ကျန်းမာသောသူတစ်ဦး၏ နှာခေါင်းအတွင်းပိုင်းရှိ လေခိုအိတ်များသည် လေနှင့်ပြည့်နေသည်။ ၎င်းတို့သည် နဖူး၊ နှာခေါင်းရိုး၊ ပါးနှင့် မျက်လုံးများ၏နောက်တွင် တည်ရှိသည်။ ပုံမှန်လေခိုအိတ်များတွင် ဘက်တီးရီးယားနှင့် အခြားပိုးမွှားများ မရှိပါ။ လေခိုအိတ်များသည် ချွဲများကိုဖြစ်စေပြီး နှာခေါင်းအတွင်းပိုင်းကို အစိုဓာတ်ထိန်းပေးသည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် ဖုန်မှုန့်နှင့် ဓာတ်မတည့်မှု ဖြစ်စေသည့်အရာများမှ ကာကွယ်ပေးသည်။ သို့သော် ရောဂါပိုးဝင်လာလျှင် လေခိုအိတ်များကို ဖုံးအုပ်ထားသော တစ်ရှူးအမြှေးပါးများ ရောင်ရမ်းလာပြီး၊ မျက်နှာနာခြင်း၊ နှာရည်ယိုခြင်း၊ ဖျားခြင်းနှင့် အခြားလက္ခဏာများ ဖြစ်စေသည်။ ယေဘုယျအားဖြင့် အအေးမိခြင်းကြောင့် ဖြစ်တတ်သော်လည်း အခြားဗိုင်းရပ်စ်များ၊ ဘက်တီးရီးယားများ၊ မှိုများနှင့် ဓာတ်မတည့်မှုများသည်လည်း ထိပ်ကပ်နာ ဖြစ်စေနိုင်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ
နှာခေါင်းလေခိုထွက်ပေါက်များ ပိတ်သွားလျှင် သို့မဟုတ် ချွဲများ သာမန်ထက်စုပုံလာလျှင် လေခိုအိတ်များအတွင်း ဘက်တီးရီးယားနှင့် အခြားပိုးမွှားများ အလွယ်တကူ ပွါးများလာနိုင်သည်။ ထိပ်ကပ်နာသည် အောက်ဖော်ပြပါ အခြေအနေတစ်မျိုးမျိုးကြောင့် ဖြစ်နိုင်သည်။
- အချို့သောရောဂါအခြေအနေများကြောင့် လေခိုပေါက်အတွင်းရှိ အမွေးအမှင်လေးများသည် ချွဲများအား မဖယ်ရှားနိုင်ခြင်း
- အအေးမိခြင်း၊ ဓာတ်မတည့်ခြင်းများကြောင့် ချွဲများစွာထွက်ပြီး လေခိုအိတ်ထွက်ပေါက်များအား ပိတ်စေခြင်း
- နှာနုရိုးစောင်းနေခြင်း၊ နှာခေါင်းအရိုးများ သို့မဟုတ် နှာခေါင်းအသားပိုများကြောင့် လေခိုအိတ်ထွက်ပေါက်များ ပိတ်ခြင်း
- နာတာရှည်ပိုးဝင်ခြင်းကြောင့် လေခိုအိတ်ရှိ အမြှေးပါးများရောင်ရမ်းခြင်း စသည်တို့ကြောင့်ဖြစ်နိုင်သည်။
ဖြစ်သည့်အချိန်ပေါ်မူတည်၍ အောက်ပါအတိုင်းခွဲခြားနိုင်သည်။
- လတ်တလောထိပ်ကပ်နာ (acute sinusitis) _ ယေဘုယျအားဖြင့် အအေးမိခြင်း၊ ဗိုင်းရပ်စ်ပိုးဝင်ခြင်းကြောင့်ဖြစ်ပြီး (၁၀) ရက်အတွင်း သက်သာသွားလေ့ရှိသည်၊ သို့သော် လက္ခဏာများသည် (၄) ပတ်ခန့်အထိ ကြာမြင့်နိုင်သည်
- နာတာရှည်ထိပ်ကပ်နာ (chronic sinusitis) _ ရောဂါလက္ခဏာများသည် (၁၂) ပတ်ကျော်သည်အထိ ကြာနိုင်သည်
- ကာလတိုထိပ်ကပ်နာ (Subacute sinusitis) _ ရောဂါလက္ခဏာများသည် (၄)ပတ် မှ (၁၂)ပတ်အထိကြာနိုင်သည်
- မကြာခဏပြန်ဖြစ်သော ထိပ်ကပ်နာ (recurrent sinusitis) ဟူ၍ ခွဲခြားထားသည်။
