Uterine Prolapse (သားအိမ်ကျွံကျခြင်း)

Uterine Prolapse (သားအိမ်ကျွံကျခြင်း)

သားအိမ်ကျွံကျခြင်းဆိုသည်မှာ သားအိမ်သည် ‌ယောနိလမ်းကြောင်းမှတစ်ဆင့် မိန်းမကိုယ်အဝသို့ ကျွံကျလာခြင်းဖြစ်သည်။ သားအိမ်သည် အမျိုးသမီးများအတွက် အရေးကြီးသော အင်္ဂါအစိတ်အပိုင်းတစ်ခုဖြစ်ပြီး၊ ဓမ္မတာလာခြင်း၊ ကိုယ်ဝန်ဆောင်ခြင်း၊ သားသမီးမွေးဖွားခြင်း စသည်တို့ကို လုပ်ဆောင်ပေးသည်။ သားအိမ်သည် အမျိုးသမီးများ၏ တင်ပါးဆုံရိုးကွင်းအတွင်းတွင်ရှိပြီး ၎င်းအတွင်းရှိ ကြွက်သားများနှင့် အရွတ်များက သားအိမ်ကို နေရာတကျဖြစ်စေရန် ထောက်ပံ့ပေးထားသည်။ ထိုကဲ့သို့ ထောက်ပံ့ပေးထားသော ကြွက်သားများနှင့် အရွတ်များ အားပျော့လျော့ရဲလာခြင်းကြောင့် သားအိမ်ကျွံကျခြင်း ဖြစ်ပေါ်လာသည်။ သားအိမ်ကျွံခြင်းကြောင့် ကိုယ်စိတ်မသက်မသာဖြစ်ခြင်းနှင့် နေ့စဉ်လူနေမှုအတွက် အနှောင့်အယှက်များကို ခံစားရသဖြင့် သင့်တော်သော ကုသမှုခံယူနိုင်ရန် အရေးကြီးသည်။

Uterine Prolapse image1
ဖြစ်ပေါ်ရသောအကြောင်းရင်းများ

အသက်အရွယ် ကြီးလာခြင်းကြောင့် ကြွက်သားများ အားလျော့လာခြင်း၊ ကြွက်သားအားနည်းသော ရောဂါရှိခြင်း၊ သားအိမ်ကို ထောက်ပံ့ပေးထားသော တင်ပါးဆုံရိုးကွင်းအတွင်းရှိ ကြွက်သားများနှင့် အရွတ်များကို ထိခိုက်ဒဏ်ရာရစေနိုင်သော အခြေအနေများနှင့် သားအိမ်အပေါ် ဖိအားသက်ရောက်မှုများသော အခြေအနေများကြောင့် သားအိမ်ကျွံကျခြင်းကို အဓိကဖြစ်စေသည်။

  • ကလေးတစ်‌ယောက်ထက်ပို၍ သဘာဝအတိုင်းမွေးဖွားခြင်း
  • သားဦးမွေးဖွားစဉ် မိခင်၏အသက်ကြီးခြင်း (သားဦးမိခင် အသက်ကြီးခြင်းသည် အသက်ငယ်သောမိခင်များထက် တင်ပါးဆုံရိုးကွင်း အတွင်းကြွက်သားများကို ဒဏ်ဖြစ်လွယ်စေသည်)
  • မီးဖွားရာတွင် ခက်ခဲခြင်း၊ မီးဖွားစဥ် မိန်းမကိုယ် ထိခိုက်ဒဏ်ရာရခြင်း၊ ကိုယ်အလေးချိန်ကြီးသော ကလေးကို မွေးဖွားရခြင်း
  • ကိုယ်အလေးချိန်များပြီး အဝလွန်နေခြင်း
  • သွေးဆုံးပြီးချိန်တွင် အီစတိုဂျင်ဟော်မုန်းပမာဏ ကျဆင်းခြင်းကြောင့် တင်ပါးဆုံရိုးကွင်းအတွင်းရှိ ကြွက်သားများ အားလျော့လာခြင်း
  • နာတာရှည်ချောင်းဆိုးခြင်း၊ လေပြွန်ရောင်ခြင်းနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများရှိခြင်း
  • နာတာရှည်ဝမ်းချုပ်ခြင်း၊ ဝမ်းညှစ်၍သွားရသော အလေ့အကျင့်ရှိခြင်း
  • အလေးအပင် မကြာခဏ မ ရခြင်း
  • ယခင်သားအိမ်နှင့် သားအိမ်တစ်ဝိုက်တွင် ခွဲစိတ်မှုပြုလုပ်ဖူးခြင်းတို့သည် သားအိမ်ကျွံကျနိုင်သော အကြောင်းရင်းများဖြစ်သည်။
သားအိမ်ကျွံကျခြင်း အဆင့်များ

