ကာလဝမ်းရောဂါသည် ဘက်တီးရီးယားကြောင့်ဖြစ်သော အူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ တစ်မျိုးဖြစ်သည်။ ကုသရန် လွယ်ကူသော်လည်း မကုသလျှင် အသက်ဆုံးရှုံးနိုင်သည်အထိ ပြင်းထန်သောရောဂါ ဖြစ်သည်။ ကူးစက်မှုနှုန်း အလွန်မြန်ပြီး ကပ်ရောဂါအသွင် ဖြစ်ပွါးနိုင်သောကြောင့် ကာလဝမ်းရောဂါဟုသိရှိလျှင် အချိန်မီ ကာကွယ်ရေးများ ပြုလုပ်နိုင်ရန်အတွက် ကျန်းမာရေးဌာနများသို့ အကြောင်းကြားရမည်ဖြစ်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
ကာလဝမ်းရောဂါသည် ကာလဝမ်းဘက်တီးရီးယားပိုး (Vibrio cholerae) ကြောင့်ဖြစ်ပြီး ရောဂါပိုးပါနေသော မသန့်ရှင်းသည့် သောက်သုံးရေနှင့် အစားအသောက်များမှတစ်ဆင့် ကူးစက်ခြင်းဖြစ်သည်။ ပိုးကူးစက်ခံရသည့်လူတိုင်းတွင် ကာလဝမ်းရောဂါလက္ခဏာများ မပြသော်လည်း ထိုသူသည် ရောဂါပိုးသယ်ဆောင်ပျံ့နှံ့စေသူ ဖြစ်နေနိုင်သည်။ ထိုရောဂါသယ်ဆောင်သူ၏ ဝမ်းသည် သောက်သုံးရေနှင့် အစားအသောက်များကို ထိတွေ့မိပါက ထိုမှတစ်ဆင့် အခြားသူများထံ အလွယ်တကူ ကူးစက်နိုင်သည်။ ကာလဝမ်းရောဂါပိုးသည် အူလမ်းကြောင်းအတွင်းသို့ အဆိပ် (toxin) တစ်မျိုးကို ထုတ်လွှတ်သည်။ အဆိုပါအဆိပ်သည် အူနံရံရှိဆဲလ်များ၏ လုပ်ငန်းကိုပျက်စီးစေကာ ရေဓာတ်မစုပ်ယူနိုင်ခြင်း၊ ခန္ဓာကိုယ်အတွင်းပိုင်းမှရေကို အူလမ်းကြောင်းအတွင်းသို့ ပြန်လည်စိမ့်ထွက်စေခြင်းတို့ကြောင့် ပြင်းထန်သည့် ဝမ်းလျှောခြင်း၊ ရေဓာတ်ဆုံးရှုံးခြင်းများဖြစ်စေသည်။
ကာလဝမ်းရောဂါပိုး ကူးစက်ခံရသူသည် ပိုးစတင်ဝင်ရောက်သည့်အချိန်မှစ၍ ရောဂါလက္ခဏာများ သက်သာပျောက်ကင်းပြီးနောက် ရက်အနည်းငယ်အထိ သူ၏ဝမ်းထဲတွင် ကာလဝမ်းရောဂါပိုး ပါရှိနေသောကြောင့် အခြားသူများကို ကူးစက်စေနိုင်သည်။ တွေ့ရခဲသော်လည်း တစ်ခါတစ်ရံတွင် ရောဂါကူးစက်ခံရပြီးနောက် ဝမ်းထဲတွင် ကာလဝမ်းရောဂါပိုးသည် လပေါင်းများစွာ ပါရှိနေနိုင်ပြီး တခြားသူများကို ကူးစက်နိုင်ခြေရှိသည်။
ဝမ်းရောဂါဖြစ်နိုင်ခြေများစေသော အခြေအနေများ
