် ပုံမှန်ထက်စော၍ ကလေးမွေးခြင်း ဖြစ်ပေါ်နိုင်သည်။ ကလေးမွေးဖွားရမည့်အချိန်ကို ဆုံးဖြတ်ရာတွင် ကိုယ်ဝန်ဆိပ်တက်သူ၏ ခံစားရသောလက္ခဏာများ ဆိုးရွားမှုနှင့် ကိုယ်ဝန်ဆောင်ချိန်ကာလပေါ် မူတည်သည်။ မမွေးဖွားမီ ကိုယ်ဝန်ဆိပ်တက်နေသည့် မိခင်ကို ကုသရာတွင် ဆေးဝါးဖြင့် သွေးတိုးလျော့ကျစေရုံသာမက ဖြစ်ပေါ်လာသော နောက်ဆက်တွဲဆိုးကျိုးများကိုလည်း သေချာစွာ ဂရုတစိုက်စောင့်ကြပ် ကြည့်ရှုကုသပေးရမည်။ ကလေးမွေးဖွားပြီးနောက်မှ ကိုယ်ဝန်ဆိပ်တက်သော လက္ခဏာများခံစားရပါက မီးဖွားပြီးကိုယ်ဝန်ဆိပ်တက်ခြင်း (Postpartum preeclampsia) ဟုခေါ်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

ကိုယ်ဝန်ဆိပ်တက်ရသော အကြောင်းရင်းများစွာရှိသည်။ ကျွမ်းကျင်သူများ၏အဆိုအရ ကိုယ်ဝန်တစ်လျှောက် မိခင်မှ ကလေးထံ အာဟာရပေးနေသော အချင်း၏ချို့ယွင်းချက်ကြောင့် ကိုယ်ဝန်ဆိပ်တက်ခြင်း စတင်သည်ဟု ယူဆကြသည်။ ကိုယ်ဝန်အစောပိုင်းကာလတွင် ဖြစ်တည်လာသော အချင်း၌ အောက်ဆီဂျင်နှင့် အာဟာရပေးသော သွေးကြောသစ် ဖြစ်ပေါ်မှုများ မရှိခြင်းနှင့် အချင်း ပုံမှန်အလုပ်မလုပ်ခြင်းကြောင့် ကိုယ်ဝန်ဆိပ်တက်ရခြင်းဖြစ်သည်။

အခြားသော ကိုယ်ဝန်ဆောင် သွေးတိုးရောဂါများမှာ အောက်ပါတို့ဖြစ်သည်။

  • ကိုယ်ဝန်ဆောင် သွေးတိုးခြင်း
    ကိုယ်ဝန်ဆောင်ကာလ (၂၀) ပတ်နောက်ပိုင်း ကျောက်ကပ်နှင့် အခြားကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းများ ထိခိုက်ခြင်းမရှိဘဲ သွေးတိုးခြင်းကိုခေါ်သည်။ ကိုယ်ဝန်ဆောင် သွေးတိုးသူအချို့တွင် ကိုယ်ဝန်ဆိပ်တက်ခြင်း လက္ခဏာများ ဖြစ်ပေါ်လာတတ်သည်
  • ရေရှည်သွေးတိုးရောဂါဖြစ်ခြင်း
    ကိုယ်ဝန်မဆောင်မီ သွေးတိုးရောဂါရှိနေသူများ သို့မဟုတ် ကိုယ်ဝန်ဆောင်ကာလ (၂၀) ပတ်မတိုင်မီကတည်းက မိမိ၏သွေးပေါင်ချိန်သည် ပုံမှန်ထက်တက်လာပြီး၊ မွေးဖွားပြီး (၃) လကျော်သည့်တိုင်အောင် သွေးပေါင်ချိန်တက်နေသူများကို ရေရှည်သွေးတိုးရောဂါဖြစ်နေသည်ဟု သတ်မှတ်သည်
  • ရေရှည်သွေးတိုးရောဂါတွင် ကိုယ်ဝန်ဆိပ်တက်မှု ထပ်ဆင့်ဖြစ်ပေါ်ခြင်း
    ကိုယ်ဝန်မဆောင်မီ သွေးတိုးရှိသူများ ကိုယ်ဝန်ရှိလာချိန်၌ သွေးပေါင်ချိန် ပိုမိုတက်လာပြီး၊ ဆီးတွင်းအသားဓာတ်များ ပါဝင်လာခြင်း သို့မဟုတ် အခြားကျန်းမာရေးပြဿနာများ ဖြစ်ပေါ်လာခြင်းကိုခေါ်သည်

