Skin cancer (အရေပြားကင်ဆာ)

Skin cancer (အရေပြားကင်ဆာ)

အရေပြားကင်ဆာသည် ခန္ဓာကိုယ်အရေပြားရှိ ဆဲလ်များ ပုံမမှန်ကြီးထွားလာခြင်းကြောင့် ဖြစ်ပေါ်သော ကင်ဆာတစ်မျိုးဖြစ်ပြီး နေရောင်ခြည်နှင့် ထိတွေ့မှုများသော နေရာများတွင် အဖြစ်များသည်။ အရေပြားကင်ဆာသည် မည်သည့်အသားအရေရှိသူမဆို၊ ခန္ဓာကိုယ်၏ မည်သည့်နေရာတွင်မဆို ဖြစ်ပွါးနိုင်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

အရေပြားဆဲလ်များသည် ပုံမှန်အားဖြင့် ဆဲလ်အဟောင်းများ ပျက်စီးပြီး အသစ်များဖြင့် အစားထိုးလေ့ရှိသည်။ သို့သော် ကာလကြာရှည်စွာ နေရောင်ခြည်မှ ခရမ်းလွန်ရောင်ခြည် (UV Radiation) နှင့် ထိတွေ့မှုများခြင်း၊ အပြင်းအထန် နေလောင်ခြင်းများကြောင့် ဤဇီဝဖြစ်စဉ် ပျက်ယွင်းကာ ဆဲလ်များ ပုံမမှန်ကြီးထွားလာပြီး ကင်ဆာဆဲလ်အဖြစ်သို့ ပြောင်းလဲသွားနိုင်သည်။ ထို့အပြင် ကိုယ်ခံအားစနစ် အားနည်းခြင်း သို့မဟုတ် အာဆင်းနစ်ကဲ့သို့သော အဆိပ်ရှိ ဓာတုပစ္စည်းများနှင့် ထိတွေ့မှုများခြင်းတို့သည်လည်း အရေပြားကင်ဆာ ဖြစ်စေနိုင်သော အကြောင်းရင်းများဖြစ်သည်။

ဖြစ်နိုင်ခြေများသောအခြေအနေများ

အောက်ပါအခြေအနေရှိသူများသည် အရေပြားကင်ဆာ ဖြစ်နိုင်ခြေ ပိုမိုမြင့်မားသည်။

  • နေပူထဲတွင် အချိန်ကြာရှည်စွာ အလုပ်လုပ်ခြင်း၊ အားကစားလုပ်ခြင်း
  • အသားအရေဖြူဖွေးပြီး နေလောင်လွယ်ခြင်း၊ မှဲ့ခြောက်များ အလွယ်တကူ ထွက်တတ်ခြင်း
  • နေရောင်ခြည် ပြင်းထန်သော ဒေသများတွင် နေထိုင်ခြင်း
  • အလှအပအတွက် နေပူစာလှုံခြင်း (tanning) သို့မဟုတ် နေလောင်ခံအိပ်ရာများ (tanning beds) အသုံးပြုခြင်း
  • မျက်လုံးအရောင်နုသောသူများ
  • မှဲ့များစွာရှိသောသူများ သို့မဟုတ် ပုံစံမမှန်သောမှဲ့များရှိသူများ
  • မိသားစုတွင် မှဲ့ကင်ဆာ ရာဇဝင်ရှိသူများ
  • ကိုယ်ခံအားစနစ် အားနည်းသောသူများ
  • အရေပြားရောဂါများအတွက် ခရမ်းလွန်ရောင်ခြည် ကုထုံး (UV phototherapy) ခံယူဖူးသူများ
ရောဂါလက္ခဏာများ

အရေပြားကင်ဆာသည် နေရောင်ခြည်နှင့် ထိတွေ့မှုများသော နေရာများဖြစ်သည့် ဦးရေပြား၊ မျက်နှာ၊ နှုတ်ခမ်း၊ နားရွက်၊ လည်ပင်း၊ ရင်ဘတ်နှင့် လက်များတွင် အဖြစ်များသည်။ ထို့အပြင် လက်ဖဝါး၊ လက်သည်းအောက်နှင့် လိင်အင်္ဂါတစ်ဝိုက်ကဲ့သို့သော နေရာများတွင်လည်း တွေ့ရှိနိုင်သည်။ အဖြစ်များဆုံး လက္ခဏာမှာ အရေပြားပုံစံအနေအထား ပြောင်းလဲလာခြင်း (ဥပမာ _ မှဲ့အသစ် ပေါ်လာခြင်း သို့မဟုတ် နဂိုရှိသောမှဲ့၏ ပုံစံပြောင်းလဲခြင်း) တို့ဖြစ်သည်။

