ခြေဖဝါး အရွတ်ပြားရောင်ခြင်းသည် အသက် (၄၀) မှ (၆၀) ကြားအရွယ်များတွင် ခြေဖနောင့်နာကျင်ခြင်းကို အဓိကဖြစ်စေသည့် အကြောင်းရင်းတစ်ခုဖြစ်သည်။ အရွတ်ပြားရောင်ခြင်းအများစုသည် အန္တရာယ်ဖြစ်လောက်အောင် ပြင်းထန်ခြင်းမရှိသော်လည်း နံနက်အိပ်ရာထချိန်၊ လှုပ်ရှားမှုများ စတင်ချိန်နှင့် တစ်နေရာတည်းတွင် အချိန်ကြာမြင့်စွာ ရပ်နေချိန်များတွင် နာကျင်မှု ခံစားရနိုင်သောကြောင့် နေ့စဉ် လူနေမှုဘဝကို အနှောင့်အယှက်ဖြစ်စေသည်။
ဤရောဂါသည် ခြေဖဝါးရှိ အရွတ်ပြားကို အလွန်အကျွံ အသုံးပြုခြင်း သို့မဟုတ် တင်းအားများ လွန်ကဲစွာ ကျရောက်ခြင်းကြောင့် အရွတ်များပျက်စီးပြီး ရောင်ရမ်းလာခြင်းမှ စတင်ဖြစ်ပွါးသည်။ ထို့ကြောင့် ရောဂါကို သေချာစွာ နားလည်ပြီး စနစ်တကျ ကုသမှုခံယူခြင်းဖြင့် နာကျင်မှုကို သက်သာစေကာ ပုံမှန်လှုပ်ရှားမှုများ ပြန်လည်လုပ်ဆောင်နိုင်မည်ဖြစ်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
ခြေဖဝါး အရွတ်ပြား (plantar fascia) သည် ခြေဖနောင့်ရိုးမှ ခြေချောင်းများဆီသို့ ဆန့်တန်းတွယ်ကပ်နေပြီး ခြေဖဝါး၏ အခုံးကို ထိန်းညှိပေးသည်။ ၎င်းသည် ခန္ဓာကိုယ်အလေးချိန်ကြောင့် ဖြစ်ပေါ်လာသော ဖိအားများကို စုပ်ယူကာ Shock Absorber အဖြစ် ကာကွယ်ပေးသည်။
သို့သော် ထိခိုက်ဒဏ်ရာများ သို့မဟုတ် မွေးရာပါ ခြေဖဝါးပုံပျက်ခြင်းများကြောင့် ခြေဖဝါးအရွတ်ပြားပေါ်တွင် ဖိအားများ ပိုမိုသက်ရောက်လာသည့်အခါ ရုတ်တရက်ဖြစ်စေ၊ တဖြည်းဖြည်းချင်းဖြစ်စေ စုတ်ပြဲကာ ရောင်ရမ်းနာကျင်လာသည်။
အများစုတွင် ရောဂါဖြစ်ရသည့် အကြောင်းရင်းကို တိကျစွာ ရှာမတွေ့နိုင်သော်လည်း အောက်ပါအချက်များသည် ခြေဖဝါး အရွတ်ပြားရောင်ခြင်းကို ပိုမိုဖြစ်စေနိုင်သည်။
- အသက်အရွယ် _ အသက် (၄၀) နှင့် (၆၀) ကြားအရွယ်များ
- အားကစားသမားများ _ တာဝေးပြေးခြင်း၊ ဘဲလေးကခြင်းနှင့် ပြင်းထန်သော အေရိုးဗစ်လေ့ကျင့်ခန်းများ ပြုလုပ်သူများ
- ခြေဖဝါးပုံစံ မမှန်ခြင်း _ ခြေဖဝါးပြားခြင်း၊ ခြေဖဝါးအခုံးလွန်ကဲခြင်း သို့မဟုတ် လမ်းလျှောက်ပုံ မူမမှန်ခြင်း
- ကိုယ်အလေးချိန် ပိုများခြင်း _ အဝလွန်သူများ
- အလုပ်သဘာဝ _ အချိန်ကြာမြင့်စွာ မတ်တတ်ရပ်ခြင်း သို့မဟုတ် လမ်းလျှောက်ရသော အလုပ်သမားများ၊ ဆရာ/ဆရာမများ၊ ခွဲစိတ်ဆရာဝန်များ စသည်တို့ဖြစ်သည်။
ရောဂါလက္ခဏာများ
- ခြေဖနောင့်အောက်နှင့် ဖြေဖနောင့်အတွင်းဘက်ဘေးတွင် နာကျင်ခြင်း
