သက်ကြီးမိခင်ကိုယ်ဝန်ဆောင်ခြင်းဆိုသည်မှာ အမျိုးသမီးသည် အသက် (၃၅) နှစ်နှင့်အထက်တွင် ကိုယ်ဝန်ဆောင်ခြင်း၊ တစ်နည်းဆိုသော် ကလေးမွေးဖွားချိန်တွင် မိခင်သည် အသက် (၃၅) နှစ်နှင့်အထက် ရှိနေခြင်းကိုခေါ်သည်။ ယခုခေတ်ကာလတွင် အကြောင်းအမျိုးမျိုးကြောင့် အိမ်ထောင်ပြုနောက်ကျခြင်း၊ ကိုယ်ဝန်ဆောင် နောက်ကျခြင်းများ ပိုမိုတွေ့ရှိရသည်။ အသက် (၃၅) နှစ်နောက်ပိုင်း ကိုယ်ဝန်ဆောင်ပါက နောက်ဆက်တွဲပြဿနာများ ရံဖန်ရံခါ ကြုံတွေ့ရတတ်သည်။
အသက် (၃၅) နှစ်နှင့် အသက် (၄၀) နှစ်အတွင်း အမျိုးသမီးများ ကိုယ်ဝန်ဆောင်ပါက ကျန်းမာသောကလေးငယ်များ မွေးဖွားနိုင်ရန်၊ မိခင်ရော ကလေးငယ်ပါ ကျန်းမာစေရန် ကိုယ်ဝန်စောင့်ရှောက်မှုများကို သေချာစွာခံယူပြီး ညွှန်ကြားချက်များကို ကောင်းမွန်စွာ လိုက်နာကျင့်သုံးနေထိုင်သင့်သည်။
သက်ကြီးမိခင်ကိုယ်ဝန်ဆောင်ခြင်းတွင် အန္တရာယ်များရသော အကြောင်းရင်းများ
အမျိုးသမီးများတွင် အသက်ကြီးလာသောအခါ သားဥအိမ်မှ ကြွေသောသားဥများ၏ အရည်အသွေးများ နိမ့်ကျလာသည်။ အသက်ကြီးမိခင်မှ ကြွေသောသားဥများသည် မျိုးဗီဇဆိုင်ရာ ချို့ယွင်းချက်ကို ပိုမိုဖြစ်ပေါ်စေနိုင်သည်။ ဤသို့ မျိုးဗီဇချို့ယွင်းချက် ဖြစ်ပွါးမှု ရှိမရှိကို ကိုယ်ဝန် ပထမ (၃) လအတွင်းတွင် စမ်းသပ်စစ်ဆေး သိရှိနိုင်သည်။
ကြုံတွေ့နိုင်သောလက္ခဏာများ
မိခင်တွင် ကြုံတွေ့ရနိုင်သော အန္တရာယ်များ
အမျိုးသမီးတစ်ဦးသည် အသက် (၃၅) နှစ်နောက်ပိုင်း ကိုယ်ဝန်ဆောင်ပါက အောက်ပါဆိုးကျိုးအန္တရာယ်များ ကြုံတွေ့ ခံစားရနိုင်သည်။
- ကိုယ်ဝန်ဆောင်နေစဥ် ကိုယ်ဝန်ဆိပ်တက်ခြင်း
- ကိုယ်ဝန်ဆောင်နေစဉ် ဆီးချိုရောဂါဖြစ်ခြင်း
- အမြွှာကိုယ်ဝန်ဖြစ်နိုင်ခြေများခြင်း
- ကိုယ်ဝန်ပျက်ကျခြင်း
- သားအိမ်ပြင်ပတွင် သန္ဓေတည်ခြင်း
- ကလေးအသေ မွေးဖွားနိုင်ခြေများခြင်း
- သွေးသွင်းရနိုင်ခြေများခြင်း
- ခန့်မှန်းမွေးဖွားရက်ထက် စောစီးစွာမွေးဖွားခြင်း
- ကိုယ်ဝန်ဆောင်နေစဥ် သွေးပြန်ကြောများအတွင်း သွေးခဲပိတ်ဆို့ခြင်း
- ခွဲစိတ်မွေးဖွားရနိုင်ခြေများခြင်း
- အချင်းသားအိမ်အောက်ပိုင်း၌ တည်ရှိနေခြင်း သို့မဟုတ် သားအိမ်ခေါင်းအဝပိတ်ကာထားခြင်း
- သွေးသွန်နိုင်ခြင်း
ကလေးတွင် ကြုံတွေ့ရနိုင်သော အန္တရာယ်များ
ထို့အပြင် ကိုယ်ဝန်ဆောင်မိခင် အသက်ကြီးခြင်းကြောင့် ကလေးတွင်
- မျိုးဗီဇနှင့်ဆိုင်သော ရောဂါများ ဥပမာ _ ဒေါင်းလက္ခဏာစု (Down Syndrome) အပါအဝင် အခြားသော မျိုးဗီဇနှင့်ဆက်စပ်သော ကိုယ်တွင်းအင်္ဂါ ချို့ယွင်းချက်များပါလာခြင်း
