Lung cancer (အဆုတ်ကင်ဆာ)

Lung cancer (အဆုတ်ကင်ဆာ)

အဆုတ်ကင်ဆာသည် ကင်ဆာရောဂါများတွင် ဖြစ်ပွါးမှု အများဆုံးကင်ဆာများအနက် တစ်ခုဖြစ်ပြီး သေဆုံးနှုန်း မြင့်မားသော ကင်ဆာဖြစ်သည်။ အဆုတ်ကင်ဆာ၏ (၈၅) ရာခိုင်နှုန်းခန့်သည် ဆေးလိပ်သောက်ခြင်းကြောင့် ဖြစ်ရသည်။ အဆုတ်ကင်ဆာဖြစ်ပွါးနိုင်ခြေသည် နေ့စဉ်သောက်သုံးသော ဆေးလိပ်ပမာဏနှင့် သောက်သုံးခဲ့သည့် အချိန်ကာလတို့အပေါ်တွင် များစွာမူတည်သည်။ ဆေးလိပ်သောက်သောသူသည် မသောက်သူထက် (၁၅)ဆ မှ (၂၅)ဆ ပို၍ အဆုတ်ကင်ဆာဖြစ်နိုင်ခြေရှိသည်။ ဆေးလိပ်ဖြတ်ပါက (၁၀)နှစ် မှ (၁၅)နှစ် ကြာသောအခါ အဆုတ်ကင်ဆာဖြစ်နိုင်ခြေမှာ မူလ၏ထက်ဝက်သို့ ကျဆင်းသွားသည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

အဆုတ်ကင်ဆာသည် အဆုတ်ထဲရှိ ပုံမမှန်ဆဲလ်များ အဆမတန်ပွါးလာခြင်းကြောင့် ဖြစ်ပွါးသည်။ ယေဘုယျအားဖြင့် ဆဲလ်များ ပုံမှန်ပွါးများခြင်း၊ ကြီးထွားခြင်းနှင့် သေဆုံးခြင်းများကို ဆဲလ်အတွင်းရှိ ဒီအန်အေမှ ထိန်းချုပ်ထားသည်။ ဆေးလိပ်သောက်ခြင်းကြောင့် ပုံမှန်ဆဲလ်များ၏ ဒီအန်အေတွင် ပြောင်းလဲမှုများ ဖြစ်ပေါ်လာပြီး ကင်ဆာဆဲလ်အဖြစ်ပြောင်းသွားသည်။ ထိုကင်ဆာဆဲလ်များသည် ထိန်းချုပ်၍ မရနိုင်အောင် ပွါးများစုစည်းလာသောအခါ အလုံးအကျိတ် (Tumor) ဖြစ်လာသည်။ ကင်ဆာအကျိတ်သည် အဆုတ်၏ ပုံမှန်တစ်ရှူးများကို ကျူးကျော်ဖျက်ဆီးသည်။ ထို့ပြင် ခန္ဓာကိုယ်၏ အခြားကိုယ်တွင်းအင်္ဂါများအထိ ပျံ့နှံ့သွားသောအခါ ကင်ဆာပျံ့ခြင်း (Metastasis) ဖြစ်စေသည်။

ဆေးလိပ်သည် ကိုယ်တိုင်သောက်သူများသာမက တစ်ဆင့်ခံဆေးလိပ်ငွေ့ရှူမိသူများကိုပါ အဆုတ်ကင်ဆာဖြစ်နိုင်ခြေ များစေသည်။ ဆေးလိပ်ငွေ့တွင် ဆေးရွက်ကြီးအပါအဝင် ကင်ဆာဖြစ်စေသော ဓာတ်ပစ္စည်းများ (Carcinogens) များစွာပါဝင်သည်။ ဆေးလိပ်ငွေ့ရှူရှိုက်သူများတွင် ထိုဓာတ်ပစ္စည်းများကြောင့် အဆုတ်တွင်းရှိ ဆဲလ်များကို ထိခိုက်စေသည်။ အစောပိုင်းတွင် ထိခိုက်ပြောင်းလဲမှုများကို ခန္ဓာကိုယ်က ပြန်လည်ကောင်းမွန်အောင် ပြုပြင်လုပ်ဆောင်ပေးနိုင်သည်။ သို့သော် ထိတွေ့မှု အချိန်ကြာလာသည်နှင့်အမျှ ထိခိုက်ပြောင်းလဲမှုများ ဆက်တိုက်ဖြစ်လာပြီး တစ်ချိန်တွင် ကင်ဆာဆဲလ်အဖြစ် ပြောင်းသွားသည်။

