Shingles (herpes zoster) (ဆင်ရေယုန်)

Shingles (herpes zoster) (ဆင်ရေယုန်)

ဆင်ရေယုန်သည် ရေကျောက်နှင့် ရေယုန်ရောဂါနှစ်မျိုးဖြစ်စေသော ဗိုင်းရပ်စ် (Varicella zoster virus)ကြောင့် ဖြစ်ပွားရခြင်းဖြစ်သည်။ ကျောရိုးအာရုံကြောငယ်များတစ်လျှောက် ခန္ဓာကိုယ်ပတ်လည် ပေါက်နိုင်သောကြောင့် ဆင်ရေယုန်ကို ခါးပတ်ရေယုန်ဟုလည်း ခေါ်သည်။ အသက်အန္တရာယ် ထိခိုက်စေသည်အထိ မပြင်းထန်သော်လည်း အလွန်နာကျင်ခြင်းကို ခံစားရနိုင်သည်။ လျင်မြန်စွာကုသမှုခံယူပါက ရောဂါ၏ နောက်ဆက်တွဲဆိုးကျိုးများနှင့် ရောဂါဝေဒနာခံစားရသည့်အချိန်တို့ကို လျှော့ချပေးနိုင်သည်။ အများစုသော လူနာများတွင် ရောဂါသက်သာပြီးသော်လည်း စူးရှနာကျင်ခြင်းဝေဒနာသည် ရက်သတ္တပတ် အတော်အတန် ကျန်နေတတ်သည်။

Herpes Zoster IMG
ဖြစ်ပေါ်ရသောအကြောင်းရင်းများ

ငယ်စဉ်အခါက ကူးစက်ခဲ့သော ရေကျောက်ရောဂါပိုးသည် ခန္ဓာကိုယ်၏အာရုံကြောမကြီးထဲတွင် နှစ်ပေါင်းများစွာ ဆက်လက်ငုပ်လျှိုးရှင်သန်နေပြီးနောက် ကိုယ်ခံအားကျဆင်းနေချိန်တွင် ပြန်လည်ထကြွလာကာ ဆင်ရေယုန် (ခါးပတ်ရေယုန်)အဖြစ် ခန္ဓာကိုယ်ပေါ်၌ ပြန်လည်ပေါ်လာခြင်းဖြစ်သည်။
သို့သော် ရေကျောက်ရောဂါဖြစ်ဖူးသောသူတိုင်း ဆင်ရေယုန်မဖြစ်နိုင်ပါ။ ဆင်ရေယုန် ဖြစ်နေသူဆီမှ ဗိုင်းရပ်စ်ပိုးသည် ရေကျောက်ရောဂါမဖြစ်ဖူးသူ (သို့မဟုတ်) ကာကွယ်ဆေးမထိုးထားသူထံသို့ အရည်ကြည်ဖုများကိုထိတွေ့ခြင်းမှတစ်ဆင့် ကူးစက်နိုင်သည်။ ကူးစက်ခံရသူသည် ရေကျောက်ရောဂါ ဖြစ်ပွါးနိုင်သည်။ ငယ်စဉ်အခါက ရေကျောက်ရောဂါကာကွယ်ဆေး ထိုးထားသူများတွင် ဆင်ရေယုန် ဖြစ်ပွါးမှုနှုန်း နည်းသည်ကိုတွေ့ရသည်။

ရောဂါလက္ခဏာများ

ဆင်ရေယုန်(ခါးပတ်‌ရေယုန်)သည် ခန္ဓာကိုယ်၏ မည့်သည့်နေရာ၌မဆို ဖြစ်ပေါ်လာနိုင်သည်။ ဖြစ်ပေါ်လျှင် အောက်ဖော်ပြပါ လက္ခဏာများ ခံစားရနိုင်သည်။