- မနက်အိပ်ရာထချိန်တွင် ခြေဖဝါးပေါ် ဖိရပ်လိုက်သည့်အခါ ခြေဖနောင့်နှင့် ခြေဖဝါးတစ်ခုလုံး နာကျင်ခြင်း
- အချိန်ကြာကြာ ထိုင်ပြီး၊ နားပြီးချိန် ချက်ချင်း မတ်တတ်ရပ်သည့်အခါ နာကျင်ခြင်း
- လှုပ်ရှားလိုက်လျှင် သက်သာသည်ဟု ထင်ရသော်လည်း အချိန်ကြာကြာ လမ်းလျှောက်ခြင်း၊ ပြေးခြင်း၊ မတ်တတ်ရပ်ခြင်း ပြုလုပ်သည့်အခါ ပိုမိုနာကျင်လာခြင်းတို့ကို ခံစားရနိုင်သည်။
နောက်ဆက်တွဲ ပြဿနာများ
- ခြေဖနောင့်နှင့် ခြေဖဝါး နာကျင်မှုကြောင့် ခြေချင်းဝတ်လှုပ်ရှားမှု ပုံစံမမှန်သည့်အတွက် ဒူးဆစ်၊ ပေါင်ဆစ်နှင့် ကျောရိုးဆစ်တို့၏ လှုပ်ရှားမှုများကို ထိခိုက်စေနိုင်ပြီး အချိန်ကြာလာသည်နှင့်အမျှ ထိုအရိုးအဆစ်များတွင်ပါ ထိခိုက်ဒဏ်ရာများ နောက်ဆက်တွဲပြဿနာများအနေဖြင့် ဖြစ်ပေါ်စေနိုင်သည်
- ထို့အပြင် ခြေဖနောင့်နှင့် ခြေဖဝါး နာကျင်မှုကြောင့် မိမိတို့၏ နိစ္စဓူဝ ပုံမှန်လှုပ်ရှားသွားလာမှုတို့ကိုလည်း များစွာ အနှောင့်အယှက်ဖြစ်စေနိုင်သည်
ဆေးရုံ၊ ဆေးခန်းပြသရန်
အထက်ဖော်ပြပါ ရောဂါလက္ခဏာများ တွေ့ရှိရပါက မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ပြီး လိုအပ်ပါက ဓာတ်မှန်ရိုက်ခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်း စသည့် စမ်းသပ်စစ်ဆေးမှုတို့ကို ပြုလုပ်သင့်သည်။ အချို့လူနာများတွင် ခြေဖနောင့်အား ဓာတ်မှန်ရိုက်ကြည့်လျှင် ဖနောင့်ရိုးမှ အတက်ထွက်သည်ကို တွေ့နိုင်သော်လည်း ခြေဖဝါးအရွတ်ရောင်ခြင်းသည် အရိုးအတက်နှင့် တိုက်ရိုက်သက်ဆိုင်မှု မရှိပေ။
ကုသခြင်း
ခြေဖဝါး အရွတ်ရောင်ခြင်းသည် စနစ်တကျ ကုသမှုခံယူပါက သက်သာပျောက်ကင်းနိုင်သည်။ ထို့အပြင် ရောဂါလက္ခဏာ ပိုဆိုးမလာစေရန်နှင့် နောက်ဆက်တွဲပြဿနာများကို ကာကွယ်ရန်အတွက် လိုက်နာဆောင်ရွက်ရမည့်အချက်များကို စနစ်တကျ လိုက်နာရန်လည်း အရေးကြီးသည်။
- ဆေးဝါးဖြင့်ကုသခြင်း _ အိုင်ဗျူပရိုဖဲင်၊ နာပရိုစင် စသည့် အကိုက်အခဲပျောက်ဆေးများကို သောက်ခြင်းဖြင့် နာကျင်မှုနှင့် ရောင်ရမ်းခြင်းကို ယာယီသက်သာစေနိုင်သည်
- ပြန်လည်သန်စွမ်းရေးဆေးပညာကုထုံးများ (Physiotherapy)
- လေ့ကျင့်ခန်းကုထုံးများ (Exercise Therapy)
- ခြေဖဝါးအရွတ်ပြား တောင့်တင်းမှုတို့ လျော့စေရန်အတွက် ပြုလုပ်ရမည့် အကြောလျှော့လေ့ကျင့်ခန်း