ထို့ပြင်ထိပ်ကပ်နာဖြစ်စေသည့် ပိုးအမျိုးအစားပေါ်မူတည်၍ မှိုကြောင့်ဖြစ်သော ထိပ်ကပ်နာ၊ ဘက်တီးရီးယားပိုးကြောင့်ဖြစ်သော ထိပ်ကပ်နာ၊ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်သော ထိပ်ကပ်နာနှင့် ဓာတ်မတည့်မှုများကြောင့်ဖြစ်သော ထိပ်ကပ်နာဟူ၍ ခွဲခြားထားသည်။
ဖြစ်နိုင်ခြေများသောအခြေအနေများ
- နှာခေါင်းအသားပို သို့မဟုတ် နှာခေါင်းအတွင်းတွင် အကျိတ်ရှိနေခြင်း
- နှာနုရိုးစောင်းနေခြင်း
- ဓာတ်မတည့်ရောဂါရှိသူများ
- အသက်ရှူလမ်းကြောင်းဆိုင်ရာပိုးဝင်ခြင်း မကြာခဏဖြစ်သူများ
- ကိုယ်ခံအားနည်းသူများ (ဥပမာ – HIV ရောဂါပိုးရှိသူများ၊ အချို့သော ကိုယ်ခံအားချဆေးများ သောက်သုံးနေသူများ)
- ဆေးလိပ်သောက်သူများ
ရောဂါလက္ခဏာများ
အတွေ့ရများသောလက္ခဏာများမှာ_
- နှာခေါင်းပိတ်ခြင်းကြောင့် အသက်ရှူရန်ခက်ခဲခြင်း
- အစိမ်းရောင် သို့မဟုတ် အဝါရောင်ချွဲများထွက်၍ နှာရည်ယိုခြင်း
- နှာခေါင်းအနောက်ဘက်သို့ နှာရည်ပြန်ကျခြင်း (postnasal drip)
- နှာခေါင်း၊ မျက်လုံးနှင့် နဖူးတစ်ဝိုက်တွင် နာကျင်ခြင်း၊ ရောင်ခြင်း၊ တင်းနေခြင်း
- သွားကိုက်ခြင်း၊ နားကိုက်ခြင်း၊ ခေါင်းကိုက်ခြင်း
- ဖျားခြင်း၊ ချောင်းဆိုးခြင်း
- နှာခေါင်း၊ ခံတွင်းတို့မှ အနံ့ထွက်ခြင်း
- နုံးခြင်း
- အရသာခံစွမ်းရည်နှင့် အနံ့ခံစွမ်းရည်လျော့ကျခြင်းတို့ ခံစားရနိုင်သည်။
နောက်ဆက်တွဲပြဿနာများ
သေချာစွာကုသမှုမခံယူပါက အောက်ဖော်ပြပါ နောက်ဆက်တွဲပြဿနာများ ဖြစ်နိုင်သည်။
- အမြင်အာရုံချို့ယွင်းခြင်း _ ပိုးဝင်ခြင်းသည် မျက်စိသို့ပျံ့သွားပါက အမြင်အာရုံချို့ယွင်းခြင်းနှင့် မျက်စိကွယ်ခြင်းအထိဖြစ်နိုင်သည်
- ပိုးဆိပ်ပျံ့ခြင်း _ အတွေ့ရနည်းသော်လည်း ပိုးဆိပ်သည် ဦးနှောက်အမြှေးပါးနှင့် အာရုံကြောမကြီးအမြှေးပါး၊ ဦးနှောက် CSF အရည်များအတွင်း ပျံ့သွားနိုင်သည်၊ ဦးနှောက်ပြည်တည်နိုင်သည်၊ ထို့အပြင် အရိုးပိုးဝင်ခြင်း၊ အရေပြားရောင်ရမ်းခြင်းတို့ ဖြစ်နိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
အထက်ပါ ရောဂါလက္ခဏာများကို သတိပြုမိပါက မိမိ၏မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန်လိုသည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်း၊ ဓာတ်မှန်ရိုက်ခြင်း စသည်တို့ဖြင့် ရောဂါရှာဖွေကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာအထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။
ရောဂါရှာဖွေခြင်း