အောက်ပါရောဂါအခြေအနေများတွင် ကိုယ်ဝန်ဆိပ်တက်ခြင်းကို ပိုမိုတွေ့ရှိရသည်။

  • ကိုယ်ဝန်မဆောင်မီကတည်းက သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ ကျောက်ကပ်ရောဂါရှိခြင်း
  • သားဦးကိုယ်ဝန်မိခင်ဖြစ်ခြင်း
  • တစ်ဦးထက်ပိုသောကိုယ်ဝန် (အမြွှာကိုယ်ဝန်) ဆောင်ရခြင်း
  • ဖန်ပြွန်သန္ဓေကိုယ်ဝန် ဆောင်ထားရခြင်း
  • ကိုယ်ဝန်ဆောင်မိခင်အသက် (၃၅) နှစ်နှင့်အထက် ဖြစ်ခြင်း
  • မိခင်အဝလွန်ခြင်း
  • ကိုယ်ခံအားစနစ် မူမမှန်တုံ့ပြန်ခြင်းနှင့် ဆိုင်သောရောဂါများ (Autoimmune disorders)
  • မိမိ၏မျိုးရိုးတွင် ကိုယ်ဝန်ဆိပ်တက်ရောဂါ ခံစားရသူများရှိခြင်း
  • ယခင်ကိုယ်ဝန်တွင် ကိုယ်ဝန်ဆိပ်တက်ခြင်း စသည့် အမျိုးသမီးများတွင် ပိုမိုတွေ့ကြုံနိုင်သည်။
ရောဂါလက္ခဏာများ

ကိုယ်ဝန်ဆိပ်တက်ခြင်း၏ အဓိကလက္ခဏာများမှာ_

  • သွေးတိုးခြင်း
  • ဆီးတွင်းအသားဓာတ်များ ပါဝင်ခြင်း သို့မဟုတ်
  • ကျောက်ကပ်နှင့် အခြားသော ကိုယ်တွင်းအင်္ဂါတစ်ခုခု ထိခိုက်ပျက်စီးသော လက္ခဏာများဖြစ်ပေါ်ခြင်းတို့ ဖြစ်ကြသည်။

ကိုယ်ဝန်ဆိပ်တက်ခြင်း၏ ပထမဆုံး လက္ခဏာတစ်ရပ်ရပ်ကို ပုံမှန်ကိုယ်ဝန်ဆောင်စောင့်ရှောက်မှုတွင် ကျန်းမာရေး စောင့်ရှောက်ပေးသူမှ စတင်တွေ့ရှိတတ်သည်။

သွေးပေါင်ချိန်တက်ခြင်းအပြင် အခြားသော ကိုယ်ဝန်ဆိပ်တက်လက္ခဏာများမှာ_

  • ဆီးတွင်း အသားဓာတ်ပါဝင်မှု များခြင်း (proteinuria) သို့မဟုတ် ကျောက်ကပ်ရောဂါလက္ခဏာများ ခံစားရခြင်း
  • သွေးတွင်း သွေးခဲစေသော သွေးဥမွှား (platelets) များ လျော့ကျနေခြင်း (thrombocytopenia)
  • အသည်းပြဿနာ ညွှန်းပြသော အသည်းအင်ဇိုင်းများ တက်နေခြင်း
  • ခေါင်းထိုးကိုက်ခြင်း
  • မျက်စိဝေဝါးခြင်း၊ ခေတ္တမှုန်ဝါးသွားခြင်း၊ အလင်းကို ပုံမှန်ထက် စူးရှခံရခြင်း (light sensitivity)
  • ဝမ်းဗိုက်ပိုင်း ရင်ညွန့်အောင့်ခြင်း အထူးသဖြင့် ညာဘက်နံရိုးအောက်တွင် အောင့်ခြင်း
  • အဆုတ်ထဲအရည်ကြောင့် အသက်ရှူနှုန်းမြန်ခြင်း
  • ပျို့ခြင်း၊ အန်ခြင်းစသည်တို့ ဖြစ်ကြသည်။

