အသက် (၄၀)နှင့် (၆၀) ကြား၌ ခြေဖနောင့်နာကျင်ခြင်းကို ဖြစ်စေသော အဖြစ်အများဆုံး ပြဿနာတစ်ခုဖြစ်သည်။ အရွတ်ပြားရောင်ခြင်းအများစုသည် အန္တရာယ်ဖြစ်လောက်အောင် ပြင်းထန်ခြင်းမရှိသော်လည်း နေ့စဉ်လူမှုနေထိုင်မှုဘဝကို ထိခိုက်စေနိုင်သည်။
ဖြစ်ပေါ်ရသော အကြောင်းရင်းများ
ခြေဖဝါးအရွတ်ပြားသည် ဖနောင့်ရိုးမှ ခြေချောင်းများအရင်းပိုင်းသို့ ဆန့်တန်းတွယ်ကပ်နေပြီး ခြေထောက်အခုံးကို ထိန်းညှိထားသည်။ ခန္ဓာကိုယ်၏ အလေးချိန်အားလုံးသည် ခြေဖဝါးရှိ နေရာတစ်နေရာတည်းတွင် ဖိအားမကျရောက်နေစေရန်အတွက် ခြေဖဝါးအရွတ်ပြားသည် shock absorber အနေဖြင့် ကာကွယ်ပေးသည်။ ထိခိုက်ဒဏ်ရာကြောင့်ဖြစ်စေ၊ မွေးရာပါ ခြေထောက်အရိုးများနှင့် ခြေထောက်အခုံး ပုံပျက်ခြင်းများကြောင့်ဖြစ်စေ ခြေဖဝါးအရွတ်တွင် ဒဏ်ပိပြီး ရုတ်တရက် သို့မဟုတ် တဖြည်းဖြည်း စုတ်ပြဲလာခြင်းကြောင့် နာကျင်ရောင်ရမ်းလာခြင်း ဖြစ်သည်။
လူနာအများစုတွင် ခြေဖဝါးအရွတ်ပြားရောင်ခြင်း ဖြစ်ပေါ်သည့်အကြောင်းရင်းကို အတိအကျရှာဖွေ၍ မရနိုင်သော်လည်း အောက်ပါအခြေအနေများသည် ခြေဖဝါးအရွတ်ပြားရောင်ခြင်းကို ပိုမိုဖြစ်ပေါ် စေသည်။
- သက်ကြီးပိုင်းအရွယ် – (၄၀) နှစ် မှ (၆၀) နှစ်ကြား
- အချို့အားကစားနည်းများ – တာဝေးပြေးခြင်း၊ ဘဲလေးကခြင်း၊ ပြင်းထန်စွာ အေရိုးဗစ်ကစားခြင်း
- ခြေဖဝါးပုံပျက်ခြင်း – မွေးရာပါ ခြေဖဝါးပြားခြင်း၊ ခုံးလွန်းခြင်း၊ လမ်းလျှောက်ပုံ မူမမှန်ခြင်းများ
- အဝလွန်သူများ
- ကြာရှည်မတ်တပ်ရပ်ရခြင်း၊ လမ်းလျှောက်ရခြင်း (စက်ရုံ အလုပ်သမားများ၊ ကျောင်းဆရာ၊ ဆရာမများ၊ ခွဲစိတ်ဆရာဝန်များ)
ရောဂါလက္ခဏာများ
- ခြေဖနောင့်အောက်နှင့် ဖြေဖနောင့်အတွင်းဘက် ဘေးတွင် နာကျင်ခြင်း
- မနက်အိပ်ရာထချိန်တွင် ခြေဖဝါးပေါ် ဖိရပ်လိုက်သည့်အခါ ခြေဖနောင့်နှင့် ခြေဖဝါးတစ်ခုလုံး နာကျင်ခြင်း
- အချိန်ကြာကြာ ထိုင်ပြီး၊ နားပြီးချိန် ချက်ချင်း မတ်တတ်ရပ်သည့်အခါ နာကျင်ခြင်း
- လှုပ်ရှားလိုက်လျှင် သက်သာသည်ဟု ထင်ရသော်လည်း အချိန်ကြာကြာ လမ်းလျှောက်ခြင်း၊ ပြေးခြင်း၊ မတ်တတ်ရပ်ခြင်း ပြုလုပ်သည့်အခါ ပိုမိုနာကျင်လာခြင်းတို့ကို ခံစားရနိုင်သည်။
နောက်ဆက်တွဲ ပြဿနာများ