သက်ဆိုင်ရာဆရာဝန်မှ ရောဂါရာဇဝင်မေးမြန်းခြင်း၊ စမ်းသပ်စစ်ဆေးခြင်းတို့ပြုလုပ်၍ လိုအပ်ပါက သွေးစစ်ခြင်း၊ နှာခေါင်းတွင်း မှန်ပြောင်းကြည့်ခြင်း၊ ကွန်ပျူတာဓာတ်မှန်ရိုက်ခြင်းနှင့် သံလိုက်ဓာတ်မှန်ရိုက်ခြင်း၊ အသားစယူခြင်းတို့ကို ပြုလုပ်နိုင်သည်။ ထို့အပြင် ဓာတ်မတည့်မှုများကြောင့်ဖြစ်သည်ဟု ယူဆပါက ဓာတ်မတည့်စစ်ဆေးမှုများကို ပြုလုပ်နိုင်သည်။
ကုသခြင်း
ထိပ်ကပ်နာကုသရာတွင် ဖြစ်ပေါ်စေသည့် အကြောင်းအရာပေါ်မူတည်၍ ကုသမှုပေးရမည်။ ကုသမှုပေးနိုင်သောနည်းလမ်းများမှာ အောက်ပါအတိုင်းဖြစ်သည်။
ဆေးဝါးဖြင့်ကုသခြင်း
- ပဋိဇီဝပိုးသတ်ဆေးများပေးခြင်း
လတ်တလော ထိပ်ကပ်နာ အများစုမှာ ဗိုင်းရပ်စ်ကြောင့်ဖြစ်ပြီး ပဋိဇီဝပိုးသတ်ဆေးပေးရန် မလိုအပ်ပါ။ ရောဂါလက္ခဏာများသည် (၁၀) ရက်နှင့်အထက် ကြာမြင့်ခြင်း၊ ပြင်းထန်သောလက္ခဏာများ (အဖျားကြီးခြင်း၊ အစိမ်းရောင် သို့မဟုတ် အဝါရောင်ချွဲများထွက်၍ နှာရည်ယိုခြင်း) ရှိခြင်း သို့မဟုတ် လက္ခဏာများ စတင်သက်သာပြီးမှ ပြန်လည်ဆိုးရွားလာခြင်းစသည့် ဘက်တီးရီးယားကြောင့် ဖြစ်နိုင်ခြေရှိသည့် အခြေအနေများတွင်မူ ဆရာဝန်၏ ညွှန်ကြားချက်အတိုင်း ပဋိဇီဝပိုးသတ်ဆေးကို ရက်ပြည့်အောင် သောက်ရမည်ဖြစ်သည်။ - အကိုက်အခဲပျောက်ဆေးများပေးခြင်း
နာကျင်ကိုက်ခဲမှု သက်သာစေရန် ပါရာစီတမော ကဲ့သို့သော အကိုက်အခဲပျောက်ဆေးများ ပေးနိုင်သည်။ - နှာခေါင်းချွဲဖျော်ဆေးများပေးခြင်း
နှာခေါင်းလေခိုပေါက်အတွင်းရှိ ချွဲပမာဏများအား လျော့နည်းစေရန်အတွက် နှာခေါင်းဖျန်းဆေးများ၊ သောက်ဆေးများပေးနိုင်သည်။ - ဓာတ်မတည့်ခြင်းအား ကုသသည့်ဆေးများပေးခြင်း
ဓာတ်မတည့်မှုများကြောင့်ဖြစ်ပါက ဟစ်စ်တမင်းဆန့်ကျင်ဆေးများ ပေးနိုင်သည်။ - စတီးရွိုက်ဆေးများပေးခြင်း
လေခိုပေါက် အမြှေးပါးများ ရောင်ရမ်းခြင်းကို လျှော့ချရန်အတွက် စတီးရွိုက်ရှူဆေးများ၊ သောက်ဆေးများ ပေးနိုင်သည်။ - ဇီဝဆေးဝါးများဖြင့်ကုသခြင်း (Biologics) (နာတာရှည် ထိပ်ကပ်နာအတွက် ကုသမှုများ)
နှာခေါင်းအသားပို (Nasal Polyps) ပါဝင်သော နာတာရှည် ထိပ်ကပ်နာ ဝေဒနာရှင်များအတွက် သမားရိုးကျ ကုသမှုများဖြင့် မသက်သာပါက ရောင်ရမ်းမှုကို ထိန်းချုပ်ရန် ဇီဝဆေးဝါးများကို ဆရာဝန် ညွှန်ကြားချက်ဖြင့် ထိုးဆေးအဖြစ် အသုံးပြုကုသနိုင်သည်။
ခွဲစိတ်ကုသခြင်း