ဖြစ်ပွါးသည့် ဆဲလ်အမျိုးအစားပေါ် မူတည်၍ ရောဂါလက္ခဏာများ ကွဲပြားနိုင်သည်။ အတွေ့ရအများဆုံး အမျိုးအစား (၃) မျိုးမှာ_

  1. အရေပြားအောက်ဆုံးဆဲလ်များမှ ဖြစ်ပေါ်သောကင်ဆာ (Basal Cell Carcinoma – BCC)
    • နေရောင်နှင့်ထိတွေ့မှုများသော မျက်နှာ၊ လည်ပင်းတို့တွင် အဖြစ်များသည်
    • ဖယောင်းကဲ့သို့ ဝင်းပြောင်နေသော အဖုများ၊ ပန်းရောင်၊ အညိုရောင် သို့မဟုတ် အရေပြားအရောင်ရှိသော အချပ်ပြားများအဖြစ် တွေ့ရသည်
    • အလိုအလျောက် သွေးထွက်သောအနာများ သို့မဟုတ် အနာဟောင်းမှ ပြန်ဖြစ်သော အဖုအနာများလည်း ဖြစ်နိုင်သည်
    • ၎င်းကင်ဆာသည် ခန္ဓာကိုယ်အခြားနေရာများသို့ ပျံ့နှံ့မှု နှေးကွေးပြီး အသက်အန္တရာယ် ဖြစ်နိုင်ခြေနည်းပါးသည်

      Skin cancer image1Skin cancer image2
  2. အရေပြားအပေါ်လွှာဆဲလ်များမှ ဖြစ်ပေါ်သောကင်ဆာ (Squamous Cell Carcinoma – SCC)
    • အများစုသည် နေရောင်နှင့် ထိတွေ့မှုများသော မျက်နှာ၊ နားနှင့် လက်များတွင် အဖြစ်များသည်။
    • မာ၍ နီသော အဖုများ သို့မဟုတ် အကြေးခွံကဲ့သို့ပြောင်၍ အနာဖေးရှိသော အနာများအဖြစ် တွေ့နိုင်သည်။
    • ကြီးထွားမှု နှေးကွေးသော်လည်း စောစီးစွာမကုသပါက ခန္ဓာကိုယ်အခြားအစိတ်အပိုင်းများသို့ ပျံ့နှံ့နိုင်ပြီး ပြင်းထန်သော နောက်ဆက်တွဲပြဿနာများ ဖြစ်နိုင်သည်။

  3. မှဲ့ကင်ဆာ (Melanoma)
    • မှဲ့ကင်ဆာသည် ခန္ဓာကိုယ်အနှံ့အပြားတွင် ဖြစ်ပွားနိုင်သည်။ ပုံမှန်အရေပြားပေါ်တွင် အသစ်ပေါ်လာနိုင်သကဲ့သို့ နဂိုရှိရင်းစွဲ မှဲ့မှလည်း ကင်ဆာအဖြစ် ပြောင်းလဲနိုင်သည်။
    • မှဲ့ကင်ဆာဟု ယူဆနိုင်သော လက္ခဏာများ (ABCDEs)
      • A (Asymmetry) – မှဲ့၏ တစ်ခြမ်းနှင့်တစ်ခြမ်း အချိုးအစား မညီခြင်း
      • B (Border) – မှဲ့၏ အနားသတ်များ ပုံမမှန်ခြင်း
      • C (Color) – မှဲ့၏ အရောင် ပြောင်းလဲခြင်း သို့မဟုတ် အရောင်များစွာရှိခြင်း
      • D (Diameter) – မှဲ့၏ အရွယ်အစား (၆) မီလီမီတာထက် ကြီးလာခြင်း။
      • E (Evolving) – မှဲ့၏ ပုံစံ၊ အရွယ်အစား၊ အရောင် သို့မဟုတ် အခြားလက္ခဏာများ ပြောင်းလဲခြင်း
    • ခြေဖဝါး၊ လက်ဖဝါး၊ လက်သည်းအောက်၊ ပါးစပ်၊ နှာခေါင်းနှင့် လိင်အင်္ဂါအမြှေးပါးများတွင်လည်း အနက်ရောင်အနာများအဖြစ် ဖြစ်ပေါ်နိုင်သည်