အဆုတ်ကင်ဆာသည် ဆေးလိပ်သောက်ခြင်းကြောင့် အဓိကဖြစ်သည်ဟု ဆိုသော်လည်း ဆေးလိပ်လုံးဝမသောက်သူများ၊ ဆေးလိပ်ငွေ့ရှူမိခြင်း လုံးဝမရှိသောသူများတွင်လည်း အဆုတ်ကင်ဆာဖြစ်ပွါးသည်ကို တွေ့ရသည်။ ထိုသူများတွင် အဆုတ်ကင်ဆာဖြစ်စေသော တိကျသောအခြားအကြောင်းရင်း မရှိသည်က များသည်။

အဆုတ်ကင်ဆာကို ပိုဖြစ်စေနိုင်သော အချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

  1. ဆေးလိပ်သောက်ခြင်း
    ဆေးလိပ်သောက်ခြင်းသည် အဆုတ်ကင်ဆာဖြစ်စေသည့် အဓိကအကြောင်းရင်းဖြစ်သည်။ ဆေးလိပ်သောက်သည့် အချိန်ကာလကြာခြင်း၊ ဆေးလိပ်သောက်သည့် အရေအတွက်များခြင်း၊ သောက်သုံးသည့်ဆေးလိပ်တွင် ဓာတုပစ္စည်းများခြင်းသည် အဆုတ်ကင်ဆာကို ပိုဖြစ်စေသည်။
  2. တစ်ဆင့်ခံဆေးလိပ်ငွေ့ (Passive smoking)
    မိမိကိုယ်တိုင် ဆေးလိပ်မသောက်သော်လည်း မိမိပတ်ဝန်းကျင် နီးစပ်သူများက သောက်သောဆေးလိပ်ငွေ့ကို ရှူရှိုက်ခြင်းသည်လည်း အဆုတ်ကင်ဆာဖြစ်စေသည်။
  3. စက်မှုလုပ်ငန်းကြောင့်ဖြစ်သောအန္တရာယ်များ
    အချို့သောဓာတ်ပစ္စည်းများ၊ သတ္တုဓာတ်မှုန်များနှင့် ထိတွေ့လုပ်ကိုင်ရသော စက်ရုံများရှိ အလုပ်သမားများသည် ကင်ဆာဖြစ်ရန် အလားအလာပိုများသည် (ဥပမာ _ ကျောက်မီးသွေးဓာတ်ငွေ့ – Coal gas၊ နီကယ် – Nickel၊ အာဆင်းနစ် – Arsenic၊ မီးခံပြားအမှုန့် – Asbestos)
  4. ဓာတ်ရောင်ခြည်ကုသမှုခံယူဖူးခြင်း (Radiation therapy/Radiotherapy)
    အခြားကင်ဆာတစ်မျိုးမျိုးအတွက် ရင်ဘတ်ကို ဓာတ်ရောင်ခြည်ကုသမှု ခံယူဖူးပါက အဆုတ်ကင်ဆာဖြစ်စေသော အလားအလာ ပိုများစေသည်။
  5. မိသားစုမျိုးရိုး
    မိသားစုဝင်တစ်ဦးတွင် အဆုတ်ကင်ဆာဖြစ်ဖူးသော ရာဇဝင်ရှိပါက အဆုတ်ကင်ဆာဖြစ်နိုင်ခြေ များစေသည်။
ရောဂါလက္ခဏာများ

