Chronic pancreatitis (နာတာရှည် ပန်ကရိယရောင်ရောဂါ)

Chronic pancreatitis (နာတာရှည် ပန်ကရိယရောင်ရောဂါ)

ပန်ကရိယရောင်ရောဂါတွင် ဗိုက်အောင့်၊ ဗိုက်နာခြင်းသည် အဖြစ်အများဆုံး လက္ခဏာဖြစ်ပြီး အရက်သောက်ခြင်းနှင့် သည်းခြေကျောက်တည်ခြင်းတို့သည် ပန်ကရိယရောင်ရမ်းရသည့် အဓိကအကြောင်းရင်းများဖြစ်သည်။ လတ်တလော ပန်ကရိယရောင်ရမ်းခြင်း (Acute pancreatitis) နှင့် နာတာရှည်ရောင်ရမ်းခြင်း (Chronic pancreatitis) ဟူ၍ (၂) မျိုးရှိသည်။

နာတာရှည် ပန်ကရိယရောင်ရမ်းခြင်းကြောင့် ပန်ကရိယတွင် အမာရွတ်ဖြစ်ပြီး အစာခြေအင်ဇိုင်းနှင့် ဟော်မုန်းများ ကောင်းစွာမထုတ်နိုင်တော့ဘဲ ကျန်းမာရေးပြဿနာများကို ဖြစ်ပေါ်စေသည်။ အထူးသဖြင့် အင်ဆူလင်ထုတ်သောဆဲလ်များ ပျက်စီးသွားသဖြင့် ဆီးချိုရောဂါကို ဖြစ်စေသည်။ အစာခြေအင်ဇိုင်းများ ကောင်းစွာ မထုတ်နိုင်သောကြောင့် အာဟာရချို့တဲ့ခြင်းကို ဖြစ်စေသည်။

ပန်ကရိယသည် သစ်ရွက်ပုံရှည်မျောမျော ဂလင်းတစ်ခုဖြစ်ပြီး အစာအိမ်၏အောက်ဘက်၊ အူသိမ်ဦးပိုင်းအခွေတွင်း၌ တည်ရှိသည်။ ပန်ကရိယဂလင်းသည် အစာခြေရည်များနှင့် အင်ဆူလင်ဟော်မုန်း (Insulin)၊ ဂလူကာဂွန် ဟော်မုန်း (Glucagon) တို့ကို ထုတ်လုပ်သည်။ အစာခြေရည်များကို ပန်ကရိယပြွန် မှတစ်ဆင့် အူသိမ်အတွင်းသို့ ပို့လွှတ်သည်။ အင်ဆူလင်နှင့် ဂလူကာဂွန်ဟော်မုန်းကိုမူ သွေးတွင်းသို့ ပို့ဆောင်ပြီး သွေးတွင်းသကြားဓာတ်ကို ထိန်းညှိသည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

နာတာရှည်ပန်ကရိယ ရောင်ရမ်းစေသော အကြောင်းရင်းများတွင် (၃၀%) မှာ အကြောင်းရင်း ရှာမရပါ။ ကျန်အကြောင်းရင်းများမှာ_

  • တာရှည် အရက်အလွန်အကျွံသောက်ခြင်း (၆၀%)
  • ဆေးလိပ်သောက်ခြင်း
  • လတ်တလော ပန်ကရိယရောင်ရောဂါ ထပ်ခါထပ်ခါ အကြိမ်များစွာဖြစ်ခြင်း
  • သွေးတွင်း ကယ်လ်ဆီယမ်ဓာတ်များခြင်း
  • ပန်ကရိယရောင်ရမ်းစေသည့် မျိုးဗီဇပါခြင်း
  • ပန်ကရိယပြွန်ပိတ်ခြင်း (သည်းခြေကျောက်၊ ကင်ဆာအကျိတ်)
  • ပန်ကရိယတွင် ထိခိုက်ဒဏ်ရာရခြင်း
  • အကြောင်းအမျိုးမျိုးကြောင့် ပန်ကရိယပြွန် ကျဥ်းသွားခြင်း
  • မွေးရာပါ ပန်ကရိယ ပုံသဏ္ဌာန် မမှန်ခြင်း
ရောဂါလက္ခဏာများ

နာတာရှည် ပန်ကရိယရောင်ရမ်းသည့်အခါ အောက်ဖော်ပြပါ လက္ခဏာများ ခံစားရနိုင်သည်။

  • ဝမ်းဗိုက်အထက်ပိုင်း (ရင်ဝတစ်ဝိုက်) တွင် မကြာခဏ ဆက်တိုက်နာခြင်း
  • အစားစားပြီးချိန်တွင် ပိုနာခြင်း
  • အစာစားချင်စိတ် မရှိခြင်း
  • တဖြည်းဖြည်း ပိန်ကျသွားခြင်း
  • အဆီစုပ်ယူသော အူလုပ်ငန်း ပျက်စီးခြင်းကြောင့် ဝမ်းသွားလျှင် အဆီပါခြင်း၊ ဝမ်းအနံ့ပြင်းခြင်း
  • ပရိုတင်း အသားဓာတ်ကို မချေဖျက်နိုင်ခြင်းကြောင့် ကိုယ်အလေးချိန်ကျဆင်းခြင်း
  • အင်ဆူလင်ထုတ်သော ဆဲလ်များ ပျက်စီးခြင်းကြောင့် ဆီးချိုရောဂါဖြစ်ခြင်း
  • ပန်ကရိယတွင် ကျောက်တည်ခြင်းကြောင့် အဆက်မပြတ် နာကျင်မှုဝေဒနာ ခံစားရခြင်း စသည်တို့ ဖြစ်ပေါ်နိုင်သည်။
နောက်ဆက်တွဲပြဿနာများ