လူတိုင်းတွင် ကာလဝမ်းရောဂါ ဖြစ်နိုင်ခြေရှိသော်လည်း အသက် (၂) နှစ်အောက် ကလေးငယ်များတွင် ကာလဝမ်းရောဂါဖြစ်ပွါးမှုနည်းသည်ကို တွေ့ရသည်။ ယခင် ကာလဝမ်းရောဂါဖြစ်ခဲ့ဖူးသော မိခင်၏နို့ကို သောက်သုံးရသော ကလေးငယ်များသည် မိခင်၏ ပဋိပစ္စည်းများကြောင့် ရောဂါမှ ကာကွယ်မှုရနိုင်သည်။
သို့သော် အချို့အချက်များသည် ရောဂါပိုမိုဖြစ်စေခြင်း သို့မဟုတ် ပြင်းထန်သော လက္ခဏာများ ပိုမိုခံစားရခြင်းတို့ ဖြစ်နိုင်သည်။ ကာလဝမ်းရောဂါအတွက် ဖြစ်နိုင်ခြေများစေသော အချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။
- သန့်ရှင်းမှုမရှိခြင်း
သန့်ရှင်းသော ပတ်ဝန်းကျင်၊ သန့်ရှင်းသော သောက်သုံးရေ မရရှိသောနေရာများတွင် ကာလဝမ်းရောဂါပိုး ပိုမိုပေါက်ဖွားနိုင်သည်။ ဒုက္ခသည်စခန်းများ၊ ဖွံ့ဖြိုးဆဲနိုင်ငံများ၊ အစာရေစာငတ်မွတ်ခေါင်းပါးမှု၊ စစ်ပွဲများ (သို့မဟုတ်) သဘာဝဘေးအန္တရာယ်ဒဏ် ခံစားရသောနေရာများ စသည့်အခြေအနေများတွင် အဖြစ်များသည်။ - အစာအိမ်အက်ဆစ်နည်းခြင်း သို့မဟုတ် မရှိခြင်း
ကာလဝမ်းရောဂါပိုးသည် အက်ဆစ်ဓာတ်ရှိသော ပတ်ဝန်းကျင်တွင် အသက်ရှင်ရပ်တည်နိုင်ခြင်း မရှိပါ။ ပုံမှန် အစာအိမ်အက်ဆစ်သည် ရောဂါပိုးမဝင်အောင် ကာကွယ်ပေးနိုင်သည်။ သို့သော် ရောဂါအခြေအနေတစ်ခုခုကြောင့် အစာအိမ်အက်ဆစ်နည်းသောသူများတွင် ကာကွယ်မှုမရှိသည့်အတွက် ဝမ်းရောဂါဖြစ်နိုင်ခြေ ပိုများသည်။ ကလေးငယ်များ၊ သက်ကြီးရွယ်အိုများ၊ အစာအိမ်အက်ဆစ်လျှော့ချသော ဆေးဝါးများ (ဥပမာ – Antacids၊ H2 blockers သို့မဟုတ် Proton pump inhibitor ဆေးဝါးများ) သောက်သုံးနေသူများ၊ အစာအိမ်အက်ဆစ်ချို့တဲ့သော Achlorhydria အခြေအနေရှိသူများသည် ဝမ်းရောဂါဖြစ်နိုင်ခြေပိုများသည် - မိသားစုဝင်တစ်ဦးဦး ရောဂါရှိခြင်း
အိမ်တွင် အတူနေ မိသားစုတစ်ဦး၌ ကာလဝမ်းရောဂါဖြစ်ပါက ကူးစက်နိုင်ခြေ ပိုများသည် - O သွေးအမျိုးအစား
O သွေးအမျိုးအစားရှိသူများသည် အခြားသွေးအမျိုးအစားရှိသူများထက် ဝမ်းရောဂါဖြစ်နိုင်ခြေ ပိုများသည်ကို တွေ့ရသော်လည်း တိကျသော အကြောင်းရင်း မရှိပါ - ပင်လယ်စာများကို အစိမ်းလိုက် သို့မဟုတ် မကျက်တကျက် စားခြင်း
ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ကပ်ရောဂါပုံစံ ဝမ်းရောဂါဖြစ်ပွါးမှုများ မရှိတော့သော်လည်း ကာလဝမ်းရောဂါပိုးရှိနိုင်သော ရေထဲမှ ပင်လယ်စာများကို စားသုံးမိလျှင် ရောဂါဖြစ်နိုင်ခြေများသည်
ရောဂါလက္ခဏာများ
ရောဂါပိုးဝင်ပြီး (၂)နာရီ မှ (၅)ရက်အတွင်း အလွန်အမင်း ဝမ်းလျှောခြင်းနှင့် ပျို့အန်ခြင်းတို့ ခံစားရနိုင်သည်။ ကာလဝမ်းရောဂါ ကူးစက်ခံထားရသည့် လူနာအများစုတွင်မူ ရောဂါလက္ခဏာ မပြတတ်ပါ။ တချို့မှာ ရောဂါလက္ခဏာအနည်းငယ်သာ ခံစားရတတ်သည်။ ကာလဝမ်းရောဂါပိုး ကူးစက်ခံရသည့် လူနာ (၁၀) ရာခိုင်နှုန်းတွင် ပြင်းထန်သောလက္ခဏာများဖြစ်ပေါ် ပြီး အချိန်မီကုသမှုမခံယူလျှင် အသက်အန္တရာယ်ရှိသည်။
တွေ့ရှိရသောလက္ခဏာများမှာ_
- ပြင်းထန်စွာ ဝမ်းလျှောခြင်း (ဝမ်း၏အရောင်သည် ဆန်ဆေးရေကဲ့သို့ ဖြူဖျော့ပြီး အရည်ကျဲဖြစ်သည်၊ ငါးညှီနံ့ကဲ့သို့ ညှီစို့စို့အနံ့ရှိသည်၊ ဝမ်းသွားသည့် အကြိမ်အရေအတွက်နှင့် ပမာဏလည်း များသည်၊ နာရီပိုင်းအတွင်း ဝမ်းပမာဏများစွာ သွားသဖြင့် ခန္ဓာကိုယ်မှရေဓာတ် အလျင်အမြန်ဆုံးရှုံးပြီး အသက်သေဆုံးနိုင်သည်)
- ပျို့အန်ခြင်း
- ရေဓာတ်အလွန်အမင်းဆုံးရှုံးခြင်း
- ရေအလွန်ဆာခြင်း
- ဆိုဒီယမ်၊ ပိုတက်ဆီယမ်၊ ကလိုရိုက် စသော ခန္ဓာကိုယ်တွင်း ဆားဓာတ်များ ဆုံးရှုံးနိုင်ခြင်း
- ခြေထောက်ကြွက်သားများ နာကျင်ခြင်း
- ဂနာမငြိမ်ဖြစ်ခြင်း
- ဆီးသွားနည်းခြင်း၊ ဆီးလုံးဝမသွားခြင်း စသည်တို့ ခံစားရနိုင်သည်။
နောက်ဆက်တွဲပြဿနာများ
ကာလဝမ်းရောဂါသည် အလျင်အမြန် အသက်သေစေနိုင်သော သတိပြုစရာ ရောဂါဖြစ်သည်။ ပြင်းထန်စွာ ရေဓာတ်ခန်းခြောက်ခြင်းနှင့် သွေးပေါင်ကျ၍ သွေးလန့်ခြင်း (Shock) တို့သည် ကာလဝမ်းရောဂါ၏ အဆိုးရွားဆုံး နောက်ဆက်တွဲပြဿနာများဖြစ်သည်။ ခန္ဓာကိုယ်မှ အရည်များနှင့် ဓာတ်ဆားများ လျင်မြန်စွာ ဆုံးရှုံးမှုကြောင့် နာရီပိုင်းအတွင်း အသက်ဆုံးရှုံးနိုင်သည်။ ရောဂါအခြေအနေ မပြင်းထန်သူများတွင်ပင် ကုသမှုမခံယူပါက ဝမ်းလျှောပြီးနောက် ရက်အနည်းငယ်အတွင်း ရေဓာတ်ခန်းခြောက်ခြင်းနှင့် သွေးလန့်ခြင်းတို့ဖြင့် သေဆုံးနိုင်သည်။ ထို့ပြင် အခြားနောက်ဆက်တွဲ ပြဿနာများလည်း ဖြစ်ပွါးနိုင်သည်။
