ညှင်း (Pityriasis versicolor) သည် မှိုပိုးကြောင့် ဖြစ်ပွားသော အဖြစ်များသည့် အရေပြားရောဂါတစ်မျိုးဖြစ်သည်။ ၎င်းသည် အရေပြားပေါ်တွင် ပုံမှန်အသားအရောင်ထက် ဖျော့ခြင်း သို့မဟုတ် ရင့်ခြင်း စသည်ဖြင့် ပုံသဏ္ဌာန်အမျိုးမျိုး တွေ့ရှိနိုင်သည်။ အများအားဖြင့် လူငယ်များနှင့် ဆယ်ကျော်သက်များတွင် ပို၍အဖြစ်များသည်။
ညှင်းဖြစ်ရခြင်း၏ အဓိကအကြောင်းရင်းမှာ အရေပြားပေါ်တွင် သဘာဝအတိုင်း ရှိနေသော Malassezia ဟုခေါ်သည့် မှိုပိုးများ ပုံမှန်ထက် ပိုမိုပေါက်ပွားလာခြင်းကြောင့်ဖြစ်သည်။ ပူအိုက်စွတ်စိုသော ရာသီဥတု၊ ချွေးထွက်များခြင်းနှင့် နေရောင်ခြည်တို့သည် ဤမှိုပိုးများ ပိုမိုပွားများရန် အားပေးပြီး ညှင်းကို ပိုမိုဖြစ်ပေါ်စေသည်။ ညှင်းသည် လူတစ်ဦးမှတစ်ဦးသို့ မကူးစက်နိုင်ပါ။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
ညှင်းဖြစ်ပွားနိုင်ခြေကို မြင့်တက်စေသည့် အခြေအနေများမှာ_
- ဟော်မုန်းအပြောင်းအလဲများ ဖြစ်ခြင်း
- ပူအိုက်စွတ်စိုသော ရာသီဥတု
- ချွေးထွက်များခြင်း
- အဆီပြန်သော အရေပြားအမျိုးအစားဖြစ်ခြင်း
- ကိုယ်ခံအားစနစ် အားနည်းခြင်းတို့ဖြစ်သည်။
ရောဂါလက္ခဏာများ
ညှင်း၏ လက္ခဏာများသည် အများအားဖြင့် ပြင်းထန်မှုမရှိဘဲ အောက်ပါအတိုင်း တွေ့ရသည်။
- အရေပြားအရောင် ပြောင်းလဲခြင်း
- ရင်ဘတ်၊ ကျောနှင့် ဗိုက်တို့တွင် အများဆုံးဖြစ်ပြီး ပန်းရောင်၊ အဝါရောင်၊ အညိုရောင်နှင့် အဖြူရောင်စသည့် အရောင်အမျိုးမျိုးဖြင့် အကွက်များ ဖြစ်ပေါ်လာသည်။
- အရေပြားယားယံခြင်း
- ချွေးပို၍ထွက်ခြင်း
- အကွက်ဖြစ်နေသည့် နေရာ၏ အရေပြားသည် ခြောက်သွေ့ကာ အကြေးခွံကဲ့သို့ ဖြစ်ခြင်း

နောက်ဆက်တွဲပြဿနာများ
ယေဘုယျအားဖြင့် ညှင်းသည် ပြင်းထန်သော နောက်ဆက်တွဲပြဿနာများ မရှိပေ။ အရေပြားယားယံခြင်းနှင့် အကွက်များ အရောင်ပြောင်းလဲခြင်းစသည့် ပြဿနာများကိုသာ အဓိကတွေ့ရသည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
ညှင်းအကွက်များသည် ပိုမိုကျယ်ပြန့်လာခြင်း၊ အိမ်တွင် ကုသသောနည်းများဖြင့် မသက်သာဘဲ မကြာခဏပြန်ဖြစ်ခြင်းတို့ ရှိပါက မိသားစုဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ရန် လိုအပ်သည်။ လိုအပ်ပါက သက်ဆိုင်ရာ အရေပြားအထူးကုဆရာဝန်များထံ လွှဲပြောင်းပေးခြင်း သို့မဟုတ် တိုင်ပင်၍ ကုသပေးနိုင်သည်။
ရောဂါရှာဖွေခြင်း
ဆရာဝန်က လူနာ၏ ရောဂါရာဇဝင်ကို မေးမြန်းခြင်းနှင့် အရေပြားကို စမ်းသပ်စစ်ဆေးခြင်းတို့ဖြင့် ရောဂါကို အတည်ပြုနိုင်သည်။ သံသယရှိပါက ညှင်းဖြစ်သည့်နေရာမှ အရေပြားကို အနည်းငယ်ခြစ်ယူကာ အဏုကြည့်မှန်ပြောင်းဖြင့် ကြည့်ရှုစစ်ဆေးခြင်းဖြင့်လည်း ရောဂါကို ရှာဖွေနိုင်သည်။
