မှဲ့ (Mole) သည် အရေပြားပေါ်တွင် အဖြစ်များသော အမှတ်အသားတစ်ခုဖြစ်ပြီး ပုံမှန်အားဖြင့် အနီရောင် သို့မဟုတ် အညိုရောင်အဖြစ် တွေ့ရသည်။ လူတစ်ဦး၏ ဘဝတစ်သက်တာအတွင်း မှဲ့ပေါင်း (၁၀) မှ (၄၅) ခုအထိ ပေါက်နိုင်သည်။ အချိန်ကြာလာသည်နှင့်အမျှ ၎င်းတို့၏ ပုံစံနှင့်အရောင်များ အနည်းငယ် ပြောင်းလဲနိုင်သော်လည်း မှဲ့အများစုသည် အန္တရာယ်မရှိသော အခြေအနေဖြစ်သည်။
သို့သော်လည်း မှဲ့အချို့သည် မှဲ့ကင်ဆာ (Melanoma) အဖြစ်သို့ ပြောင်းလဲနိုင်သည်။ Melanoma သည် အရေပြားကင်ဆာအမျိုးအစားများတွင် အန္တရာယ်အရှိဆုံးဖြစ်ပြီး၊ လျင်မြန်စွာ ကြီးထွားနိုင်သည့်အပြင် ခန္ဓာကိုယ်၏ အခြားအစိတ်အပိုင်းများသို့လည်း ပျံ့နှံ့နိုင်သည်။ ထို့ကြောင့် မှဲ့များ၏ မူမမှန်သော အသွင်အပြင်ပြောင်းလဲမှုများကို အမြဲသတိထား စောင့်ကြည့်ရန် အရေးကြီးသည်။ စောစီးစွာ ရှာဖွေတွေ့ရှိပါက အချိန်မီ ကုသ၍ အသက်ကို ကယ်တင်နိုင်သည့် အခွင့်အလမ်းများစွာရှိသည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
မှဲ့အများစုသည် မွေးရာပါဖြစ်ပြီး အချို့သည် အသက်ကြီးလာသည်နှင့်အမျှ တဖြည်းဖြည်း ပေါ်လာတတ်သည်။ မှဲ့ကင်ဆာ (Melanoma) ဖြစ်ပေါ်ရသည့် အကြောင်းရင်းကို အတိအကျ မသိရှိရသေးသော်လည်း အဓိကအချက်မှာ ခရမ်းလွန်ရောင်ခြည် (UV Radiation) နှင့် ထိတွေ့မှုများခြင်းဖြစ်သည်။
ခရမ်းလွန်ရောင်ခြည်ကို နေရောင်ခြည်မှသာမက နေရောင်ခြည်အတုပေးသော မီးအိမ်များနှင့် အိပ်ယာများ (Tanning beds and lamps) မှလည်း ရရှိနိုင်သည်။ ခရမ်းလွန်ရောင်ခြည်နှင့် ထိတွေ့မှုကို တတ်နိုင်သမျှ လျှော့ချခြင်းဖြင့် မှဲ့ကင်ဆာ ဖြစ်ပွားနိုင်ခြေကို သိသိသာသာ လျှော့ချနိုင်သည်။
အောက်ပါအခြေအနေရှိသူများသည် မှဲ့ကင်ဆာ ဖြစ်နိုင်ခြေ ပို၍မြင့်မားသည်။
- ကိုယ်တိုင် မှဲ့ကင်ဆာ ရောဂါရာဇဝင်ရှိသူများ သို့မဟုတ် မိသားစုဝင်ထဲတွင် မှဲ့ကင်ဆာ ဖြစ်ဖူးသူများ
- အသားအရောင် ဖျော့သူများ၊ အထူးသဖြင့် မှဲ့ သို့မဟုတ် မှဲ့ခြောက် အများအပြား ရှိသူများ
- နေရောင်နှင့် ထိတွေ့မှုများသော ဒေသများတွင် နေထိုင်သူများ
- ပုံမှန်မဟုတ်သော ပုံသဏ္ဌာန်နှင့် အရွယ်အစားရှိသည့် မှဲ့များ (atypical moles) ရှိသူများ
- ကိုယ်ခံအားနည်းသူများ၊ ဥပမာ – HIV/AIDS ရောဂါရှင်များ၊ ကိုယ်တွင်းအင်္ဂါ အစားထိုးကုသထားသူများ
- နေလောင်ကျွမ်းခြင်း (sunburns) မကြာခဏ ခံရသူများ
- အသက် (၄၀) နှင့်အထက်ရှိသူများ
ရောဂါလက္ခဏာများ