  • မီးစထိသကဲ့သို့ တစစ်စစ် နာကျင်ခံစားရခြင်း၊ အထိမခံနိုင်ခြင်း
  • ရက်အနည်းငယ်ကြာ နာကျင်ခံစားရပြီးနောက် အနီရောင်အကွက်များပေါ်ခြင်း
  • အနီကွက်များမှ အနီဖုများ၊ ထို့နောက် အရည်ကြည်ဖုများအဖြစ် ပွါးလာခြင်း (ထိုအဖုများသည် အရေပြား၏ ကျောရိုးအာရုံကြောငယ်များတစ်လျှောက် ပျံ့နှံ့လေ့ရှိသည်။)
  • အနီကွက်၊ အနီဖုနေရာများတွင် ယားယံခြင်း
  • ဖျားနာခြင်း၊ ခေါင်းကိုက်ခြင်း၊ ပင်ပန်းနွမ်းလျခြင်းများ ဖြစ်ပေါ်နိုင်သည်။

အရည်ကြည်ဖုများသည် အချိန်ကြာမြင့်လာသည့်အခါ ပြည်ဖုလေးများအဖြစ်ပြောင်းလဲလာသည်။ ထို့နောက် ရောဂါသက်သာသွားချိန်တွင် ထိုအဖုများ ပေါက်သွားပြီး အနာဖေးများအဖြစ် ကျန်ခဲ့သည်။ ဖြစ်ပွားချိန် (၂) ပတ် မှ (၆) ပတ်အထိကြာနိုင်သည်။

နောက်ဆက်တွဲပြဿနာများ
  1. ရောဂါသက်သာပျောက်ကင်းပြီးနောက် အာရုံကြောနာကျင်မှု
    တစ်ချို့သောလူနာများတွင် အာရုံကြောများရောင်ရမ်းခြင်း ပြင်းထန်လွန်းသဖြင့် အာရုံကြောများပျက်စီးခဲ့ကာ ရောဂါပျောက်ကင်းပြီးသော်လည်း နာကျင်မှုဝေဒနာကို ဆက်လက်ခံစားနေရတတ်သည်။
  2. အမြင်အာရုံဆုံးရှုံးနိုင်ခြင်း
    အကယ်၍ ဆင်ရေယုန်သည် မျက်လုံးနားတစ်ဝိုက်တွင် ဖြစ်ခဲ့လျှင်မူ မျက်လုံးပါ နာကျင်ခံစားရပြီး အမြင်အာရုံဆုံးရှုံးနိုင်သည်။

    Herpes Zoster IMG

  3. အာရုံကြောစနစ်ထိခိုက်ခြင်း
    ဆင်ရေယုန်သည် အာရုံကြောစနစ်ရောင်ရမ်းခြင်းကို ဖြစ်စေသောကြောင့် ဦးနှောက်ရောင်ခြင်း၊ ပါးတခြမ်းရွဲ့မျက်နှာလေဖြန်းခြင်း၊ အကြားအာရုံဆုံးရှုံးခြင်းများ ဖြစ်ပေါ် နိုင်သည်။
  4. အရေပြားတွင်ရောဂါပိုးဝင်ခြင်း
    ဆင်ရေယုန်အရည်ကြည်ဖုများသည် ကောင်းမွန်စွာ ကုသမှုမခံယူပါက ဘက်တီးရီးယားပိုးများ ထပ်မံဝင်ရောက်ပြီး ပြည်တည်နာဖြစ်ခြင်းများ ဖြစ်ပွားနိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်

အထက်ဖော်ပြပါ ရောဂါလက္ခဏာများခံစားရပါက နောက်ဆက်တွဲဆိုးကျိုးများ နည်းစေရန်အတွက် မိမိ၏ မိသားစုဆရာဝန်နှင့် လျင်မြန်စွာကုသမှုခံယူရန် လိုအပ်သည်။ မိသားစုဆရာဝန်မှ လိုအပ်ပါက သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊​ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။

ရောဂါရှာဖွေခြင်း

ဆရာဝန်မှ လူနာ၏ရောဂါရာဇဝင်ကို သေချာမေးမြန်းခြင်း၊ လူနာ၏အရေပြားပေါ်ရှိ အနာများကို စမ်းသပ်စစ်ဆေးခြင်းများပြုလုပ်ပြီး ဆင်ရေယုန်ကို သိရှိနိုင်သည်။