- သွေးတွင်းသကြားဓာတ်နည်းခြင်း (Hypoglycemia)
သွေးတွင်းသကြားဓာတ်သည် ခန္ဓာကိုယ်၏ အဓိက စွမ်းအင်အရင်းအမြစ်ဖြစ်သည်။ ရောဂါပြင်းထန်လွန်း၍ အစာမစားနိုင်သောအခါ သွေးတွင်းသကြားဓာတ် အလွန်အမင်း နည်းသွားသည်။ ကလေးငယ်များတွင် ပိုဆိုးနိုင်သည်။ သွေးတွင်းသကြားဓာတ် အလွန်နည်းခြင်းသည် တက်ခြင်း၊ သတိမေ့မြောခြင်းနှင့် သေဆုံးခြင်းတို့ကို ဖြစ်စေနိုင်သည်။ - ပိုတက်ဆီယမ်ဓာတ်နည်းခြင်း
ဝမ်းလျှောခြင်းကြောင့် ပိုတက်ဆီယမ်အပါအဝင် ဆားဓာတ်များစွာဆုံးရှုံးကြသည်။ ပိုတက်ဆီယမ်ဓာတ် အလွန်နည်းခြင်းသည် နှလုံးနှင့် အာရုံကြော လုပ်ငန်းဆောင်တာများကို ထိခိုက်စေပြီး အသက်အန္တရာယ်ရှိသည်။ - ကျောက်ကပ်ပျက်စီးခြင်း
ကျောက်ကပ်ပျက်စီးသောအခါ သွေးကို စစ်ထုတ်နိုင်စွမ်း ဆုံးရှုံးပြီး ပိုလျှံနေသော အရည်များ၊ သတ္တုဓာတ်အချို့နှင့် ခန္ဓာကိုယ်၏စွန့်ပစ်ပစ္စည်းများ စုပုံလာပြီး အသက်အန္တရာယ်ရှိနိုင်သည်။ ကာလဝမ်းရောဂါဖြစ်ပွါးသူများတွင် ကျောက်ကပ်ပျက်စီးခြင်းသည် သွေးလန့်ခြင်းနှင့်အတူ မကြာခဏ ဖြစ်ပွါးတတ်သည်။
ဆေးရုံ၊ ဆေးခန်းပြသခြင်း
ကာလဝမ်းရောဂါ လက္ခဏာများကိုသတိပြုမိပါက ဆေးရုံအရေးပေါ်ဌာနများသို့ အချိန်မီပြသကုသမှု ခံယူရန်လိုသည်။ ရေဓာတ်နှင့် ဓာတ်ဆားဓာတ်များ ဆုံးရှုံးခြင်းကြောင့် အရေးပေါ်အခြေအနေဖြစ်နိုင်ပြီး အသက်အန္တရာယ်ရှိနိုင်သဖြင့် အရေးပေါ်ဆေးကုသမှုများ အမြန်ရရှိရန် လိုအပ်နိုင်သောကြောင့် ဖြစ်သည်။
အောက်ပါအချက်များသည် ပြင်းထန်စွာ ရေဓာတ်ဆုံးရှုံးသော လက္ခဏာများဖြစ်သောကြောင့် သိရှိထားရန်လိုအပ်သည်။
- ဂနာမငြိမ်ဖြစ်ခြင်း၊ သို့မဟုတ် အလွန်နုံးချည့်နေခြင်း
- သတိလစ်ခြင်း
- သွေးခုန်နှုန်း အလွန်အားနည်းခြင်း
- အသက်ရှူမြန်ခြင်း
- မျက်တွင်းချိုင့်ခွက်ခြင်း
- မျက်လုံး၊ နှုတ်ခမ်းတို့ ခြောက်သွေ့ခြင်း
- ရေအလွန်ငတ်ခြင်း
- ဆီးသွားနည်းခြင်းတို့ဖြစ်သည်။
ရောဂါရှာဖွေခြင်း
