အဆစ်လွဲခြင်းဆိုသည်မှာ အဆစ်ကိုဖွဲ့စည်းထားသည့် အရိုးများ ထိခိုက်ဒဏ်ရာကြောင့် ချိတ်ဆက်မှုမှ ပြုတ်ထွက်ခြင်းဖြစ်သည်။ ခန္ဓာကိုယ်တွင် အဆစ်ပေါင်း တစ်ရာကျော်ရှိပြီး အဆစ်အားလုံး အဆစ်လွဲခြင်း ဖြစ်နိုင်သည်။ အဆစ်လွဲခြင်း အများဆုံးဖြစ်လေ့ရှိသည့်နေရာများမှာ ပခုံးအဆစ်၊ မေးရိုးအဆစ်၊ လက်ချောင်းအဆစ်များ၊ ပေါင်ထိပ်အဆစ်၊ တံတောင်ဆစ်နှင့် ဒူးဆစ်တို့ဖြစ်သည်။ အဆစ်လွဲခြင်းသည် အရေးပေါ်အခြေအနေ ဖြစ်သောကြောင့် ကုသမှုနောက်ကျလျှင် ဆိုးရွားသော နောက်ဆက်တွဲပြဿနာများ ကြုံတွေ့နိုင်သည်။


ဖြစ်ပေါ်ရသောအကြောင်းရင်းများ
အရိုးကျိုးခြင်းကဲ့သို့ပင် အဆစ်လွဲခြင်းသည်လည်း ခန္ဓာကိုယ်အား ပြင်ပမှအားတစ်ခု ပြင်းထန်စွာ ထိရိုက်ခံရမှုကြောင့် ဖြစ်ပေါ်သည်။ ပုံမှန်အားဖြင့် အဆစ်သည် အရိုးများ၏ တည်ဆောက်ပုံ၊ အဆစ်အား ထိန်းချုပ်နှောင်ထားသည့် အရွတ်များ၊ အဆစ်ပတ်လည်ရှိ အကြောများ၊ ကြွက်သားစိုင်များကြောင့် အလွယ်တကူ ပြုတ်ထွက်ရန် မလွယ်ကူပေ။ သို့သော် ပြင်ပမှထိခိုက်မှုအားသည် အဆစ်၏ခံနိုင်ရည်ကို ကျော်လွန်လျှင် အဆစ်လွဲခြင်းဖြစ်နိုင်သည်။ အဆစ်လွဲခြင်းဖြစ်လျှင် အဆစ်ပတ်ဝန်းကျင်ရှိ အင်္ဂါအစိတ်အပိုင်းအားလုံး စုတ်ပြဲပြီးဖြစ်သည်ဟု မှတ်ယူနိုင်သည်။
အဆစ်လွဲခြင်းဖြစ်ပေါ်စေသည့် ထိခိုက်ဒဏ်ရာများတွင် မော်တော်ယာဉ် မတော်တဆမှု၊ အမြင့်မှပြုတ်ကျခြင်းနှင့် အားကစားဆိုင်ရာ ထိခိုက်ဒဏ်ရာတို့သည် အဖြစ်အများဆုံးဖြစ်သည်။
အဆစ်လွဲခြင်းအမျိုးအစားများတွင်
- လုံးဝ ပြုတ်ထွက်ခြင်း (Complete dislocation) – အဆစ်ကို ဖြစ်ပေါ်စေသည့် အရိုးနှစ်ခုသည် မျက်နှာပြင်ချင်း ထိစပ်နေရာမှ လုံးဝကွဲကွာထွက်ပြီး နေရာရွေ့သွားခြင်းဖြစ်သည်
- တစ်စိတ်တစ်ပိုင်းပြုတ်ထွက်ခြင်း (Subluxation) – အဆစ်၏တည်ဆောက်ပုံ ပျက်ယွင်းသော်လည်း အရိုးနှစ်ခု၏မျက်နှာပြင်များ ထိစပ်မှုအနည်းငယ် ကျန်ရှိနေသည်
- အဆစ်လွဲခြင်းဖြစ်ပေါ်ခဲ့သည့် အချိန်ကာလပေါ် မူတည်၍လည်း လတ်တလောအဆစ်လွဲခြင်း (Acute dislocation)၊ ကာလကြာရှည်အဆစ်လွဲခြင်း (Old unreduced dislocation) နှင့် အကြိမ်ကြိမ်အဆစ်လွဲခြင်း (Repeated dislocation) ဟူ၍ကွဲပြားသည်။
