Shingles (Herpes zoster) (ဆင်ရေယုန်)

Shingles (Herpes zoster) (ဆင်ရေယုန်)

ဆင်ရေယုန်သည် ရေကျောက်နှင့် ရေယုန်ရောဂါနှစ်မျိုးဖြစ်စေသော ဗိုင်းရပ်စ် (Varicella zoster virus) ကြောင့် နာကျင်သော အရည်ကြည်ဖုများ၊ အနီကွက်များထွက်ခြင်းဖြစ်သည်။ ဤ Varicella-zoster ဗိုင်းရပ်စ်ပိုးသည် ရေယုန်ရောဂါ ဗိုင်းရပ်စ်ပိုးအုပ်စုတွင် ပါဝင်သောကြောင့် ဆင်ရေယုန် (Herpes zoster) ဟုခေါ်ဝေါ်ခြင်း ဖြစ်သည်။ ထို့ပြင်ကိုယ်ထည်ပတ်ပတ်လည်တွင် ဖြစ်‌ပေါ်လေ့ရှိသောကြောင့် ဆင်ရေယုန်ကို ခါးပတ်ရေယုန်ဟုလည်း ခေါ်သည်။ အသက်အန္တရာယ် ထိခိုက်စေသည်အထိ မပြင်းထန်သော်လည်း အလွန်နာကျင်ခြင်းကို ခံစားရနိုင်သည်။ လျင်မြန်စွာကုသမှုခံယူပါက ရောဂါ၏နောက်ဆက်တွဲပြဿနာများနှင့် ရောဂါဝေဒနာခံစားရသည့် ကြာချိန်တို့ကို လျှော့ချပေးနိုင်သည်။ အများစုတွင် ရောဂါသက်သာပြီးသော်လည်း စူးရှနာကျင်ခြင်းဝေဒနာသည် ရက်သတ္တပတ် အတော်အတန် ကျန်နေတတ်သည်။

Herpes Zoster IMG
ဖြစ်ပေါ်ရသောအကြောင်းရင်းများ

ဆင်ရေယုန်သည် ရေကျောက်ရောဂါ ဖြစ်စေသော ဗိုင်းရပ်စ်ပိုး (Varicella-zoster virus) ကြောင့်ဖြစ်သည်။ ရေကျောက်‌ရောဂါဖြစ်ဖူးသူ မည်သူမဆို ဆင်ရေယုန်ရောဂါ ဖြစ်ပွါးနိုင်သည်။ ရေကျောက်ရောဂါမှ ပြန်လည်သက်သာလာပြီးနောက် ဗိုင်းရပ်စ်ပိုးသည် အာရုံကြောစနစ်အတွင်း ဝင်ရောက်ပြီး နှစ်ပေါင်းများစွာ ငြိမ်သက်နေနိုင်သည်။ တစ်ခါတစ်ရံတွင် ထိုဗိုင်းရပ်စ်ပိုးများ ပြန်လည်ထကြွလာနိုင်ပြီး အာရုံကြောများမှတစ်ဆင့် အရေပြား‌ပေါ်တွင် ဆင်ရေယုန်အနေဖြင့် ထွက်ပေါ်လာခြင်းဖြစ်သည်။ သို့သော် ‌ရေကျောက်ရောဂါ ဖြစ်ဖူးသူတိုင်းလည်း ဆင်ရေယုန် ဖြစ်ပေါ်ခြင်း မဟုတ်ပါ။

အမှန်စင်စစ် ဆင်ရေယုန် ဖြစ်ပေါ်ရခြင်း အကြောင်းရင်းကို ရှင်းလင်းတိကျစွာ မသိရှိပေ။ အသက်ကြီးလာသောအခါ ကိုယ်ခံအားကျဆင်းလာသောကြောင့် ဖြစ်နိုင်သည်ဟု ယူဆကြသည်။
ဆင်ရေယုန်ရောဂါ ဖြစ်ပွါးနိုင်ခြေများသူများမှာ_