ကာလဝမ်းရောဂါသည် အခြားသော ပုံမှန်ဝမ်းလျှောခြင်းနှင့် ဆင်တူသောကြောင့် ခွဲခြားနိုင်ရန် ခက်ခဲသည်။ ထိုကြောင့် လူနာ၏ရောဂါရာဇဝင်ကို သေချာစွာမေးမြန်းခြင်း၊ လူနာအား စမ်းသပ်စစ်ဆေးခြင်းနှင့် ဓာတ်ခွဲခန်းတွင် ဝမ်းပိုးမွေးခြင်းတို့ကိုပြုလုပ်နိုင်သည်။ Rapid Diagonstic Test ဟုခေါ်သည့် ကာလဝမ်းရောဂါပိုး အမြန်စစ်ကိရိယာဖြင့် ရောဂါပိုးကို နာရီပိုင်းအတွင်း ရှာဖွေနိုင်သည်။
ကုသခြင်း
ရှေးဦးကုသခြင်း
ရေဓာတ်ဖြည့်တင်းကုသခြင်း
ဝမ်းလျှောခြင်းနှင့် အော့အန်ခြင်းကြောင့် ဆုံးရှုံးသွားသော အရည်များကို ပြန်လည်ဖြည့်တင်းရန် ရေဓာတ်ဖြည့်တင်းကုသခြင်းသည် ကာလဝမ်းရောဂါအတွက် အရေးအကြီးဆုံးကုသမှု ဖြစ်သည်။ ရေဓာတ်ဖြည့်တင်းကုသမှုတွင် ဓာတ်ဆား (Oral rehydration solution – ORS)၊ သွေးကြောထဲသို့ သွင်းသော ဆေးရည် (Intravenous fluids) နှင့် ပိုတက်ဆီယမ်ဓာတ်ဖြည့်ခြင်း (Electrolytes)တို့ ပါဝင်သည်။ အချိန်မီ ရေဓာတ်ဖြည့်တင်းကုသမှု ခံယူလျှင် ကာလဝမ်းရောဂါလူနာများ၏ (၉၉) ရာခိုင်နှုန်း ကျော်သည် အသက်ရှင်နိုင်သည်။
- ဓာတ်ဆားရည် (ORS)
လူအများစုတွင် ဓာတ်ဆားရည်သောက်ခြင်းအားဖြင့် အရည်ဓာတ်ကို အပြည့်အဝ ပြန်လည်ဖြည့်တင်းနိုင်သည်။ အသင့်ဖျော် ဓာတ်ဆားအမှုန့်ထုပ်များတွင် ဆားဓာတ်နှင့် သတ္တုဓာတ်များပါဝင်ပြီး ဆူအောင်ကျိုချက်ထားသောရေကျက်အေး သို့မဟုတ် ရေသန့်နှင့် ဖျော်၍ အလွယ်တကူ သောက်နိုင်သည်။ ကာလဝမ်းရောဂါဖြစ်သည်ဟု သံသယရှိလျှင် ဓာတ်ဆားရည်ကို ချက်ချင်းသောက်ပါ။ ဆေးရုံဆေးခန်းသို့ ကုသရန် သွားနေသော အချိန်တွင်ပင် ဆက်လက်သောက်သုံးသင့်သည်။ - သွေးကြောထဲသို့ ဆေးရည်သွင်းခြင်း (Intravenous fluids)
ပြင်းထန်စွာ ရေဓာတ်ခန်းခြောက်သူများ သို့မဟုတ် အလွန်အမင်း အန်နေသူများ၊ သတိမကောင်းသူများကဲ့သို့ ပါးစပ်မှ ဓာတ်ဆားရည် မသောက်နိုင်သူများတွင် သွေးကြောထဲသို့ ဆေးရည်သွင်း၍ ကုသရန် လိုအပ်သည်၊ ထိုသူများတွင်လည်း ပါးစပ်မှ အရည်ပြန်သောက်နိုင်ချိန်တွင် ဓာတ်ဆားရည်ကို အမြန်သောက်သင့်သည်။ - ပိုတက်ဆီယမ်ဓာတ်ဖြည့်ခြင်း
ရေဓာတ်ဖြည့်တင်းကုသသူများတွင် လိုအပ်ပါက ပိုတက်ဆီယမ်ဓာတ် ဖြည့်တင်းကုသမှု ပေးနိုင်သည်။ - အခြားအရည်များ