ရောဂါလက္ခဏာများ
အဆစ်လွဲခြင်းလက္ခဏာများသည် အရိုးကျိုးခြင်းလက္ခဏာများနှင့် ဆင်တူသဖြင့် တစ်ခါတစ်ရံ ခွဲခြားရန်ခက်ခဲတတ်သည်။ အဆစ်လွဲခြင်းနှင့် အရိုးကျိုးခြင်း တွဲနေသောဒဏ်ရာတွင် လက္ခဏာနှစ်မျိုးလုံး ရှိနေနိုင်သည်။ အောက်ပါလက္ခဏာများတွေ့ရှိလျှင် အဆစ်လွဲခြင်းကို သံသယရှိပါ။
- နာကျင်ခြင်း
- အဆစ်ပတ်လည်တွင် ရောင်ရမ်းခြင်း၊ အညိုအမည်းစွဲခြင်း
- ဒဏ်ရာမရရှိသည့်အဆစ်နှင့် နှိုင်းယှဉ်လျှင် ပုံပျက်နေခြင်း
- အဆစ်လှုပ်ရှား၍မရခြင်း သို့မဟုတ် ပုံမှန်လှုပ်ရှားမှု အပြည့်မရခြင်း
- အဆစ်ခိုင်ခံ့မှုမရှိဘဲ အားပျော့နေသည်ဟု ခံစားရခြင်း
အထက်ပါလက္ခဏာများသည် ဒဏ်ရာရသည့် အဆစ်၏ နေရာ၊ လုပ်ငန်းအလိုက် ကွဲပြားမှုရှိနိုင်သည်။ အဆစ်လွဲခြင်းနှင့်အတူ သွေးကြော၊ အာရုံကြောများထိခိုက်လျှင် အဆစ်၏အောက်ပိုင်း၌ ပြင်းထန်စွာ နာကျင်ခြင်း၊ ထုံကျဥ်ခြင်း၊ ထိတွေ့မှုအာရုံ မခံစားရခြင်း၊ ညိုမည်းခြင်း၊ အေးစက်ခြင်းများ ရှိနိုင်သည်။ အဆစ်လွဲခြင်းနှင့် အရိုးကျိုးခြင်း တွဲလျက်ဖြစ်လျှင် အဆစ်သည် ပို၍ရောင်ရမ်းနိုင်သည်။
နောက်ဆက်တွဲပြဿနာများ
အဆစ်လွဲခြင်းကြောင့် အောက်ပါနောက်ဆက်တွဲပြဿနာများ ဖြစ်နိုင်သည်။
- ကြွက်သားနှင့်အရွတ်များ စုတ်ပြဲခြင်း
- သွေးကြော၊ အာရုံကြော ထိခိုက်ခြင်း
- အဆစ်လှုပ်ရှားမှု အတိုင်းအတာ ကန့်သတ်ချက်ရှိခြင်း (Joint Stiffness)
- ဒဏ်ရာရသည့်အဆစ် မကြာခဏ ပြန်လွဲခြင်း (Recurrent Dislocation)
ဆေးရုံ၊ ဆေးခန်းပြသရန်
အထက်ပါ ရောဂါလက္ခဏာများကို သတိပြုမိပါက သို့မဟုတ် အဆစ်လွဲသည်ဟု သံသယရှိပါက မိမိ၏မိသားစုဆရာဝန်နှင့် ချက်ချင်း ပြသတိုင်ပင်ရန်လိုသည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်း၊ ဓာတ်မှန်ရိုက်ခြင်းစသည်တို့ဖြင့် ရောဂါရှာဖွေ ကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။
ရောဂါရှာဖွေခြင်း
အဆစ်လွဲခြင်းကို ဆရာဝန်မှ စမ်းသပ်စစ်ဆေးရုံဖြင့် သိရှိနိုင်သော်လည်း အရိုးများ နေရာရွေ့ပုံ၊ အရိုးကျိုးခြင်းနှင့် ယှဉ်တွဲနေခြင်း ရှိမရှိကို သိရှိရန် အောက်ပါစစ်ဆေးမှုများ ပြုလုပ်လေ့ရှိသည်။
- ဓာတ်မှန်ရိုက်ခြင်း (X-ray)
- ကွန်ပျူတာဓာတ်မှန် (CT scan) ရိုက်ခြင်း