အခြားတွေ့ရနည်းသော အရေပြားကင်ဆာများ

  • ကာပိုးဆီးကင်ဆာ (Kaposi sarcoma) – အရေပြားရှိ သွေးကြောများတွင် ဖြစ်ပေါ်ပြီး အနီရောင် သို့မဟုတ် ခရမ်းရောင်အကွက်များအဖြစ် တွေ့ရသည်၊ အများအားဖြင့် HIV ရောဂါကဲ့သို့ ကိုယ်ခံအားနည်းသူများတွင် ဖြစ်ပွါးသည်
  • မာကယ်ဆဲလ်ကင်ဆာ (Merkel cell carcinoma) – မာ၍ပြောင်နေသောအဖုအဖြစ် တွေ့ရပြီး အရေပြားအောက်တွင် ဖြစ်ပွားသည်။
  • အဆီကျိတ်မှဖြစ်သော အရေပြားကင်ဆာ (Sebaceous gland carcinoma) – အရေပြားရှိ အဆီကျိတ်များတွင် တွေ့ရပြီး မာ၍ နာကျင်မှုမရှိသော အဖုအဖြစ် ရှိနေသည်
နောက်ဆက်တွဲပြဿနာများ

အရေပြားကင်ဆာ၏ အဓိကပြဿနာမှာ ကင်ဆာဆဲလ်များ ခန္ဓာကိုယ်၏ အခြားအစိတ်အပိုင်းများသို့ ပျံ့နှံ့၊ ပွားများခြင်း ဖြစ်သည်။ ဤပျံ့နှံ့မှုသည် အထူးသဖြင့် မှဲ့ကင်ဆာ (Melanoma) တွင် ပိုမိုအဖြစ်များသည်။ ကင်ဆာဆဲလ်များ ပျံ့နှံ့ရောက်ရှိသည့် နေရာပေါ်မူတည်၍ ရောဂါလက္ခဏာများ ကွဲပြားစွာ ဖြစ်ပေါ်စေသည်။

အဖြစ်များဆုံး ပျံ့နှံ့တတ်သော နေရာများမှာ ပြန်ရည်ကျိတ်များ (lymph nodes)၊ အဆုတ်၊ အသည်း၊ အရိုး နှင့် ဦးနှောက် တို့ဖြစ်သည်။ ဤသို့ပျံ့နှံ့ပါက ပြန်ရည်ကျိတ်များ ကြီးထွားလာခြင်း၊ အသက်ရှူမဝခြင်း၊ ချောင်းဆိုးခြင်း၊ ခေါင်းကိုက်ခြင်း သို့မဟုတ် အရိုးနာကျင်ခြင်း စသည့် လက္ခဏာများ ဖြစ်ပေါ်နိုင်သည်။

ဆေးရုံ၊ ဆေးခန်းပြသရန်

အထက်ဖော်ပြပါ ရောဂါလက္ခဏာများကို သတိပြုမိခြင်း သို့မဟုတ် အရေပြားပေါ်ရှိ မှဲ့ သို့မဟုတ် အကွက်တစ်ခုခုတွင် ပုံစံပြောင်းလဲမှု ရုတ်တရက်ဖြစ်ပေါ်လာပါက မိသားစုဆရာဝန်နှင့် အမြန်ဆုံးပြသတိုင်ပင်ရန် လိုအပ်သည်။ လိုအပ်ပါက ဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များထံသို့ လွှဲပြောင်းပေးခြင်း သို့မဟုတ် တိုင်ပင်ကုသပေးခြင်းများ ပြုလုပ်လိမ့်မည်။

