ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ လေ့လာချက်အရ လူ့ခန္ဓာကိုယ်တွင်းသို့ ပိုးဝင်ရောက်ကူးစက်ခြင်းတွင် သန်ကောင်တွယ်ခြင်းသည် အဖြစ်အများဆုံးဖြစ်သည်။ လူဦးရေ (၁.၅) ဘီလီယံကျော်၊ ကမ္ဘာ့လူဦးရေ၏ (၂၄%) သည် သန်ကောင်တွယ်ခြင်းကို ခံစားရကြောင်း တွေ့ရှိရသည်။ သန့်ရှင်းသောရေ မရရှိခြင်းနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေး အားနည်းသည့်ဒေသများ၊ တစ်ကိုယ်ရေသန့်ရှင်းရေး အားနည်းသူများတွင် ပို၍အဖြစ်များသည်။ အသက် (၅) နှစ်အောက် ကလေးများတွင် အဖြစ်များပြီး၊ ကျောင်းနေအရွယ်ကလေးများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် နို့တိုက်မိခင်များတွင်လည်း ဖြစ်ပွါးနိုင်သည်။ အိမ်သားတစ်ဦးတွင် သန်ကောင်ကူးစက်ခံရပါက ကျန်အိမ်သားများအားလုံး ကူးစက်ခံရနိုင်ခြေမြင့်မားသည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
အဖြစ်များသောသန်ကောင်များမှာ_
- တုတ်ကောင် (pinworms)
- သန်လုံးကောင် (roundworms) တို့ဖြစ်သည်။
အခြားသော သန်ကောင်များဖြစ်သည့်
- ချိတ်သန်ကောင် (hookworms, Necator americanus, Ancylostoma duodenale)
- ကြာပွတ်သန်ကောင် (whipworms, Trichuris trichiura)
- တုတ်ပြားကောင် (tapeworms, Taenia solium)
- Strongyloides, Trichinella နှင့် Flukes စသည့် အမျိုးအစားများလည်း တွေ့ရတတ်သည်။
ထိုသန်ကောင်အမျိုးအစားများတွင် သန်လုံးကောင် (Roundworms)၊ ကြာပွတ်သန်ကောင် (Whipworms) နှင့် ချိတ်သန်ကောင် (Hookworms) တို့သည် မြေကြီးမှတစ်ဆင့် ကူးစက်မှုအများဆုံးသန်ကောင်များ (Soil-transmitted Helminths – STH) ဖြစ်ကြသည်။
တုတ်ကောင် (pinworms or threadworms)
တုတ်ကောင် (Enterobius vermicularis) များသည် အပ်ချည်မျှင်များကဲ့သို့ သေးမျှင်သော သန်ကောင်များဖြစ်သည်။ ၎င်းတို့သည် ကလေးများတွင် အဖြစ်များပြီး ကလေးငယ်များကို ပြုစုစောင့်ရှောက်သူများ၊ လူအများ စုဝေးနေထိုင်ရာ နေရာများ၊ ဘိုးဘွားရိပ်သာများတွင်လည်း များစွာတွေ့ရှိရသည်။