မှဲ့များကို အရေပြားပေါ်ရှိ မည်သည့်နေရာတွင်မဆို တွေ့ရှိနိုင်သည်။ အထူးသဖြင့် ဦးရေပြား၊ ချိုင်းကြား၊ လက်သည်းအောက်၊ ခြေချောင်းများကြားနှင့် ခန္ဓာကိုယ်ပေါ်တွင် ပုံစံအမျိုးမျိုးဖြင့် တွေ့ရသည်။
- အရောင်နှင့် အသွင်အပြင်
မှဲ့များသည် အညိုရောင်၊ အနက်ရောင်၊ အပြာရောင်၊ အနီရောင် သို့မဟုတ် ပန်းရောင်စသည့် အရောင်မျိုးစုံရှိတတ်သည်။ ၎င်းတို့၏ မျက်နှာပြင်သည် ချောမွေ့ခြင်း သို့မဟုတ် တွန့်ခေါက်နေခြင်းတို့အပြင် ပြားချပ်ခြင်း သို့မဟုတ် ဖောင်းကြွခြင်းတို့လည်း ဖြစ်နိုင်သည်။ တစ်ခါတစ်ရံတွင် အမွှေးများပါ ပေါက်နေနိုင်သည်။ - ပုံသဏ္ဌာန် – မှဲ့များသည် အများအားဖြင့် ဘဲဥပုံ သို့မဟုတ် အဝိုင်းပုံစံရှိသည်
- အရွယ်အစား
ပုံမှန်အားဖြင့် (၆) မီလီမီတာခန့် ရှိသည်။ ဆယ်ကျော်သက်နှင့် ကိုယ်ဝန်ဆောင်ချိန်များတွင် ဟော်မုန်းအပြောင်းအလဲများကြောင့် မှဲ့များသည် ပိုမိုနက်မှောင်လာပြီး အရွယ်အစား ပိုကြီးလာနိုင်သည်။
မွေးရာပါမှဲ့ (Congenital nevus) ပါလာသော အချို့သူများတွင် မှဲ့များသည် ပိုကြီးပြီး မျက်နှာ၊ ကိုယ်လုံး သို့မဟုတ် ခြေလက်တစ်ချောင်းလုံးအထိ ဖုံးအုပ်နေသည်ကို တွေ့ရသည်။

မှဲ့ကင်ဆာဟု ယူဆနိုင်သော ပုံမှန်မဟုတ်သည့်မှဲ့များ
မှဲ့အသစ် ရုတ်တရက်ဖြစ်လာခြင်း သို့မဟုတ် မူရင်းရှိသောမှဲ့တွင် ပြောင်းလဲမှု ဖြစ်ခြင်းများသည် မှဲ့ကင်ဆာ၏ လက္ခဏာများ ဖြစ်နိုင်သည်။ မှဲ့ကင်ဆာသည် ခန္ဓာကိုယ်၏နေရာအနှံ့တွင် ဖြစ်နိုင်သော်လည်း နေရောင်နှင့် ထိတွေ့မှုများသော နေရာများတွင်ပို၍ ဖြစ်နိုင်သည်။ အချို့ရှားပါးသော အမျိုးအစားများတွင် မျက်လုံး၊ ခြေဖဝါး၊ လက်ဖဝါးနှင့် လိင်အင်္ဂါများတွင် ဖြစ်နိုင်သည်။
မှဲ့ကင်ဆာ ဟုတ်မဟုတ် အောက်ဖော်ပြပါအချက်အလက်များကို ကြည့်၍ ခန့်မှန်းနိုင်သည်။
- မှဲ့၏ တစ်ခြမ်းနှင့်တစ်ခြမ်း အချိုးအစား မတူညီခြင်း
- မှဲ့၏ အနားသတ်များ ပုံမမှန်ဖြစ်ခြင်း
- မှဲ့၏အရောင် ပြောင်းလဲသွားခြင်း
- မှဲ့၏အရွယ်အစား (၆) မီလီမီတာထက် ကြီးလာခြင်း သို့မဟုတ် မှဲ့အသစ်ဖြစ်လာခြင်း
- မှဲ့သည် အရေပြားမျက်နှာပြင်ထက် ဖောင်းကြွလာခြင်း
- မှဲ့မှ သွေးထွက်ခြင်း သို့မဟုတ် ယားယံခြင်းကဲ့သို့ လက္ခဏာအသစ်များ ဖြစ်ပေါ်လာခြင်း
မှဲ့ကင်ဆာများသည် ပုံသဏ္ဌာန်အားဖြင့် များစွာကွဲပြားသည်။ အချို့တွင် အထက်ဖော်ပြပါ ပြောင်းလဲမှုအားလုံးကို တွေ့နိုင်သော်လည်း အချို့တွင်မူ တစ်ခု သို့မဟုတ် နှစ်ခုသာ ရှိနိုင်သည်။ တချို့သောသူများတွင် လက္ခဏာများကို စောစီးစွာသတိထားမိသော်လည်း အချို့တွင် အခြားသော ကိုယ်အင်္ဂါအစိတ်အပိုင်းများသို့ ပျံ့နှံ့သောအခါမှ သိရှိခြင်း ဖြစ်နိုင်သည်။ ထို့အပြင် ကုသမှု ပြီးစီးသွားသည့် နောက်ပိုင်းတွင်မှ ပြန်ဖြစ်နိုင်သည်။ မှဲ့ကင်ဆာသည် ခန္ဓာကိုယ်နေရာအနှံ့သို့ ပျံ့နှံ့နိုင်သော်လည်း အဖြစ်များသောနေရာများမှာ ပြန်ရည်ကျိတ်များ၊ အဆုတ်၊ အသည်း၊ အရိုး၊ ဦးနှောက်နှင့် ဝမ်းဗိုက်တို့ဖြစ်သည်။ ပျံ့နှံ့သည့် အင်္ဂါအစိတ်အပိုင်းပေါ် မူတည်၍ ရောဂါလက္ခဏာများ ကွာခြားသည်။
