သွေးတိုးရောဂါသည် ခန္ဓာကိုယ်ရှိ သွေးကြောများ၊ ထိုမှတစ်ဆင့် နှလုံး၊ ဦးနှောက်၊ ကျောက်ကပ် စသည်တို့ကို ထိခိုက်စေနိုင်သည့် အဖြစ်များသော ရောဂါတစ်ခုဖြစ်သည်။ သွေးလွှတ်ကြောနံရံကို တွန်းကန်နေသော သွေးဖိအားသည် အလွန်မြင့်မားလာသောအခါ သွေးပေါင်ချိန်ဖိအားတက်ခြင်း (သွေးတိုးခြင်း) ဖြစ်လာသည်။ နှလုံးသည် ထိုမြင့်မားနေသော သွေးပေါင်ချိန်ကို ကျော်ဖြတ်၍ သွေးညှစ်ထုတ်ရန် အလုပ်ပိုလုပ်နေရသဖြင့် အချိန်ကြာလာသောအခါ နှလုံးအမောဖောက်ခြင်း၊ လေဖြတ်ခြင်း အစရှိသည့် နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်လာသည်။
သွေးပေါင်ချိန် တိုင်းတာရာတွင် အပေါ်သွေး (Systolic Blood Pressure – SBP) နှင့် အောက်သွေး (Diastolic Blood Pressure – DBP) နှစ်မျိုးကို တိုင်းတာပြီး မီလီမီတာမာကျူရီ ယူနစ် (mmHg) ဖြင့် ဖော်ပြသည်။
- နှလုံးညှစ်သည့်အချိန် သွေးလွှတ်ကြောနံရံအတွင်းရှိ ဖိအားကို အပေါ်သွေး
- နှလုံးညှစ်နေရာမှ ပြန်လည်ဖြေလျှော့သည့်အချိန် သွေးလွှတ်ကြောနံရံအတွင်းရှိ ဖိအားကို အောက်သွေး ဟုခေါ်သည်။
အောက်ပါအခြေအနေတစ်ခုခုရှိပါက သွေးတိုးရောဂါရှိသည်ဟု သတ်မှတ်နိုင်သည်။
- ဆေးရုံ၊ ဆေးခန်းတွင် ခေတ္တနားနေပြီးမှ တိုင်းသော သွေးပေါင်ချိန် (Office BP) သည် (၁၄၀/၉၀) mmHg နှင့်အထက်ရှိပြီး၊ အချိန်တစ်လအတွင်း ထိုသို့သွေးပေါင်တက်ခြင်းသည် နှစ်ကြိမ်နှင့်အထက်ဖြစ်ခြင်း
- တစ်ကြိမ်တည်းဖြစ်သော်လည်း သွေးပေါင်ချိန် (၁၉၀/၁၁၀) mmHg နှင့်အထက် တက်ခြင်း
- သွေးပေါင်တက်နေပြီး သွေးတိုးရောဂါ၏ နောက်ဆက်တွဲ ကိုယ်တွင်းအင်္ဂါထိခိုက်မှု (Hypertension Mediated Organ Damage – HMOD) ရှိခြင်း
အသက် (၁၆) နှစ်နှင့်အထက်တွင် သွေးတိုးရောဂါကို အောက်ပါအတိုင်း အမျိုးအစားခွဲခြားထားသည်။
အမျိုးအစား | အပေါ်သွေး (mmHg) | အောက်သွေး (mmHg) |
---|---|---|
ပုံမှန် သွေးပေါင်ချိန် | < ၁၂၀ | < ၇၀ |
ပုံမှန်ထက် မြင့်သော သွေးပေါင်ချိန် (Elevated BP) | ၁၂၀-၁၄၀ | ၇၀ – ၉၀ |
သွေးတိုးရောဂါ (Hypertension) | ≥ ၁၄၀ | ≥ ၉၀ |
သွေးတိုးရောဂါ အဆင့် (၁) Grade 1 hypertension | ၁၄၀-၁၅၉ | ၉၀-၉၉ |
သွေးတိုးရောဂါ အဆင့် (၂) Grade 2 hypertension | ၁၆၀-၁၇၉ | ၁၀၀-၁၀၉ |
သွေးတိုးရောဂါ အဆင့် (၃) Grade 3 hypertension | ≥၁၈၀ | ≥၁၁၀ |