သောက်ဆေးများဖြင့် မသက်သာခြင်း၊ အသားပို၊ အကျိတ်ကြောင့်ဖြစ်ခြင်း၊ အရိုးစောင်းခြင်း၊ ပြည်တည်နာကဲ့သို့ နောက်ဆက်တွဲပြဿနာများရှိလျှင် ဆရာဝန်နှင့်တိုင်ပင်၍ သင့်တော်သော ခွဲစိတ်ကုသခြင်းနည်းလမ်းကို ပြုလုပ်နိုင်သည်။ ခွဲစိတ်သည့်နည်းများတွင် နှာခေါင်းတွင်းကြည့်မှန်ပြောင်းဖြင့် လေခိုအိတ်ထွက်ပေါက်အား ပိတ်ဆို့နေသည့်အရာကို ခွဲစိတ်ထုတ်ပယ်ခြင်းသည် အလွယ်ဆုံးနှင့် အန္တရာယ်အကင်းဆုံးဖြစ်သည်။ အချို့ ပြင်းထန်မှုမရှိသည့်သူများတွင် ပိတ်နေသော လေခိုအိတ်ထွက်ပေါက်ကို ဘောလုံးဖြင့်ချဲ့၍လည်း ကုသမှုပေးသည်။
အိမ်တွင်းကုသခြင်း
လက္ခဏာများ သက်သာစေရန် မိမိအိမ်၌ပင် လုပ်ဆောင်နိုင်သည့် အိမ်တွင်းကုသနည်းများလည်းရှိသည်။ ဆေးဝါးဖြင့် ကုသမှုများနှင့်တွဲ၍ ပြုလုပ်နိုင်သကဲ့သို့ ခွဲစိတ်ပြီးနောက်ပိုင်းတွင် အိမ်တွင်းကုသမှုကို ဆက်လက်ပြုလုပ်ရန်လိုသည်။
- ကောင်းမွန်စွာအနားယူခြင်း
- အရည်လုံလောက်စွာသောက်ခြင်း
- ရေငွေ့ထိန်းစက်အသုံးပြုခြင်း
- ရေနွေးငွေ့ရှူခြင်း
- ပဝါအား ရေနွေးနွေးတွင်စိမ်၍ မျက်နှာပေါ်တင်ခြင်း
- နှာခေါင်းရေဆေးခြင်း (Nasal irrigation) စသည်တို့ဖြစ်သည်။
နှာခေါင်းရေဆေးခြင်း
နှာခေါင်းရေဆေးခြင်းသည် နှာခေါင်းလေခိုပေါက်ရှိ ချွဲများကိုရှင်းလင်းစေပြီး ရောဂါပိုးမွှားများ၊ ဓာတ်မတည့်မှုကို ဖြစ်စေသော ပန်းဝတ်မှုန်၊ မှို၊ အညစ်အကြေး၊ ဖုန်မှုန့် စသည်တို့ကို ဆေးကြောရန်သုံးသည့် အိမ်တွင်းကုသမှုတစ်ခုဖြစ်သည်။ ထိုသို့ပြုလုပ်ရန် အသုံးပြုနိုင်သည့် ပစ္စည်းများမှ မိမိနှင့် သင့်တော်သည့်အရာကိုရွေးချယ်နိုင်သည်။ အတွေ့ရများသောအမျိုးအစားမှာ Neti pot ဖြစ်သည်။ နှာခေါင်းရေဆေးခြင်းသည် ရိုးရှင်းသောနည်းလမ်းတစ်ခုဖြစ်သော်လည်း ဂရုစိုက်၍လုပ်ဆောင်ရန် လိုအပ်သည်။ အသုံးပြုရမည့်ရေအမျိုးအစားမှာ ပိုးသတ်ထားသောရေ သို့မဟုတ် ကျိုချက်ထားသောရေဖြစ်သည်။
- နှာခေါင်းရေဆေးခြင်း မပြုလုပ်မီတွင် လက်ကိုသေချာစွာဆေးရမည်
- ရေထည့်၍ အသုံးပြုမည့်အိုးကို သေချာစွာ သန့်စင်ရမည်၊ ထို့နောက် အသုံးပြုမည့်ရေကို အိုးထဲသို့ထည့်ရမည်
- ဘေစင်ကိုမှီ၍ ခေါင်းငုံ့ထားရမည်၊ ခေါင်းအား (၄၅) ဒီဂရီခန့်စောင်းရမည်ဖြစ်သည်၊ ထိုသို့ပြုလုပ်ခြင်းဖြင့် နှာခေါင်းရေဆေးချိန်တွင် အရည်များပါးစပ်တွင်းသို့ ရောက်မသွားရန်ဖြစ်သည်
- နှာခေါင်းအဝတွင် အိုးကိုတေ့၍ထားပြီး ပါးစပ်မှတစ်ဆင့် အသက်ရှူပါ
- ထို့နောက် အိုးအတွင်းမှရေများကို နှာခေါင်းအတွင်းသို့ ဖြည်းညင်းစွာလောင်းထည့်ပါ
- ရေများသည် အပေါ်ဘက် နှာခေါင်းလမ်းကြောင်းမှတစ်ဆင့် စီးဆင်းသွားပြီး အခြားတစ်ဖက်မှ ပြန်ထွက်သွားမည်ဖြစ်သည်
- ထိုသို့ပြုလုပ်ပြီးနောက် နှာခေါင်းအတွင်းကျန်နေသော အရည်များအား ညှစ်ထုတ်ရမည်၊ ထို့နောက်အိုးကို ပြန်ဖြည့်၍ အခြားတစ်ဖက်တွင် ဆက်၍လုပ်ရမည်