သားအိမ်ကျွံကျခြင်းကို အဆင့် (၄) ဆင့် ခွဲခြားနိုင်သည်။

အဆင့် (၁) – သားအိမ်သည် မိန်းမကိုယ်အဝထိ မရောက်ဘဲ ယောနိလမ်းကြောင်းအတွင်းသို့ ကျွံကျခြင်း
အဆင့် (၂) – သားအိမ်သည် ယောနိလမ်းကြောင်းအတိုင်း မိန်းမကိုယ်အဝထိ ကျွံကျခြင်း
အဆင့် (၃) – သားအိမ်၏ တစ်စိတ်တစ်ပိုင်းသည် ယောနိလမ်းကြောင်းအပြင်အထိ ကျွံကျခြင်း
အဆင့် (၄) – သားအိမ်တစ်ခုလုံး ယောနိလမ်းကြောင်းအပြင်အထိ ကျွံကျခြင်း

ရောဂါလက္ခဏာများ

သဘာဝအတိုင်း ကလေးမွေးဖွားပြီးချိန်တွင် အနည်းငယ် သားအိမ်ကျွံခြင်း ဖြစ်နိုင်သော်လည်း ရောဂါလက္ခဏာ ခံစားရခြင်းမရှိသည်ကို တွေ့ရတတ်သည်။ နောက်ပိုင်းခံစားရသော ရောဂါလက္ခဏာများမှာ_

  • မိန်းမကိုယ်အဝတွင် သားအိမ်ခေါင်း သို့မဟုတ် သားအိမ်အသား ကျွံကျနေသည်ကို မြင်တွေ့ရခြင်း
  • မိန်းမကိုယ်အဝတွင် တစ်ဆို့တစ်ဆို့ဖြစ်သည်ဟု ခံစားရခြင်း
  • တင်ပါးဆုံရိုးကွင်းအတွင်း ပြည့်တင်းလေးလံနေသကဲ့သို့ ခံစားရခြင်း
  • မိန်းမကိုယ်အပြင်သို့ ထွက်နေသော သားအိမ်အစိတ်အပိုင်းကို အဝတ်အစားများနှင့် ပွတ်တိုက်မိသည်ကို ခံစားရခြင်း
  • သားအိမ်ကျွံခြင်းနှင့်အတူ သားအိမ်ရှေ့ဘက်ရှိ ဆီးအိမ်ပါ ကျွံကျလာတတ်ခြင်းကြောင့် ဆီးယိုစိမ့်ခြင်း၊ ဆီးမထိန်းနိုင်ခြင်း၊ ဆီးသွားပြီးသော်လည်း ဆီးကျန်ခြင်း၊ ဆီးမကုန်သကဲ့သို့ခံစားရခြင်း
  • သားအိမ်အနောက်ဘက်ရှိ အစာဟောင်းအိမ်နှင့် အူများပါ ကျွံကျလာပါက ဝမ်းသွားရခက်ခဲခြင်း သို့မဟုတ် ဝမ်းမထိန်းနိုင်ခြင်း
  • ခါးအောက်ပိုင်း မကြာခဏနာကျင်ခြင်း
  • လိင်ဆက်ဆံရာတွင် အဆင်မပြေဖြစ်၍ စိတ်ကျေနပ်မှုမရခြင်း စသည်တို့ဖြစ်သည်။