အပေါ်သွေးသီးသန့်တိုးသော သွေးတိုးရောဂါ Isolated systolic hypertension | ≥၁၄၀ | <၉၀ |
ဖြစ်ပေါ်ရသောအကြောင်းရင်း
သွေးတိုးရောဂါအမျိုးအစား နှစ်မျိုးရှိသည်။
- အကြောင်းရင်းခံမရှိဘဲ အလိုအလျောက် ဖြစ်ပေါ်လာသော သွေးတိုးရောဂါ (Primary or Essential Hypertension)
(၉၅) ရာခိုင်နှုန်းခန့်သော သွေးတိုးရောဂါဖြစ်သူများတွင် ဖြစ်ပေါ်ရသည့်အကြောင်းရင်းကို တိတိကျကျ မသိပါ။ သို့သော် အောက်ဖော်ပြပါအချက်များသည် သွေးတိုးရောဂါဖြစ်လာစေရန် အားပေးသော အချက်များဖြစ်သည်။- အသက်အရွယ် ကြီးလာခြင်း (အသက် ၅၅ နှစ်နှင့်အထက်)
- မိသားစုမျိုးရိုးတွင် သွေးတိုးရောဂါရှိခြင်း
- ကိုယ်လက်လှုပ်ရှားမှုမရှိဘဲ အထိုင်များခြင်း
- အ၀လွန်ခြင်း
- ဆေးလိပ်သောက်ခြင်း
- အရက်အလွန်အကျွံသောက်ခြင်း
- အငန်များများ စားခြင်း
- စိတ်ဖိစီးမှုများခြင်း
- အခြေခံအကြောင်းရင်း တစ်ခုခုကြောင့် ဖြစ်ပေါ်လာသော သွေးတိုးရောဂါ (Secondary Hypertension)
(၅) ရာခိုင်နှန်းခန့်သော သွေးတိုးရောဂါများသည် အောက်ဖော်ပြပါ အခြေခံအကြောင်းရင်း တစ်ခုခုကြောင့် ဖြစ်ပေါ်လာရခြင်းဖြစ်သည်။- ကျောက်ကပ်ရောဂါအခံရှိခြင်း [ဥပမာ _ ကျောက်ကပ်သွေးလွှတ်ကြော ကျဉ်းခြင်း (Renal artery stenosis)၊ ကျောက်ကပ်ရောင်ခြင်း (Glomerulonephritis)၊ ကျောက်ကပ်ရေအိတ်တည်ရောဂါ (Polycystic kidney disease)]
- မွေးရာပါ နှလုံးသွေးကြောမကြီးကျဉ်းခြင်း (Coarctation of Aorta)
- ဟော်မုန်းနှင့်ပတ်သက်သော ရောဂါများ (ဥပမာ _ သိုင်းရွိုက်ဟော်မုန်း များခြင်း၊ နည်းခြင်း)
- အိပ်ပျော်နေစဉ် အသက်ရှူလမ်းကြောင်း ပိတ်ဆို့၍ အသက်ရှူရပ်ခြင်း (Obstructive Sleep Apnea – OSA)
- ကိုယ်ဝန်ဆောင်ခြင်း
- တချို့သောဆေးဝါးများ (အကိုက်အခဲပျောက်ဆေး၊ ကိုယ်ဝန်တားဆေး၊ စတီးရွိုက်ဆေး)
- မူးယစ်ဆေး၀ါးများ (ကိုကိန်း) စသည်တို့ကြောင့် ဖြစ်ပွါးနိုင်သည်။
ရောဂါလက္ခဏာများ
လူအများစုတွင် မည်သည့်ရောဂါလက္ခဏာမျှ မခံစားရဘဲ သွေးတိုးရောဂါ ရှိနေတတ်သည်။ သွေးပေါင်ချိန် တိုင်းသည့်အခါမှသာ သွေးတိုးရောဂါရှိနေသည်ကို သတိထားမိကြသည်။ လူအနည်းစုတွင် ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း၊ ဇက်ကြောတက်ခြင်း၊ နှာခေါင်းသွေးလျှံခြင်း၊ အမြင်ဝေဝါးလာခြင်းစသည့် ရောဂါလက္ခဏာများ ခံစားရတတ်သည်။ အချို့သူများတွင် သွေးတိုးရောဂါ နောက်ဆက်တွဲပြဿနာများ၏ လက္ခဏာများဖြစ်သည့်