- တစ်ခါအသုံးပြုပြီးတိုင်း အိုး သို့မဟုတ် အခြားသောနှာခေါင်းဆေးပစ္စည်းများအား ညွှန်ကြားချက်အတိုင်း သန့်ရှင်းရေးပြုလုပ်ရမည်။
နှာခေါင်းရေဆေးခြင်းကို
- နားပိုးဝင်ခြင်းဖြစ်နေလျှင်
- နားတစ်ဖက် သို့မဟုတ် နှစ်ဖက်လုံးတွင်ဖိအားများနေလျှင်
- နှာခေါင်းလုံးဝပိတ်နေလျှင်
- နား သို့မဟုတ် နှာခေါင်းလေခိုပေါက်တွင် ခွဲစိတ်မှုလုပ်ထားလျှင် မပြုလုပ်သင့်ပါ
ကာကွယ်ခြင်း
ထိပ်ကပ်နာသည် တစ်ဦးမှတစ်ဦးသို့ ကူးစက်စေနိုင်သည့်ရောဂါ မဟုတ်သော်လည်း ဗိုင်းရပ်စ်ပိုးများနှင့် ဘက်တီးရီးယားပိုးများသည် လေခိုအိတ်တစ်ခုမှတစ်ခုသို့ ကူးစက်စေနိုင်သည်။ ဖြစ်ပေါ်စေသည့် အကြောင်းအရာပေါ်မူတည်၍ ရောဂါကူးစက်ခြင်းအား လျှော့ချနိုင်သည့်နည်းလမ်းများမှာ_
- ဆရာဝန်ညွှန်ကြားချက်အတိုင်း နှာခေါင်းကို သန့်စင်သောရေဖြင့် သန့်ရှင်းရေးလုပ်ခြင်း
- ဓာတ်မတည့်မှုကို ဖြစ်စေသည့်အရာများအား ရှောင်ကြဥ်ခြင်း
- ဆေးလိပ်သောက်ခြင်းကို ရှောင်ကြဥ်ခြင်း
- လက်ကိုသေချာစွာ ဆေးခြင်းအပါအဝင် တစ်ကိုယ်ရေသန့်ရှင်းရေးအလေ့အထများကို သေချာစွာပြုလုပ်ခြင်းတို့ဖြစ်သည်။
References:
- Cleveland Clinic. (n.d.). Sinusitis. Retrieved November 7, 2025, from https://my.clevelandclinic.org/health/diseases/17701-sinusitis
- Cleveland Clinic. (n.d.). Nasal irrigation. Retrieved November 7, 2025, from https://my.clevelandclinic.org/health/treatments/24286-nasal-irrigation
- Healthline. (n.d.). Sinusitis: Causes, symptoms, and complications. Retrieved November 7, 2025, from https://www.healthline.com/health/sinusitis#complications
- Mayo Clinic. (n.d.). Chronic sinusitis: Diagnosis and treatment. Retrieved November 7, 2025, from https://www.mayoclinic.org/diseases-conditions/chronic-sinusitis/diagnosis-treatment/drc-20351667
- WebMD. (n.d.). Neti pots: Uses and safety. Retrieved November 7, 2025, from https://www.webmd.com/allergies/neti-pots
- WebMD. (n.d.). Sinusitis and sinus infection. Retrieved November 7, 2025, from https://www.webmd.com/allergies/sinusitis-and-sinus-infection
Published: 19 November 2024
Last updated: 8 January 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.