တုတ်ကောင်များ၏ အဓိကပြဿနာမှာ အလွန်အမင်းယားယံစေခြင်း (အထူးသဖြင့် ညအချိန်တွင်) ဖြစ်သည်။ တုတ်ကောင်အမသည် ညအချိန်တွင် စအိုဝအနီးတစ်ဝိုက်တွင် ဥများစွာ ဥချသည်။ ထိုဥများနှင့်အတူ ပါသောအချွဲများသည် ပြင်းထန်သော ယားယံမှုကို ဖြစ်စေသည်။ ၎င်းဥများကို သာမန်မျက်စိဖြင့် မမြင်နိုင်ပေ။ ယားယံမှုကြောင့် ကုတ်ခြစ်ရာမှ ထိုဥများသည် လက်များ (လက်သည်းများအောက်) မှတစ်ဆင့် မူလသန်ကောင်ရှိပြီးသူကို ပြန်လည်ကူးစက်ခြင်း (autoinfection) နှင့် အခြားသူများဆီသို့ ကူးစက်မှုများ ဖြစ်စေသည်။ အဆိုပါဥများသည် ခန္ဓာကိုယ်အပြင်ဘက်ရှိ အရာဝတ္ထုများတွင် (၂) ပတ် မှ (၃) ပတ်အထိ ရှင်သန်နိုင်ပြီး၊ ၎င်းတို့မှ သက်ကြီးကောင်များဖြစ်ရန် အချိန် (၂) ပတ်မျှ ကြာတတ်သည်။

သန်လုံးကောင် (roundworms)
သန်လုံးကောင် (Ascaris lumbricoides) များသည် သန်ကောင်ဥများပါသော မြေကြီးမှတစ်ဆင့် လူဆီသို့ကူးစက်သော ကပ်ပါးရောဂါတစ်ခုဖြစ်သည်။ သန်ကောင်ရှိသူ၏ မစင်အညစ်အကြေးများနှင့် ထိတွေ့ မိခြင်း၊ ၎င်းတို့ကို မြေသြဇာအဖြစ် အသုံးပြုခြင်းများကြောင့် ကူးစက်ခံရမှုများသည်။ ၎င်းတို့သည် လူ၏အူများထဲတွင် သားလောင်းများ၊ အရွယ်ရောက်ပြီး သက်ကြီးကောင်များအဖြစ် ရှင်သန်နေထိုင်ကြသည်။ သန်လုံးကောင်များ၏ အဓိကပြဿနာမှာ အကောင်ရေများစွာ ပွါးများခိုဝင်နေထိုင်ခြင်းဖြစ်သည်။ သန်ကောင်များသည် ခန္ဓာကိုယ်မှအာဟာရဓာတ်များကို လုယူသုံးစွဲသည့်အပြင် အရွယ်အစားကြီးမားလာသောကြောင့် အူတစ်နေရာ၌ လုံးထွေးစုပုံလာပါက အူပိတ်ခြင်းများအထိ ဖြစ်စေသည်။

ရောဂါကူးစက်ပုံ
သန်ကောင်၊ တုတ်ကောင်ဥများသည် လူခန္ဓာကိုယ်အတွင်းသို့ နည်းအမျိုးမျိုးဖြင့် ရောက်ရှိလာနိုင်သည်။ ကူးစက်မှုခံရသောနည်းလမ်းများမှာ_
- သန်ကောင်၊ တုတ်ကောင်ဥများ ပါရှိသော မသန့်ရှင်းသည့်ရေကို သောက်သုံးမိခြင်း၊ မသန့်ရှင်းသော အစားအစာများ စားမိခြင်း
အသား၊ ငါး၊ ဟင်းသီးဟင်းရွက်များကို သန်ကောင်၊ တုတ်ကောင်ဥများ ပါရှိသော မသန့်ရှင်းသည့်ရေဖြင့် ဆေးကြောမိခြင်း၊ သန်ကောင်၊ တုတ်ကောင်ဥများရှိသည့်မြေတွင် စိုက်ပျိုးထားသော သီးနှံများကို စားသုံးမိခြင်းနှင့် သန်ကောင်၊ တုတ်ကောင်ဥများ ပါဝင်သော အသားငါးများကို အစိမ်းလိုက် သို့မဟုတ် မကျက်တကျက် ချက်စားမိခြင်း စသည်တို့ပါဝင်သည်။ - လက်ချောင်းများမှတစ်ဆင့် ပါးစပ်သို့ ကူးစက်ခြင်း
အချို့သော သန်ကောင်၊ တုတ်ကောင်ကပ်ပါးဥများသည် မြေကြီးနှင့် အခြားသောမျက်နှာပြင်များပေါ်တွင် အချိန်ကြာမြင့်စွာ ရှင်သန်နိုင်သည်။ ထိုသို့ သန်ကောင်၊ တုတ်ကောင်ဥရှိသော မျက်နှာပြင်ကို လက်ဖြင့်ထိမိပြီးနောက် ပါးစပ်သို့ထိလျှင် ကူးစက်နိုင်သည်။ သန်ကောင်၊ တုတ်ကောင် ကပ်ပါးကောင်များ၏ အမျိုးအစားပေါ် မူတည်၍ အိပ်ရာခင်း၊ အိမ်မွေးတိရစ္ဆာန်အမွှေး သို့မဟုတ် လူ၏အရေပြားမှတစ်ဆင့်လည်း ကူးစက်ခံရနိုင်သည်။ - သန်ကောင်၊ တုတ်ကောင်ဥများရှိသော မြေကြီးမှတစ်ဆင့် အရေပြားကို ဖောက်ဝင်ကူးစက်ခြင်း