ဝမ်းလျှောလက္ခဏာ မပြင်းထန်သူများတွင် ဓာတ်ဆားမရှိပါက ရေသန့် သို့မဟုတ် ဆူအောင်ကျိုချက်ထားသောရေ၊ ဟင်းရည် သို့မဟုတ် တခြားအရည်များကို သောက်နိုင်သည်။ သို့သော် သကြားဓာတ်များသော ဖျော်ရည်၊ အချိုရည် (သို့မဟုတ်) အားဖြည့်အချိုရည်များသည် ဝမ်းလျှောခြင်းကို ပိုဆိုးစေနိုင်သောကြောင့် မသောက်သင့်ပါ၊ ဝမ်းပျက်ဝမ်းလျှောဖြစ်နေသော ကလေးငယ်များတွင် ရေဓာတ်မခန်းခြောက်အောင် မိခင်နို့ သို့မဟုတ် နို့မှုန့်ကို ဆက်လက်တိုက်ကျွေးနိုင်သည်။
ပဋိဇီဝပိုးသတ်ဆေးများ (Antibiotics)
ရေဓာတ်ဖြည့်တင်းကုသမှုအပြင် ပဋိဇီဝပိုးသတ်ဆေးများကို ရောဂါပြင်းထန်သော လူနာများနှင့် အခံရောဂါရှိသူများတွင် ကျန်းမာရေးအခြေအနေပေါ် မူတည်ပြီး သောက်ရန် ညွှန်ကြားနိုင်သည်။ ကုသရာတွင် အသုံးပြုသော ပဋိဇီဝပိုးသတ်ဆေးများမှာ – Tetracycline, Doxycycline, Ciprofloxacin စသည်တို့ဖြစ်သည်။ ပိုးသတ်ဆေးများသည် ရောဂါကြာမြင့်ချိန်ကို လျှော့ချပေးနိုင်သည်။ သို့ရာတွင် ပိုးသတ်ဆေးပေးခြင်းသည် ကာလဝမ်းရောဂါအတွက် မရှိမဖြစ်အရေးကြီးသော ကုသမှုမဟုတ်ပါ။ ရေဓာတ်ဖြည့်တင်းကုသမှုသည်သာ အရေးအကြီးဆုံးကုသမှုဖြစ်သည်။
ဇင့်ဓာတ်ဖြည့်စွက်ခြင်း (Zinc supplementation)
ကာလဝမ်းရောဂါကြောင့် ဝမ်းလျှောသော အသက် (၆)လ မှ (၅) နှစ်အရွယ်အထိ ကလေးငယ်များကို ဇင့်ဓာတ်ပါသောဖြည့်စွက်ဆေး တိုက်ကျွေးနိုင်သည်။
ကာကွယ်ခြင်း
ကာလဝမ်းရောဂါသည် မသန့်ရှင်းသော အစားအသောက်မှတစ်ဆင့် ကူးစက်သောရောဂါ ဖြစ်သည့်အတွက် တစ်ကိုယ်ရေ သန့်ရှင်းရေးသည် အရေးကြီးဆုံးဖြစ်သည်။ ကာလဝမ်းရောဂါကာကွယ်ရန် အခြေခံအချက် (၅) ချက်ရှိသည်။
- သန့်ရှင်းသောရေကို သောက်သုံးခြင်း
- လက်ကို ဆပ်ပြာနှင့် မကြာခဏသေချာဆေးကြောခြင်း
- ယင်လုံအိမ်သာ အသုံးပြုခြင်း
- အစားအစာများကို သေချာချက်ပြုတ်စားသုံးခြင်း
- မီးဖိုချောင်နှင့် အိမ်သာဝန်းကျင်ကို သေချာစွာ သန့်ရှင်းရေးပြုလုပ်ခြင်း စသည်တို့ကို ပြုလုပ်ခြင်းဖြင့် ကာကွယ်နိုင်သည်။