ရောဂါဆိုးလာသည်နှင့်အမျှ လက္ခဏာများ ပိုတွေ့ရနိုင်သည်။

နောက်ဆက်တွဲပြဿနာများ
  • ဆီးအိမ်ကျွံကျခြင်း (Cystocoele)
  • ယောနိလမ်းကြောင်းနှင့် ဆီးအိမ်ကြားရှိ တစ်ရှူးအသားစများ လျော့ရဲလာခြင်းကြောင့် သားအိမ်နှင့်အတူ သားအိမ်၏ အရှေ့ဘက်တွင်ရှိသော ဆီးအိမ်ပါကျွံကျခြင်းကို တွေ့ရတတ်သည်။
  • အစာဟောင်းအိမ်ကျွံကျခြင်း (Rectocoele)
  • ယောနိလမ်းကြောင်းနှင့် အစာဟောင်းအိမ်ကြားရှိ တစ်ရှူးအသားစများ လျော့ရဲလာခြင်းကြောင့် သားအိမ်နှင့်အတူ သားအိမ်၏ အနောက်ဘက်တွင်ရှိသော အစာဟောင်းအိမ်ပါ ကျွံကျခြင်းကို တွေ့ရတတ်သည်။
  • ‌ယောနိလမ်းကြောင်းအတွင်းသို့ အူများကျွံကျခြင်း (Enterocoele)
  • သားအိမ်ကျွံကျခြင်း အဆင့် (၃) နှင့် (၄) တို့တွင် ယောနိလမ်းကြောင်းနံရံများ မကြာခဏ အနာတရဖြစ်တတ်ခြင်း
  • မကြာခဏ ဆီးပိုးဝင်တတ်ခြင်း စသည်တို့ဖြစ်နိုင်သည်။
Uterine Prolapse image2
ဆေးရုံ၊ ဆေးခန်းပြသရန်

သားအိမ်ကျွံကျခြင်းကြောင့် ရောဂါလက္ခဏာများ ခံစားလာရခြင်း၊ နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်လာခြင်းနှင့် မိမိ၏နေ့စဉ်လူနေမှုဘဝကို အနှောက်အယှက်ဖြစ်စေသည့်အတွက် မိသားစုဆရာဝန်၊ သားဖွားမီးယပ် အထူးကုဆရာဝန်များနှင့် ပြသ၍ ကုသမှုခံယူရန် လိုအပ်သည်။

ရောဂါရှာဖွေခြင်း

ခံစားရသော လက္ခဏာများ၊ ဖြစ်ပေါ်လာစေသော အကြောင်းရင်းများနှင့် နောက်ဆက်တွဲပြဿနာများကို သိရှိရန် မိသားစုဆရာဝန် သို့မဟုတ် သားဖွားမီးယပ် အထူးကုဆရာဝန်မှ ရောဂါရာဇဝင်မေးမြန်းခြင်း၊ လိုအပ်သော စမ်းသပ်မှုများ ပြုလုပ်ခြင်းဖြင့် သားအိမ်ကျွံကျခြင်းအဆင့်ကို သိနိုင်သည်။

ကုသခြင်း
  1. တင်ပါးဆုံရိုးကွင်းအတွင်းရှိ ကြွက်သားများ တင်းရင်းစေရန် လေ့ကျင့်ခန်းပြုလုပ်ခြင်း
    • သားအိမ်ကျွံကျခြင်း ရောဂါလက္ခဏာ မပြင်းထန်သေးသော အစောပိုင်းအဆင့်များတွင် Kegel Exercise ဟု လူသိများသော တင်ပါးဆုံရိုးကွင်း ကြွက်သားလေ့ကျင့်ခန်းကို ပြုလုပ်ပေးနိုင်သည်
    • ဆီးသွားနေစဉ် ဆီးခဏအောင့်ရန် ထိန်းချုပ်သော ကြွက်သားများကို ညှစ်ထားသော အနေအထားဖြင့် (၅) စက္ကန့်ခန့်မျှ ထိန်းထားပြီးနောက် (၅) စက္ကန့်ခန့်မျှ ပြန်လည်ဖြေလျှော့ပေးခြင်း ပြုလုပ်ပေးရသော ကြွက်သားလေ့ကျင့်ခန်းဖြစ်သည်
    • တစ်ကြိမ်တွင် စုစုပေါင်း (၁၀)ခါ မှ (၁၅)ခါနှုန်းဖြင့် တစ်နေ့လျှင် သုံးကြိမ်ခန့် နေ့စဉ်ပြုလုပ်ပေးခြင်းဖြစ်ပြီး ကြွက်သားများကို တင်းရင်းလာစေရန် အထောက်အကူဖြစ်စေသည်
  2. ယောနိလမ်းကြောင်းအတွင်း ကွင်းထည့်ခြင်းဖြင့် ကျွံကျနေသော သားအိမ်ကို ပင့်တင်ပေးခြင်း
    • Pessary ဟုခေါ်သော မုန့်လက်ကောက်ပုံစံရှိ ရော်ဘာ သို့မဟုတ် ဆီလီကွန်ကွင်းကို ယောနိလမ်းကြောင်းအတွင်း ထည့်ခြင်းဖြင့် ကျွံကျနေသော သားအိမ်အစိတ်အပိုင်းကို ပင့်တင်ထားပြီး သားအိမ်ကို နေရာတကျရှိစေသည်
    • ထိုကွင်းကို (၃) လ တစ်ကြိမ် လဲလှယ်ပေးခြင်း၊ သန့်ရှင်းရေး ပြုလုပ်ပေးခြင်းများ ပုံမှန်လုပ်ဆောင်ပေးရန် လိုအပ်သည်