အချို့သော သန်ကောင်များ (ဥပမာ_ကြာပွတ်သန်ကောင်များ) သည် လူ၏အရေပြားကို ဖောက်၍ ကူးစက်ဝင်ရောက်နိုင်စွမ်း ရှိကြသည်။ ထိုသန်ကောင်များရှိသော မြေကြီးပေါ် သို့ ခြေဗလာဖြင့် လျှောက်မိလျှင်ဖြစ်စေ၊ လက်ဗလာဖြင့် ကိုင်တွယ်မိလျှင်၊ ဆော့ကစားမိလျှင်ဖြစ်စေ သန်ကောင်၊ တုတ်ကောင်ရောဂါ ကူးစက်ခံရနိုင်သည်။ ထိုသန်ကောင်၊ တုတ်ကောင်ဥများသည် လူ့ခန္ဓာကိုယ်နှင့် အူလမ်းကြောင်းတစ်လျှောက်တွင် အကောင်များပေါက်ပြီး ကပ်ပါးကောင်အဖြစ် လူတို့စားသောက်လိုက်သော အစာအာဟာရများကို စုပ်ယူစားသောက်ရင်း ကြီးထွားလာကြသည်။ သက်ကြီးကောင်အဖြစ် ကြီးပြင်းလာပြီး၊ အထီးနှင့်အမ မိတ်လိုက်ကာ သန်ကောင်၊ တုတ်ကောင်ဥများကို ဥချသည်။ ထိုဥများသည် မစင်နှင့်အတူ ပတ်ဝန်းကျင်သို့ ထွက်လာပြီး အခြားသူများကို ထပ်မံကူးစက်စေနိုင်သည်။
ဖြစ်နိုင်ခြေများသူများ
- ပူနွေးစွတ်စိုသော ဒေသတွင် နေထိုင်သူများ (trophical and subtrophical areas)
- သန့်ရှင်းသော သောက်ရေ၊ သုံးရေ ရရှိရန် ခက်ခဲသူများ
- တစ်ကိုယ်ရေသန့်ရှင်းမှု အားနည်းသူများ
- လူဦးရေထူထပ်စွာ အတူတကွနေထိုင်ကြသူများအပြင်
- အိမ်သာမဟုတ်ဘဲ အခြားနေရာများတွင် မစင်စွန့်ခြင်း
- လူမစင်အား မြေသြဇာအဖြစ် ပြန်လည်သုံးစွဲခြင်း
- ထိုမြေကြီးများပေါ်တွင် ဖိနပ်မစီးဘဲ ခြေဗလာဖြင့် လမ်းလျှောက်ခြင်း
- စအိုမှ ပုံမမှန်သော လိင်ဆက်ဆံခြင်း စသည့်အခြေအနေများသည်လည်း သန်ကောင်ကူးစက်နိုင်ခြေများသည်။
ရောဂါလက္ခဏာများ

သန်ကောင်၊ တုတ်ကောင်များ ရှိခြင်းကြောင့်_
- ဗိုက်အောင့်ခြင်း၊ အန်ခြင်း
- လေပွခြင်း
- ဝမ်းအရည်သွားခြင်း
- အစားအသောက်ပျက်ခြင်း၊ ကိုယ်အလေးချိန်ကျခြင်းနှင့် ကောင်းစွာမဖွံ့ဖြိုးခြင်းများ ဖြစ်နိုင်သည်။
ကလေးသည် ကောင်းစွာရွှင်လန်းတက်ကြွခြင်းမရှိဘဲ တွေဝေငေးမှိုင်ခြင်း၊ ပင်ပန်းနွမ်းနယ်လွယ်ခြင်း၊ တစ်ခါတစ်ရံ အသားအရေအထိအတွေ့နှင့် အရောင်ပြောင်းခြင်းများ ဖြစ်နိုင်သည်။
ခိုအောင်းနေသော သန်ကောင်အမျိုးအစားအလိုက် နောက်ဆက်တွဲလက္ခဏာများ ရှိနိုင်သည်။ ဥပမာ_
- သန်လုံးကောင် _ လေပွခြင်း၊ မအီမသာဖြစ်ခြင်း၊ သန်ကောင်များအဆုတ်နှင့် အသက်ရှူလမ်းကြောင်းသို့ရောက်ရှိခြင်း၊ ချောင်းအလွန်ဆိုးခြင်း
