မူမမှန်တုံ့ပြန် ကိုယ်ခံအားစနစ်ကြောင့် ရုတ်တရက်လမ်းမလျှောက်နိုင်ခြင်း (GBS) ဆိုသည်မှာ ခန္ဓာကိုယ်၏ ကိုယ်ခံအားစနစ်မှ မိမိ၏အာရုံကြောဆဲလ် (Nerve cells) များကို မှားယွင်းစွာ တိုက်ခိုက်သော ရောဂါတစ်မျိုးဖြစ်သည်။ အသက်အရွယ်မရွေး ဖြစ်ပေါ်နိုင်ပြီး အသက် (၃၀) မှ (၅၀) ကြား အမျိုးသားများတွင် အဖြစ်များသည်။ အများစုမှာ ပြန်လည်ကောင်းမွန်လာကြသော်လည်း ရောဂါပြင်းထန်လျှင် အသက်အန္တရာယ်ရှိသည်အထိ ဖြစ်နိုင်သည်။ ထို့ကြောင့် ရောဂါဖြစ်ဖြစ်ခြင်း ဆေးရုံတက်၍ ကုသမှုများကို အမြန်ဆုံးခံယူရန် လိုအပ်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်း
GBSရောဂါ ဖြစ်ပေါ်ရသောအကြောင်းရင်းကို အတိအကျမသိရှိပါ။ ခန္ဓာကိုယ်ထဲသို့ ရောဂါပိုးများ (ဘက်တီးရီးယားပိုး၊ ဗိုင်းရပ်စ်ပိုးများ) ဝင်ရောက်ပြီးနောက် ကိုယ်ခံအားစနစ်မှ မိမိ၏အာရုံကြောစနစ်ကို ပုံမှန်မဟုတ်သော တုံ့ပြန်မှုများဖြင့် မှားယွင်းစွာတိုက်ခိုက်မှုကြောင့် အာရုံကြောထိခိုက်ရခြင်း (Post-infectious immune mediated neuropathy) ဖြစ်သည်။
GBSရောဂါကို ဖြစ်ပေါ်စေသောရောဂါပိုးများနှင့် အခြားခုခံအားဆိုင်ရာအချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။
- ဝမ်းလျှော၊ ဝမ်းပျက်ဖြစ်စေသော ဘက်တီးရီးယားပိုး (ဥပမာ – Campylobacter jejuni)
- အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်း
- ဗိုင်းရပ်စ်ပိုးများ (ဥပမာ – Cytomegalovirus, Epstein Barr virus, Zika virus, Covid 19)
- ကာကွယ်ဆေးထိုးခြင်း (ဖြစ်နိုင်ခြေ အလွန်နည်းသည်)
- လတ်တလော ခွဲစိတ်ခြင်း (ရှားပါးစွာ ဖြစ်ပေါ်နိုင်သည်)
ရောဂါလက္ခဏာများ
ပထမဦးစွာ ကြွက်သားများအားနည်းခြင်း (သို့မဟုတ်) ထုံကျဥ်ခြင်းများ ရုတ်တရက် ဖြစ်ပေါ်လာသည်။ ခန္ဓာကိုယ်နှစ်ဖက်စလုံးကို ထိခိုက်နိုင်ပြီး ခြေထောက်တွင် စတင်ဖြစ်ပေါ်ကာ လက်နှင့် ခန္ဓာကိုယ်အပေါ်ပိုင်းသို့ ပျံ့နှံ့လာနိုင်သည်။
တစ်ရက်၊ နှစ်ရက်အတွင်း အောက်ပါလက္ခဏာများ ဆက်လက်ဖြစ်ပေါ်လာသည်။
- ခြေထောက်ရှိကြွက်သားများ အားနည်းသောကြောင့် လမ်းလျှောက်ရန် ခက်ခဲခြင်း၊ လှေခါးတက်ရန် ခက်ခဲခြင်း
- ခြေထောက်နှင့် လက်များတွင် ထုံကျဥ်ခြင်း
- ခြေထောက်နှင့် နောက်ကျောရှိ ကြွက်သားများနာကျင်ခြင်း
- ခြေထောက်များ၊ လက်များ မလှုပ်နိုင်ခြင်း
- မျက်နှာလှုပ်ရှားမှုများ ပြုလုပ်ရန်ခက်ခဲခြင်း
- စကားပြောရန်ခက်ခဲခြင်း
- အစာမျိုရန်ခက်ခဲခြင်း
- အမြင်အာရုံ နှစ်ထပ်မြင်ခြင်း သို့မဟုတ် မျက်လုံးမလှုပ်ရှားနိုင်ခြင်း အစရှိသည့် ရောဂါလက္ခဏာများ ဖြစ်ပေါ်လာနိုင်သည်။