- ရင်ဘတ်အောင့်ခြင်း
- မျက်နှာရောင်အမ်းလာခြင်း
- မျက်စိအမြင် ချို့ယွင်းလာခြင်း
- လေဖြတ်ခြင်း
- နှလုံးအမောဖောက်ခြင်း စသည်တို့ကို ခံစားရသည့်အချိန်မှသာ သွေးတိုးရောဂါရှိမှန်း သိကြသည်။
သွေးတိုးရောဂါသည် မည်သည့်ရောဂါလက္ခဏာမျှမပြဘဲ နောက်ဆက်တွဲပြသနာများဖြစ်ပေါ်ကာ အသက်အန္တရာယ် ဖြစ်စေတတ်သဖြင့် အသံတိတ်လူသတ်သမား (silent killer) ဟုပင် တင်စားခေါ်ဝေါ် ကြသည်။
နောက်ဆက်တွဲပြဿနာများ
သွေးတိုးရောဂါကြောင့် သွေးလွှတ်ကြောနံရံအတွင်း ဖိအားဆက်တိုက်များလာပါက သွေးကြောများနှင့် ကိုယ်တွင်းအင်္ဂါများ ထိခိုက်ပျက်စီးလာသည်။ သွေးပေါင်ချိန် မြင့်လာသည်နှင့်အမျှ မကုသဘဲ အချိန်ကြာပါက ထိခိုက်ပျက်စီးမှု ပိုများမည်ဖြစ်သည်။ သွေးတိုးရောဂါကို မထိန်းသိမ်းနိုင်ပါက အောက်ဖော်ပြပါ နောက်ဆက်တွဲ ကိုယ်တွင်းအင်္ဂါ ထိခိုက်ပျက်စီးမှု (HMOD) များဖြစ်ပေါ်လာပြီး အသက်အန္တရာယ်ထိခိုက်သည်အထိ ပြင်းထန်နိုင်သည်။
- နှလုံးကြီးခြင်း (Cardiomegaly)၊ နှလုံးသွေးကြောကျဉ်းခြင်း၊ ပိတ်ခြင်း (Ischaemic heart disease)၊ နှလုံးလုပ်ငန်းပျက်စီးခြင်း (Heart failure)
- သွေးကြောဖောင်းခြင်း (Aneurysm)
- ဦးနှောက်သွေးကြောပိတ်၍ သို့မဟုတ် သွေးကြောပေါက်၍ လေဖြတ်ခြင်း (Stroke)
- နာတာရှည် ကျောက်ကပ်ပျက်ဆီးခြင်း (Chronic Kidney Disease – CKD)
- မျက်လုံးသွေးကြောပေါက်ခြင်း၊ အမြင်အာရုံ ပျက်စီးခြင်း
- ဆီးချိုရောဂါဖြစ်ခြင်း
- မှတ်ဉာဏ်ချို့ယွင်းခြင်း
- သတိမေ့ခြင်း (Dementia) စသည်တို့ကို ခံစားရနိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
အထက်ဖော်ပြပါ သွေးတိုးရောဂါလက္ခဏာများ ခံစားရပါက မိမိ၏ မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန် လိုအပ်သည်။ မိသားစုဆရာဝန်မှ သွေးပေါင်ချိန်တိုင်းခြင်း၊ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်း၊ သွေးစစ်ခြင်းတို့ဖြင့် ရောဂါရှာဖွေ ကုသပေးနိုင်သည်။ လိုအပ်ပါက သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။
ရောဂါရှာဖွေခြင်း