- ကလေး ပေါင်မပြည့်၊ လမစေ့မွေးဖွားခြင်း
- ကလေးကြီးထွားမှုနှုန်း နှေးခြင်းတို့ကို တွေ့ရနိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
အသက် (၃၅) နှစ်နှင့်အထက် အမျိုးသမီးများသည် ကိုယ်ဝန်ရှိသည်ဟု သိရှိသည်နှင့်တစ်ပြိုင်နက် မိခင်နှင့်သန္ဓေသား ကျန်းမာရေးကို အထူးဂရုစိုက်ရန်အတွက် မိသားစုဆရာဝန် သို့မဟုတ် သားဖွားမီးယပ် အထူးကုဆရာဝန်များထံသို့ စောစီးစွာ သွားရောက်ဆွေးနွေးတိုင်ပင်ပြီး လိုအပ်သော စမ်းသပ်စစ်ဆေးမှုများ ခံယူရန် အလွန်အရေးကြီးသည်။ သို့မှသာ မလိုလားအပ်သော အန္တရာယ်များကို ကာကွယ်နိုင်မည်ဖြစ်သည်။
ရောဂါရှာဖွေခြင်း
မျိုးဗီဇချို့ယွင်းချက် ဖြစ်နိုင်ခြေ ရှိမရှိ စမ်းသပ်စစ်ဆေးခြင်းကို သက်ကြီးကိုယ်ဝန်ဆောင်မိခင်တိုင်း ပြုလုပ်သင့်သည်။
- မျိုးဗီဇဆိုင်ရာ ချို့ယွင်းချက် ဖြစ်နိုင်ခြေရှိမရှိ စမ်းသပ်စစ်ဆေးခြင်း (Screening Tests)
သွေးစစ်ခြင်း၊ အာထရာဆောင်းရိုက်ခြင်းဖြင့် မျိုးဗီဇဆိုင်ရာ ချို့ယွင်းချက် ဖြစ်နိုင်ခြေကို သိရှိနိုင်သည်။- NIFTY (Non-Invasive Fetal Trisomy Test) – သန္ဓေသားထိခိုက်မှု မရှိဘဲ စစ်ဆေးခြင်း
- ကိုယ်ဝန်သက် (၁၀) ပတ်မှစ၍ ကိုယ်ဝန်ဆောင်မိခင်၏ သွေးနမူနာ အနည်းငယ်ကို ယူပြီး မိခင်သွေးထဲရှိ သန္ဓေသား၏ ဆဲလ်မပါဝင်သော ဒီအင်န်အေ (Cell-free Fetal DNA – cffDNA) စစ်ဆေးခြင်းဖြစ်သည်
- ထိုသို့စစ်ဆေးခြင်းကြောင့် ကိုယ်ဝန်ပျက်ကျနိုင်ခြေမရှိဘဲ (၉၉) ရာခိုင်နှုန်းကျော်ထိ တိကျသောရလဒ်ကို ပေးသည်
- အဆင့်မြင့် NIPT နည်းပညာများသည် Down Syndrome အပါအဝင်၊ အခြားသော ခရိုမိုဆုမ်းဆိုင်ရာ ချို့ယွင်းချက်များ၊ microdeletions နှင့် subchromosomal ချို့ယွင်းချက်အချို့ကိုပါ စစ်ဆေးနိုင်သည်အထိ တိုးတက်လာပြီဖြစ်သည်
- Nuchal Translucency စစ်ဆေးခြင်း
- အာထရာဆောင်းဖြင့် သန္ဓေသား၏ လည်ပင်းနောက်ဘက် အရေပြားအောက်၌ စုနေသော အရည်ပမာဏကို တိုင်းတာခြင်းဖြစ်သည်၊ ကြည်လင်သော (Translucent) အမည်းရောင်နေရာလေးအဖြစ် တွေ့ရှိရသည်
- ကိုယ်ဝန်သက် (၁၁)ပတ် မှ (၁၄)ပတ်ကြား တိုင်းတာရသည်
- အတိုင်းအတာ ပုံမှန်ထက်ပိုများနေခြင်း (ဥပမာ _ ၃.၅ မီလီမီတာ သို့မဟုတ် ပိုများခြင်း) ရှိလျှင် မျိုးဗီဇဆိုင်ရာ ပြဿနာများ ဖြစ်နိုင်ခြေ မြင့်မားကြောင်း ညွှန်ပြသည်
- NIFTY (Non-Invasive Fetal Trisomy Test) – သန္ဓေသားထိခိုက်မှု မရှိဘဲ စစ်ဆေးခြင်း