ကိုယ်အလေးချိန် တက်လာခြင်းနှင့် ခြေချောင်း၊ လက်ချောင်းများ ဖောရောင်လာခြင်းသည် ကျန်းမာသော ကိုယ်ဝန်ဆောင်များတွင်လည်း ဖြစ်တတ်သည်။ သို့သော် ရုတ်တရက် ကိုယ်အလေးချိန် တိုးလာခြင်း သို့မဟုတ် ရုတ်တရက် မျက်နှာနှင့် လက်များ ဖောရောင်လာခြင်းသည် ကိုယ်ဝန်ဆိပ်တက်ခြင်း၏ ရောဂါလက္ခဏာ ဖြစ်နိုင်သောကြောင့် သတိပြုရန် လိုအပ်သည်။

Preeclampsia and Eclampsia image 1
နောက်ဆက်တွဲပြဿနာများ

ကိုယ်ဝန်ဆိပ်တက်ခြင်းကြောင့် မိခင်တွင်

  • အချင်းကွာခြင်း (Placental abruption)
  • တက်ခြင်း (Eclampsia)
  • HELLP syndrome [ဤရောဂါစုတွင် သွေးနီဥများ ပေါက်ကွဲပျက်စီးခြင်း (Hemolysis)၊ အသည်းအင်ဇိုင်းများတက်ခြင်း (Elevated Liver Enzyme)၊ သွေးခဲစေသော သွေးဥမွှားများ သွေးတွင်း၌ လျော့ကျနေခြင်း (Low Platelets) တို့ပါဝင်သည်၊ HELLP syndrome သည် မိခင်ရော ကလေးပါ အသက်အန္တရာယ်ဖြစ်စေနိုင်သည့် ဆိုးဝါးသော နောက်ဆက်တွဲပြဿနာဖြစ်သည်]
  • သွေးပေါင်ချိန်တက်ခြင်းကြောင့် မိခင်တွင် လေဖြတ်ခြင်း၊ လေဖြန်းခြင်း၊ ဦးနှောက်အတွင်း သွေးကြောပေါက်ပြီး သွေးယိုစိမ့်မှု ဖြစ်ပွားခြင်း၊ အသည်းနှင့်ကျောက်ကပ်များ ပျက်စီးခြင်းနှင့် ရေရှည်သွေးတိုးရောဂါ ခံစားရခြင်းစသည်တို့ ဖြစ်ပွါးနိုင်သည်။

ကိုယ်ဝန်ဆိပ်တက်ခြင်းကြောင့် ကလေးတွင်

  • အချင်းမှကလေးဆီသို့ သွေးနှင့် အောက်ဆီဂျင်၊ အာဟာရဓာတ်များ ရောက်ရှိမှု နည်းပါးခြင်းကြောင့် ကလေးကြီးထွားမှုနှုန်း နှေးခြင်း
  • ကလေး လမစေ့ဘဲ မွေးဖွားရခြင်း
  • ကလေးပေါင်ချိန် မပြည့်ခြင်း
  • ကလေး ရုတ်တရက်သေဆုံးခြင်းများ ကြုံတွေ့ရတတ်သည်။
  • အထက်ပါ လမစေ့၊ ပေါင်မပြည့်ဘဲမွေးသောကလေးများ၏ နောက်ဆက်တွဲပြဿနာများ (ဥပမာ _ မသန်စွမ်းခြင်း၊ ဖွံ့ဖြိုးမှုနောက်ကျခြင်း၊​ အတက်ရောဂါ စသည်တို့) ဆက်လက်ဖြစ်ပေါ်လာနိုင်သည်။

အထက်ပါ လမစေ့၊ ပေါင်မပြည့်ဘဲမွေးသောကလေးများ၏ နောက်ဆက်တွဲပြဿနာများ (ဥပမာ _ မသန်စွမ်းခြင်း၊ ဖွံ့ဖြိုးမှုနောက်ကျခြင်း၊​ အတက်ရောဂါ စသည်တို့) ဆက်လက်ဖြစ်ပေါ်လာနိုင်သည်။