လူနာ၏ ရောဂါရာဇဝင်ကို မေးမြန်းခြင်း၊ လူနာကို စမ်းသပ်စစ်ဆေးခြင်း၊ သွေးပေါင်ချိန်ခြင်းဖြင့် သွေးတိုးရောဂါကို ရှာဖွေနိုင်သည်။ သွေးတိုးရောဂါ မသေချာပါက သွေးပေါင်တိုင်းသည့်စက်ကို ခန္ဓာကိုယ်တွင်တပ်ပြီး (၂၄) နာရီပတ်လုံး သွေးပေါင်ချိန် အဆက်မပြတ်တိုင်းတာခြင်း (Ambulatory Blood Pressure Monitoring) ဖြင့်လည်းကောင်း၊ နေအိမ်တွင် သွေးပေါင်ချိန် ပုံမှန်တိုင်းတာခြင်း (Home Blood Pressure Monitoring) ဖြင့်လည်းကောင်း ရှာဖွေနိုင်သည်။
သွေးတိုးရောဂါရှိသူများတွင် အခြေခံအားဖြင့် လိုအပ်သည့် သွေးစစ်ဆေးမှု (ကျောက်ကပ်ဓာတ်၊ သကြားဓာတ်၊ အဆီဓာတ်၊ သိုင်းရွိုက်ဟော်မုန်း) နှင့် ဆီးစစ်ဆေးမှုများ၊ အီးစီဂျီ (ECG) ဆွဲခြင်းများကို ဆက်လက်ပြုလုပ်ရန် လိုအပ်သည်။ ထို့အပြင် သွေးတိုးရောဂါဖြစ်စေနိုင်သော အခြေခံအကြောင်းရင်းများကို ရှာဖွေရန်နှင့် သွေးတိုး၏ နောက်ဆက်တွဲပြဿနာများ ရှိမရှိ သိရှိနိုင်ရန် ရင်ဘတ်ဓာတ်မှန် (CXR) ရိုက်ခြင်း၊ အသံလှိုင်းသုံး နှလုံးပုံရိပ်ဖော်စက် (Echocardiogram) ဖြင့် စစ်ဆေးခြင်း၊ အာထရာဆောင်း (USG) ရိုက်ခြင်းနှင့် ပုံမှန်သွေးစစ်ဆေးခြင်းတို့ကို လိုအပ်လျှင် ဆက်လက်ပြုလုပ်ရသည်။
ကုသခြင်း
သွေးတိုးရောဂါကို ကုသရာတွင် အရေးကြီးဆုံးမှာ ကျန်းမာရေးနှင့်ညီညွတ်သော နေထိုင်စားသောက်မှုပုံစံသို့ ပြောင်းလဲခြင်းဖြစ်သည်။ သွေးပေါင်ကျဆေးများ ပေးခြင်း၊ သွေးတိုးဖြစ်စေသော အကြောင်းရင်းများကို ရှာဖွေကုသခြင်းနှင့် နောက်ဆက်တွဲ ကိုယ်တွင်းအဂႅါထိခိုက်မှု ရှိမရှိကို ရှာဖွေကုသခြင်းတို့လည်း ပါ၀င်သည်။
အသက်ငယ်ရွယ်သူများတွင်ဖြစ်သော သွေးတိုးရောဂါနှင့် ကုသရခက်ခဲသော သွေးတိုးရောဂါများတွင် သွေးတိုးရောဂါဖြစ်စေနိုင်သော အကြောင်းရင်းများကို အထူးကုဆရာဝန်များနှင့် တိုင်ပင်၍ ရောဂါရှာဖွေ ကုသနိုင်သည်။
နေထိုင်စားသောက်မှုပုံစံ ပြောင်းလဲ၍ ကုသခြင်း (Lifestyle changes)
သွေးတိုးရောဂါရှိသူ မည်သူမဆို အောက်ဖော်ပြပါ ကျန်းမာရေးနှင့် ညီညွတ်သော နေထိုင်စားသောက်မှုပုံစံကို ကျင့်သုံးရမည်။
- ကျန်းမာရေးနှင့် ညီညွတ်မျှတသော အစားအစာများ စားသုံးခြင်း (အငန်များသည့်၊ အဆီများသည့် အစားအသောက်များ လျော့စားခြင်း)
- ကိုယ်အလေးချိန်ထိန်းသိမ်းခြင်း
- လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ခြင်း
- အရက် လျှော့သောက်ခြင်း
- ဆေးလိပ်ဖြတ်ခြင်း
- နေ့စဉ် (၇)နာရီ မှ (၉)နာရီခန့် အိပ်စက်ချိန် ပုံမှန်ထားရှိခြင်းတို့သည် သွေးပေါင်ချိန် ထိန်းသိမ်းရာတွင် အလွန်အရေးကြီးသည်။