      Uterine prolapse image3
  3. ခွဲစိတ်ကုသခြင်း
    • သားအိမ်ထုတ်ခြင်း
      သားအိမ်ကျွံကျခြင်းကို ပြုပြင်ရန် ခွဲစိတ်ကုသရသည်။ ခွဲစိတ်ကုသရာတွင် ယောနိလမ်းကြောင်းမှ ခွဲကြောင်းရာပေး၍ သားအိမ်ထုတ်ခြင်း သို့မဟုတ် မှန်ပြောင်း (Laparoscopy) ကိုသုံး၍ သားအိမ်ထုတ်ခြင်းကို ပြုလုပ်နိုင်သည်။ သားအိမ်ထုတ်ခြင်းအပြင် လျော့ရဲနေသော ကြွက်သားများကို ပြန်လည်တင်းရင်းစေသော ခွဲစိတ်ပြုပြင်ခြင်းများ (ဥပမာ _ ဆီးအိမ်ကျွံကျခြင်းနှင့် အစာဟောင်းအိမ် ကျွံကျခြင်းတို့ကို ပြုပြင်ခြင်း) ကိုပါ တစ်ပါတည်းပြုလုပ်သော ခွဲစိတ်မှုမျိုးဖြစ်ပြီး၊ သွေးဆုံးပြီးသူများနှင့် သားသမီးထပ်မံမွေးဖွားရန် မလိုအပ်သောသူများတွင် အဓိကလုပ်ဆောင်သည်။
    • သားအိမ်မထုတ်ဘဲ ခွဲစိတ်ကုသခြင်း
      သားသမီးမွေးဖွားရန် ဆန္ဒရှိသောသူများတွင် သားအိမ်ကိုမထုတ်ဘဲ လျော့ရဲနေသော ကြွက်သားများကို ခွဲစိတ်ပြုပြင်ခြင်း၊ သားအိမ်ကို ပုံမှန်နေရာသို့ ဆွဲယူပင့်တင်သော နည်းများဖြင့်လည်း ကုသခြင်း ပြုလုပ်နိုင်သည်။ (ဤနည်းလမ်းကို “Uterine Sparing Surgery” ဟုလည်း ခေါ်ဆိုပြီး သားအိမ်ကို ထိန်းသိမ်းလိုသူများအတွက် ရွေးချယ်လာကြသည်။)
  4. ဟော်မုန်းအစားထိုးကုသခြင်း (Vaginal Estrogen Therapy)
    သွေးဆုံးပြီးသော အမျိုးသမီးများတွင် မိန်းမကိုယ်တစ်ဝိုက်ရှိ တစ်ရှူးများ၏ ကျန်းမာရေးကို မြှင့်တင်ရန်အတွက် အီစတိုဂျင်ပါဝင်သော လိမ်းဆေး၊ ထည့်ဆေး သို့မဟုတ် ကွင်းများကို ဆရာဝန်ညွှန်ကြားချက်အတိုင်း အသုံးပြုနိုင်သည်။ ၎င်းသည် ရောဂါလက္ခဏာ သက်သာစေရန်အတွက် အထောက်အကူပြုသည်။