တင်းနစ်ဘောလုံးကဲ့သို့ အနည်းငယ်တောင့်တင်းသည့် ဘောလုံး သို့မဟုတ် ပုလင်း သို့မဟုတ် ဘူးကို မိမိခြေဖဝါးအောက်တွင်ထား၍ ရှေ့နောက် ဖြည်းညင်းစွာလှိမ့်ပါ၊ ရောင်ရမ်းနာကျင်နေသော ခြေဖနောင့်နေရာကို မဖိမိစေရန် သတိထားရမည်၊ တစ်ကြိမ်လျှင် (၃)မိနစ် မှ (၅) မိနစ်ထိ ပြုလုပ်၍ တစ်နေ့လျှင် (၂) ကြိမ် ပြုလုပ်ပါ - ခြေသလုံးကြွက်သားများ (Gastrocnemius/Soleus complex)နှင့် ခြေဖဝါးအရွတ်ပြား (plantar fascia) တောင့်တင်းမှုတို့ လျော့စေရန်အတွက် ပြုလုပ်ရမည့် အကြောလျှော့ လေ့ကျင့်ခန်း
နံရံ သို့မဟုတ် တန်းတစ်ခုခုကို ကိုင်၍ မတ်မတ်ရပ်ပါ၊ မိမိအကြောလျှော့လိုသော ခြေထောက်ကို ဒူးဆန့်လျက်အနေအထားဖြင့် အနောက်ဘက်သို့ ဆန့်ထားပါ၊ ရှေ့ခြေထောက်၏ ဒူးကို ဖြည်းညင်းစွာကွေးပါ၊ အနောက်ဘက်သို့ ဆန့်ထားသည့် ခြေထောက်၏ ခြေသလုံးကြွက်သားများနှင့် ခြေဖနောင့်ကြောများ တင်းလာသည်ကို ခံစားသိရှိရပါက ထိုအနေအထားကို (၁၀) စက္ကန့် ထိန်းထားပါ၊ ပြီးလျှင် ရှေ့ခြေထောက်ကို ပြန်ဆန့်၍ ဖြည်းညင်းစွာ ပြန်လျှော့ပါ၊ တစ်ကြိမ်ကို (၁၀) ခါနှင့် တစ်နေ့ (၂) ကြိမ် ပြုလုပ်ပါ - ခြေချင်းဝတ်နှင့်ခြေထောက်ကြွက်သားများပြန်လည်သန်မာလာစေရန်အတွက် ပြုလုပ်ရမည့် လေ့ကျင့်ခန်းများ
ကြမ်းပြင်တွင် ဒူးဆန့်ထိုင်လျက် အနေအထားဖြင့် ခြေချင်းဝတ်နှင့် ခြေချောင်းများကို အပေါ်သို့ ကော့တင်ပါ၊ ပြီးလျှင် အောက်သို့ ပြန်ကွေးချပါ၊ တစ်ကြိမ်လျှင် (၁၀) ခါနှင့် တစ်နေ့ (၂) ကြိမ် ပြုလုပ်ပါ - နံရံ သို့မဟုတ် တန်းတစ်ခုခုကို ကိုင်လျက် ခြေဖျားထောက်ပါ၊ ခြေဖျားထောက်ထားသည့် အနေအထားကို (၅) စက္ကန့်ထိန်းထားပါ၊ ပြီးလျှင် ဖြည်းညင်းစွာ ပြန်ချပါ၊ တစ်ကြိမ်လျှင် (၁၀) ခါနှင့် တစ်နေ့ (၂) ကြိမ်ပြုလုပ်ပါ
- ထိုင်ခုံပေါ်တွင် ထိုင်လျက် ကြမ်းပြင်ပေါ်တွင် ခင်းထားသော တဘက်စ သို့မဟုတ် အဝတ်စ တစ်ခုပေါ်တွင် မိမိခြေထောက်ကို တင်လိုက်ပါ၊ ပြီးလျှင် တဘက်စ သို့မဟုတ် အဝတ်စကို ခြေချောင်းများဖြင့် ကုတ်ဆွဲခြင်း၊ ပြန်ဖြန့်ခြင်း ပြုလုပ်ခြင်းဖြင့် ခြေဖဝါးကြွက်သား လေ့ကျင့်ခန်းကို (၃) မိနစ်ခန့် ပြုလုပ်ပါ၊ တစ်နေ့လျှင် (၂) ကြိမ် ပြုလုပ်နိုင်သည်
- ခြေဖဝါးအထောက်အပံ့ကိရိယာများဝတ်ဆင်ခြင်း (Night splint & Orthotics)