မြင်တွေ့နိုင်သောလက္ခဏာများ
- ပြန်ရည်ကျိတ်များ ရောင်ခြင်း၊ မာလာခြင်း
- အရေပြားတွင် အဖုဖြစ်လာခြင်း
- နုံးခြင်း၊ နာကျင်ခြင်း
- အကြောင်းမရှိဘဲ ကိုယ်အလေးချိန်ကျခြင်း
- ချောင်းဆိုးခြင်း၊ မောခြင်း၊ ချောင်းဆိုးသွေးပါခြင်း၊ အဆုတ်အမြှေးပါးအတွင်းရေဝင်ခြင်း
- ရေဖျဥ်းစွဲခြင်း၊ ဗိုက်နာခြင်း၊ အသားဝါခြင်း
- ခါးနာခြင်း၊ အရိုးကျိုးလွယ်ခြင်း၊ သွေးအားနည်းခြင်း
- သတိလစ်ခြင်း၊ တက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ခြေလက် အားနည်းခြင်းတို့ဖြစ်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
အထက်ပါ ရောဂါလက္ခဏာများကို သတိပြုမိခြင်း၊ မှဲ့ပုံစံတွင် ရုတ်တရက်ပြောင်းလဲခြင်းများ ရှိပါက မိမိ၏ မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန် လိုသည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်း စသည်တို့ဖြင့် ရောဂါရှာဖွေကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာအထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။
ရောဂါရှာဖွေခြင်း
သက်ဆိုင်ရာဆရာဝန်မှ ရောဂါရာဇဝင်မေးမြန်းခြင်း၊ စမ်းသပ်ခြင်း၊ သွေးစစ်ခြင်း၊ မှဲ့မှ အသားစယူ၍ စစ်ဆေးခြင်း (Biopsy) တို့ဖြင့် ရောဂါရှာဖွေနိုင်သည်။ အသားစအဖြေပေါ် မူတည်၍ ပြန်ရည်ကျိတ် အသားစယူ၍ စစ်ဆေးခြင်း၊ ကွန်ပြူတာဓာတ်မှန် (CT scan) ရိုက်ခြင်း၊ သံလိုက်ဓာတ်မှန် (MRI) ရိုက်ခြင်း၊ ပီအီးတီ စကင်န် (PET Scan) ရိုက်ခြင်းတို့ကို ဆက်လက်ပြုလုပ်နိုင်သည်။
ကုသခြင်း
မှဲ့ကင်ဆာကိုကုသရာတွင် ဖြစ်သည့်နေရာ၊ ပျံ့နှံ့ခြင်းရှိမရှိနှင့် ကျန်းမာရေးအခြေအနေပေါ်တွင် မူတည်သည်။ မှဲ့ကင်ဆာကို ကုသရာတွင် ခွဲစိတ်ကုသခြင်းသည် အဓိကဖြစ်သည်။ ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း၊ ဆေးဖြင့်ကုသခြင်းနှင့် ကင်ဆာဆေးများသွင်း၍ ကုသခြင်းတို့ကိုလည်း လိုအပ်လျှင် သုံးနိုင်သည်။
ခွဲစိတ်ကုသခြင်း