ကုသခြင်း

ဆင်ရေယုန်သည် လုံးဝပျောက်ကင်းအောင်မကုသနိုင်ပါ။ သို့သော်လည်း အများစုသော ဆင်ရေယုန်ဖြစ်သူများသည် ဘဝတွင် တစ်ကြိမ်သာ ဖြစ်တတ်သည်။
ကိုယ်ခံအားကျသောသူများတွင်သာ ပြန်လည်ဖြစ်နိုင်မှုနှုန်းများသည်။ ရောဂါဖြစ်ကာစအချိန်တွင် ကုသမှု လျင်မြန်စွာခံယူပါက နောက်ဆက်တွဲဆိုးကျိုးများ ဖြစ်ပွါးနှုန်းနည်းသည်။
ဗိုင်းရပ်စ်ပိုးသေစေသောဆေးဝါးများနှင့် နာကျင်စေမှုကို သက်သာစေသောဆေးဝါးများကို ဆင်ရေယုန်(ခါးပတ်ရေယုန်)တွင်အသုံးပြုသည်။

ကာကွယ်ခြင်း

(၂၀၁၇)တွင် အမေရိကန်၏ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဌာနမှ ဆင်ရေယုန် (ခါးပတ်‌ရေယုန်)ကာကွယ်ဆေးကို အသုံးပြုနိုင်ကြောင်း ခွင့်ပြုပေးခဲ့သည် (ရေကျောက်ကာကွယ်ဆေး မဟုတ်ပါ)။ ဆင်ရေယုန်နှင့် နောက်ဆက်တွဲပြဿနာများကို ကာကွယ်နိုင်ရန် ဆေးကို (၂)ကြိမ်ထိုးနှံရန် အကြံပြုထားသည်။
ကာကွယ်ဆေးကို အောက်ဖော်ပြပါ အုပ်စုများတွင် ထိုးနှံကြရန် အကြံပြုထားသည်။

  1. အသက် (၅၀)နှစ်နှင့် အထက်
    ဆင်ရေယုန်ဖြစ်ထားသောသူနှင့် မဖြစ်ထားသောသူများပါ ထိုးနှံရန်လိုအပ်သည်၊ ဒုတိယအကြိမ်ကာကွယ်ဆေးကို ပထမအကြိမ်ထိုးနှံပြီး (၂)လ မှ (၆)လ ခြား၍ ထိုးနိုင်သည်
  2. အသက် (၁၉) နှစ်နှင့် အထက်
    ကိုယ်ခံအားနည်းခြင်းရောဂါအခံရှိသူများ ထိုးနှံရန် လိုအပ်သည်၊ ဒုတိယအကြိမ် ကာကွယ်ဆေးကို ပထမအကြိမ်ထိုးနှံပြီး (၁)လ မှ (၂)လ ခြား၍ ထိုးနှံနိုင်သည်

ကာကွယ်ဆေး၏အာနိသင်သည် ဆင်ရေယုန်ဖြစ်နိုင်မှုကို (၁၀၀%) မကာကွယ်ပေးနိုင်သော်လည်း ရောဂါပြင်းထန်မှုနှင့် နောက်ဆက်တွဲပြဿနာများကို သိသိသာသာ လျှော့ချပေးသည်။ ကာကွယ်ဆေးသည် အနည်းဆုံး (၅) နှစ်သက်တမ်းမျှ ကာကွယ်ပေးနိုင်သည်။
ကာကွယ်ဆေးထိုးရန်အတွက် တတ်ကျွမ်းသောဆရာဝန်များနှင့် မိမိ၏ကျန်းမာရေး အခြေအနေကို တိုင်ပင်ပြီးမှသာ ထိုးနှံသင့်သည်။

References:

  1. Shingles – Symptoms & causes – Mayo Clinic. (2022). Mayo Clinic. Retrieved June 14, 2024, from https://www.mayoclinic.org/diseases-conditions/shingles/symptoms-causes/syc-20353054
  2. Shingles Vaccination. (2024). Shingles (Herpes Zoster). Retrieved June 14, 2024, from https://www.cdc.gov/shingles/vaccines/
  3. Shingles – Diagnosis & treatment – Mayo Clinic. (2022). Mayo Clinic. Retrieved June 14, 2024, from https://www.mayoclinic.org/diseases-conditions/shingles/diagnosis-treatment/drc-20353060

Published: 30 August 2024



Share

30 August 2024
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.