လေးဘက်နာ ရောဂါဆိုသည်မှာ အဆစ်၊ နှလုံး၊ ဦးနှောက်အာရုံကြောနှင့် အရေပြားတို့ကို ရောင်ရမ်းထိခိုက်စေနိုင်သော ရောဂါဖြစ်သည်။ ခန္ဓာကိုယ်အတွင်းသို့ Group A streptococcus ဟုခေါ်သည့် ဘက်တီးရီးယားပိုး ဝင်ရောက်ခြင်းကြောင့် ဖြစ်လာသော ဖျားခြင်း၊ လည်ပင်းနာခြင်း၊ အရေပြား ပြည်တည်ခြင်းတို့ကို သေချာစွာ ကုသမှုမခံယူခဲ့လျှင် လေးဘက်နာရောဂါ ဖြစ်လာနိုင်သည်။ ရောဂါပိုးဝင်ရောက်ပြီး နှစ်ပတ် မှ လေးပတ်အကြာတွင် ဖြစ်ပေါ်လာနိုင်သည်။ အသက် (၅)နှစ် မှ (၁၅)နှစ်အရွယ် ကလေးများတွင် အဓိကဖြစ်သော်လည်း အသက် (၅) နှစ်အောက်ကလေးများနှင့် အရွယ်ရောက်ပြီးသူများတွင်လည်း ဖြစ်ပွါးသည်ကို တွေ့ရသည်။
ဖြစ်ပေါ်ရသောအကြောင်းရင်း
ခန္ဓာကိုယ်တွင်း ရောဂါပိုးတစ်မျိုးမျိုး ဝင်ရောက်လာပါက ခန္ဓာကိုယ်၏ ခုခံအားစနစ်မှ ထိုပိုးကို အလိုအလျောက် ခုခံတိုက်ထုတ်ရာတွင် ခန္ဓာကိုယ်၏ ကျန်းမာသော ကိုယ်အင်္ဂါအစိတ်အပိုင်းများကို မှားယွင်းစွာ တိုက်ခိုက်မိတတ်သည်။ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသော Group A streptococcus ဘက်တီးရီးယားပိုးကို ကိုယ်ခံအားစနစ်မှ တိုက်ထုတ်ရာတွင် နှလုံး၊ အဆစ်၊ အရေပြားနှင့် ဦးနှောက်အာရုံကြောတို့ကိုပါ မှားယွင်းစွာ တိုက်ခိုက်မိရာမှတစ်ဆင့် လေးဘက်နာရောဂါလက္ခဏာများ ဖြစ်ပေါ်လာရသည်။
ရောဂါဖြစ်နိုင်ခြေ ပိုများသောအချက်များ
- မျိုးဗီဇ _ အချို့သူများတွင် လေးဘက်နာရောဂါ ပိုမိုဖြစ်စေနိုင်သော မျိုးဗီဇပါလာသည်
- ဘက်တီးရီးယားအမျိုးအစား _ အချို့ Streptococcus မျိုးစိတ်သည် လေးဘက်နာရောဂါကို ပိုဖြစ်စေသည်
- ကိုယ်ခံအားနည်းခြင်း _ ကိုယ်ခံအားနည်းသောကလေးများတွင် ဘက်တီးရီးယားပိုးဝင်ခြင်း မကြာခနဖြစ်ပြီး လေးဘက်နာရောဂါ ဖြစ်နိုင်ခြေ ပိုများသည်
- ပတ်ဝန်းကျင်အခြေအနေများ _ လူဦးရေထူထပ်ခြင်း၊ ပတ်ဝန်းကျင် သန့်ရှင်းမှု မရှိခြင်းကြောင့် လူတစ်ဦးနှင့်တစ်ဦး ဘက်တီးရီးယားပိုး ကူးစက်လွယ်ပြီး လေးဘက်နာရောဂါ ပိုဖြစ်စေနိုင်သည်
ရောဂါလက္ခဏာများ
Group A streptococcus ဘက်တီးရီးယားပိုး ၀င်ရောက်သောအခါ ဖျားခြင်း၊ လည်ပင်းနာခြင်း၊ ခေါင်းကိုက်ခြင်း၊ ကိုယ်လက်နာကျင်ခြင်း၊ နုံးနယ်ခြင်း၊ အရေပြား ပြည်တည်နာဖြစ်ခြင်း အစရှိသည့် လက္ခဏာတို့ကို ခံစားရသည်။ ထိုဘက်တီးရီးယားပိုး၀င်ခြင်းကို ထိရောက်စွာ ကုသမှု မခံယူခဲ့လျှင် (၂)ပတ် မှ (၄)ပတ်အတွင်းတွင် လေးဘက်နာရောဂါ ဖြစ်လာနိုင်သည်။
လေးဘက်နာရောဂါဖြစ်လျှင် အောက်ပါရောဂါလက္ခဏာများ ဖြစ်လာနိုင်သည်။
- အဆစ်ကြီးများ နာကျင်ရောင်ရမ်းခြင်း (Arthritis) (လက်ကောက်ဝတ်၊ တံတောင်ဆစ်၊ ပခုံးဆစ်၊ ခြေချင်းဝတ်၊ ဒူးဆစ်၊ ပေါင်ဆစ် စသည့် အဆစ်အကြီးများတွင် ဖြစ်လေ့ရှိပြီး တစ်ဆစ်ပြီး အခြားတစ်ဆစ်သို့ ပြောင်းရွှေ့ နာကျင်လေ့ရှိသည်)