- ခြေဖနောင့်နှင့် ခြေဖဝါး နာကျင်မှုကြောင့် ခြေချင်းဝတ်လှုပ်ရှားမှု ပုံစံမမှန်သည့်အတွက် ဒူးဆစ်၊ ပေါင်ဆစ်နှင့် ကျောရိုးဆစ်တို့၏ လှုပ်ရှားမှုများကို ထိခိုက်စေနိုင်ပြီး အချိန်ကြာလာသည်နှင့်အမျှ ထိုအရိုးအဆစ်များတွင်ပါ ထိခိုက်ဒဏ်ရာများ နောက်ဆက်တွဲပြဿနာများအနေဖြင့် ဖြစ်ပေါ်စေနိုင်သည်
- ထို့အပြင် ခြေဖနောင့်နှင့် ခြေဖဝါး နာကျင်မှုကြောင့် မိမိတို့၏ နိစ္စဓူဝ ပုံမှန်လှုပ်ရှားသွားလာမှုတို့ကိုလည်း များစွာ အနှောင့်အယှက်ဖြစ်စေနိုင်သည်
ဆေးရုံ ဆေးခန်းပြသရန်
အထက်ဖော်ပြပါ ရောဂါလက္ခဏာများ တွေ့ရှိရပါက မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ပြီး လိုအပ်ပါက ဓာတ်မှန်ရိုက်ခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်း စသည့် စမ်းသပ်စစ်ဆေးမှုတို့ကို ပြုလုပ်သင့်သည်။ အချို့လူနာများတွင် ခြေဖနောင့်အား ဓာတ်မှန်ရိုက်ကြည့်လျှင် ဖနောင့်ရိုးမှ အတက်ထွက်သည်ကို တွေ့နိုင်သော်လည်း ခြေဖဝါးအရွတ်ရောင်ခြင်းသည် အရိုးအတက်နှင့် တိုက်ရိုက်သက်ဆိုင်မှု မရှိပေ။
ကုသခြင်း
ခြေဖဝါး အရွတ်ရောင်ခြင်းသည် စနစ်တကျ ကုသမှုခံယူပါက သက်သာပျောက်ကင်းနိုင်သည်။ ထို့အပြင် ရောဂါလက္ခဏာ ပိုဆိုးမလာစေရန်နှင့် နောက်ဆက်တွဲပြဿနာများကို ကာကွယ်ရန်အတွက် လိုက်နာဆောင်ရွက်ရမည့် အချက်များကို စနစ်တကျလိုက်နာရန်လည်း အရေးကြီးသည်။
- ဆေးဝါးဖြင့်ကုသခြင်း – အိုင်ဗျူပရိုဖင်၊ နာပရိုစင် စသည့် အကိုက်အခဲပျောက်ဆေးများကို သောက်ခြင်းဖြင့် နာကျင်မှုနှင့် ရောင်ရမ်းခြင်းကို ယာယီသက်သာစေနိုင်သည်
- ပြန်လည်သန်စွမ်းရေးဆေးပညာကုထုံးများ (Physiotherapy)
- လေ့ကျင့်ခန်းကုထုံးများ (Exercise Therapy)
ခြေဖဝါးအရွတ်ပြား တောင့်တင်းမှုတို့ လျော့စေရန်အတွက် ပြုလုပ်ရမည့် အကြောလျှော့လေ့ကျင့်ခန်း - တင်းနစ်ဘောလုံးကဲ့သို့ အနည်းငယ်တောင့်တင်းသည့် ဘောလုံး (သို့မဟုတ်) ပုလင်း (သို့မဟုတ်) ဘူးကို မိမိခြေဖဝါးအောက်တွင်ထား၍ ရှေ့နောက် ဖြည်းညင်းစွာလှိမ့်ပါ။ ရောင်ရမ်းနာကျင်နေသော ခြေဖနောင့်နေရာကို မဖိမိစေရန် သတိထားရမည်။ တစ်ကြိမ်လျှင် (၃)မိနစ် မှ (၅) မိနစ်ထိ ပြုလုပ်၍ တစ်နေ့လျှင် (၂) ကြိမ် ပြုလုပ်ပါ။