    Uterine prolapse image4
‌ကာကွယ်ခြင်း

သားအိမ်ကျွံကျခြင်းကို ဖြစ်စေသည့် အကြောင်းရင်းများကို သိရှိနားလည်ပြီး နေ့စဉ်လူနေမှုပုံစံ ပြောင်းလဲခြင်းဖြင့် ရောဂါဖြစ်ပေါ်မှုကို လျော့ကျစေနိုင်သည်။

  • အဝမလွန်စေဘဲ ကိုယ်အလေးချိန် သင့်တင့်အောင် ထိန်းခြင်း၊ ဝိတ်ချခြင်း
  • ကိုယ်လက်လှုပ်ရှားမှု ပုံမှန်ပြုလုပ်ပေးခြင်း [အထူးသဖြင့် ကိုယ်ခန္ဓာဗဟိုကြွက်သားများ (Core Strength) ကို အားကောင်းစေသော လေ့ကျင့်ခန်းများ ပြုလုပ်ခြင်း]
  • Kegel Exercise ကို နေ့စဉ် ပုံမှန်ပြုလုပ်ပေးခြင်း (၎င်းသည် ကာကွယ်ခြင်းအတွက် အရေးကြီးဆုံး နည်းလမ်းများထဲမှ တစ်ခုဖြစ်သည်)
  • နာတာရှည်ချောင်းဆိုးခြင်း၊ လေပြွန်‌ရောင်ခြင်းကို ကောင်းစွာကုသမှုခံယူခြင်း၊ ဖြစ်စေသောအကြောင်းရင်းကို ရှောင်ကြဥ်ခြင်း (ဥပမာ_ဆေးလိပ်ဖြတ်ခြင်း)
  • အလေးအပင်များစွာ မ ခြင်းကို ရှောင်ကြဥ်ခြင်း
  • အလေးအပင် မ ရာတွင် နည်းလမ်းမှန်စွာ မ ခြင်း (ဒူးကိုကွေးပြီး ကျောရိုးကို ဖြောင့်မတ်စွာထား၍ ခြေထောက်ကြွက်သားများကို အသုံးပြုကာ မ ခြင်း)
  • ရေများများသောက်ခြင်း၊ အမျှင်ဓာတ်များသော အစားအစာများ ပုံမှန်စားသုံးခြင်းဖြင့် ဝမ်းမချုပ်စေခြင်း
  • သွေးဆုံးပြီးသော အမျိုးသမီးများတွင် ဆရာဝန်နှင့်တိုင်ပင်၍ လိုအပ်ပါက မိန်းမကိုယ်တွင်း အီစတိုဂျင်ဖြင့် ကုသမှုကို ခံယူခြင်းဖြင့် တစ်ရှူးများအားကောင်းစေခြင်း
  • ကိုယ်ဝန်ဆောင်ချိန်နှင့် ကလေးမွေးဖွားပြီးချိန်များတွင် တင်ပါးဆုံကွင်းကြွက်သားများကို ပြန်လည်သန်မာလာစေရန် အထူးပြုလေ့ကျင့်ခန်းများကို ဆောင်ရွက်ခြင်း စသည်တို့ဖြင့် သားအိမ်ကျွံကျမှုဖြစ်ခြင်းကို လျှော့ချနိုင်မည်ဖြစ်သည်

References:

  1. Mayo Clinic. (n.d.). Uterine prolapse: Symptoms and causes. Retrieved October 26, 2025, from https://www.mayoclinic.org/diseases-conditions/uterine-prolapse/symptoms-causes/syc-20353458
  2. Mayo Clinic. (n.d.). Uterine prolapse: Diagnosis and treatment. Retrieved October 26, 2025, from https://www.mayoclinic.org/diseases-conditions/uterine-prolapse/diagnosis-treatment/drc-20353464
  3. Pantai Hospital. (n.d.). Pelvic organ prolapse. Retrieved October 26, 2025, from https://www.pantai.com.my/medical-specialties/gynaecology/pelvic-organ-prolapse
  4. Healthdirect Australia. (n.d.). Prolapsed uterus. Retrieved October 26, 2025, from https://www.healthdirect.gov.au/prolapsed-uterus

Published: 15 October 2024

Last updated: 4 January 2026

Share

26 October 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.