- နှလုံးရောင်ရမ်းခြင်းကြောင့် ရင်ဘတ်အောင့်ခြင်း၊ မောခြင်း၊ ရင်တုန်ခြင်း (Carditis)
- သေးငယ်သော အဖုလေးများ အရေပြားအောက်တွင် ထွက်လာခြင်း (Subcutaneous nodules)
- အနီအကွက်များ ပေါ်ထွက်ခြင်း (Erythema marginatum)
- ခြေလက်များ ဂနာမငြိမ်ဘဲ အလိုအလျောက် အကြောဆွဲသကဲ့သို့ လှုပ်ရှားမှုများ ဖြစ်ပေါ်ခြင်း (Chorea) တို့ဖြစ်သည်။
နောက်ဆက်တွဲပြဿနာများ
လေးဘက်နာရောဂါကို သေချာစွာ ပျောက်ကင်းအောင် ကုသမှုမခံယူပါက နှလုံးအဆို့ရှင်ကျဉ်းခြင်း၊ အဆို့ရှင်မလုံခြင်းတို့မှတစ်ဆင့် နှလုံးခုန်မမှန်ခြင်း၊ နှလုံးလုပ်ငန်း ပျက်စီးခြင်းစသည့် နာတာရှည်နှလုံးထိခိုက်ပျက်စီးခြင်း (Rheumatic heart disease) ကို ဖြစ်စေနိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
အထက်ပါ ရောဂါလက္ခဏာများကို သတိပြုမိပါက မိမိ၏ မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန်လိုသည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်း၊ ဓာတ်မှန်ရိုက်ခြင်း စသည်တို့ဖြင့် ရောဂါရှာဖွေ ကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်နိုင်သည်။
ရောဂါရှာဖွေခြင်း
လေးဘက်နာရောဂါကို ရှာဖွေရန် လူနာ၏ ရောဂါရာဇဝင်ကို သေချာစွာမေးမြန်းခြင်း၊ လူနာအား စမ်းသပ်စစ်ဆေးခြင်းတို့ကို ပြုလုပ်ပြီး တခြားလိုအပ်သော စစ်ဆေးမှုများဖြစ်သည့် လေးဘက်နာကိုယ်ခံအားဓာတ် (ASO) သွေးစစ်ခြင်း၊ လည်ချောင်းတို့ဖတ်ယူ၍ ပိုးမွေးခြင်း၊ အီးစီဂျီဆွဲခြင်း၊ အသံလှိုင်းသုံး နှလုံးပုံရိပ်ဖော်စက် (Echocardiogram) ဖြင့် စစ်ဆေးခြင်းများ ပြုလုပ်ပြီး ရောဂါရှာဖွေနိုင်သည်။
ကုသခြင်း
- ရောဂါပိုး ပျောက်ကင်းအောင် ကုသခြင်း
ပင်နစလင် (Penicillin) ပဋိဇီဝပိုးသတ်ဆေး [သောက်ဆေး (သို့မဟုတ်) ထိုးဆေး] တစ်မျိုးမျိုးဖြင့် လိုအပ်သော အချိန်ကာလအထိ ကုသမှုခံယူရန် အရေးကြီးသည်။ သောက်ဆေးအမျိုးအစားပေါ် မူတည်ပြီး တစ်နေ့လျှင် သုံးကြိမ် (သို့မဟုတ်) လေးကြိမ်၊ ဆယ်ရက်ပြည့်အောင် သောက်ရန်လိုအပ်သည်။ ပင်နစလင်ထိုးဆေးဖြစ်ပါက တစ်ကြိမ်သာ ထိုးရန်လိုမည်။ ပင်နစလင်နှင့် ဓာတ်မတည့်မှုရှိသူများအတွက် Erythromycin (သို့မဟုတ်) Cephalosporin ကဲ့သို့သော ပိုးသတ်ဆေးများကို အသုံးပြုနိုင်သည်။ သို့မှသာ ရောဂါပိုးကို နှိမ်နင်းနိုင်ပြီး နောက်ဆက်တွဲဆိုးကျိုးကို ကာကွယ်နိုင်မည်။ ထိုသို့ကုသပြီးသည်နှင့် နောက်ထပ်မဖြစ်အောင် ကာကွယ်ရန် ကာကွယ်ဆေးကို ဆက်တိုက်သောက်ရန် သို့မဟုတ် ထိုးရန် လိုအပ်သည်။ လေးဘက်နာရောဂါ တစ်ကြိမ်ဖြစ်ဖူးသူများအနေနှင့် ပိုးသတ်ဆေးကို ကာကွယ်ဆေးအဖြစ် အနည်းဆုံး (၅) နှစ်ကြာအောင် သို့မဟုတ် အသက် (၂၁) နှစ်ရောက်သည်အထိ သောက်သုံးပါက နောက်တစ်ကြိမ် ထပ်မဖြစ်အောင် ကာကွယ်နိုင်သည်။ လေးဘက်နာကြောင့် နှလုံးထိခိုက်ဖူးသူများတွင် ပိုးသတ်ဆေးကို အနည်းဆုံး (၁၀) နှစ်နှင့်အထက် သောက်သုံးရန် လိုအပ်သည်။ - ရောဂါလက္ခဏာ သက်သာအောင် ပြုလုပ်ခြင်းနှင့် ရောင်ရမ်းခြင်းကို ထိန်းချုပ်ခြင်း