အထူးပြုလုပ်ထားသည့် ဖိနပ်ကဲ့သို့ ကိရိယာကို ဝတ်ဆင်စေခြင်းဖြင့် အိပ်ပျော်နေသည့်အချိန်တွင် ခြေဖဝါးအရွတ်ပြားကို ဆွဲဆန့်ထားသည့် အနေအထားတွင် ထားရှိစေသည့် ကုသနည်းဖြစ်သည်။ လှုပ်ရှားသွားလာသည့်အခါ ခြေဖဝါးအရွတ်ပြားကို ဒဏ်မပိစေရန် ဖိနပ်တွင်း၌ ဖော့ (သို့မဟုတ်) ပစ္စည်းကိရိယာတစ်ခုခုဖြင့် ခုခံထားပေးသည့် ကုထုံးလည်းရှိသည်။ အချို့တွင် ခြေဖဝါးပေါ်သို့ မိမိကိုယ်အလေးချိန်အားလုံး သက်ရောက်ခြင်းမရှိစေရန် တုတ်ကောက်၊ ချိုင်းထောက်စသည့် လမ်းလျှောက်အထောက်အကူပြု ကိရိယာများကို အသုံးပြုစေခြင်းဖြင့်လည်း အရွတ်ရောင်ခြင်းကို သက်သာစေနိုင်သည်။ - Electrotherapy
စက်များ အသုံးပြု၍ အပူစွမ်းအင်ဖြင့် နာကျင်မှု၊ ရောင်ရမ်းမှုတို့ကို သက်သာပျောက်ကင်းစေနိုင်သည်။
- ခြေဖဝါးအရွတ်ပြား တောင့်တင်းမှုတို့ လျော့စေရန်အတွက် ပြုလုပ်ရမည့် အကြောလျှော့လေ့ကျင့်ခန်း
- လေ့ကျင့်ခန်းကုထုံးများ (Exercise Therapy)
- ခွဲစိတ်ကုသခြင်းနှင့် အခြားကုထုံးများ
- ဖနောင့်ဆေးထိုးကုသခြင်း (Injection therapy)
ဖနောင့်၏ နာကျင်သည့် နေရာကို စတီးရွိုက် ဆေးထိုးကုသခြင်း၊ သွေးဥမွှားပါသည့် သွေးရည်ကြည်ထိုးကုသခြင်း စသည်တို့သည်လည်း နာကျင်ရောင်ရမ်းခြင်းကို အလျင်အမြန် သက်သာစေသည့် ကုထုံးများဖြစ်သည်။ သွေးဥမွှားများသည် တစ်ရှူးများ ပြန်လည်ပြုပြင်ခြင်းနှင့် အနာကျက်ခြင်းကို အားပေးသည့်အတွက် နာတာရှည် နာကျင်မှုများကို သက်သာစေရန်အတွက် အသုံးပြုလာကြသည်။ သို့သော် အရွတ်ပြားဆွေး၍ ပြတ်ခြင်းဖြစ်နိုင်သဖြင့် စတီးရွိုက်ဆေးကို မကြာခဏထိုးခြင်း မပြုလုပ်သင့်ပေ။ - အသံလှိုင်း သို့မဟုတ် လျှပ်စီးလှိုင်း ကုထုံး (Ultrasonic tissue repair)
အပ်ဖျားကဲ့သို့ စူးရှသည့် အာနိသင်ရှိသော အသံလှိုင်းများ သို့မဟုတ် လျှပ်စီးလှိုင်းဖြင့် ခြေဖဝါးအရွတ်အတွင်းရှိ ပျက်စီးနေသော တစ်ရှူးများကို ချေမွစုပ်ယူသည့်နည်းဖြစ်သည်။ - ခွဲစိတ်ခြင်း
အများစုသည် ခွဲစိတ်ရန်မလိုဘဲ ပျောက်ကင်းသက်သာနိုင်သော်လည်း အနည်းငယ်မျှသော လူနာအချို့တွင်မူ ခွဲစိတ်ကုသရန် လိုအပ်နိုင်သည်။ ကုသမှုအမျိုးမျိုး ပေးနေသော်လည်း မသက်သာဘဲ အလွန်နာကျင်လာခြင်း၊ နေ့စဉ်နေထိုင်မှုဘဝကို ထိခိုက်လာခြင်းများတွင် ခြေဖဝါးအရွတ်ပြားကို ဖနောင့်ရိုးမှ ခွဲစိတ်ဖြတ်တောက်ပေးခြင်းဖြင့် ကုသနိုင်သည်။
- ဖနောင့်ဆေးထိုးကုသခြင်း (Injection therapy)
အခြားကုသမှုနည်းလမ်းများ