- တုတ်ကောင် _ စအိုတစ်ဝိုက်နှင့် တင်ပါးများ အလွန်ယားယံခြင်း (အထူးသဖြင့် ညအချိန်)၊ အိပ်စက်မရခြင်း၊ ကလေးအလွန်ဂျီကျခြင်း၊ မိန်းမကိုယ် ယားယံခြင်း၊ ရောင်ရမ်းခြင်း
- ချိတ်သန်ကောင် _ ခြေဖဝါးယားယံခြင်း၊ အူလမ်းကြောင်း သွေးယိုခြင်း၊ သွေးအားနည်းခြင်း
- ကြာပွတ်သန်ကောင် _ စအိုဝ သို့မဟုတ် အူ ကျွံခြင်း၊ ဝမ်းကိုက်ခြင်း စသည်တို့ဖြစ်သည်။
နောက်ဆက်တွဲပြဿနာများ
သန်ကောင်၊ တုတ်ကောင်များ အလွန်များပြားလာပါက
- ဝမ်းအလွန်လျှောခြင်းကြောင့် ရေဓာတ်ဆုံးရှုံးခြင်း
- အူလမ်းကြောင်း ပိတ်ဆို့ခြင်း
- အူနံရံပေါက်ခြင်း
- အူအတက်ရောင်ခြင်း၊ အူအတက်ပေါက်ခြင်း
- အူလမ်းကြောင်းမှ အဆုတ်၊ အသည်း၊ မျက်လုံး၊ ဦးနှောက်စသော အခြားသော ကိုယ်တွင်းအင်္ဂါများထံသို့ ပျံ့နှံ့ရောက်ရှိခြင်း
- စားသုံးလိုက်သော အစာအာဟာရဓာတ်များကို သံကောင်၊ တုတ်ကောင်များမှ စုပ်ယူနေသဖြင့် နုံးချည့်ခြင်း၊ သွေးအားနည်းခြင်း၊ အာဟာရချို့တဲ့ကာ အသက်သေဆုံးခြင်း စသည့်ဆိုးကျိုးများကို ဖြစ်ပေါ်စေနိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
သန်ကောင်၊ တုတ်ကောင်ရောဂါ၏ ရောဂါလက္ခဏာများဖြစ်သော ဗိုက်နာခြင်း၊ ဝမ်းလျှောခြင်း၊ အော့အန်ခြင်း၊ မောပန်းနွမ်းနယ်ခြင်း၊ စအိုဝယားယံခြင်းအစရှိသော ရောဂါလက္ခဏာများ ခံစားရပါက မိမိ၏မိသားစုဆရာဝန်နှင့် တိုင်ပင်၍ ကုသမှုခံယူရန် လိုအပ်သည်။
ရောဂါရှာဖွေခြင်း
သက်ဆိုင်ရာဆရာဝန်မှ ရောဂါရာဇဝင်၊ စစ်ဆေးချက်၊ သန်ချဆေးတိုက်ကျွေးခြင်း ရှိမရှိ အခြေခံ၍ ရောဂါသတ်မှတ်သည်။ လိုအပ်ပါက ဝမ်းစစ်ဆေးခြင်း၊ စအိုတစ်ဝိုက် ကပ်ခွာပလတ်စတာဖြင့် ကပ်ယူကာ အဏုကြည့်မှန်ပြောင်းဖြင့် သန်ကောင်ကို ရှာဖွေစစ်ဆေးခြင်းများ ပြုလုပ်ရနိုင်သည်။
သွေးအားနည်းခြင်း၊ အာဟာရချို့တဲ့ခြင်း စသည့် လက္ခဏာများ ရှိပါက သွေးဓာတ်ခွဲစစ်ဆေးခြင်းများ ဆက်လက်ပြုလုပ်နိုင်သည်။ သွေးအားနည်းခြင်း၊ သွေးဖြူဥတစ်မျိုးဖြစ်သော Eosinophils ပမာဏ ပုံမှန်ထက်များနေခြင်း စသည်တို့ တွေ့ရှိနိုင်သည့်အပြင် သန်ကောင်ကို တုံ့ပြန်သည့် ပဋိပစ္စည်း (Antibodies) များကိုလည်း ရှာဖွေနိုင်သည်။
အူလမ်းကြောင်းအတွင်းရှိ သန်ကောင်များကို သိရှိရန် ဓာတ်မှန် (X-ray)၊ အာထရာဆောင်း (USG) များအပြင် တစ်ခါတစ်ရံ သံလိုက်ဓာတ်မှန် (MRI)၊ ကွန်ပျူတာဓာတ်မှန် (CT scan) များ ရိုက်ကူးနိုင်သည်။ လိုအပ်ပါက အစာအိမ်အူလမ်းကြောင်းတစ်လျှောက် မှန်ပြောင်းကြည့်ရှုစစ်ဆေးခြင်းဖြင့်လည်း ရောဂါရှာဖွေနိုင်သည်။
ကုသခြင်း
