ကြွက်နို့ (Warts) သည် Human Papilloma Virus (HPV) ဗိုင်းရပ်စ်ပိုးဝင်ရောက်ခြင်းကြောင့် ဖြစ်ပေါ်လာသော အဖြစ်များသည့် အရေပြားရောဂါတစ်မျိုးဖြစ်သည်။ ဗိုင်းရပ်စ်ပိုးဝင်ရောက်ပြီး (၂)လ မှ (၆)လအကြာတွင် ကြွက်နို့များ စတင်ပေါ်လာသည်။ ခန္ဓာကိုယ်နေရာအနှံ့အပြားတွင် ဖြစ်ပွားနိုင်ပြီး လက်၊ ခြေထောက်၊ ခြေဖဝါးနှင့် လက်ချောင်းများတွင် အဖြစ်များသည်။ အများအားဖြင့် အန္တရာယ်မရှိဘဲ အချိန်တစ်ခုကြာသည့်အခါ ပျောက်ကင်းသွားလေ့ရှိသော်လည်း မကြာခဏ ပြန်ဖြစ်တတ်သည်။ လိင်အင်္ဂါကြွက်နို့သည် လိင်မှတစ်ဆင့် ကူးစက်သောရောဂါတစ်မျိုးဖြစ်ပြီး ကင်ဆာဖြစ်ပွားနိုင်ခြေနှင့် ဆက်စပ်မှုရှိနိုင်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
ကြွက်နို့သည် HPV ဗိုင်းရပ်စ်ပိုး အမျိုးအစားပေါင်း (၁၀၀) ကျော်အနက်မှ အချို့မျိုးခွဲများကြောင့် ဖြစ်ပွားသည်။ ၎င်းသည်_
- အရေပြားချင်း တိုက်ရိုက်ထိတွေ့ခြင်း
- ကြွက်နို့ရှိသူ၏ မျက်နှာသုတ်ပဝါ၊ မုတ်ဆိတ်ရိတ်ဓား စသည့် တစ်ကိုယ်ရေသုံးပစ္စည်းများကို အတူတူ သုံးစွဲခြင်းတို့မှ ကူးစက်နိုင်သည်။
ဒဏ်ရာရထားသော အရေပြား (ဥပမာ _ လက်သည်းကိုက်ခြင်း) များတွင် ပိုမိုအလွယ်တကူ ကူးစက်နိုင်သည်။ ကိုယ်ခံအားစနစ် အားနည်းနေချိန် (ဥပမာ _ စိတ်ဖိစီးမှုများခြင်း၊ HIV/AIDS ရောဂါရှိခြင်း) တွင်လည်း ကြွက်နို့ ပို၍ ပေါက်တတ်သည်။
လိင်အင်္ဂါကြွက်နို့သည် လိင်ဆက်ဆံခြင်းမှတစ်ဆင့် ကူးစက်နိုင်ပြီး မိန်းမကိုယ်၊ သားအိမ်ခေါင်း၊ လိင်တံနှင့် စအိုတို့တွင် ဖြစ်ပွားနိုင်သည်။ သမားရိုးကျမဟုတ်သော လိင်ဆက်ဆံခြင်း (Oral or Anal sex) မှလည်း ကူးစက်နိုင်သည်။
ရောဂါလက္ခဏာများ
ကြွက်နို့၏ လက္ခဏာများသည် ဖြစ်ပွားသည့်နေရာပေါ် မူတည်၍ ကွဲပြားသည်။
- လက်ချောင်းနှင့် လက်ဖဝါးများတွင် _ သေးငယ်သော အဖုများ သို့မဟုတ် အသားပိုများ ပုံစံဖြင့် ဖြစ်ပေါ်သည်
- မျက်နှာပြင်သည် ကြမ်းတမ်းပြီး ၎င်းအတွင်းရှိ ပိတ်နေသော သွေးကြောငယ်များကြောင့် အမည်းရောင်အစက်လေးများ ပါဝင်တတ်သည်
- လိင်အင်္ဂါတွင် _ အသားအရောင် သို့မဟုတ် အရောင်ကွဲပြားသော အလုံးများအဖြစ် တွေ့ရသည်
- လိင်ဆက်ဆံစဉ် သွေးထွက်ခြင်း သို့မဟုတ် နာကျင်ခြင်းတို့လည်း ဖြစ်ပေါ်နိုင်သည်