သုတေသနများအရ ယခင်က ခြေဖဝါး အရွတ်ပြားရောင်ခြင်းကို ရောင်ရမ်းသောရောဂါ (inflammatory condition) ဟု သတ်မှတ်ခဲ့ရာမှ ယခုအခါတွင် အရွတ်များ ပျက်စီးယိုယွင်းခြင်း (degenerative condition) ကြောင့် ဖြစ်ပွါးသည်ဟု ပိုမိုယုံကြည်လာကြသည်။ ထို့အတူ ကုသမှုနည်းလမ်းများမှာလည်း ပိုမိုထိရောက်သော နည်းလမ်းများသို့ ပြောင်းလဲလာသည်။
- အသံလှိုင်းဖြန့်ကျက်ကုထုံး (Extracorporeal Shockwave Therapy – ESWT)
ဤကုထုံးသည် ခန္ဓာကိုယ်ပြင်ပမှ စက်ဖြင့်ထုတ်လွှတ်သော ပြင်းအားမြင့် အသံလှိုင်းများကို နာကျင်သည့် နေရာသို့ တိုက်ရိုက်ပေးပို့သည့် ကုသမှုဖြစ်သည်။ ခွဲစိတ်မှုမပါဘဲ ပြင်းထန်သော နာတာရှည်ဝေဒနာရှင်များအတွက် အလွန်ထိရောက်သည့် နည်းလမ်းတစ်ခုဖြစ်ပြီး ပျက်စီးနေသော အရွတ်တစ်ရှူးများကို ပြန်လည်ကောင်းမွန်စေရန် လှုံ့ဆော်ပေးသည်။ - အာထရာဆောင်းလမ်းညွှန်ဖြင့် ဆေးထိုးကုသခြင်း
လက်ရှိတွင် ဆေးထိုးကုသမှုများကို အာထရာဆောင်း (Ultrasound) စက်ဖြင့် ကြည့်ရှုပြီး တိကျစွာ ထိုးသွင်းလာကြသည်။ ဤနည်းလမ်းသည် ဆေးကို ပျက်စီးနေသော အရွတ်ပြားပေါ်သို့ တိုက်ရိုက်ရောက်ရှိစေသဖြင့် ကုသမှု၏ ထိရောက်မှုကို ပိုမိုမြင့်မားစေပြီး ဘေးထွက်ဆိုးကျိုးများကိုလည်း လျှော့ချပေးနိုင်သည်။
ကာကွယ်ခြင်း
ခြေဖဝါး အရွတ်ပြားရောင်ခြင်းကို ကာကွယ်ရန်နှင့် နာကျင်မှု သက်သာစေရန်အတွက် နေထိုင်မှုပုံစံ ပြောင်းလဲခြင်းနှင့် မိမိကိုယ်တိုင် ပြုစုစောင့်ရှောက်ခြင်းသည် အရေးကြီးသည်။ ရောဂါလက္ခဏာများ စတင်ခံစားရပါက_
- အချိန်ကြာကြာ မတ်တတ်ရပ်ခြင်း၊ ပြေးခြင်း၊ သို့မဟုတ် အချိန်ကြာမြင့်စွာ လမ်းလျှောက်ခြင်းများကို တတ်နိုင်သမျှ လျှော့ချပြီး ခြေထောက်ကို အနားပေးပါ
- မိမိခြေထောက်နှင့် အရွယ်အစား ကိုက်ညီပြီး နူးညံ့ကာ အောက်ခံပျော့သော ဖိနပ်များကို ပြောင်းလဲစီးပါ
- အမျိုးသမီးများအနေဖြင့် ဒေါက်မြင့်ဖိနပ်စီးခြင်းများကို ရှောင်ကြဉ်ပါ
- ခြေဖဝါးပေါ် သက်ရောက်သော ဖိအားကို လျှော့ချနိုင်ရန်အတွက် ခန္ဓာကိုယ်အလေးချိန် များနေပါက လျှော့ချပါ
- Silicon Heel Cushion (ခြေဖနောင့်ဖော့ပြား) နှင့် Arch Support (ခြေဖဝါးခုံးထောက်ကူပစ္စည်း) ကဲ့သို့သော အထောက်အကူပြု ပစ္စည်းများကို အသုံးပြုခြင်းဖြင့်လည်း ဖိအားကို လျှော့ချပြီး နာကျင်မှုကို သက်သာစေနိုင်သည်။
References:
- Mayo Clinic. (2023). Plantar fasciitis: Diagnosis & treatment. Retrieved September 26, 2025, from https://www.mayoclinic.org/diseases-conditions/plantar-fasciitis/diagnosis-treatment/drc-20354851