သန်ချဆေးများ (Anthelmintics) ကို ဆရာဝန်ညွှန်ကြားချက်အတိုင်း အတိအကျသောက်သုံးပါ။ ဆေးသောက်ရာတွင် အထူးပြင်ဆင်မှုများဖြစ်သည့် အစာရှောင်ခြင်း၊ အူရှင်းထားခြင်း၊ ဝမ်းနုတ်ဆေးစားခြင်းစသည်တို့ ပြုလုပ်ရန် မလိုအပ်ပါ။ လူ၏ခန္ဓာကိုယ်မှ ဆေးကို ပိုမိုကောင်းမွန်စွာ စုပ်ယူနိုင်စေရန်အတွက် သန်ကောင်၊ တုတ်ကောင်ချဆေးများကို အစာနှင့်တွဲစားနိုင်သည်။ သန်ကောင်၊ တုတ်ကောင်ချဆေးများကို ကြိတ်ချေ၍ သို့မဟုတ် ဝါး၍ ရေနှင့်မျိုချနိုင်သည်။ သန်ကောင်၊ တုတ်ကောင်များသည် ရောဂါလက္ခဏာများ မသိသာဘဲ ဝင်ရောက်နေနိုင်ခြင်း၊ လျင်မြန်လွယ်ကူစွာ ကူးစက်နိုင်ခြင်းများကြောင့် အတူနေထိုင်သူ မိသားစုဝင်များကိုလည်း တစ်ပြိုင်နက်တည်း သန်ကောင်၊ တုတ်ကောင်ချဆေးပေး၍ ကုသရန် လိုအပ်သည်။
အသုံးများသော သန်ကောင်၊ တုတ်ကောင်ချဆေး (၂) မျိုးမှာ မီဘမ်ဒဇော (Mebendazole)နှင့် အယ်လ်ဘမ်ဒဇော (Albendazole) ဆေးများဖြစ်သည်။ အများအားဖြင့် ဆေးကို တစ်ကြိမ်သာ သောက်ရန်လိုပြီး တုတ်ကောင်များအတွက် အချိန်ခြား၍ ဒုတိယအကြိမ် သန်ချဆေး ထပ်မံသောက်သုံးရန် လိုအပ်နိုင်သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ သန်ကောင်တွယ်ခြင်း အန္တရာယ်များသော ဒေသများတွင် ပုံမှန်သန်ချရန် (တစ်နှစ်လျှင် နှစ်ကြိမ်) အကြံပြုထားသည်။
လူကြီးများသောက်သုံးသင့်သော ဆေးပမာဏ
အဖြစ်များသော သန်ကောင်အမျိုးအစားများအတွက် လူကြီးများတွင်
- Albendazole (၄၀၀) မီလီဂရမ် – (၁) လုံး – (၁) ကြိမ် – (၁) ရက် (သို့မဟုတ်)
- Mebendazole (၅၀၀) မီလီဂရမ် – (၁) လုံး – (၁) ကြိမ် – (၁) ရက် (သို့မဟုတ်)
- Mebendazole (၁၀၀) မီလီဂရမ် – (၁) လုံး – (၂) ကြိမ် – (၃) ရက် သောက်သုံး၍ သန်ချနိုင်သည်။
ကလေးများသောက်သုံးသင့်သော ဆေးပမာဏ
အသက် (၁) နှစ်အောက် ကလေးငယ်များကို သန်ချခြင်း ပြုလုပ်လေ့မရှိပေ။ သန်ကောင်ကာကွယ်ရေး အမူအကျင့်ကောင်းများကိုသာ အတိအကျလိုက်နာသင့်သည်။
- အသက် (၁) နှစ် မှ (၂) နှစ်အထိကလေးငယ်များအတွက်
- Albendazole (၄၀၀) မီလီဂရမ် – (၁) ခြမ်း – (၁) ကြိမ် – (၁) ရက်
- အသက် (၂) နှစ်အထက်ကလေးများကို လူကြီးများအတိုင်း
- Albendazole (၄၀၀) မီလီဂရမ် – (၁) လုံး – (၁) ကြိမ် – (၁) ရက် (သို့မဟုတ်)
- Mebendazole (၅၀၀) မီလီဂရမ် – (၁) လုံး – (၁) ကြိမ် – (၁) ရက် (သို့မဟုတ်)
- Mebendazole (၁၀၀)မီလီဂရမ် – (၁) လုံး – (၂) ကြိမ် – (၃) ရက် တိုက်ကျွေး၍ သန်ချနိုင်သည်။