ဆေးရုံ၊ ဆေးခန်းပြသရန်

သွေးတိုးရောဂါရှိသူများသည် ကိုယ်ဝန်စောင့်ရှောက်မှုကို စောစီးစွာ ခံယူခြင်းနှင့် နေ့စဉ် သွေးပေါင်ချိန်စစ်ဆေးခြင်းများ ပြုလုပ်သင့်သည်။ အကယ်၍ သွေးပေါင်ချိန်သည် (၁၄၀/၉၀) mmHg နှင့်အထက် ရှိပါက သို့မဟုတ် အထက်တွင် ဖော်ပြခဲ့သော ကိုယ်ဝန်ဆိပ်တက်ခြင်း လက္ခဏာများထဲမှ တစ်ခုခုကို ခံစားရပါက နီးစပ်ရာ ကျန်းမာရေးဌာန၊ ဆေးရုံ၊ ဆေးခန်းများထံသို့ ချက်ချင်း သွားရောက်၍ ဆွေးနွေးတိုင်ပင်ကုသမှု ခံယူရမည်။ လိုအပ်သော သွေးနှင့်ဆီးစစ်ဆေးခြင်း၊ စမ်းသပ်ကုသခြင်းများ ပြုလုပ်ပြီး ကိုယ်ဝန်ဆိပ်တက်ခြင်း၏ နောက်ဆက်တွဲပြဿနာများကို ကာကွယ်ရန်အတွက် လွန်စွာအရေးကြီးသည်။

ရောဂါရှာဖွေခြင်း

မိမိတွင် သွေးပေါင်ချိန်တက်ခြင်းအပြင် အထက်တွင်ဖော်ပြခဲ့သော ကိုယ်ဝန်ဆိပ်တက်ခြင်း လက္ခဏာတစ်ခုခု ခံစားရပါက ရောဂါကို တိကျသေချာစေရန် အောက်ပါအတိုင်း ရှာဖွေစစ်ဆေးရမည်။