ခွဲစိတ်ကုသခြင်းသည် အဓိကကုသမှုဖြစ်သည်။ အခြားသောနေရာများသို့ ပျံ့နှံ့မှုရှိခြင်း၊ မှဲ့အား ဖယ်ရှားပြီးနောက် ပြန်ဖြစ်ခြင်းတို့ရှိလျှင် ထိုအခါမျိုးတွင် ခွဲစိတ်ကုသမှုလုပ်ရသည်။ ခွဲစိတ်ရာတွင် ရောဂါအခြေအနေပေါ် မူတည်၍ မှဲ့နှင့် ဘေးပတ်လည်ရှိ အရေပြားများအား ခွဲစိတ်ဖယ်ရှားခြင်း၊ ပြန်ရည်ကျိတ်များအား ဖယ်ရှားခြင်း၊ ကင်ဆာဆဲလ်ပြန့်နေသော ခန္ဓာကိုယ်ရှိ အခြားအစိတ်အပိုင်းများကို ခွဲစိတ်ခြင်းတို့ဖြစ်သည်။
ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း (Radiation therapy)
ထိုကုသမှုအား မှဲ့ကင်ဆာ၏ အရွယ်အစား သေးသွားစေရန်နှင့် ရောဂါလက္ခဏာများအား သက်သာစေရန် အသုံးပြုသည်။ ဓာတ်ရောင်ခြည်ပေး၍ ကုသရာတွင် တစ်ကြိမ် သို့မဟုတ် အကြိမ်ပေါင်းများစွာ ပေးရနိုင်သည်။ ပေးရမည့်ပမာဏသည် ကုသရမည့်နေရာနှင့် အခြားပျံ့နှံ့မှုများ ရှိမရှိပေါ် မူတည်သည်။
ကင်ဆာဆဲလ်သီးသန့်ပစ်မှတ်ထားကုသခြင်းနှင့် ကိုယ်ခံအားကို ပြုပြင်ထိန်းညှိခြင်းဖြင့် ကုသခြင်း
ကင်ဆာဆဲလ်များ ကြီးထွားမှုကို ဟန့်တားသည့်ဆေးများ၊ ကင်ဆာဆဲလ်များအား သေစေရန်အတွက် ကိုယ်ခံအားကို ပြုပြင်ထိန်းညှိပေးသည့် ဆေးများပေးခြင်းဖြစ်သည်။ ထိုကုသမှုများကို ခွဲစိတ်မရသော ကင်ဆာများ၊ ပြန်ရည်ကျိတ်များသို့ ပျံ့နေသောကင်ဆာများ သို့မဟုတ် ခန္ဓာကိုယ်၏ အခြားနေရာများသို့ ပျံ့နေသော ကင်ဆာများတွင် ခွဲစိတ်ကုသမှုပေးပြီးနောက် ထပ်၍ပေးလေ့ရှိသည်။
ကင်ဆာဆေးသွင်းကုသခြင်း (Chemotherapy)
ကင်ဆာဆဲလ်များအား သေစေသည့် ဆေးများပေးခြင်းဖြစ်သည်။
ပိုမိုထိရောက်စွာကုသနိုင်ရေးအတွက် ခွဲစိတ်မှုမပြုမီ ကိုယ်ခံအားမြှင့်တင်ဆေး၊ ကင်ဆာဆေးများဖြင့် ရှေးဦးကုသခြင်း (Neoadjuvant therapy)၊ ကိုယ်ခံအားမြှင့်တင်ဆေးများ ပေါင်းစပ်ကုသခြင်း၊ လူနာတစ်ဦးချင်းအလိုက် ကင်ဆာကာကွယ်ဆေးများ (Personalised cancer vaccines) များ တီထွင်ကြိုးပမ်းလျက်ရှိသည်။
ကာကွယ်ခြင်း
ခရမ်းလွန်ရောင်ခြည် ထိတွေ့မှု၊ နေလောင်မှုများမှ ကာကွယ်ခြင်းဖြင့် မှဲ့ကင်ဆာဖြစ်စေသည့် အခြေအနေများကို လျှော့ချနိုင်သည်။
- နေရောင်ပြင်းသောအချိန်များတွင် နေပူထဲမထွက်ဘဲ အရိပ်ထဲတွင်နေခြင်း
- နေလောင်ခံ မီးအိမ်၊ အိပ်ယာများအား အသုံးပြုခြင်းမှ ရှောင်ကြဥ်ခြင်း
- နေပူထဲသို့ထွက်ပါက ဦးထုပ်ဆောင်းခြင်း၊ နေကာမျက်မှန်တပ်ခြင်း၊ အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်ဝတ်ခြင်း
- နေလောင်ကာ လိမ်းဆေးခရင်မ် လိမ်းခြင်း၊ နှုတ်ခမ်းနီ အဆီလိမ်းခြင်း
- ကလေးငယ်များနှင့် အသက် (၆) လအထက် ကလေးများတွင် နေလောင်ကာ လိမ်းဆေးခရင်မ် (Sunscreen) လိမ်းပေးခြင်းတို့ဖြစ်သည်။