ခြေသလုံးကြွက်သားများ (Gastrocnemius/Soleus complex)နှင့် ခြေဖဝါးအရွတ်ပြား (plantar fascia) တောင့်တင်းမှုတို့ လျော့စေရန်အတွက် ပြုလုပ်ရမည့် အကြောလျှော့ လေ့ကျင့်ခန်း - နံရံ (သို့မဟုတ်) တန်းတစ်ခုခုကို ကိုင်၍ မတ်မတ်ရပ်ပါ။ မိမိအကြောလျှော့လိုသော ခြေထောက်ကို ဒူးဆန့်လျက်အနေအထားဖြင့် အနောက်ဘက်သို့ ဆန့်ထားပါ။ ရှေ့ခြေထောက်၏ ဒူးကို ဖြည်းညင်းစွာကွေးပါ။ အနောက်ဘက်သို့ ဆန့်ထားသည့် ခြေထောက်၏ ခြေသလုံးကြွက်သားများနှင့် ခြေဖနောင့်ကြောများ တင်းလာသည်ကို ခံစားသိရှိရပါက ထိုအနေအထားကို (၁၀) စက္ကန့်ထိန်းထားပါ။ ပြီးလျှင် ရှေ့ခြေထောက်ကို ပြန်ဆန့်၍ ဖြည်းညင်းစွာ ပြန်လျှော့ပါ။ တစ်ကြိမ်ကို (၁၀) ခါ နှင့် တစ်နေ့ (၂) ကြိမ်ပြုလုပ်ပါ။
ခြေချင်းဝတ်နှင့်ခြေထောက်ကြွက်သားများပြန်လည်သန်မာလာစေရန်အတွက် ပြုလုပ်ရမည့် လေ့ကျင့်ခန်းများ - ကြမ်းပြင်တွင် ဒူးဆန့်ထိုင်လျက် အနေအထားဖြင့် ခြေချင်းဝတ်နှင့် ခြေချောင်းများကို အပေါ်သို့ ကော့တင်ပါ။ ပြီးလျှင် အောက်သို့ ပြန်ကွေးချပါ။ တစ်ကြိမ်လျှင် (၁၀)ခါနှင့် တစ်နေ့ (၂)ကြိမ် ပြုလုပ်ပါ။
- နံရံ (သို့မဟုတ်) တန်းတစ်ခုခုကို ကိုင်လျက် ခြေဖျားထောက်ပါ။ ခြေဖျားထောက်ထားသည့် အနေအထားကို (၅) စက္ကန့်ထိန်းထားပါ။ ပြီးလျှင် ဖြည်းညင်းစွာ ပြန်ချပါ။ တစ်ကြိမ်လျှင် (၁၀) ခါနှင့် တစ်နေ့ (၂) ကြိမ်ပြုလုပ်ပါ။
- ထိုင်ခုံပေါ်တွင် ထိုင်လျက် ကြမ်းပြင်ပေါ်တွင် ခင်းထားသော တဘက်စ (သို့မဟုတ်) အဝတ်စ တစ်ခုပေါ်တွင် မိမိခြေထောက်ကို တင်လိုက်ပါ။ ပြီးလျှင် တဘက်စ (သို့မဟုတ်) အဝတ်စကို ခြေချောင်းများဖြင့် ကုတ်ဆွဲခြင်း၊ ပြန်ဖြန့်ခြင်း ပြုလုပ်ခြင်းဖြင့် ခြေဖဝါးကြွက်သား လေ့ကျင့်ခန်းကို (၃)မိနစ်ခန့် ပြုလုပ်ပါ။ တစ်နေ့လျှင် (၂) ကြိမ် ပြုလုပ်နိုင်သည်။
ခြေဖဝါးအထောက်အပံ့ကိရိယာများဝတ်ဆင်ခြင်း (Night splint & Orthotics) - အထူးပြုလုပ်ထားသည့် ဖိနပ်ကဲ့သို့ ကိရိယာကို ဝတ်ဆင်စေခြင်းဖြင့် အိပ်ပျော်နေသည့်အချိန်တွင် ခြေဖဝါးအရွတ်ပြားကို ဆွဲဆန့်ထားသည့် အနေအထားတွင် ထားရှိစေသည့် ကုသနည်းဖြစ်သည်။ လှုပ်ရှားသွားလာသည့်အခါ ခြေဖဝါးအရွတ်ပြားကို ဒဏ်မပိစေရန် ဖိနပ်တွင်း၌ ဖော့ (သို့မဟုတ်) ပစ္စည်းကိရိယာတစ်ခုခုဖြင့် ခုခံထားပေးသည့် ကုထုံးလည်းရှိသည်။ အချို့တွင် ခြေဖဝါးပေါ်သို့ မိမိကိုယ်အလေးချိန်အားလုံး သက်ရောက်ခြင်းမရှိစေရန် တုတ်ကောက်၊ ချိုင်းထောက်စသည့် လမ်းလျှောက်အထောက်အကူပြု ကိရိယာများကို အသုံးပြုစေခြင်းဖြင့်လည်း အရွတ်ရောင်ခြင်းကို သက်သာစေနိုင်သည်။
- Electrotherapy – စက်များ အသုံးပြု၍ အပူစွမ်းအင်ဖြင့် နာကျင်မှု၊ ရောင်ရမ်းမှုတို့ကို သက်သာပျောက်ကင်းစေနိုင်သည်။
- လေ့ကျင့်ခန်းကုထုံးများ (Exercise Therapy)
- ခွဲစိတ်ကုသခြင်းနှင့် အခြားကုထုံးများ
- ဖနောင့်ဆေးထိုးကုသခြင်း (Injection therapy) – ဖနောင့်၏ နာကျင်သည့် နေရာကို စတီးရွိုက် ဆေးထိုးကုသခြင်း၊ သွေးဥမွှားပါသည့် သွေးရည်ကြည်ထိုးကုသခြင်း စသည်တို့သည်လည်း နာကျင်ရောင်ရမ်းခြင်းကို အလျင်အမြန် သက်သာစေသည့် ကုထုံးများဖြစ်သည်။ သို့သော် အရွတ်ပြားဆွေး၍ ပြတ်ခြင်းဖြစ်နိုင်သဖြင့် စတီးရွိုက်ဆေးကို မကြာခဏထိုးခြင်း မပြုလုပ်သင့်ပေ
- အသံလှိုင်း (သို့မဟုတ်) လျှပ်စီးလှိုင်း ကုထုံး (Ultrasonic tissue repair) – အပ်ဖျားကဲ့သို့ စူးရှသည့် အာနိသင်ရှိသော အသံလှိုင်းများ (သို့မဟုတ်) လျှပ်စီးလှိုင်းဖြင့် ခြေဖဝါးအရွတ်အတွင်းရှိ ပျက်စီးနေသော တစ်ရှူးများကို ခြေမွစုပ်ယူသည့်နည်း ဖြစ်သည်
- ခွဲစိတ်ခြင်း – အများစုသည် ခွဲစိတ်ရန်မလိုဘဲ ပျောက်ကင်းသက်သာနိုင်သော်လည်း အနည်းငယ်မျှသော လူနာအချို့တွင်မူ ခွဲစိတ်ကုသရန် လိုအပ်နိုင်သည်။ ကုသမှုအမျိုးမျိုး ပေးနေသော်လည်း မသက်သာဘဲ အလွန်နာကျင်လာခြင်း၊ နေ့စဉ်နေထိုင်မှုဘဝကို ထိခိုက်လာခြင်းများတွင် ခြေဖဝါးအရွတ်ပြားကို ဖနောင့်ရိုးမှ ခွဲစိတ်ဖြတ်တောက်ပေးခြင်းဖြင့် ကုသနိုင်သည်
ကာကွယ်ခြင်း
နာကျင်မှုဝေဒနာများ အချိန်တိုအတွင်း သက်သာပျောက်ကင်းစေရန်နှင့် နောက်ဆက်တွဲပြဿနာများကို ကာကွယ်နိုင်ရန်အတွက် နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် နာကျင်မှုသက်သာအောင် မိမိကိုယ်တိုင် ကုသခြင်းများသည် အလွန်အထောက်အကူပြုသည်။ ရောဂါလက္ခဏာစတင် ခံစားရပြီဆိုပါက_
- ကြာကြာမတ်တတ်ရပ်ခြင်း၊ ပြေးခြင်း၊ အချိန်ကြာကြာ လမ်းလျှောက်ခြင်းတို့ကို တတ်နိုင်သမျှ လျှော့ချပြီး အနားယူရမည်