နောက်ဆက်တွဲပြဿနာများ
ကြွက်နို့များသည် အများအားဖြင့် အန္တရာယ်မရှိသော်လည်း အောက်ပါ နောက်ဆက်တွဲပြဿနာများ ဖြစ်နိုင်သည်။
- နာကျင်ခြင်း၊ သွေးထွက်ခြင်းနှင့် ပိုးဝင်ခြင်းတို့ ဖြစ်ပေါ်နိုင်သည်၊ ဤသို့ဖြစ်ပါက ပဋိဇီဝဆေးများ သို့မဟုတ် ခွဲစိတ်ကုသမှု လိုအပ်နိုင်သည်
- လိင်အင်္ဂါကြွက်နို့မှတစ်ဆင့် သားအိမ်ခေါင်းကင်ဆာ၊ လိင်တံကင်ဆာ သို့မဟုတ် စအိုကင်ဆာတို့ ဖြစ်နိုင်ခြေရှိသည
ဆေးရုံ၊ ဆေးခန်းပြသရန်
အောက်ပါအခြေအနေများရှိပါက မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်သင့်သည်။
- ကြွက်နို့သည် နာကျင်ခြင်း၊ သွေးထွက်ခြင်း သို့မဟုတ် ယားယံခြင်း ဖြစ်ခြင်း
- နေရာအများအပြားသို့ ပျံ့နှံ့လာခြင်း သို့မဟုတ် အများအပြား ပေါက်ခြင်း
- မကြာခဏ ပြန်လည်ဖြစ်ပွါးခြင်း
- နေ့စဉ်လုပ်ငန်းဆောင်တာများကို အနှောင့်အယှက်ဖြစ်စေခြင်း
- လိင်အင်္ဂါတွင် ကြွက်နို့ပေါက်ခြင်း
လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။
ရောဂါရှာဖွေခြင်း
ဆရာဝန်က ရောဂါရာဇဝင်မေးမြန်းခြင်းနှင့် ကြွက်နို့ကို စမ်းသပ်စစ်ဆေးခြင်းဖြင့် ရောဂါကို သိရှိနိုင်သည်။ လိုအပ်ပါက အသားစယူ၍ သို့မဟုတ် ခြစ်ယူ၍ အဏုကြည့်မှန်ပြောင်းဖြင့် စစ်ဆေးခြင်း ပြုလုပ်နိုင်သည်။ လိင်အင်္ဂါကြွက်နို့ဖြစ်ပါက မိမိနှင့် မိမိ၏ လိင်ဆက်ဆံဖက်ကိုပါ အတူတကွ စစ်ဆေးမှုများ ပြုလုပ်ရသည်။
ကုသခြင်း
ကြွက်နို့များသည် အများအားဖြင့် သူ့အလိုလိုပျောက်ကင်းနိုင်သော်လည်း ကုသမှုခံယူလိုပါက အောက်ပါနည်းလမ်းများ အသုံးပြုနိုင်သည်။
- လိမ်းဆေးနှင့် ကပ်ခွာများ – Salicylic acid ပါဝင်သော လိမ်းဆေးများနှင့် ကပ်ခွာများသည် ကြွက်နို့ကို တဖြည်းဖြည်းဖယ်ရှားပေးသည်
- အအေးဓာတ်ဖြင့် ကုသခြင်း (Cryotherapy) – နိုက်ထရိုဂျင်အရည်ကို အသုံးပြု၍ ကြွက်နို့ကို အေးခဲစေခြင်းဖြင့် ဖယ်ရှားသည်။
- လျှပ်စစ်အပူဖြင့် ရှို့၍ ကုသခြင်း (Electrosurgery) – လျှပ်စစ်ဓာတ်ကို အသုံးပြု၍ ကြွက်နို့ကို မီးရှို့ဖယ်ရှားသည်
- ခွဲစိတ်ကုသခြင်း (Excision) – ကြွက်နို့ကို ခွဲစိတ်၍ ဖယ်ရှားသည်
- လေဆာကုထုံး (Laser Therapy) – လေဆာရောင်ခြည်ဖြင့် ကြွက်နို့ကို ဖယ်ရှားသည်