တုတ်ကောင်များသည် ကျန်ရစ်သောဥများမှ အကောင်ပြန်ပေါက်ပြီး ပွါးများနိုင်သည့်အတွက် (၂) ပတ်အကြာတွင် ဒုတိယအကြိမ် သန်ချသင့်သည်။
ကိုယ်ဝန်ဆောင်မိခင်များအတွက် သန်ချဆေး
မြေကြီးမှတစ်ဆင့် ကူးစက်သော ကြာပွတ်သန်ကောင် သို့မဟုတ် သံချိတ်သန်ကောင် ပျံ့နှံ့မှုများသောဒေသများနှင့် ကိုယ်ဝန်ဆောင် သွေးအားနည်းရောဂါ ပြင်းထန်သောဒေသများမှ ကိုယ်ဝန်ဆောင်မိခင်များအတွက် ကိုယ်ဝန်ဆောင်ခြင်း ပထမသုံးလပတ် နောက်ပိုင်း (After First Trimester) တွင် သန်ချဆေးတိုက်ကျွေးသင့်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကအကြံပြုထားသည်။ Albendazole (400 mg) သို့မဟုတ် Mebendazole (500 mg) ဆေးကို အထက်ပါအတိုင်း (၁) လုံး – (၁) ကြိမ် – (၁) ရက် အသုံးပြုနိုင်သည်။
ကာကွယ်ခြင်း
သန်ကောင်များဝင်ရောက်ခြင်း၊ ပြန့်ပွားခြင်းမှကာကွယ်ရန် သန်ကောင်ကာကွယ်ရေးအတွက် အောက်ပါ တစ်ကိုယ်ရေသန်ရှင်းရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေး အမူအကျင့်ကောင်းများကို လိုက်နာကျင့်သုံးရမည်။ အထူးသဖြင့် သန်ချဆေးများသောက်သုံးသည့်အချိန်မှ (၂)ပတ် မှ (၄)ပတ်ကြာသည်အထိ သေချာစွာလိုက်နာရန် အလွန်အရေးကြီးသည်။
- သန့်ရှင်းစိတ်ချရသောရေကို သောက်သုံးရန်
- အစားအစာ၊ အသီးအရွက်များကို သေချာစွာဆေးကြောရန်၊ ကောင်းစွာချက်ပြုတ်ရန်
- ကောင်းမွန်စွာဆေးကြောထားခြင်း မရှိသော အသီးအနှံ၊ မကျက်သော အသား၊ ငါးများ မစားရန်
- မြေကြီးပေါ်တွင် ဖိနပ်မပါဘဲ လျှောက်သွားခြင်းမပြုရန်
- နေအိမ်ပြင်ပတွင် မစင်စွန့်ခြင်း ရှောင်ကြဥ်ရန်၊ လူ့မစင်များကို မြေသြဇာအဖြစ် အသုံးမပြုရန်
- အစားအစာများမကိုင်တွယ်မီ၊ အိမ်သာသွားပြီး၊ အညစ်အကြေးများ၊ ကိုင်တွယ်ပြီးချိန်တွင် လက်သေချာစွာဆေးရန်
- ညအိပ်လျှင် စအိုဝန်းကျင်တစ်ဝိုက် မကုတ်မိစေရန် ကလေးငယ်အား အတွင်းခံ၊ ဘောင်းဘီစသည်တို့ကို သေချာစွာဝတ်ပေး၍ မနက်လင်းသည်နှင့် ချွတ်၍လျှော်ရန်
- လိုအပ်ပါက ဘာမီတွန်ကဲ့သို့ ဟစ်စ်တမင်းဆန့်ကျင်ဆေးများ တိုက်ရန်
- ပုံမှန်ရေချိုးရန် (အထူးသဖြင့် မနက်အိပ်ရာထချိန်တွင် ရေချိုးရန်)
- လက်သည်း၊ ခြေသည်းများ ပုံမှန်ညှပ်ပေးရန်၊ လက်ကို ပါးစပ်ထဲမထည့်မိအောင် သတိထားရန်
- သန်ကောင်ဥများ ပျံ့နှံ့စေနိုင်သောကြောင့် အဝတ်အထည်၊ အိပ်ရာခင်း၊ စောင်၊ ခြေသုတ်ခုံစသော အသုံးအဆောင်များကို သန့်ရှင်းရာတွင် ခါထုတ်ခြင်းမပြုရန်၊ ရေနွေးပူပူဖြင့် ပြုတ်လျှော်ခြင်း၊ ဖုန်စုတ်စက်ဖြင့် စုတ်ခြင်းသာပြုရန် (အထူးသဖြင့် တစ်အိမ်သားလုံး သန်ချမည့်အချိန်တွင် သန်ကောင်ဥများမကျန်ရစ်စေရန် ပြုလုပ်သင့်သည်)