- သံလိုက်ဓာတ်မှန် (MRI) ရိုက်ခြင်း
- အာထရာဆောင်း (USG) ရိုက်ခြင်း
ကုသခြင်း
အဆစ်လွဲခြင်းသည် အရေးပေါ်အခြေအနေ ဖြစ်သောကြောင့် ဆေးရုံအရေးပေါ်ဌာနသို့ အမြန်ဆုံးပြသ၍ ကုသမှုခံယူရမည်။ ဆေးရုံမရောက်မီ အချိန်အတွင်း လွဲနေသည်ဟု သံသယရှိသော အဆစ်အား လှုပ်ရှားခြင်းမရှိစေရန် ကျပ်စည်းခြင်း၊ အဝတ်သိုင်းကြိုးဖြင့်ထိန်းခြင်း ပြုလုပ်ပေးရမည်။ ဆေးရုံတွင် အရေးပေါ် အဆစ်အား ပြန်တည့်ခြင်း သို့မဟုတ် ခွဲစိတ်ခြင်း ပြုလုပ်ရန် လိုအပ်နိုင်သောကြောင့် လူနာကို အစားအစာကျွေးခြင်း၊ ရေတိုက်ခြင်း မပြုလုပ်ရ။
အရေးပေါ်ဌာနတွင် ထိခိုက်ဒဏ်ရာ၏ ပြင်းထန်မှု၊ ထိခိုက်သည့် ကိုယ်ခန္ဓာအစိတ်အပိုင်းပေါ် မူတည်၍ အသက်ကယ်ကုသခြင်းကို ဦးစွာပြုလုပ်လိမ့်မည်။ အောက်ဆီဂျင်ပေးခြင်း၊ သွေးတိတ်အောင်ပြုလုပ်ခြင်း၊ နာကျင်မှုသက်သာအောင် ပြုလုပ်ခြင်းများ ဆောင်ရွက်ပြီးလျှင် ဓာတ်မှန်ရိုက်ခြင်း၊ သွေးစစ်ခြင်းများ ပြုလုပ်လိမ့်မည်။
- အဆစ်ပြန်လည်တည့်မတ်ခြင်း (Reduction)
- အဆစ်တစ်စိတ်တစ်ပိုင်း ပြုတ်ထွက်ခြင်း (Subluxation) အတွက် ထုံဆေးဖြင့် အဆစ်ကိုပြန်လည်တည့်မတ်စေပြီး ကျောက်ပတ်တီးစည်းခြင်း၊ လှုပ်ရှားမှုထိန်းကိရိယာ ဝတ်ဆင်စေခြင်းဖြင့် ကုသပေးသည်၊ ဆေးရုံတက်ရောက်ရန် မလိုအပ်ပေ
- အဆစ်လုံးဝပြုတ်ထွက်ခြင်း (Complete Dislocation) အတွက်မူ ခွဲစိတ်ခန်းတွင် မေ့ဆေးပေးပြီး အဆစ်အား ပြန်လည်တည့်မတ်စေသည်၊ ထို့နောက် လှုပ်ရှားမှုကိုထိန်းချုပ်ရန် ကျောက်ပတ်တီး သို့မဟုတ် လှုပ်ရှားမှုထိန်းကိရိယာကို ဝတ်ဆင်စေသည်၊ မေ့ဆေးပြယ်သည်အထိ ဆေးရုံတက်ရောက်ရန် လိုအပ်သည်
- အဆစ်လွဲခြင်း အများစုသည် အဆစ်ပတ်လည်ရောင်ရမ်းခြင်း မပြင်းထန်မီ ဆေးရုံသို့ အချိန်မီရောက်ရှိလျှင် အဆစ်ပြန်လည်တည့်မတ်ခြင်း ပြုလုပ်ရ လွယ်ကူသည်၊ အများအားဖြင့် မေ့ဆေးပေးပြီး ပြုလုပ်ရုံမျှဖြင့် ပြန်လည်ကောင်းမွန်နိုင်သည်
- ခွဲစိတ်ကုသခြင်း (Surgical Intervention)
အဆစ်ပြန်လည်တည့်မတ်ခြင်း မအောင်မြင်ပါက သို့မဟုတ် ပိုမိုပြင်းထန်သည့် အခြေအနေများတွင် ခွဲစိတ်ကုသရန် လိုအပ်သည်။- အဆစ်လွဲခြင်းနှင့် အရိုးကျိုးခြင်း ယှဉ်တွဲနေခြင်း