ပုံမှန်ထက် မြင့်သော သွေးပေါင်ချိန် (Elevated BP) ရှိသူများတွင် အထက်ပါနည်းလမ်းများကို စနစ်တကျ လိုက်နာပါက သွေးပေါင်ကျဆေးသောက်စရာမလိုဘဲ သွေးပေါင်ချိန်ကို ပုံမှန်ထိန်းသိမ်းနိုင်မည် ဖြစ်သည်။ သွေးပေါင်ကျဆေး သောက်နေရသူများသည်လည်း ကျန်းမာသောနနေထိုင်စားသောက်မှုပုံစံဖြင့် နေထိုင်ပါက သွေးတိုးရောဂါကို ပိုမိုသက်သာစေသည်။
သွေးပေါင်ကျဆေးများပေးခြင်း
သွေးပေါင်ကျဆေးများ ပေးရာတွင် သွေးပေါင်ချိန်ပမာဏ၊ ကိုယ်တွင်းအင်္ဂါ ထိခိုက်ပျက်စီးမှု ရှိမရှိနှင့် ရောဂါအခံများပေါ်တွင် မူတည်၍ ပေးရသည်။ သွေးပေါင်ကျဆေးများကို ဆရာ၀န်ညွှန်ကြားသည့်အတိုင်း ပုံမှန်သောက်ရန်နှင့် သွေးပေါင်ချိန်ကို အိမ်တွင် ပုံမှန်တိုင်းတာခြင်းများ ပြုလုပ်ရန် လိုအပ်သည်။
အသုံးများသည့် သွေးပေါင်ကျဆေးများမှာ_
- Angiotensin-Converting Enzyme (ACE) inhibitors (ACEI) (Enalapril, Captopril, Lisinopril, Perindopril)
- Angiotensin II Receptor Blockers (ARBs) (Losartan, Valsartan, Telmisartan, Candesartan)
- Calcium Channel Blockers (CCB) (Amlodipine, Cilnidipine, Nifedipine, Diltiazem )
- ဆီးဆေး (Diuretics) (loop diuretics – Furosemide), Thiazide, Thiazide like diuretics (Chlorthalidone, Indapamide, Metolazone), Aldactone,
- Beta blockers ( Atenolol, Metoprolol, Carvedilol, bisoprolol) တို့ဖြစ်ကြသည်။
သွေးပေါင်ကျဆေးများသောက်ပြီး ထိန်းထားသင့်သည့် သွေးပေါင်ချိန်ပမာဏမှာ အသက်အလိုက် ကွာခြားမှုရှိသည်။
- အသက် (၁၈)နှစ် မှ (၆၄)နှစ်အတွင်း _ သွေးပေါင်ချိန် (၁၃၀/၈၀ mmHg) အောက်သို့ ချပေးရန်
- အသက် (၆၅)နှစ် မှ (၇၉)နှစ်အတွင်း _ သွေးပေါင်ချိန် (၁၄၀/၈၀ mmHg) အောက်သို့ ချပေးရန်
[လူနာအခြေအနေပေါ် မူတည်၍ (၁၃၀/၈၀ mmHg) အောက်သို့ ချပေးနိုင်သည်] - အသက် (၈၀) နှစ်နှင့်အထက် _ သွေးပေါင်ချိန် (၁၄၀-၁၅၀/၈၀ mmHg) အထိ
သွေးပေါင်ကျဆေးပေးပြီး တစ်လအကြာတွင် ထိန်းထားသင့်သည့် သွေးပေါင်ချိန်ပမာဏသို့ မရောက်ရှိပါက ဆေးပမာဏတိုးခြင်း သို့မဟုတ် ဆေးအမျိုးအစားတိုးခြင်းတို့ကို ဆရာ၀န်ညွှန်ကြားသည့်အတိုင်း လိုက်နာရန် လိုအပ်သည်။ ဆေးပမာဏနှင့် ဆေးအမျိုးအစား အတိုးအလျှော့လုပ်ပြီးတိုင်း လိုချင်သော သွေးပေါင်ချိန်ပမာဏသို့ ရောက်မရောက်ကို အချိန်တစ်လခန့် စောင့်ကြည့်ရန် လိုအပ်သည်။ ထိန်းထားသင့်သည့် ပုံမှန်သွေးပေါင်ချိန်ပမာဏသို့ ရောက်ရှိပြီးလျှင်လည်း အနည်းဆုံး ခြောက်လ သို့မဟုတ် တစ်နှစ်လျှင် တစ်ခါ ဆရာဝန်နှင့် ရက်ချိန်းပြန်ပြရန် လိုအပ်သည်။