မှဲ့ကင်ဆာကို ကုသရန်၊ နောက်ဆက်တွဲပြဿနာများ လျှော့ချနိုင်ရန် စောစီးစွာသိရှိရန် လိုအပ်သည်။ ထို့ကြောင့် မှဲ့အသစ်ဖြစ်ခြင်း၊ မှဲ့များတွင် ပြောင်းလဲမှုဖြစ်ခြင်း၊ အနာဖြစ်ခြင်း၊ အရောင်ပြောင်းခြင်းများရှိပါက အချိန်မှပြသကုသရန် အရေးကြီးသည်။
References:
- Mayo Clinic. (n.d.). Moles: Symptoms and causes. Retrieved July 26, 2025, from https://www.mayoclinic.org/diseases-conditions/moles/symptoms-causes/syc-20375200
- Mayo Clinic. (n.d.). Melanoma: Symptoms and causes. Retrieved July 26, 2025, from https://www.mayoclinic.org/diseases-conditions/melanoma/symptoms-causes/syc-20374884
- Cleveland Clinic. (n.d.). Melanoma. Retrieved July 26, 2025, from https://my.clevelandclinic.org/health/diseases/14391-melanoma
- American Cancer Society. (n.d.). Melanoma skin cancer — Signs and symptoms. Retrieved July 26, 2025, from https://www.cancer.org/cancer/types/melanoma-skin-cancer/detection-diagnosis-staging/signs-and-symptoms.html
- American Academy of Dermatology. (n.d.). Melanoma (skin cancer): Symptoms. Retrieved July 26, 2025, from https://www.aad.org/public/diseases/skin-cancer/types/common/melanoma/symptoms
- DermNet NZ. (n.d.). Melanoma. Retrieved July 26, 2025, from https://dermnetnz.org/topics/melanoma
- Ascierto, P. A., Gogas, H., et al. (2023). Neoadjuvant plus adjuvant nivolumab and ipilimumab versus nivolumab alone for resectable melanoma: A randomized clinical trial. Journal of Clinical Oncology, 41(16), 2956–2968.
- Eggermont, A. M. M., Blank, C. U., et al. (2023). Adjuvant therapy with pembrolizumab versus placebo after complete resection of high-risk stage III melanoma: An updated analysis of the EORTC 1325-MG/KEYNOTE-054 trial. The Lancet Oncology, 24(1), e29–e39.
- Kaufmann, M., Zippelius, A., et al. (2024). Personalized neoantigen vaccines for melanoma: A phase 1/2 clinical trial. Nature Medicine, 30(3), 478–485.
- Sondak, V. K. (2022). The changing paradigm of melanoma therapy: From adjuvant to neoadjuvant. Cancers, 14(18), 4538.
Published: 30 August 2024
Last updated: 27 November 2025
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.