- မျိုးဗီဇချို့ယွင်းချက် ရှိမရှိ သေချာစေရန် စစ်ဆေးမှုများ (Diagnostic Tests)
- အကယ်၍ ဖြစ်နိုင်ခြေရှိသည်ဟု စစ်ဆေးတွေ့ရှိရပါက မျိုးဗီဇချို့ယွင်းချက် ရှိမရှိ သေချာစေရန် လိုအပ်သော စစ်ဆေးမှုများ ထပ်မံပြုလုပ်ရမည်
- သန္ဓေသားအချင်း၏ ဆဲလ်အချို့ယူ၍ မျိုးဗီဇချို့ယွင်းချက် ရှိမရှိ စစ်ဆေးခြင်း (Chorionic Villus Sampling)
- မိခင်ဝမ်းဗိုက်မှတစ်ဆင့် ရေမြွှာရည်ကို အပ်နှင့် စုပ်ယူပြီး မျိုးဗီဇချို့ယွင်းချက် ရှိမရှိ စစ်ဆေးခြင်း (Amniocentesis) ကို ပြုလုပ်နိုင်သည်
- အကယ်၍ ဖြစ်နိုင်ခြေရှိသည်ဟု စစ်ဆေးတွေ့ရှိရပါက မျိုးဗီဇချို့ယွင်းချက် ရှိမရှိ သေချာစေရန် လိုအပ်သော စစ်ဆေးမှုများ ထပ်မံပြုလုပ်ရမည်
ကုသခြင်း
သက်ကြီးကိုယ်ဝန်ဆောင်မိခင်များသည် ပုံမှန်ထက်ပို၍ ကိုယ်ဝန်စောင့်ရှောက်မှု ခံယူသင့်သည်။ မျိုးဗီဇချို့ယွင်းချက် စစ်ဆေးခြင်းမှ မွေးရာပါ ချို့ယွင်းချက် ရှိနိုင်ကြောင်း အဖြေထွက်ရှိပါက သားဖွားမီးယပ် အထူးကုဆရာဝန်များနှင့် စောင့်ရှောက်မှုခံယူရမည်။
အဆင့်မြင့် ကိုယ်ဝန်စောင့်ရှောက်မှုများ (Advanced Prenatal Care)
- ကိုယ်ဝန်ဆောင်ဆီးချို ဖြစ်ပွါးနိုင်ခြေများ၍ သွေးတွင်းသကြားဓာတ် စစ်ဆေးမှု (Glucose Screening) ပြုလုပ်ရမည်
- ကလေးပုံမှန်ဖွံ့ဖြိုးမှုနှင့် ကျန်းမာရေးကောင်းမွန်မှု သိရှိနိုင်ရန်အတွက် အာထရာဆောင်း ပုံမှန်ထပ်ပို၍ ရိုက်ရခြင်းများ ရှိနိုင်သည်
- ကလေး၏နှလုံးခုန်နှုန်းကို စောင့်ကြည့်မှတ်သား စစ်ဆေးမှုပြုခြင်း (Fetal Heart Rate Monitoring) များ ပြုလုပ်ရမည်
- သက်ကြီးကိုယ်ဝန်ဆောင်မိခင်များသည် ကိုယ်ဝန်ဆိပ်တက်ခြင်း (Pre-eclampsia) ဖြစ်နိုင်ခြေများသောကြောင့် ထိုဖြစ်နိုင်ခြေကို လျှော့ချနိုင်ရန် ကိုယ်ဝန်ကာလ တစ်လျှောက်လုံး သွေးကျဲဆေး (Aspirin) သောက်သုံးရန် တစ်ခါတစ်ရံ လိုအပ်တတ်သည်
- အကယ်၍ အမျိုးသမီးသည် ကိုယ်ဝန်မဆောင်မီကတည်းက သွေးတိုး၊ ဆီးချို၊ ကျောက်ကပ်ရောဂါများ ရှိနေလျှင် ကိုယ်ဝန်ဆောင်နေစဉ် ထိုရောဂါများ ပိုဆိုးလာပြီး ထိန်းရခက်တတ်သည်၊ ထို့ကြောင့် ကိုယ်ဝန်ရှိသည်ဟု သိရှိသည်နှင့် သားဖွားမီးယပ် အထူးကုဆရာဝန်များအပြင် သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် စောစီးစွာ တွေ့ဆုံဆွေးနွေးသင့်သည်၊ သို့မှသာ မိခင်နှင့်ကလေး အသက်အန္တရာယ်နည်းပါးအောင် လိုအပ်သော စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်နိုင်မည်သာမက ထိရောက်သော ကုသမှုများကိုလည်း စနစ်တကျအချိန်မီ ခံယူနိုင်မည်ဖြစ်သည်။