ကုသခြင်း
ညှင်းကို ကုသရာတွင် မှိုသတ်ဆေးများကို အသုံးပြုသည်။
- လိမ်းဆေးများ
Clotrimazole၊ Miconazole နှင့် Selenium sulfide ကဲ့သို့သော လိမ်းဆေးခရင်မ်များ၊ လိုးရှင်းများနှင့် ခေါင်းလျှော်ရည်များကို အသုံးပြုနိုင်သည်။ - သောက်ဆေးများ
ညှင်းသည် ခန္ဓာကိုယ်အနှံ့အပြားသို့ ပျံ့နှံ့နေပါက သို့မဟုတ် လိမ်းဆေးများဖြင့် မသက်သာပါက Ketoconazole၊ Fluconazole သို့မဟုတ် Itraconazole ကဲ့သို့သော မှိုသတ်ဆေး သောက်ဆေးများကို သုံးစွဲရန် လိုအပ်နိုင်သည်။
ကာကွယ်ခြင်း
ညှင်းဖြစ်ပွားနိုင်ခြေကို လျှော့ချရန်အတွက်_
- အလွန်အကျွံ ချွေးထွက်ခြင်းမှ ရှောင်ကြဉ်ရန်။
- ပွပွချောင်ချောင်ရှိသော ချည်အဝတ်အစားများ ဝတ်ဆင်ရန်။
- နေရောင်ခြည်နှင့် အပူဒဏ်ကို တတ်နိုင်သမျှ ရှောင်ရန်။
- နေပူထဲသို့ ထွက်ပါက နေလောင်ခံခရင်မ် လိမ်းရန်။
- ကိုယ်ခန္ဓာကို အမြဲခြောက်သွေ့ သန့်ရှင်းနေစေရန် ဂရုစိုက်ရန်။
References:
- Mayo Clinic. (n.d.). Tinea versicolor: Diagnosis and treatment. Retrieved September 26, 2025, from https://www.mayoclinic.org/diseases-conditions/tinea-versicolor/diagnosis-treatment/drc-20378390
- Cleveland Clinic. (n.d.). Tinea versicolor. Retrieved September 26, 2025, from https://my.clevelandclinic.org/health/diseases/17719-tinea-versicolor
- DermNet NZ. (n.d.). Pityriasis versicolor. Retrieved September 26, 2025, from https://dermnetnz.org/topics/pityriasis-versicolor
- Hsu, S. (2021). Tinea versicolor: Treatment and a future perspective. Journal of Drugs in Dermatology, 20(11), 1192–1196.
- Saunte, D. M., Gøtzsche, P. C., et al. (2022). A systematic review of randomized trials on treatments for pityriasis versicolor. Skin Appendage Disorders, 8(1), 15–22.
- Zhang, H., Li, X., et al. (2023). Recent advances in the understanding of Malassezia skin disease. Medical Mycology, 61(1), myac076.
- Khosravi, A. R., Ebrahimi, V., et al. (2023). Pityriasis versicolor: New insights into prevention of recurrence. Dermatology and Therapy (Heidelberg), 13(4), 817–827.
Published: 30 August 2024
Last updated: 27 November 2025
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.