အဆုတ်ကင်ဆာ၏ လက္ခဏာများသည် အခြားသာမန်ရောဂါများအတိုင်း ဖြစ်သောကြောင့် တစ်ခါတစ်ရံ ရောဂါရင့်မှ အသိနောက်ကျခြင်း ဖြစ်နိုင်သည်။ အဆုတ်ကင်ဆာ၏ အဓိကလက္ခဏာများမှာ_

  • အဆက်မပြတ် ချောင်းဆိုးခြင်း (ရက်အတော်ကြာ ချောင်းဆိုးခြင်း၊ တဖြည်းဖြည်းပိုဆိုးလာခြင်း)
  • ရင်ဘတ်အောင့်ခြင်း၊ အသက်ရှူမဝခြင်း၊ မောခြင်း
  • ချောင်းဆိုး သွေးပါခြင်း
  • အသံဝင်ခြင်း၊ အသံပြောင်းသွားခြင်း
  • အစားအသောက်ပျက်ခြင်း
  • ကိုယ်အလေးချိန်ကျခြင်း
  • ပင်ပန်းနွမ်းနယ်ခြင်း
  • အဆုတ်အမြှေးပါးသို့ ကင်ဆာပျံ့ခြင်းကြောင့် အဆုတ်ပတ်လည်တွင် အရည်ဝိုင်းခြင်း (Malignant pleural effusion)
  • အရိုးသို့ ကင်ဆာပျံ့ခြင်းကြောင့် ပခုံးနာခြင်း၊ နံရိုးနာကျင်ခြင်း၊ ကိုက်ခြင်း၊ ကျောရိုးနာခြင်း
  • အနီးရှိ သွေးကြောများကို ကင်ဆာပျံ့ခြင်းကြောင့် မျက်နှာ၊ လည်ပင်း၊ လက်မောင်းနှင့် ရင်ဘတ်အပေါ်ပိုင်းတွင် ရောင်ရမ်းခြင်း (Superior Vena Cava syndrome)
  • အာရုံကြောကို ကင်ဆာပျံ့ခြင်းကြောင့် မျက်နှာတစ်ခြမ်းတွင် မျက်ခွံကျခြင်း၊ သူငယ်အိမ် ကျဥ်းခြင်း၊ ချွေးမထွက်ခြင်း (Horner’s syndrome) တို့ဖြစ်သည်။

အကယ်၍ အဆုတ်ကင်ဆာသည် ခန္ဓာကိုယ်ရှိ အခြားနေရာများသို့ ပျံ့သွားပါက အောက်ပါရောဂါ လက္ခဏာများ ဖြစ်ပေါ်လာနိုင်သည်။

  • အရိုးနာ၍ ကိုက်ခဲခြင်း
  • ခေါင်းကိုက်ခြင်း
  • ရေဖျဥ်းစွဲခြင်း
  • အသည်းကြီးခြင်း
အဆုတ်ကင်ဆာအမျိုးအစားများ

အဆုတ်ကင်ဆာကို ကင်ဆာဆဲလ်များ၏ ပုံပန်းသွင်ပြင်ပေါ် မူတည်၍ အဓိကအားဖြင့် (၂) မျိုး ခွဲခြားထားသည်။