သွေးတိုးရောဂါ အရေးပေါ်အခြေအနေ သတ်မှတ်ခြင်း
သွေးပေါင်ချိန် (၁၈၀/၁၁၀mmHg) နှင့်အထက် (သွေးတိုးရောဂါ အဆင့် ၃) ဖြစ်ပြီး အထက်တွင် ဖော်ပြထားသော နောက်ဆက်တွဲ လတ်တလော ကိုယ်တွင်းအင်္ဂါထိခိုက်ပျက်စီးမှု တစ်ခုခုရှိလျှင် သွေးတိုးရောဂါ အရေးပေါ်အခြေအနေ (Hypertensive Emergency) အဖြစ်သတ်မှတ်၍ အရေးပေါ် ဆေးရုံတက်ကုသမှု ခံယူရန် လိုအပ်သည်။ (၂၄)နာရီ မှ (၄၈)နာရီအတွင်း ပုံမှန်သွေးပေါင်ချိန် ပြန်ဖြစ်အောင် လိုအပ်လျှင် သွေးပေါင်ကျဆေး ထိုးဆေးများကိုပါ အသုံးပြုရသည်။
သွေးပေါင်ချိန် (၁၈၀/၁၁၀ mmHg) အထက် ဖြစ်သော်လည်း ကိုယ်တွင်းအင်္ဂါ ထိခိုက်ပျက်စီးမှု မရှိပါက ရောဂါလက္ခဏာမပြသည့် အလွန်အမင်းမြင့်တက်သော သွေးပေါင်ချိန် (Asymptomatic markedly elevated BP) ဟုသာသတ်မှတ်သည်။ ဤအခြေအနေများတွင် ဆရာ၀န်များမှ သွေးပေါင်ကျဆေး သောက်ဆေးများကို ပြန်လည်ချိန်ညှိပေးပြီး ရက်ချိန်းပြန်လည်ပြသရန် လိုအပ်သည်။ သွေးတိုးကြောင့် ကိုယ်တွင်းအင်္ဂါ ထိခိုက်ပျက်စီးမှု လက္ခဏာများ (ရင်ဘတ်အောင့်ခြင်း၊ မောခြင်း၊ ခါးနာခြင်း၊ ခြေလက် ထုံကျဥ်အားနည်းခြင်း၊ စကားပြောရန် ခက်ခဲခြင်း၊ အမြင်အာရုံ ချို့တဲ့ခြင်း) ကို သတိပြုစောင့်ကြည့်ပြီး၊ ရှိလာပါက ဆေးရုံအရေးပေါ်ဌာနသို့ ချက်ချင်းပြသရမည်။
ကုသရခက်ခဲသော သွေးတိုးရောဂါ (Resistant Hypertension)
ကုသရခက်ခဲသော သွေးတိုးရောဂါဆိုသည်မှာ သွေးတိုးရောဂါကုသရန် ကျန်းမာသော နေထိုင်စားသောက်မှုအပါအ၀င် သွေးပေါင်ကျဆေး အနည်းဆုံး (၃) မျိုးနှင့်အထက် (ဆီးဆေးတစ်မျိုး အပါအ၀င်) သောက်သော်လည်း သွေးပေါင်ချိန် (၁၄၀/၉၀ mmHg) အောက်သို့ ရောက်အောင် မထိန်းသိမ်းနိုင်ခြင်းဖြစ်သည်။
ကုသရခက်သော သွေးတိုးရောဂါဖြစ်ပါက အောက်ဖော်ပြပါအချက်များကို ဆက်လက် လုပ်ဆောင်ရမည်။
- အခြေခံအကြောင်းရင်း တစ်ခုခုကြောင့် ဖြစ်သော သွေးတိုးရောဂါ (secondary hypertension) ဖြစ်နိုင်သောကြောင့် အကြောင်းရင်းကို ရှာဖွေ၍ ကုသရန်လိုသည်
- ကျန်းမာရေးနှင့် ညီညွတ်သော နေထိုင်စားသောက်မှုပုံစံကို စနစ်တကျ လိုက်နာရန်နှင့် ဆေးများကို ဆရာ၀န်ညွှန်ကြားသည့်အတိုင်း စနစ်တကျ ပုံမှန်သောက်ရန် လိုအပ်သည်