ကလေးရယူရန် ကြိုတင်ပြင်ဆင်ခြင်းဆိုင်ရာ တိုးတက်မှုများ (Advances in Family Planning)
- PGT-A ဖြင့် ပဋိသန္ဓေတည်ခြင်း (Preimplantation Genetic Testing for Aneuploidy)
- အကယ်၍ သက်ကြီးမိခင်များသည် IVF (In Vitro Fertilization) ဖြင့် ကိုယ်ဝန်ဆောင်မည်ဆိုပါက သန္ဓေသားလောင်းကို သားအိမ်အတွင်း ထည့်သွင်းမပေးမီ မျိုးဗီဇချို့ယွင်းချက်များ ရှိမရှိကို စစ်ဆေးနိုင်သည်
- ဤနည်းလမ်းသည် ခရိုမိုဆုမ်းအရေအတွက် ပုံမှန်ဖြစ်သော သန္ဓေသားလောင်းကိုသာ ရွေးချယ်ထည့်သွင်းခြင်းဖြင့် ကိုယ်ဝန်ပျက်ကျနိုင်ခြေနှင့် မွေးရာပါ ချို့ယွင်းချက်ပါလာနိုင်ခြေကို လျှော့ချပေးနိုင်သည်
- သားဥ အေးခဲထိန်းသိမ်းခြင်း (Egg Freezing)
- အသက်ငယ်စဥ်က သားဥများကို ကြိုတင်ထုတ်ယူ၍ အေးခဲထိန်းသိမ်းထားခြင်းဖြင့် အသက်ကြီးသောအခါတွင် အရည်အသွေးမြင့်မားသည့် သားဥများကို အသုံးပြု၍ ကိုယ်ဝန်ဆောင်ခြင်းအား ကောင်းမွန်သောရလဒ်များ ရရှိစေနိုင်သည်
ကာကွယ်ခြင်း
သက်ကြီးမိခင်ကိုယ်ဝန်ဆောင်များတွင် ဖြစ်ပေါ်တတ်သော နောက်ဆက်တွဲပြဿနာများကို ကာကွယ်နိုင်ရန် ကိုယ်ဝန်ဆောင်ရန် ပြင်ဆင်ချိန် သို့မဟုတ် ကိုယ်ဝန်ဆောင်စဥ် အောက်ပါတို့ကို ကြိုတင်ပြင်ဆင်ဆောင်ရွက် သင့်သည်။ ထို့အပြင် အထက်တွင်ဖော်ပြခဲ့သော မျိုးပွါးမှုဆိုင်ရာ အဆင့်မြင့်နည်းပညာများဖြစ်သည့် PGT-A နှင့် သားဥအေးခဲထိန်းသိမ်းခြင်း စသည်တို့သည်လည်း ကာကွယ်ရေးအပိုင်းတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်သည်။
- ကိုယ်ဝန်မဆောင်မီ ကျန်းမာရေးစစ်ဆေးမှုများ အားလုံး ပြည့်စုံအောင် ပြုလုပ်ပါ
- လက်ရှိဖြစ်ပွါးသော ကျန်းမာရေးပြဿနာများရှိပါက စနစ်တကျ ထိန်းချုပ်ကုသပါ
- ကိုယ်ဝန်ဆောင်အားဆေးများကို မှန်မှန်သောက်သုံးပါ
- နေ့စဉ် အနည်းဆုံး မိနစ် (၃၀) ခန့် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း လုပ်ပါ
- ဆေးလိပ်သောက်ခြင်းနှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများ သုံးစွဲခြင်းကို ရှောင်ကြဥ်ပါ၊ သုံးစွဲနေပါက ဖြတ်ပါ
- အရက်သောက်ခြင်းကို ရှောင်ကြဥ်ပါ
- သစ်သီး၊ ဟင်းသီးဟင်းရွက်၊ အဆီနည်းသောအသားနှင့် ဂျုံကြမ်း (whole grains) စသည်တို့ ပေါများစွာပါဝင်သည့် ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာများကို စားသုံးပါ
- ကိုယ်ဝန်ဆောင်ချိန်တစ်လျှောက်လုံး ကျန်းမာရေးနှင့်ညီညွတ်သော ကိုယ်အလေးချိန် အတိုင်းအတာအတွင်း ရောက်ရှိစေရန် ထိန်းသိမ်းနေထိုင်ပါ