ရောဂါလက္ခဏာများမှာ နာရီပိုင်း၊ ရက်ပိုင်းအတွင်း သိသိသာသာ ပိုမိုဆိုးရွားလာသည်။ စဖြစ်သည့် အချိန်မှ (၂) ပတ်အတွင်း အဆိုးဆုံးအခြေအနေ ဖြစ်တတ်သည်။
နောက်ဆက်တွဲပြဿနာများ
ခန္ဓာကိုယ်၏ အရေးကြီးသော နှလုံးခုန်နှုန်း၊ သွေးပေါင်ချိန်နှင့် အစာခြေခြင်းတို့ကို ထိန်းချုပ်သည့် အာရုံကြောစနစ်ကို ထိခိုက်မှုကြောင့် အောက်ပါနောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်လာနိုင်သည်။
- နှလုံးခုန်စည်းချက် မမှန်ခြင်း
- သွေးပေါင်ချိန် အတက်အကျဖြစ်ခြင်း
- အစာမခြေနိုင်ခြင်း
- ဆီးချုပ်၊ ဝမ်းချုပ် ဖြစ်ခြင်း၊ ဆီးဝမ်း မထိန်းနိုင်ခြင်း စသည်တို့ဖြစ်သည်။
အသက်ရှူလမ်းကြောင်းဆိုင်ရာ ကြွက်သားများအားနည်းခြင်းကြောင့် အသက်ရှူစက် ယာယီတပ်ရန် လိုအပ်တတ်သည်။ ရောဂါသက်သာ ပျောက်ကင်းလာလျှင်လည်း နောက်ဆက်တွဲအနေဖြင့် မသန်စွမ်းခြင်း၊ အကြောပျော့ခြင်းများ ကျန်နေခဲ့တတ်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
လက္ခဏာများသည် အချိန်တိုအတွင်း ပိုဆိုးလာနိုင်သောကြောင့် အသက်အန္တရာယ်ရှိနိုင်သဖြင့် ဆေးရုံအရေးပေါ်ဌာနများသို့ အချိန်မီပြသကုသမှု ခံယူရန်လိုသည်။
ရောဂါရှာဖွေခြင်း
ရုတ်တရက် လမ်းမလျှောက်နိုင်ခြင်းသည် အဓိကလက္ခဏာဖြစ်သောကြောင့် ရုတ်တရက် လမ်းမလျှောက်နိုင်သော အခြားရောဂါအုပ်စုများ (Acute flaccid paralysis) (ဥပမာ _ ပိုလီယိုရောဂါ၊ ကျောရိုးအာရုံကြောမကြီးရောဂါ) များနှင့် ခွဲခြားရန် လိုအပ်သည်။
- ရောဂါရာဇဝင်နှင့် ဖြစ်စဥ်များကို ပြန်လည်သုံးသပ်ခြင်း
- အာရုံကြောစနစ်များကို သေချာစွာ စမ်းသပ်စစ်ဆေးခြင်း
- ခါးဆစ်ရိုးကြားမှ အရည်ယူ၍ ရောဂါရှာဖွေစစ်ဆေးခြင်း (Lumbar puncture)
- အာရုံကြောနှင့် ကြွက်သားများ၏ လုပ်ဆောင်မှု၊ တုံ့ပြန်မှုများကို စစ်ဆေးခြင်း (Nerve Conduction Study, EMG)
- ကျောရိုး သံလိုက်ဓာတ်မှန်ရိုက်ခြင်း (MRI spine) တို့ဖြင့် ရောဂါရှာဖွေနိုင်သည်။
ကုသခြင်း
ရောဂါပြင်းထန်မှုကို လျှော့ချရန်နှင့် လျင်မြန်စွာ သက်သာကောင်းမွန်လာစေရန် အဓိကကုသမှု နှစ်မျိုးရှိသည်။ ထိုကုသမှုနှစ်မျိုးလုံးသည် ရောဂါလက္ခဏာစပေါ်သည့်အချိန်မှ နှစ်ပတ်အတွင်း ပေးနိုင်ပါက အချိန်တိုအတွင်း လျင်မြန်စွာ ကောင်းမွန်လာနိုင်သည်။
- သွေးရည်ကြည်လဲလှယ်ခြင်း (Plasma exchange or plasmapheresis)
စက်၏အကူအညီဖြင့် သွေးထဲမှ သွေးရည်ကြည်ကို ခွဲထုတ်ပြီး ထိုသွေးရည်ကြည်ထဲတွင် ရှိနေသောအာရုံကြောကို တိုက်ခိုက်နေသည့် ပဋိပစ္စည်းများကို ဖယ်ရှားကာ သွေးနှင့်သွေးရည်ကြည်ကို ခန္ဓာကိုယ်ထဲသို့ ပြန်ထည့်ပေးခြင်းဖြင့် ကုသခြင်းဖြစ်သည်။ - ကိုယ်ခံအားပဋိပစ္စည်း အင်မြူနိုဂလိုဗျူလင် သွင်းခြင်း (IV immunoglobulin therapy)