  • Non-small cell lung cancer
    အဆုတ်ကင်ဆာများ၏ ၈၀ ရာခိုင်နှုန်းသည် ဤကင်ဆာများဖြစ်ပြီး ကင်ဆာဆဲလ်ပုံစံပေါ် မူတည်၍ အမျိုးအစားများ ထပ်ခွဲနိုင်သည်။ ၎င်းကင်ဆာများသည် အဆင့်ပေါ် မူတည်၍ ကုသမှုအမျိုးမျိုး ကွဲပြားနိုင်သည်။
  • Small cell lung cancer
    ဆေးလိပ် အရေအတွက်များများကို နှစ်ကြာရှည်စွာ သောက်သုံးသူများတွင် ဖြစ်တတ်သည်။ ပထမအမျိုးအစားထက် ဖြစ်ပွါးမှု နည်းသော်လည်း ကင်ဆာပျံ့ပွားမှုနှုန်း ပိုမြန်သည်။
  • အဆုတ် (သို့မဟုတ်) အဆုတ်ပတ်လည်တစ်ဝိုက်တွင် ဖြစ်နိုင်သော အခြားကင်ဆာများ
    • ပြန်ရည်ကျိတ်ဂလင်းများမှ ဖြစ်သော ပြန်ရည်ကျိတ်ကင်ဆာ (Lymphomas)
    • အရိုးနှင့် ကြွက်သားများမှ ဖြစ်သော ကင်ဆာ (Sarcomas)
    • အဆုတ်ဖုံး အမြှေးပါးမှ ဖြစ်သော ကင်ဆာ (Pleural mesothelioma) တို့ ပါဝင်သည်
ဆေးရုံ၊ ဆေးခန်းပြသရန်

အထက်ပါ ရောဂါလက္ခဏာများကို သတိပြုမိပါက မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန် လိုသည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်း ၊ ဓာတ်မှန်ရိုက်ခြင်း စသည်တို့ဖြင့် ရောဂါရှာ‌ဖွေ ကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊​ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။

ရောဂါရှာဖွေခြင်း

ဆရာဝန်မှ ရောဂါလက္ခဏာများကို မေးမြန်းစမ်းသပ်ပြီး အဆုတ်ကင်ဆာဖြစ်နိုင်သည်ဟု သံသယရှိပါက အောက်ပါအတိုင်း စစ်ဆေးမှုများကို ပြုလုပ်နိုင်သည်။