နာတာရှည် ပန်ကရိယရောင်ရမ်းခြင်းကြောင့် အောက်ဖော်ပြပါ နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်နိုင်သည်။

  • ပန်ကရိယအနီး အရည်အိတ်တည်ခြင်း (Pseudocyst of pancreas)
  • သည်းခြေလမ်းကြောင်း ပိတ်ခြင်း
  • အစာအိမ်ထွက်ပေါက် ပိတ်ခြင်း၊ အူသိမ်ဦးပိုင်း ပိတ်ခြင်း
  • အစာအိမ်၊ အူလမ်းကြောင်းမှ သွေးယိုစိမ့်ခြင်း
  • အစာခြေလုပ်ငန်းများ ထိခိုက်ခြင်းကြောင့် အာဟာရ ချို့တဲ့ခြင်း
  • ဆီးချိုရောဂါ
  • ပန်ကရိယကင်ဆာ စသည်တို့ ဖြစ်ပေါ်နိုင်သည်။
ရောဂါရှာဖွေခြင်း
  • ဆရာဝန်၏ စမ်းသပ်စစ်ဆေးမှု
    ကနဦးတွင် ဆရာဝန်သည် ရောဂါလက္ခဏာများ၊ ရောဂါရာဇဝင်များကို မေးမြန်းပြီး ဝမ်းဗိုက်နှင့်ကိုယ်ခန္ဓာကို စမ်းသပ်စစ်ဆေးမည်ဖြစ်သည်။
  • သွေးစစ်ဆေးခြင်း
    ပန်ကရိယမှ ထုတ်သော ဓာတ်တစ်မျိုးဖြစ်သော Serum Amylase ဓာတ်သည် ပုံမှန်ပမာဏသာ ရှိနိုင်သည်။ ထို့အပြင် ခန္ဓာကိုယ်ခုခံအားစနစ်၊ သွေးတွင်းဆားဓာတ်များ၊ ပန်ကရိယ၊ သည်းခြေ၊ အသည်းလုပ်ငန်းများ သိရှိနိုင်ရန်အတွက် သွေးစစ်ဆေးခြင်းဖြစ်သည်။
  • ဝမ်းဗိုက်ဓာတ်မှန် (Abdominal X-ray) ရိုက်ခြင်း
    ပန်ကရိယတွင် ကျောက်တည်နေခြင်းကို တွေ့ရှိနိုင်သည်။
  • ကွန်ပျူတာဓာတ်မှန် (CT scan) ရိုက်ခြင်း
    ပန်ကရိယသီးသန့် စစ်ဆေးသော ကွန်ပျူတာဓာတ်မှန်ရိုက်ခြင်းဖြင့် ပန်ကရိယအတွင်း ကျောက်တည်ခြင်းအခြေအနေ၊ ပန်ကရိယပျက်စီးမှု၊ ပန်ကရိယပြွန် အကျဥ်းအကျယ် အခြေအနေနှင့် ပန်ကရိယအရည်တည်ခြင်း စသည်တို့ကို သိရှိနိုင်သည်။
  • သည်းခြေ၊ ပန်ကရိယလမ်းကြောင်းပြွန် သံလိုက်ဓာတ်မှန် (MRCP)
    ၎င်းပြွန်များ ကျဥ်းခြင်းနှင့် ပြွန်အတွင်းကျောက်တည်ခြင်း အခြေအနေများကို သိရှိနိုင်သည်။
  • အစာအိမ်၊ အူလမ်းကြောင်းမှန်ပြောင်းဖြင့် အာထရာဆောင်းရိုက်ခြင်း (EUS)
    အာထရာဆောင်းပါသော မှန်ပြောင်းသည် အစာအိမ်နှင့် အူသိမ်ဦးပိုင်းကိုဝင်ကာ ပန်ကရိယတွင် ကျောက်တည်ခြင်း၊ ပန်ကရိယတစ်ရှူးများ၊ ဂလင်းများ အခြေအနေကို ကြည့်ရှုစစ်ဆေးခြင်းဖြစ်သည်။
ကုသခြင်း

နာတာရှည် ပန်ကရိယရောင်ရမ်းခြင်းကြောင့် ဖြစ်သော လက္ခဏာများနှင့် နောက်ဆက်တွဲပြဿနာများ သက်သာပျောက်ကင်းစေရန် ရည်ရွယ်၍ အောက်ပါကုသမှုများကို ပေးသည်။