အင်မြူနိုဂလိုဗျူလင် (Immunoglobulin) ဆိုသည်မှာ ရောဂါပိုး ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သောအခါ ခုခံအားစနစ်မှ သဘာဝအလျောက် ထုတ်ပေးသော ပရိုတင်းတစ်မျိုးဖြစ်သည်။ ထိုသို့ကုသပေးခြင်းဖြင့် အာရုံကြောများကို ခုခံအားစနစ်မှ တိုက်ခိုက်မှုကို လျှော့ချပေးသည်။
နောက်ဆက်တွဲပြဿနာများကို ကုသခြင်း
- နှလုံးခုန်နှုန်း၊ အသက်ရှူနှုန်း၊ သွေးပေါင်ချိန်တို့ကို ဂရုတစိုက်နှင့် စောင့်ကြည့်ရန် လိုအပ်ပြီး အပြောင်းအလဲရှိပါက အချိန်မီကုသမှုပေးခြင်း
- အသက်ရှူရန် ခက်ခဲသောသူများတွင် လိုအပ်လျှင် အသက်ရှူစက် တပ်ဆင်ကုသခြင်း
- လှုပ်ရှားမှု မလုပ်နိုင်သောကြောင့် အလွယ်တကူ သွေးခဲနိုင်သဖြင့် သွေးခဲခြင်းကို ကာကွယ်ရန် သွေးမခဲဆေးများပေးခြင်း
- အစာမစားနိုင်သဖြင့် ရေဓာတ်ခမ်းခြောက်မှုကို ကာကွယ်ရန် အကြောဆေးရည်များ သွင်းပေးခြင်း၊ အာဟာရရရှိအောင် နှာခေါင်းပိုက်တပ်ဆင်၍ အစာထည့်ပေးခြင်း
- ပြန်လည်ထူထောင်ရေး လေ့ကျင့်ခန်းများဖြစ်သည်။
ကာကွယ်ခြင်း
ယေဘုယျအားဖြင့် ကြိုတင်ကာကွယ်၍ မရပါ။
GBS ရောဂါဖြစ်နိုင်ခြေကို လျော့ကျစေရန်_
- ရောဂါပိုး အလွယ်တကူ မဝင်ရောက်နိုင်အောင် တစ်ကိုယ်ရေ သန့်ရှင်းမှု ရှိအောင်နေပါ
- လက်ကို မကြာခဏဆေးပါ
- ကိုယ်ခံအားကောင်းစေရန် ကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက်များစားပြီး လေ့ကျင့်ခန်းပုံမှန်လုပ်ပါ
References:
- World Health Organization. (2023). Guillain-Barré syndrome. Retrieved August 26, 2025, from https://www.who.int/news-room/fact-sheets/detail/guillain-barr%C3%A9-syndrome
- Mayo Clinic. (2024). Guillain-Barré syndrome: Symptoms & causes. Retrieved August 26, 2025, from https://www.mayoclinic.org/diseases-conditions/guillain-barre-syndrome/symptoms-causes/syc-20362793
- Cleveland Clinic. (n.d.). Guillain-Barré syndrome. Retrieved August 26, 2025, from https://my.clevelandclinic.org/health/diseases/15838-guillain-barre-syndrome
- Johns Hopkins Medicine. (n.d.). Guillain-Barré syndrome. Retrieved August 26, 2025, from https://www.hopkinsmedicine.org/health/conditions-and-diseases/guillainbarr-syndrome
Published: 30 August 2024
Last updated: 18 September 2025
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.