- Physiopedia. (n.d.). Plantar fasciitis. Retrieved September 26, 2025, from https://www.physio-pedia.com/Plantar_Fasciitis
- Physiopedia. (n.d.). Biomechanics of plantar fasciitis. Retrieved September 26, 2025, from https://www.physio-pedia.com/Biomechanics_of_Plantar_Fasciitis
- Oatis, C. A. (2016). Kinesiology: The mechanics and pathomechanics of human movement (3rd ed.). Wolters Kluwer Health.
- Zengerink, K., de Vos, R. J., Weir, A., van Schie, H. T. M., & Tol, J. L. (2013). Plasma therapy for plantar fasciitis: A systematic review. British Journal of Sports Medicine, 47(12), 796–802. https://doi.org/10.1136/bjsports-2012-091160
- Buchanan, B. K., Kushner, L. J., & Loder, R. T. (2023). A systematic review of platelet-rich plasma injection for plantar fasciitis. Foot & Ankle International, 44(8), 613–620. https://doi.org/10.1177/10711007231161604
- Rebello, M., Sharma, N., Bhaskaran, S., Arambakkam, V., & Chandrasekaran, B. (2022). Effectiveness of extracorporeal shockwave therapy for chronic plantar fasciitis: A systematic review and meta-analysis. Annals of Physical and Rehabilitation Medicine, 65(5), 101672. https://doi.org/10.1016/j.rehab.2022.101672
- Kumai, T., Arai, R., Koshino, Y., Yoshida, S., & Arai, T. (2023). Ultrasound-guided injection for plantar fasciitis: A systematic review and meta-analysis. Journal of Ultrasound in Medicine, 42(8), 1687–1698. https://doi.org/10.1002/jum.16320
- Tu, P., Wu, H., & Xu, H. (2021). Is plantar fasciitis an inflammatory condition or a degenerative process? A histopathological study. Foot & Ankle International, 42(10), 1335–1341. https://doi.org/10.1177/10711007211003525
Published: 28 October 2024
Last updated: 3 January 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.