  1. ရင်ဘတ်ဓာတ်မှန်ရိုက်ခြင်း (Chest x-ray)
    အဆုတ်ရောင်ခြင်း၊ လေပြွန်ရောင်ခြင်းတို့ကို သိနိုင်ပြီး ကင်ဆာသံသယရှိဖွယ် အခြေအနေများကို သိနိုင်သည်။
  2. ကွန်ပျူတာဓာတ်မှန် (CT scan) ၊ ပီအီးတီ စကင်န် (PET scan) ရိုက်ခြင်း
    ရင်ဘတ်ဓာတ်မှန်တွင် ကောင်းမွန်စွာ မတွေ့ရသော ကင်ဆာကျိတ်များကို ရှာဖွေနိုင်သည်။ ကင်ဆာပျံ့နှံ့နေသည့် နေရာများကို ရှာဖွေရာတွင် အသုံးပြုသည်။
  3. သလိပ်စစ်ဆေးခြင်း (Sputum cytology)
    သလိပ်တွင် ကင်ဆာဆဲလ် ပါမပါ စစ်ဆေးခြင်းဖြစ်သည်။
  4. အသားစယူစစ်ဆေးခြင်း (Biopsy)
    ဆရာဝန်မှ ကင်ဆာဆဲလ်များ ရှာဖွေရန်နှင့် မည်သည့်ကင်ဆာအမျိုးအစားဖြစ်သည်ကို ဆုံးဖြတ်ရန် အဆုတ်တစ်ရှူး (သို့မဟုတ်) အရည်ကို အသားစနမူနာ (biopsy) ယူပြီး စစ်ဆေးခြင်းဖြစ်သည်။ နမူနာများကို ကင်ဆာမော်လီကျူးနှင့် မျိုးဗီဇပြောင်းလဲမှုများ (KRAS, EGFR, RET, MET, HER2 ဗီဇများ) ကို ရှာဖွေစစ်ဆေးခြင်းများကို ဆက်လက်လုပ်ဆောင်သည်။
    အသားစယူရန် အောက်ပါ နည်းလမ်းများကို အသုံးပြုကြသည်-
    • အပ်ဖြင့် အသားစယူစစ်ဆေးခြင်း (Needle biopsy)
      အဆုတ်တစ်ရှူးနမူနာများ သို့မဟုတ် အကျိတ်အသားစကို အပ်ဖြင့်ယူခြင်းဖြစ်သည်။
    • လေပြွန်မှန်ပြောင်းကြည့်ခြင်း (Bronchoscopy)၊ ရင်ခေါင်းမှန်ပြောင်းကြည့်ခြင်း (thoracoscopy) သို့မဟုတ် ဗီဒီယိုအကူအညီဖြင့် ရင်ခေါင်းခွဲစိတ်ခြင်း (video-assisted thoracic surgery – VATS)
      အဆိုပါမှန်ပြောင်းများကို အသုံးပြု၍ ကင်ဆာဖြစ်နိုင်သော နေရာမှ တစ်ရှူးနမူနာများကို ယူခြင်းဖြစ်သည်။
    • ရင်ခေါင်းတွင်း အရည်ဖောက်ယူခြင်း (Thoracentesis)
      အဆုတ်ပတ်လည်ရှိ အရည်နမူနာကို စစ်ဆေးရန်ဖြစ်သည်။
    • လေပြွန်အတွင်း အာထရာဆောင်း (Endobronchial ultrasound) သို့မဟုတ် အစာပြွန်မှတစ်ဆင့် အာထရာဆောင်း (endoscopic esophageal ultrasound)
      ပြန်ရည်ကျိတ်များကို မြင်နိုင်ပြီး အသားစနမူနာ ယူရန်ဖြစ်သည်
    • ရင်ခေါင်းအလယ်ပိုင်းမှန်ပြောင်းကြည့်ခြင်း (Mediastinoscopy) သို့မဟုတ် ရင်ခေါင်းအလယ်ပိုင်း ခွဲစိတ်ခြင်း (mediastinotomy)
      အဆုတ် (၂) ခုကြားရှိ ရင်ခေါင်းအလယ်ပိုင်း – mediastinum ကို ကြည့်ရှုပြီး အသားစနမူနာယူခြင်းဖြစ်သည်။
  5. သွေးစစ်ခြင်း
    ယနေ့ခေတ်တွင် သွေးထဲ၌ ကင်ဆာရောဂါပြ ဓာတ်ပစ္စည်းများကို စစ်ပြီး ကင်ဆာဖြစ်နိုင်ခြေ စစ်ဆေးခြင်း၊ ဆေးကုသပြီးနောက် ကင်ဆာပြန်ဖြစ်နိုင်ခြေ၊ ရောဂါရလဒ်နှင့် ခန့်မှန်းချက်များကို ဆုံးဖြတ်ရာတွင် သုံးနိုင်သည်။ အဆုတ်ကင်ဆာတွင် စစ်နိုင်သော ကင်ဆာရောဂါပြ ဓာတ်ပစ္စည်းများမှာ CEA, CYFRA 21-1, NSE, ProGRP စသည်တို့ ဖြစ်သည်။ သွေးစစ်ခြင်းဖြင့် ခန္ဓာကိုယ်အတွင်းရှိ အခြားကိုယ်တွင်းအင်္ဂါများ၏ လုပ်ငန်းဆောင်တာများ ကောင်းမွန်ခြင်း ရှိမရှိကိုလည်း အကြမ်းဖျင်း သိရှိနိုင်သည်။
ကင်ဆာအဆင့်သတ်မှတ်ခြင်း (Staging)

ကင်ဆာအဆင့်သတ်မှတ်ခြင်း ဆိုသည်မှာ ကင်ဆာဆဲလ်ပမာဏနှင့် တည်နေရာကို ရှာဖွေဖော်ထုတ် မှတ်တမ်းတင် ခွဲခြားထားခြင်းဖြစ်သည်။ လူနာအတွက် အကောင်းဆုံး ကုသမှုနည်းလမ်းများ ဆုံးဖြတ်ရာတွင် ထည့်သွင်းစဉ်းစားရသော အချက်များထဲမှ တစ်ခုအပါအဝင်ဖြစ်သည်။ ကင်ဆာဆဲလ်များ အဆုတ်ပြင်ပသို့ ပျံ့နှံ့ခြင်း ရှိမရှိ၊ ပြန်ရည်ကျိတ်များ၊ အခြားကိုယ်ခန္ဓာအစိတ်အပိုင်းများသို့ ပျံ့နှံ့ခြင်း ရှိမရှိပေါ် မူတည်ပြီး ကင်ဆာအဆင့်သတ်မှတ်သည်။