  1. သွေးပေါင်ချိန် တိုင်းတာခြင်း (Blood Pressure Measurement)
    သွေးပေါင်ချိန်တက်ခြင်း ဆိုသည်မှာ ကိုယ်ဝန်ဆောင်စဉ် အပေါ်သွေးပေါင်ချိန် (Systolic) သည် (၁၄၀) mmHg နှင့်အထက်၊ အောက်သွေးပေါင်ချိန် (Diastolic) သည် (၉၀) mmHg နှင့်အထက် ရှိခြင်းကို ခေါ်ဆိုသည်။ ကိုယ်ဝန်စောင့်ရှောက်မှု လာပြစဉ် သွေးပေါင်တက်နေပါက အချိန် (၄) နာရီခြားပြီး ဒုတိယအကြိမ် ပြန်တိုင်းသည့်တိုင် သွေးပေါင်တက်နေပါမှ သွေးပေါင်တက်ခြင်း သေချာမည်။
  2. ကိုယ်ဝန်ဆိပ်တက်ခြင်း သေချာစေရန် စစ်ဆေးမှုများ
    သွေးပေါင်တက်နေပါက ကိုယ်ဝန်ဆိပ်တက်ခြင်း ဟုတ်မဟုတ် သေချာစေရန် အောက်ပါ စစ်ဆေးမှုများကို ပြုလုပ်ရမည်။
    • သွေးစစ်ခြင်း _ အသည်း၊ ကျောက်ကပ် ကောင်းမွန်မှု ရှိမရှိနှင့် သွေးခဲစေသော သွေးဥမွှား (Platelets) ပမာဏတို့ကို တိုင်းတာရမည်
    • ဆီးစစ်ခြင်း _ ကျောက်ကပ် ကောင်းမကောင်းကို (၂၄) နာရီ စုဆောင်းထားသော ဆီး သို့မဟုတ် ပုံမှန်ဆီးကို နမူနာယူ၍ ဆီးတွင်း အသားဓာတ် (Protein) ပါဝင်မှု စစ်ဆေးသည်
    • အာထရာဆောင်းရိုက်ခြင်း (USG) _ ကလေး၏ ကြီးထွားနှုန်းသိရှိရန် ကလေး၏ ကိုယ်အလေးချိန်နှင့် ရေမြွှာရည်ပမာဏတို့ကို တိုင်းတာသည်
    • ကလေး၏ ဇီဝရူပ အချက်အလက်များ လေ့လာခြင်း (Biophysical Profile – BPP)
      သန္ဓေသား လှုပ်ရှားနေချိန်တွင် ဖြစ်ပေါ်သော သန္ဓေသား၏ နှလုံးတုံ့ပြန်မှုများကို စောင့်ကြည့်ခြင်း (Nonstress Test)၊ အာထရာဆောင်းကို အသုံးပြု၍ ကလေး၏ အသက်ရှူခြင်း၊ ကြွက်သားတောင့်တင်းမှု၊ ခန္ဓာကိုယ်လှုပ်ရှားမှုနှင့် ရေမြွှာရည် ပမာဏတို့ကို ကြည့်ရှုစစ်ဆေးခြင်းဖြစ်သည်။
Preeclampsia and Eclampsia image 2
ကုသခြင်း
  1. ပြင်းထန်မှု မရှိသော အခြေအနေများ
    ကိုယ်ဝန်ဆိပ်တက်ခြင်း ပြင်းထန်မှု မရှိပါက
    • မိခင်သည် ကိုယ်ဝန်ဆောင် စောင့်ရှောက်မှုလာတိုင်း ကျန်းမာရေးစောင့်ရှောက်သူက သွေးပေါင်တိုင်းခြင်း၊ ရောဂါလက္ခဏာများ ပြောင်းလဲမှု ရှိမရှိ စစ်ဆေးခြင်းနှင့် ကလေး၏ ကျန်းမာရေး စစ်ဆေးခြင်းတို့ကို ပြုလုပ်ပေးမည်
    • လူနာကိုလည်း အိမ်တွင် နေ့စဉ် သွေးပေါင် ပုံမှန်ချိန်ရန် ညွှန်ကြားထားလိမ့်မည်
  2. ပြင်းထန်သော အခြေအနေများ
    ပြင်းထန် ကိုယ်ဝန်ဆိပ်တက်ခြင်း ရှိပါက
    • ဆေးရုံတင်ပြီး သွေးပေါင်ချိန်နှင့် အတက်လက္ခဏာများအပြင် အခြား နောက်ဆက်တွဲဆိုးကျိုးများကို အနီးကပ် စောင့်ကြပ်ကြည့်ရှုမည်
    • ကလေး၏ ကြီးထွားမှုနှုန်းနှင့် အခြားကျန်းမာရေးအခြေအနေများကိုလည်း မကြာခဏ တိုင်းတာ စစ်ဆေးရမည်
  3. ကုသသောဆေးဝါးများ
    ကိုယ်ဝန်ဆိပ်တက်ခြင်းကို ကုသရာတွင် အောက်ပါဆေးဝါးများ လိုအပ်နိုင်သည်။
    • သွေးပေါင်ကျဆေးများ
    • တက်လျှင် အတက်ကျဆေးများ (ဥပမာ – Magnesium Sulfate)
    • ကလေး၏ အဆုတ်အား ကောင်းစေရန် စတီးရွိုက်ထိုးဆေးများ (ကိုယ်ဝန်ပတ် မစေ့မီ မွေးဖွားရမည့် အခြေအနေများတွင်)
  4. ကလေးမီးဖွားခြင်း
    • ကိုယ်ဝန်ဆိပ်တက်ခြင်း ပြင်းထန်မှု မရှိလျှင် အနီးကပ် စောင့်ကြည့်ကုသ၍ သဘာဝအတိုင်း ကလေး မွေးဖွားနိုင်သည်
    • ကိုယ်ဝန်ဆိပ်တက်ခြင်း ပြင်းထန်ပါက သို့မဟုတ် မိခင်နှင့် ကလေး အခြေအနေ ဆိုးရွားလာပါက ခွဲစိတ်၍ မွေးဖွားရနိုင်ခြေများသည်