- သွေးတိုးစေနိုင်သော အခြားသောက်ဆေးများ သောက်နေခြင်း ရှိမရှိ ဆရာဝန်နှင့် စိစစ်တိုင်ပင်ပြီး၊ ရှိနေပါက ရပ်ထားရမည်
- သက်ဆိုင်ရာ အထူးကုဆရာ၀န်များနှင့် တိုင်ပင်၍ လိုအပ်သည့် စစ်ဆေးမှုများ ပြုလုပ်ပြီး၊ လိုအပ်သည့် ဆေးပမာဏနှင့် ဆေးအမျိုးအစားတိုး၍ ကုသရန် အရေးကြီးသည်
ကာကွယ်ခြင်း
သွေးတိုးရောဂါကို (လုံးဝ) မဖြစ်အောင် ကာကွယ်၍မရသော်လည်း မိမိ၏ နေထိုင်စားသောက်မှုပုံစံကို ပြောင်းလဲခြင်းဖြင့် သွေးတိုးရောဂါ ဖြစ်နိုင်ခြေကို လျှော့ချနိုင်ပြီး၊ နောက်ဆက်တွဲ ကိုယ်တွင်းအင်္ဂါ ထိခိုက်ပျက်စီးခြင်းတို့ကို ကာကွယ်နိုင်သည်။ ထို့အပြင် ဆရာ၀န်ညွှန်ကြားသည့်အတိုင်း သွေးပေါင်ကျဆေးများကို ပုံမှန်သောက်သုံးခြင်း၊ အိမ်တွင် သွေးပေါင်ချိန် ပုံမှန်တိုင်းခြင်း၊ ရက်ချိန်းပုံမှန်ပြသခြင်းတို့ကို လုပ်ဆောင်ရန် လိုအပ်သည်။
သွေးတိုးရောဂါသည် အသက်အရွယ်မရွေး ဖြစ်နိုင်သောကြောင့်
- အသက် (၁၈) နှစ်နှင့်အထက်ရှိသူများသည် (၂) နှစ်လျှင် တစ်ကြိမ်
- အသက် (၄၀) နှင့်အထက်ရှိသူများသည် တစ်နှစ်လျှင် တစ်ကြိမ် ပုံမှန် သွေးပေါင်ချိန်တိုင်းတာသင့်သည်။
ဤသို့ပုံမှန်တိုင်းတာခြင်းဖြင့် သွေးတိုးရောဂါရှိပါက စောစီးစွာ သိရှိနိုင်ပြီး နောက်ဆက်တွဲပြဿနာများ မဖြစ်ပေါ်ခင် ကုသမှုကို ထိရောက်စွာ ခံယူနိုင်မည်ဖြစ်သည်။
References:
- Cleveland Clinic. (2023). High blood pressure (hypertension). Retrieved June 26, 2025, from https://my.clevelandclinic.org/health/diseases/4314-hypertension-high-blood-pressure#symptoms-and-causes
- Mayo Clinic. (2024). High blood pressure (hypertension) – Diagnosis & treatment. Retrieved June 26, 2025, from https://www.mayoclinic.org/diseases-conditions/high-blood-pressure/diagnosis-treatment/drc-20373417
- Mayo Clinic. (2024). High blood pressure (hypertension) – Symptoms & causes. Retrieved June 26, 2025, from https://www.mayoclinic.org/diseases-conditions/high-blood-pressure/symptoms-causes/syc-20373410
Published: 30 August 2024
Last updated: 3 September 2025
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.