Non small cell lung cancer များတွင် အဆင့် သတ်မှတ်ချက်မှာ အောက်ပါအတိုင်းဖြစ်သည်။

  • အဆင့် (၀) _ ကင်ဆာဆဲလ်များသည် အဆုတ် (သို့မဟုတ်) လေပြွန်၏ အပေါ်ယံအလွှာတွင်သာရှိပြီး အကျိတ်အဖြစ် မတွေ့ရပေ၊ အဆုတ်၏ အခြားအစိတ်အပိုင်းများ (သို့မဟုတ်) အဆုတ်ပြင်ပသို့ ပျံ့နှံ့ခြင်း မရှိသေးပါ
  • အဆင့် (၁) _ ကင်ဆာကျိတ်သည် အဆုတ်အတွင်း၌သာရှိသည်၊ ကင်ဆာဆဲလ်များသည် အဆုတ်ပြင်ပသို့ ပျံ့နှံ့ခြင်း မရှိသေးပါ
  • အဆင့် (၂) _ ကင်ဆာကျိတ်သည် အဆင့် (၁) ထက် အရွယ်အစားပိုကြီးပြီး အဆုတ်အတွင်း၊ အနီးအနားရှိ ပြန်ရည်ကျိတ်များသို့ ကင်ဆာဆဲလ်များ ပျံ့နှံ့ရောက်ရှိသည်၊ အဆုတ်ပြင်ပသို့ ပျံ့နှံ့ခြင်း မရှိသေးပါ
  • အဆင့် (၃) _ ကင်ဆာကျိတ်သည် အဆင့် (၂) ထက် အရွယ်အစားပိုကြီးပြီး အဆုတ်ပြင်ပအနီးအနားရှိ ပြန်ရည်ကျိတ်နှင့် အခြားနေရာများသို့ ပျံ့နှံ့ရောက်ရှိပြီဖြစ်သည်
  • အဆင့် (၄) _ ကင်ဆာဆဲလ်များသည် အဆုတ်နောက်တစ်ဖက်နှင့် အခြားကိုယ်တွင်းအင်္ဂါများအထိပါ ပျံ့နှံ့ပြီဖြစ်သည်

Small cell lung cancer များတွင် အဆင့်သတ်မှတ်ချက်မှာ_

  1. အဆုတ်အတွင်း၌သာ ရှိသောအဆင့် (Limited stage)
    အဆုတ်တစ်ဖက်တည်းတွင် အနီးအနားရှိ ပြန်ရည်ကျိတ်များတွင်သာ ကင်ဆာရှိသေးသော အဆင့်
  2. ပျံ့နှံ့သော အဆင့် (Extensive stage)
    အဆုတ်တစ်ခြမ်းလုံး၊ အဆုတ်နောက်တစ်ဖက်၊ နောက်တစ်ဖက်ရှိ ပြန်ရည်ကျိတ်များ၊ တခြားကိုယ်တွင်းအင်္ဂါများကို ပျံ့နှံ့သောအဆင့် စသည်တို့ဖြစ်သည်
ကုသခြင်း

ကင်ဆာအမျိုးအစား၊ ပျံ့ပွားမှုနှင့် အခြားအချက်အလက်များပေါ် မူတည်၍ လူတစ်ဦးနှင့်တစ်ဦး ကုသမှုနည်းလမ်းများ ကွဲပြားနိုင်သည်။