- အဆစ်အတွင်း တစ်ရှူးအပိုင်းအစများ ညပ်နေခြင်း
- မေ့ဆေးပေး အဆစ်ပြန်လည်တည့်မတ်ရာတွင် အောင်မြင်မှုမရှိခြင်း
- သွေးကြော၊ အာရုံကြောများ ထိခိုက်ခြင်း
- ပြန်လည်တည့်မတ်ပြီးသည့် အဆစ်သည် ခိုင်မာမှုမရှိဘဲ အလွယ်တကူ ပြန်လည်ပြုတ်ထွက်ခြင်းများတွင် ခွဲစိတ်ကုသရန် လိုအပ်သည်
- ပြန်လည်သန်စွမ်းရေးလေ့ကျင့်ခန်းများ ပြုလုပ်ခြင်း (Rehabilitation)
- ပုံမှန်အားဖြင့် အဆစ်အားပြန်လည်တည့်မတ်ပြီးလျှင် ထိခိုက်ပျက်စီးသွားသည့် အရွတ်နှင့်ကြွက်သားများ အနာကျက်စေရန်အတွက် လှုပ်ရှားမှုများ ရက်သတ္တပတ် (၃) ပတ်ခန့် ထိန်းချုပ်ထားရန် လိုသည်၊ သို့ရာတွင် ကုသမှုပေးခဲ့သည့် အဆစ်မှလွဲ၍ အခြားကိုယ်လက်အင်္ဂါ အစိတ်အပိုင်းများကို လှုပ်ရှားမှုပေးရမည်
- စောစီးစွာ လှုပ်ရှားမှု စတင်ခြင်း (Early Mobilization)
- သက်ဆိုင်ရာ အထူးကုဆရာဝန်၏ ညွှန်ကြားချက်အရ အဆစ်တည်ငြိမ်မှုရရှိပြီးသည်နှင့် တစ်ပြိုင်နက် အဆစ်၏ ခိုင်ခံ့မှုနှင့် ရွေ့လျားမှု အတိုင်းအတာကို ပြန်လည်ရရှိစေရန်အတွက် စောစီးစွာ ပြန်လည်သန်စွမ်းရေး လေ့ကျင့်ခန်းများကို တစ်ဆင့်ချင်း စတင်ပြုလုပ်သွားရန် လိုအပ်သည်၊ ၎င်းသည် အဆစ်တောင့်တင်းနေမှု (Joint Stiffness) ကို လျှော့ချရာတွင် အရေးပါသော ကုထုံးတစ်ရပ်ဖြစ်သည်
- မူလအလုပ်များ ပြန်လည်လုပ်နိုင်မည့်အချိန်၊ အားကစား ပြန်လည်ပြုလုပ်နိုင်မည့်အချိန်သည် ဒဏ်ရာရသည့်အဆစ်နှင့် ပြင်းထန်မှုပေါ် မူတည်သဖြင့် ကုသပေးခဲ့သည့် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်သည်
ကာကွယ်ခြင်း
ထိခိုက်ဒဏ်ရာမရရှိရန် ကာကွယ်ခြင်းသည် အဆစ်လွဲခြင်းအား ကာကွယ်ခြင်းပင်ဖြစ်သည်။
- ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာခြင်း၊ ထိုင်ခုံအသက်ကယ်ခါးပတ်ပတ်ခြင်း၊ ဆိုင်ကယ်ဦးထုပ်ဆောင်းခြင်း
- အလုပ်ခွင်၊ အားကစားပြုလုပ်ရာနေရာများတွင် သတ်မှတ်ထားသော ကာကွယ်ရေးဝတ်စုံ၊ ကိရိယာနှင့် စည်းကမ်းများလိုက်နာခြင်း
- မိမိ၏အိမ်နှင့်ပတ်ဝန်းကျင်တွင် အန္တရာယ်ဖြစ်စေနိုင်သည့် စက်ကိရိယာနှင့်အသုံးအဆောင်များကို စနစ်တကျသိမ်းဆည်းခြင်း၊ အသုံးပြုခြင်း