- မိမိခြေထောက်နှင့် အရွယ်အစား ကိုက်ညီပြီး နူးညံ့၍ ခြေနင်းပျော့သော ဖိနပ်ကို ပြောင်းစီးသင့်သည်
- အမျိုးသမီးများအနေဖြင့် အလွန်မြင့်သော ဒေါက်မြင့်ဖိနပ်များကို မစီးသင့်ပါ
- ခြေဖနောင့်နှင့် ခြေဖဝါးအရွတ်ပြားပေါ်တွင် သက်ရောက်သည့်ဖိအား သက်သာစေရန် ခန္ဓာကိုယ် အလေးချိန်များနေပါက လျှော့ချရန်လိုသည်
- အထောက်အကူပြု ပစ္စည်းများဖြစ်သည့် silicon heel cushion နှင့် arch support စသည်တို့ကို အသုံးပြုခြင်းဖြင့်လည်း ခြေဖဝါးအရွတ်ပြားပေါ်တွင် သက်ရောက်သည့်ဖိအားကို လျှော့ချပေးခြင်းဖြင့် သက်သာစေနိုင်သည်
References:
- Plantar fasciitis – Diagnosis and treatment – Mayo Clinic. (n.d.). Retrieved July 13, 2024, from https://www.mayoclinic.org/diseases-conditions/plantar-fasciitis/diagnosis-treatment/drc-20354851
- Physio-pedia. (n.d.). Plantar fasciitis. Retrieved July 13, 2024, from https://www.physio-pedia.com/Plantar_Fasciitis?utm_source=physiopedia&utm_medium=related_articles&utm_campaign=ongoing_internal
- Physio-pedia. (n.d.). Biomechanics of plantar fasciitis. Retrieved July 13, 2024, from https://www.physio-pedia.com/Biomechanics_of_Plantar_Fasciitis?utm_source=physiopedia&utm_medium=related_articles&utm_campaign=ongoing_internal
- Oatis, C. A. (n.d.). Kinesiology: The mechanics and pathomechanics of human movement (3rd ed.). Scribd. Retrieved July 13, 2024, from https://www.scribd.com/document/698343795/Kinesiology-the-Mechanics-and-Pathomechanics-of-Human-Movement-3rd-Edition
- Zengerink, K. et al. (2013). Retrieved July 13, 2024, from “Plasma therapy for plantar fasciitis: a systematic review.” British Journal of Sports Medicine, 47(12), 796-802. doi:10.1136/bjsports-2012-091160.
First Published on: 28 October 2024
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.