  5. မီးဖွားပြီးနောက် စောင့်ရှောက်မှု (Postpartum Care)
    • မီးဖွားပြီးနောက်ပိုင်းတွင် သွေးပေါင်ချိန်နှင့် အခြားသော ကိုယ်ဝန်ဆိပ်တက်လက္ခဏာများကို အနီးကပ် စောင့်ကြည့်ရသည်
    • ဆေးရုံမှ မဆင်းမီတွင် မီးဖွားပြီး ကိုယ်ဝန်ဆိပ်တက်ခြင်း (Postpartum Preeclampsia) ၏ ရောဂါလက္ခဏာများဖြစ်သည့်
      • ဆိုးရွားစွာ ခေါင်းကိုက်ခြင်း၊ မျက်စိဝေဝါးခြင်းနှင့် အခြားသော အမြင်အာရုံ ပြောင်းလဲမှုများ၊
      • ဆိုးရွားစွာ ဗိုက်အောင့်ခြင်း၊ ပျို့ခြင်း၊ အန်ခြင်းများ ရှိပါက ဆေးရုံသို့ ချက်ချင်း ပြန်လည်ပြသရန် မှာကြားမည်
ကာကွယ်ခြင်း
  • ကာကွယ်ပေးနိုင်သောဆေးဝါးများ
    • ပမာဏနည်းသော အက်စပရင်ဆေး (Aspirin) ကို နေ့စဥ်သောက်သုံးခြင်းဖြင့် ကိုယ်ဝန်ဆိပ်တက်ခြင်းကို ကာကွယ်နိုင်သည်ဟု ခိုင်မာသောတွေ့ရှိချက်ကြောင့် ကိုယ်ဝန်ဆိပ်တက်နိုင်သော အကြောင်းအရာ တစ်ခု သို့မဟုတ် တစ်ခုထက် ပိုရှိနေလျှင် ကိုယ်ဝန်ဆောင် ကျန်းမာရေးစောင့်ရှောက်သူမှ ကိုယ်ဝန်သက် (၁၂) ပတ် ကျော်သည့်အခါ အက်စပရင်ကို သောက်သုံးရန် အကြံပြုမည်
    • သုသေသနတွေ့ရှိချက်များအရ စားသောက်သော အစားအစာများတွင် ကယ်လ်ဆီယမ်ဓာတ်နည်းသူများနှင့် ကိုယ်ဝန်ဆိပ်တက်ခြင်း ဖြစ်နိုင်ခြေများသော ကိုယ်ဝန်ဆောင်မိခင်များသည် စောစီးစွာ ကယ်လ်ဆီယမ် (Calcium) ဖြည့်စွက်သောက်သုံးခြင်းဖြင့် ကိုယ်ဝန်ဆိပ်တက်ခြင်းအန္တရာယ်ကို သိသိသာသာ လျော့ချနိုင်သည်ကို တွေ့ရသည်
    • ဗီတာမင်အားဆေးသာမက မည်သည့်ဆေးမျိုးကိုမဆို မသောက်သုံးမီ သင့်တော်စိတ်ချရမှု ရှိမရှိ ကျန်းမာရေးစောင့်ရှောက်သူနှင့် ဆွေးနွေးတိုင်ပင်ရန် အရေးကြီးသည်
  • ကိုယ်ဝန်ဆောင်မည့်မိခင်တွင် ကိုယ်ဝန်ဆိပ်တက်နိုင်ခြေများသော ရေရှည်သွေးတိုးရောဂါ (Chronic hypertension)၊ ဆီးချိုရောဂါ၊ ကျောက်ကပ်ရောဂါများရှိနေပါက ကိုယ်ဝန်မဆောင်မီ သေချာစွာ ကုသမှုခံယူထားရမည်
  • ကျန်းမာရေးနှင့် လူနေထိုင်မှုဘဝပုံစံ
    • ကိုယ်ဝန်ဆောင်မည့်သူများ အထူးအားဖြင့် ယခင်ကိုယ်ဝန်တွင် ကိုယ်ဝန်ဆိပ်တက်ဖူးပါက ကိုယ်ဝန်မယူမီ မိမိကိုယ်ကို ကျန်းမာရေးနှင့်ညီညွတ်စွာ နေထိုင်စားသောက်ပြုမူခြင်းသည် အကောင်းဆုံးဖြစ်သည်
  • ကိုယ်ဝန်ဆိပ်တက်ခြင်း အန္တရာယ်ဖြစ်စေနိုင်သော အကြောင်းများရှိနေပါက မိမိ၏ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ကုသမှု ခံယူထားသင့်သည်

References:

  1. Royal College of Obstetricians and Gynaecologists. (2012). Patient information leaflet: Pre-eclampsia. Retrieved November 18, 2025, from https://www.rcog.org.uk/for-the-public/browse-our-patient-information/pre-eclampsia/
  2. Mayo Clinic. (n.d.). Preeclampsia: Symptoms and causes. Retrieved November 18, 2025, from https://www.mayoclinic.org/diseases-conditions/preeclampsia/symptoms-causes/syc-20355745
  3. WebMD. (n.d.). Preeclampsia. Retrieved November 18, 2025, from https://www.webmd.com/baby/preeclamps

Published: 23 November 2024

Last updated: 8 January 2026

Share

26 November 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.