ကာလဝမ်းရောဂါ ဖြစ်ပွါးမှုနှုန်းများသည့် ဒေသများ၊ သို့မဟုတ် ထိုဒေသများသို့ ခရီးသွားမည့်သူများတွင် ကာလဝမ်းရောဂါ ကာကွယ်ဆေး (သောက်ဆေး) ဖြင့် ကာလဝမ်းရောဂါကို ကာကွယ်နိုင်သည်။ ထို့ပြင် ကာလဝမ်းရောဂါရှိသူနှင့် အနီးကပ်ထိတွေ့မိသူများ၊ လူအများ စုဝေးနေထိုင်သော နေရာများ (ဥပမာ _ ဒုက္ခသည်စခန်းများ)ရှိ သူများတွင် ကာလဝမ်းရောဂါ မဖြစ်အောင် ပဋိဇီဝပိုးသတ်ဆေးတိုက်ခြင်းဖြင့်လည်း ကာကွယ်နိုင်သည်။ သို့သော် အဆိုပါကာကွယ်ဆေးများသည် ကာလဝမ်းရောဂါကို ရာနှုန်းပြည့်ကာကွယ်နိုင်စွမ်း မရှိနိုင်သဖြင့် အထက်တွင်ဖော်ပြထားသည့် တစ်ကိုယ်ရေ သန့်ရှင်းရေး ကာကွယ်ရေးနည်းလမ်းများကို လိုက်နာရန်လိုသည်။
References:
- Centers for Disease Control and Prevention. (n.d.). Cholera: About. Retrieved June 21, 2025, from https://www.cdc.gov/cholera/about/index.html
- Centers for Disease Control and Prevention. (n.d.). Cholera: Prevention. Retrieved June 21, 2025, from https://www.cdc.gov/cholera/prevention/index.html
- HealthHub Singapore. (n.d.). Cholera. Retrieved June 21, 2025, from https://www.cda.gov.sg/professionals/diseases/cholera
- Mayo Clinic. (n.d.). Cholera: Diagnosis and treatment. Retrieved June 21, 2025, from https://www.mayoclinic.org/diseases-conditions/cholera/diagnosis-treatment/drc-20355293
- Mayo Clinic. (n.d.). Cholera: Symptoms and causes. Retrieved June 21, 2025, from https://www.mayoclinic.org/diseases-conditions/cholera/symptoms-causes/syc-20355287
- WebMD. (n.d.). Cholera FAQ. Retrieved June 21, 2025, from https://www.webmd.com/a-to-z-guides/cholera-faq
- Zuckerman, J. N., Rombo, L., & Fisch, A. (2007). The true burden and risk of cholera: Implications for prevention and control. The Lancet Infectious Diseases, 7(8), 521–530. https://www.ncbi.nlm.nih.gov/pmc/articles/PMC4468928/
Published: 30 August 2024
Last updated: 1 August 2025
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.