  • ခွဲစိတ်ကုသခြင်း (Surgery)
    ကင်ဆာအကျိတ်ရှိသောနေရာနှင့် အနီးအနားကို ခွဲစိတ်ဖယ်ရှားခြင်းဖြစ်သည်။ လိုအပ်ပါက အဆုတ်၏အစိတ်အပိုင်းအချို့ (သို့မဟုတ်) အဆုတ်တစ်ခုလုံးကို ဖယ်ရှားသည်။
  • ဓာတ်ရောင်ခြည်ပြကုသခြင်း (Radiation therapy)
    ကင်ဆာအကျိတ်များ သေးငယ်သွားစေရန်နှင့် ရောဂါလက္ခဏာများ သက်သာ‌စေရန် ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်းဖြစ်သည်။
  • ကင်ဆာဆေးသွင်းကုသခြင်း (Chemotherapy)
    ကင်ဆာဆဲလ်များ ပျံ့ပွားခြင်းကို ဟန့်တားပေးသောဆေးများ သွင်းခြင်းဖြစ်သည်။
  • ကင်ဆာဆဲလ် သီးသန့် ပစ်မှတ်ထားကုသခြင်း (Targeted drug therapy)
    မျိုးဗီဇပြောင်းလဲမှုကို ဦးတည်၍ ကင်ဆာဆဲလ်များကို ပစ်မှတ်ထားကုသခြင်း ဖြစ်သည်။
  • ကိုယ်ခံအားမြှင့်ကုသခြင်း (Immunotherapy)
    ခန္ဓာကိုယ်၏ ခုခံအားစနစ်ကို ကူညီအားပေးသောဆေးများကို ပေးခြင်းဖြစ်သည်။
  • နာကျင်မှုဝေဒနာကုသခြင်း (Palliative care)
    အဆုတ်ကင်ဆာကြောင့် နာကျင်မှု၊ အသက်ရှူခက်ခဲမှုများအပါအဝင် ‌ခံစားရသော ရောဂါလက္ခဏာများ သက်သာအောင် ပြုလုပ်ပေးသော ကုသမှုဖြစ်သည်။
ကာကွယ်ခြင်း
  • ဆေးလိပ်သောက်ခြင်းကို လုံးဝအစမလုပ်ပါရန်
  • တဆင့်ခံဆေးလိပ်ငွေ့နှင့် အခြားအန္တရာယ်ရှိသော ဓာတ်ငွေ့များကို ရှောင်ပါ
  • ကျန်းမာရေးနှင့် ညီညွတ်သော အစာကို စားပါ
  • အဆုတ်ကင်ဆာ ဖြစ်ပွားနိုင်ခြေများပါက ပုံမှန်ဆေးစစ်ပါ (ဥပမာ _ ဆေးလိပ်သောက်သုံးမှု ပမာဏများခြင်းနှင့် အချိန်ကြာမြင့်ခြင်း၊ ဓာတုပစ္စည်းများနှင့် ထိတွေ့လုပ်ကိုင်ရသောစက်ရုံများရှိ အလုပ်သမားများ)

အသက် (၅၀) နှင့်အထက်လူများတွင် ဆေးလိပ်ကို နှစ်ပေါင်းများစွာသောက်လာပါက အဆုတ်ကင်ဆာဖြစ်နိုင်ခြေ များသောကြောင့် မိမိဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပြီး (Low-dose CT scan) ရိုက်ခြင်းဖြင့် ရောဂါကြိုတင်ရှာဖွေနိုင်သည်။

References:

  1. Cleveland Clinic. (n.d.). Lung cancer. Retrieved June 26, 2025, from https://my.clevelandclinic.org/health/diseases/4375-lung-cancer
  2. Mayo Clinic. (n.d.). Lung cancer – Symptoms & causes. Retrieved June 26, 2025, from https://www.mayoclinic.org/diseases-conditions/lung-cancer/symptoms-causes/syc-20374620
  3. Medical News Today. (n.d.). Non-small cell lung cancer tumor markers. Retrieved June 26, 2025, from https://www.medicalnewstoday.com/articles/non-small-cell-lung-cancer-tumor-markers#normal-ranges
  4. World Health Organization: WHO. (n.d.). Lung cancer. Retrieved June 26, 2025, from https://www.who.int/news-room/fact-sheets/detail/lung-cancer

Published: 30 August 2024

Last updated: 3 September 2025

Share

26 June 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.