- ကစားစရာအရုပ်များ၊ နေအိမ်ရှိ သန်ကောင်ဥများတင်ရှိနိုင်သောနေရာများကို ပုံမှန်သန့်ရှင်းရေးလုပ်ရန် စသည်တို့ကို ပြုလုပ်သင့်သည်။
References:
- Cleveland Clinic Medical Professional. (n.d.). Intestinal parasites. Retrieved October 14, 2025, from https://my.clevelandclinic.org/health/diseases/intestinal-parasites
- Centers for Disease Control and Prevention. (n.d.). Ascariasis. Retrieved October 14, 2025, from https://www.cdc.gov/sth/about/ascariasis.html
- Centers for Disease Control and Prevention. (n.d.). Enterobiasis (pinworm infection): Prevention. Retrieved October 14, 2025, from https://www.cdc.gov/pinworm/prevention/index.html
- Centers for Disease Control and Prevention. (n.d.). Hookworm. Retrieved October 14, 2025, from https://www.cdc.gov/sth/about/hookworm.html
- Myanmar Paediatric Society. (2018). Paediatric management guidelines (3rd ed.). Myanmar Paediatric Society.
- National Institute for Health and Care Excellence. (2023). Roundworm. Retrieved October 14, 2025, from https://cks.nice.org.uk/topics/roundworm
- National Institute for Health and Care Excellence. (2023). Threadworm. Retrieved October 14, 2025, from https://cks.nice.org.uk/topics/threadworm
- Royal Children’s Hospital Melbourne. (n.d.). Worms. Retrieved October 14, 2025, from https://www.rch.org.au/kidsinfo/fact_sheets/Worms
- World Health Organization. (n.d.). Deworming in pregnancy. Retrieved October 14, 2025, from https://www.who.int/tools/elena/interventions/deworming-pregnancy
- World Health Organization. (n.d.). Soil-transmitted helminth infections. Retrieved October 14, 2025, from https://www.who.int/news-room/fact-sheets/detail/soil-transmitted-helminth-infections
Published: 14 October 2024
Last updated: 4 January 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.