  • ဆေးလိပ်ဖြတ်စေခြင်း၊ အရက်ဖြတ်စေခြင်း
  • ပန်ကရိယအင်ဇိုင်း အစားထိုးဆေးများ ပေးခြင်း
  • ဆီးချိုရောဂါကုသခြင်း
  • နာတာရှည် နာကျင်မှုဝေဒနာ ကုသခြင်းနှင့် လိုအပ်ပါက သက်ဆိုင်ရာ အထူးကုဆရာဝန်ထံသို့ လွှဲပြောင်းကုသခြင်း
  • အာဟာရ အားဖြည့်ပေးခြင်း
  • ပရိုတင်းအသားဓာတ်နှင့် အာဟာရတန်ဖိုး မြင့်မားသော၊ အဆီနည်းသော အစားအစာများ စားသောက်တတ်ရန် အာဟာရဆိုင်ရာ အကြံဉာဏ်များပေးခြင်း
  • ပန်ကရိယပြွန် ကျဥ်းနေပါက အသည်း၊ သည်းခြေနှင့် ပန်ကရိယလမ်းကြောင်းကြည့် မှန်ပြောင်းမှတစ်ဆင့် ပြွန် (Stent) ထည့်ကာ ချဲ့ခြင်း

ခွဲစိတ်ကုသခြင်း
နာတာရှည် ပန်ကရိယရောင်ရမ်းလျှင် နာကျင်မှုဝေဒနာ သက်သာစေရန်နှင့် ပန်ကရိယတစ်ရှူးများ ထပ်မံထိခိုက်ပျက်စီးခြင်းကို ကာကွယ်ရန် ရည်ရွယ်၍ ခွဲစိတ်ကုသနည်းအမျိုးမျိုး ရှိသည်။

  1. ပိတ်ဆို့နေသော ပန်ကရိယပြွန်များ ပြန်ပွင့်စေသည့် ခွဲစိတ်မှု
  2. ရောင်ရမ်းနေသော (သို့မဟုတ်) အမာရွတ်ဖြစ်နေသော ပန်ကရိယ တစ်စိတ်တစ်ပိုင်း (သို့မဟုတ်) ပန်ကရိယ တစ်ခုလုံးကို ခွဲစိတ်ဖြတ်ထုတ်မှု
  3. အင်ဆူလင်ထုတ်သည့် ဆဲလ်များကို အစားထိုးကုသခြင်း စသည်ဖြင့်ရှိသည်။
ကာကွယ်ခြင်း
  • အရက်နှင့် ဆေးလိပ်ဖြတ်ပါ၊ မိမိဘာသာ အရက် (သို့မဟုတ်) ဆေးလိပ်ဖြတ်ရန် ခက်ခဲပါက မိသားစုဆရာဝန်၏ အကူအညီကို ရယူပါ
  • အဆီနည်းသော အစားအစာများကို ရွေးချယ်စားသောက်ပါ
  • လတ်ဆတ်သော သစ်သီးများနှင့် ပရိုတင်း အသားဓာတ်ပါဝင်မှု များသော အစားအစာများ စားသုံးပါ
  • ရေဓာတ်ပြည့်ဝစေရန် ရေများများသောက်ပါ
  • နာကျင်မှု ဝေဒနာသက်သာစေရန် တရားထိုင်ခြင်း၊ အကြောလျှော့လေ့ကျင့်ခန်းများ ပြုလုပ်ခြင်း၊ ယောဂလေ့ကျင့်ခြင်း၊ အပ်စိုက်ကုသခြင်းစသည်တို့ ပြုလုပ်နိုင်သည်။

နာတာရှည် ပန်ကရိယရောင်ရမ်းခြင်းသည် တဖြည်းဖြည်း ပိုမိုဆိုးရွားလာတတ်သော ရောဂါဖြစ်ပြီး နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်လာလျှင် အမြန်ဆုံးထိရောက်စွာ ကုသမှုခံယူရန် အရေးကြီးသောကြောင့် ဆရာဝန်နှင့် ပုံမှန်ပြသ စစ်ဆေးသင့်သည်။

References:

  1. Mayo Clinic. (n.d.). Pancreatitis – Diagnosis and treatment. Retrieved June 26, 2025, from https://www.mayoclinic.org/diseases-conditions/pancreatitis/diagnosis-treatment/drc-20360233
  2. Cleveland Clinic. (2025). Pancreatitis. Retrieved June 26, 2025, from https://my.clevelandclinic.org/health/diseases/8103-pancreatitis#prevention
  3. Adair, R. (2022). Chronic pancreatitis. In Oxford handbook of clinical surgery (5th ed., pp. 418–419). Oxford University Press.
  4. Bhattacharya, S. (2023). The pancreas. In Bailey & Love’s short practice of surgery (28th ed., pp. 1260–1287). CRC Press.

Published: 30 August 2024

Last updated: 21 September 2025

Share

26 June 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.