- ကိုယ်ခံအားမြှင့်တင်ကုထုံး (Immunotherapy) – ခန္ဓာကိုယ်၏ ကိုယ်ခံအားစနစ်ကို ကြွက်နို့ဗိုင်းရပ်စ်ကို တိုက်ခိုက်ရန် လှုံ့ဆော်ပေးသော ဆေးများဖြစ်သည်
- ကုထုံးများ ပေါင်းစပ်ကုသခြင်း
- ကုသမှု၏ အောင်မြင်မှုနှုန်းကို မြှင့်တင်ရန်အတွက် အအေးဓာတ်ဖြင့် ကုသခြင်း (Cryotherapy) နှင့် Salicylic acid ကဲ့သို့သော လိမ်းဆေးများကို ပေါင်းစပ်အသုံးပြုခြင်းကဲ့သို့သော နည်းလမ်းများကို ပိုမိုကျယ်ပြန့်စွာ အသုံးပြုလာကြသည်။ ဤပေါင်းစပ်ကုသမှုများသည် ကြွက်နို့ကို လျင်မြန်စွာ ဖယ်ရှားနိုင်ပြီး ပြန်ဖြစ်နိုင်ခြေကိုပါ လျှော့ချပေးသည်။
အချို့ကုသမှုများသည် အချိန်ကြာမြင့်နိုင်ပြီး ကုသပြီးသော်လည်း ကြွက်နို့များ ပြန်ဖြစ်တတ်သည်ကို သတိပြုသင့်သည်။
ကာကွယ်ခြင်း
ကြွက်နို့ဖြစ်ပွားမှုကို ကာကွယ်ရန်
- ကြွက်နို့ပေါက်နေသည့်နေရာကို ကုတ်ဖဲ့ခြင်း သို့မဟုတ် ကိုင်ခြင်းမှ ရှောင်ကြဉ်ပါ
- တစ်ကိုယ်ရေသုံးပစ္စည်းများကို ဝေမျှသုံးစွဲခြင်း မပြုပါနှင့်
- လက်သည်းကိုက်ခြင်း သို့မဟုတ် အရေပြားကို ကုတ်ဖဲ့ခြင်းမှ ရှောင်ကြဉ်ပါ
- လက်နှင့် အရေပြား ခြောက်သွေ့မှုမရှိစေရန် အစိုဓာတ်ထိန်းခရင်မ်များ လိမ်းပါ
- လိင်အင်္ဂါကြွက်နို့ကို ကာကွယ်ရန်အတွက် HPV ကာကွယ်ဆေးထိုးခြင်း၊ အသက် (၃၀) နှစ်အထက် အမျိုးသမီးများတွင် သားအိမ်ခေါင်းချွဲအမြှေး စစ်ဆေးခြင်းနှင့် လိင်ဆက်ဆံပါက အကာအကွယ်သုံးခြင်းတို့ဖြင့် ကာကွယ်နိုင်သည်
References:
- Cleveland Clinic. (n.d.). Warts. Retrieved September 26, 2025, from https://my.clevelandclinic.org/health/diseases/15045-warts
- NHS. (n.d.). Warts and verrucas. Retrieved September 26, 2025, from https://www.nhs.uk/conditions/warts-and-verrucas/
- Mayo Clinic. (n.d.). Common warts: Symptoms and causes. Retrieved September 26, 2025, from https://www.mayoclinic.org/diseases-conditions/common-warts/symptoms-causes/syc-20371125
Published: 30 August 2024
Last updated: 30 November 2025
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.