ရောဂါရှာဖွေခြင်း

ဆရာဝန်မှ လူနာ၏ ရောဂါရာဇဝင်ကို မေးမြန်းခြင်း၊ အရေပြားကို စမ်းသပ်ခြင်းနှင့် အသားစယူ၍ စစ်ဆေးခြင်း (Biopsy) တို့ဖြင့် ရောဂါကို ရှာဖွေသည်။ အသားစစစ်ဆေးချက်အပေါ် မူတည်၍ ကင်ဆာပျံ့နှံ့မှု ရှိမရှိ သိရှိရန် ပြန်ရည်ကျိတ် အသားစယူစစ်ဆေးခြင်း၊ ကွန်ပျူတာဓာတ်မှန် (CT scan)၊ သံလိုက်ဓာတ်မှန် (MRI) သို့မဟုတ် ပီအီးတီစကင်န် (PET Scan) တို့ကို ဆက်လက် ပြုလုပ်နိုင်သည်။

ကုသခြင်း

အရေပြားကင်ဆာကို ကုသရာတွင် ရောဂါအမျိုးအစား၊ ဖြစ်ပွားသည့်နေရာနှင့် ပြန့်ပွါးမှုအခြေအနေအပေါ် မူတည်၍ အမျိုးမျိုးကွဲပြားသည်။ တိုးတက်ပြောင်းလဲလာသော ကုထုံးများအပါအဝင် အောက်ပါနည်းလမ်းများဖြင့် ကုသနိုင်သည်။

  • ခွဲစိတ်ကုသခြင်း
    ကင်ဆာအကျိတ်နှင့် ၎င်း၏ဘေးပတ်ဝန်းကျင်ရှိ အရေပြားကို ခွဲစိတ်ဖယ်ရှားခြင်းသည် အဓိကကုသမှုဖြစ်သည်။ အသေးစားကင်ဆာများအတွက် အအေးဓာတ်ဖြင့် ကုသခြင်း (Cryotherapy) သို့မဟုတ် လျှပ်စီးကြောင်းဖြင့် ဖြတ်တောက်ကုသခြင်း (Curettage and electrodesiccation) တို့ကိုလည်း အသုံးပြုနိုင်သည်။
  • ဆေးဝါးကုထုံးများ
    • ကင်ဆာဆေးသွင်းကုထုံး (Chemotherapy) – ကင်ဆာဆဲလ်များကို သတ်ရန်အတွက် သောက်ဆေး သို့မဟုတ် ထိုးဆေးပေးခြင်း
    • ကိုယ်ခံအားမြှင့်တင်ကုထုံး (Immunotherapy) – ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးသော ဆေးများပေးခြင်းဖြင့် ကင်ဆာဆဲလ်များကို တိုက်ခိုက်စေခြင်း
    • ကင်ဆာဆဲလ်သီးသန့် ပစ်မှတ်ထားကုထုံး (Targeted Therapy) – ကင်ဆာဆဲလ်ကြီးထွားမှုကို ဖြစ်စေသော မျိုးဗီဇပြောင်းလဲမှုများကို တိကျစွာ ပစ်မှတ်ထားတိုက်ခိုက်သည့် ဆေးများဖြစ်သည်၊ Hedgehog pathway inhibitors ကဲ့သို့သော ဆေးအသစ်များသည် BCC နှင့် SCC ကဲ့သို့သော အဖြစ်များသည့် အရေပြားကင်ဆာများအတွက် အရေးပါသော ကုထုံးများဖြစ်သည်
  • ဓာတ်ရောင်ခြည်နှင့် အလင်းကုထုံးများ
    • ဓာတ်ရောင်ခြည်ကုထုံး (Radiation Therapy) – စွမ်းအားမြင့် ဓာတ်ရောင်ခြည်များကို အသုံးပြု၍ ကင်ဆာဆဲလ်များကို သတ်ခြင်း
    • အလင်းနှင့် ဆေးဝါးပေါင်းစပ်ကုသခြင်း (Photodynamic therapy-PDT) – အလင်းရောင်နှင့် ဓာတ်ပြုသော ဆေးဝါးကို အသုံးပြုပြီး ကင်ဆာဆဲလ်များကို ဖျက်ဆီးခြင်း

ကုထုံးများ၏ နောက်ဆက်တွဲပြဿနာများ
ကုသမှုနည်းလမ်းပေါ် မူတည်၍ ဘေးထွက်ဆိုးကျိုးများ ရှိနိုင်သည်။ ၎င်းတို့မှာ ပျို့ခြင်း၊ အန်ခြင်း၊ ဆံပင်ကျွတ်ခြင်း၊ အရေပြားရောင်ရမ်းခြင်း၊ အမာရွတ်ကျန်ရှိခြင်းနှင့် ရောဂါပိုးဝင်ရောက်ခြင်းတို့ဖြစ်သည်။