ဆက်လက်ဖတ်ရှူရန်
References:
- Baker, P. N., & Kenny, L. (2011). Obstetrics by Ten Teachers (19th ed.). CRC Press.
- Benn, P., Cuckle, H., Pergament, E., et al. (2017). Non-invasive prenatal testing for aneuploidy and beyond. European Journal of Obstetrics & Gynecology and Reproductive Biology, 212, 210–215.
- Cleveland Clinic. (2024). Advanced maternal age. Retrieved October 17, 2025, from https://my.clevelandclinic.org/health/diseases/22438-advanced-maternal-age
- Mayo Clinic. (2022). Pregnancy after 35: Healthy pregnancies, healthy babies. Retrieved October 17, 2025, from https://www.mayoclinic.org/healthy-lifestyle/getting-pregnant/in-depth/pregnancy/art-20045756
- Moutou, C., et al. (2016). Freezing oocytes: What is the current success rate for fertility preservation? Human Reproduction, 31(11), 2415–2422.
- Myanmar Medical Association. (2015). Obstetrics and gynaecology management guidelines (1st ed.). O&G Society.
- Munné, S., Kaplan, B., et al. (2020). Preimplantation genetic testing for aneuploidy (PGT-A): A committee opinion. Fertility and Sterility, 113(6), 1103–1113.
- Norton, M. E., Jacobsson, B., Sreenan, N., et al. (2015). Cell-free DNA analysis for noninvasive examination of trisomy. New England Journal of Medicine, 372(17), 1589–1597.
- Practice Committees of the American Society for Reproductive Medicine & Society for Assisted Reproductive Technology. (2021). Mature oocyte cryopreservation: A guideline. Fertility and Sterility, 116(1), 47–52.
- Seed, S. (2023). Geriatric pregnancy: Pregnancy after 35. WebMD. Retrieved October 17, 2025, from https://www.webmd.com/baby/pregnancy-after-35
- Simon, A., et al. (2020). Current limitations and future direction of PGT-A. Molecular and Cellular Endocrinology, 516, 110943.
Published: 15 October 2024
Last updated: 3 January 2026
Share
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.