- ချော်လဲနိုင်သည့် ကြမ်းပြင်၊ ကြမ်းခင်းများကို ရှင်းလင်းခြင်း၊ သက်ကြီးရွယ်အိုများ လမ်းလျှောက်ရန် လက်ကိုင်အထိန်းတန်း ပြုလုပ်ပေးခြင်း
- ကျန်းမာရေးနှင့်ညီညွတ်စွာ စားသောက်နေထိုင်ခြင်း၊ ကာယလေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ခြင်း (အားကစားပြုလုပ်ခြင်းသည် အရိုးနှင့် ကြွက်သားများ သန်မာမှုကို ဖြစ်စေနိုင်သည်)
References:
- Cleveland Clinic. (n.d.). Dislocation. Retrieved October 11, 2025, from https://my.clevelandclinic.org/health/diseases/17873-dislocation
- Medical Device Network. (n.d.). Bone biopsy devices innovations. Retrieved October 11, 2025, from https://www.medicaldevice-network.com/analyst-comment/bone-biopsy-devices-innovations/
- Royal Children’s Hospital Melbourne. (n.d.). Shoulder dislocations – Emergency department. Retrieved October 11, 2025, from https://www.rch.org.au/clinicalguide/guideline_index/fractures/Shoulder_Dislocations_-_Emergency_Department/
- Scopio Labs. (2022). Scopio Labs launches world’s first digital application for bone marrow aspirate imaging and review. Retrieved October 11, 2025, from https://scopiolabs.com/news/scopio-labs-launches-worlds-first-digital-application-for-bone-marrow-aspirate-imaging-and-review/
- Vanderbilt University Medical Center Sports Medicine. (n.d.). Nonoperative shoulder dislocation protocol. Retrieved October 11, 2025, from https://www.vumc.org/sports-medicine/sites/vumc.org.sports-medicine/files/public_files/documents/Nonoperative%20Shoulder%20Dislocation%20Protocol.pdf
- WebMD. (n.d.). Understanding dislocation: Basics. Retrieved October 11, 2025, from https://www.webmd.com/a-to-z-guides/understanding-dislocation-basics
Published: 30 August 2024
Last updated: 25 November 2025
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.