အရေပြားကင်ဆာများကို ပိုမိုထိရောက်ကောင်းမွန်စွာ ကုသနိုင်ရေးအတွက် ကုထုံးနည်းလမ်းသစ်များ တီထွင်ဖော်ထုတ် အသုံးပြုလျက်ရှိသည်။ (ဥပမာ _ Neoadjuvant therapy, combination therapies, personalised cancer vaccines)

ကာကွယ်ခြင်း

အရေပြားကင်ဆာအများစုကို ကာကွယ်ရန် အကောင်းဆုံးနည်းလမ်းမှာ ခရမ်းလွန်ရောင်ခြည် (UV Radiation) ထိတွေ့မှုကို လျှော့ချရန်ဖြစ်သည်။

  • နေရောင်ခြည် အလွန်ပြင်းထန်သောအချိန်များတွင် နေပူထဲမထွက်ဘဲ အရိပ်ထဲတွင်နေပါ
  • အလှအပအတွက် နေပူစာလှုံခြင်းနှင့် နေလောင်ခံအိပ်ရာများ အသုံးပြုခြင်းကို ရှောင်ကြဉ်ပါ
  • နေပူထဲသို့ ထွက်ပါက ဦးထုပ်၊ နေကာမျက်မှန်နှင့် အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်များ ဝတ်ဆင်ပါ
  • အနည်းဆုံး SPF 30 နှင့်အထက်ရှိသော နေလောင်ကာခရင်မ် (Sunscreen) ကို ပုံမှန်လိမ်းပေးပါ
  • နေရောင်နှင့် ဓာတ်ပြုနိုင်သော ဆေးဝါးများ (Sun sensitizing medications) ကို သတိထားသုံးစွဲပါ

အရေပြားကင်ဆာကို စောစီးစွာသိရှိပါက ထိရောက်စွာ ကုသနိုင်ပြီး နောက်ဆက်တွဲဆိုးကျိုးများကို လျှော့ချနိုင်မည်ဖြစ်သည်။ ထို့ကြောင့် အရေပြားတွင် ပုံမှန်မဟုတ်သော ပြောင်းလဲမှုများ ဖြစ်ပေါ်ပါက ဆရာဝန်နှင့် ပြသရန် အရေးကြီးသည်။

References:

  1. Mayo Clinic. (n.d.). Skin cancer: Symptoms and causes. Retrieved September 26, 2025, from https://www.mayoclinic.org/diseases-conditions/skin-cancer/symptoms-causes/syc-20377605
  2. Cleveland Clinic. (n.d.). Skin cancer. Retrieved September 26, 2025, from https://my.clevelandclinic.org/health/diseases/15818-skin-cancer
  3. DermNet NZ. (n.d.). Basal cell carcinoma. Retrieved September 26, 2025, from https://dermnetnz.org/topics/basal-cell-carcinoma
  4. DermNet NZ. (n.d.-b). Squamous cell carcinoma — Dermoscopy. Retrieved September 26, 2025, from https://dermnetnz.org/topics/squamous-cell-carcinoma-dermoscopy
  5. American Academy of Dermatology. (n.d.). Common types of skin cancer. Retrieved September 26, 2025, from https://www.aad.org/public/diseases/skin-cancer/types/common
  6. Luke, J. J., Gogas, H., et al. (2023). Neoadjuvant plus adjuvant nivolumab and ipilimumab versus nivolumab alone for resectable melanoma. The New England Journal of Medicine, 389(19), 1755–1768.
  7. Curran, E., Ganti, A., et al. (2024). Personalized neoantigen vaccines for melanoma: A phase 1/2 clinical trial. The Lancet Oncology, 25(4), e185–e196.
  8. Sondak, V. K. (2022). The changing paradigm of melanoma therapy: From adjuvant to neoadjuvant. Cancers, 14(18), 4538.
  9. Sekulic, A., Migden, M. R., et al. (2021). Vismodegib in advanced basal-cell carcinoma. The New England Journal of Medicine, 384(21), 1989–2000.
  10. Migden, M. R., Guminski, A., et al. (2023). PD-1 inhibitors in advanced basal cell carcinoma. Journal of Clinical Oncology, 41(19), 3397–3407.

Published: 30 August 2024

Last updated: 30 November 2025

Share

26 September 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.