အကိုက်အခဲ ပျောက်ဆေး၊ အရောင်ကျဆေးများဖြစ်သည့် Aspirin, Naproxen နှင့် စတီးရွိုက်ဆေး အစရှိသည့် ဆေးများကို ဆရာဝန် ညွှန်ကြားသည့်အတိုင်း ရောဂါလက္ခဏာ သက်သာစေရန်နှင့် အရောင်ကျစေရန် သောက်သုံးနိုင်သည်။ ဦးနှောက်ရောင်ရမ်း၍ Chorea ဟုခေါ်သော ခြေ၊ လက်၊ မျက်နှာတို့တွင် အကြောဆွဲခြင်းမျိုးအတွက်လည်း ဆေးဝါးများဖြင့် သက်သာအောင် ပြုလုပ်နိုင်သည်။ အထက်ပါ ဆေးများတွင် ဘေးထွက်ဆိုးကျိုးများရှိသောကြောင့် ဆရာဝန်ညွှန်ကြားချက်မပါဘဲ မသောက်သုံးသင့်ပါ။
ကာကွယ်ခြင်း
Streptococcus ရောဂါပိုးသည် လည်ပင်းနာခြင်းခံစားနေသူမှတစ်ဆင့် ချောင်းဆိုးခြင်း၊ စကားပြောခြင်းစသည့် အပြုအမူများကြောင့် ပြန့်ပွါးတတ်သည်။
- နှာချေ၊ ချောင်းဆိုးလျှင် လက်ဖျံ (သို့မဟုတ်) တစ်ရှူးဖြင့် အုပ်ကာပြီး ဆိုးခြင်း၊ ပြီးလျှင် စနစ်တကျ လက်ဆေးခြင်း၊ အသုံးပြုပြီး တစ်ရှူးကို စနစ်တကျ စွန့်ပစ်ခြင်း
- လက်ကို ရေ၊ ဆပ်ပြာ (သို့မဟုတ်) လက်သန့်စင်ဆေးရည်ဖြင့် မကြာခဏ စနစ်တကျဆေးကြောခြင်း
- တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထများ ဂရုပြုလုပ်ဆောင်ခြင်း စသည်တို့ဖြင့် ရောဂါပိုးဝင်ရောက်နိုင်ခြေကို လျော့ချတားမြစ်နိုင်သည်။
Group A Streptococcus ဘက်တီးရီးယားပိုး ဝင်ရောက်လျှင် ရောဂါပိုးကို ပိုးသတ်ဆေးဖြင့် သေချာစွာ နှိမ်နင်းနိုင်ပါက လေးဘက်နာရောဂါ မဖြစ်အောင် ကာကွယ်တားဆီးနိုင်သည်။ ထို့အပြင် လေးဘက်နာရောဂါ တစ်ကြိမ်ဖြစ်ဖူးသူများနှင့် လေးဘက်နာကြောင့် နှလုံးထိခိုက်ဖူးသူများတွင် အထက်ဖော်ပြပါအတိုင်း ပိုးသတ်ဆေးကို သတ်မှတ်ထားသည့် အချိန်ကာလအတိုင်း ကြာရှည်စွာ ဆက်လက်သောက်ရန် လိုအပ်သည်။
References:
- Centers for Disease Control and Prevention. (2024). About rheumatic fever. Group A Strep Infection. Retrieved June 26, 2025, from https://www.cdc.gov/group-a-strep/about/rheumatic-fever.html
- Cleveland Clinic. (2024). Rheumatic fever. Retrieved June 26, 2025, from https://my.clevelandclinic.org/health/diseases/16616-rheumatic-fever
- Mayo Clinic. (n.d.). Rheumatic fever – Symptoms and causes. Retrieved June 26, 2025, from https://www.mayoclinic.org/diseases-conditions/rheumatic-fever/symptoms-causes/syc-20354588
Published: 30 August 2024
Last updated: 3 September 2025
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.