  • အသက်ကြီးသူများ [အသက် (၅၀) နှင့်အထက်တွင် အဖြစ်များပြီး၊ အသက် (၆၀) နှင့်အထက်တွင် ပို၍ပြင်းထန်နိုင်သည်]
  • ကိုယ်ခံအားကျဆင်းသော ရောဂါများ (ဥပမာ _ အိတ်ချ်အိုင်ဗွီရောဂါ၊ ကင်ဆာရောဂါ)
  • ကင်ဆာရောဂါကုသမှု ခံယူနေသူများ (ဓာတ်ရောင်ခြည်ကုထုံး သို့မဟုတ် ကင်ဆာဆေးသွင်းကုသခြင်း)
  • အချို့သောဆေးဝါးများ (ဥပမာ _ စတီးရွိုက်ဆေးများကို ကာလကြာရှည်စွာ အသုံးပြုခြင်း) တို့ဖြစ်ကြသည်။

ဆင်ရေယုန်အနီကွက်များသည် အရေပြားအောက်ရှိ အာရုံကြောများ ရောင်ရမ်းခြင်းနှင့် ဆက်စပ်မှုရှိသည်။ ဆင်ရေယုန်ဖြစ်နေသူထံမှ ဗိုင်းရပ်စ်ပိုးသည် ရေကျောက်ရောဂါမဖြစ်ဖူးသူ (သို့မဟုတ်) ကာကွယ်ဆေးမထိုးထားသူထံသို့ အရည်ကြည်ဖုများကို တိုက်ရိုက်ထိတွေ့ခြင်းမှတစ်ဆင့် ကူးစက်နိုင်သည်။ ထိုသို့ကူးစက်ခံရသူတွင် ရေကျောက်ရောဂါလည်း ဖြစ်ပွါးနိုင်သည်။ ငယ်စဉ်အခါက ရေကျောက်ရောဂါ ကာကွယ်ဆေး ထိုးထားသူများတွင် ဆင်ရေယုန် ဖြစ်ပွါးမှုနှုန်း နည်းပါးသည်ကို တွေ့ရသည်။

ရောဂါလက္ခဏာများ

ဆင်ရေယုန် (ခါးပတ်‌ရေယုန်) သည် နာကျင်ခြင်း‌ဝေဒနာကို ဦးစွာခံစားရပြီး အချို့သူများတွင် အလွန်ပြင်းထန်နိုင်သည်။ နာကျင်သော အနီကွက်များ၊ အရည်ကြည်ဖုများသည် ခန္ဓာကိုယ်၏ မည့်သည့်နေရာ၌မဆို ဖြစ်ပေါ်လာနိုင်ပြီး ကိုယ်ထည်ပတ်ပတ်လည်တွင် အများဆုံးဖြစ်လေ့ရှိသည်။ တစ်ခါတစ်ရံတွင် မျက်နှာ၊ လည်ပင်း၊ မျက်လုံးတစ်ဝိုက်၊ ရင်ဘတ်၊ နောက်ကျော၊ ခါး တစ်ခြမ်း တိုတွင်လည်း ဖြစ်ပေါ်နိုင်သည်။ ဆင်ရေယုန်တွင်_

  • မီးစထိသကဲ့သို့ တစ်ဆစ်ဆစ် နာကျင်ခံစားရခြင်း၊ အထိမခံနိုင်ခြင်း
  • ရက်အနည်းငယ်ကြာ နာကျင်ခံစားရပြီးနောက် အနီရောင်အကွက်များ ပေါ်ထွက်ခြင်း
  • အနီကွက်များပေါ်ပြီးနောက် (၃) – (၄) ရက်ခန့်အကြာတွင် အရည်ကြည်ဖုများ ဖြစ်လာခြင်း
  • အရည်ကြည်ဖုများ ပေါက်ထွက်ပြီး အနာဖေးများ ဖြစ်ပေါ်ခြင်း (ထိုအနာဖေးများ အပြီးတိုင် သက်သာပျောက်ကင်းစေရန် အချိန် ၂ပတ် မှ ၆ပတ်အထိ ကြာမြင့်နိုင်သည်)
  • ယားယံခြင်း
  • ဖျားနာခြင်း၊ ခေါင်းကိုက်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်းများ ဖြစ်ပေါ်နိုင်သည်။
နောက်ဆက်တွဲပြဿနာများ

အာရုံကြောနာကျင်ခြင်းသည် အဖြစ်အများဆုံး နောက်ဆက်တွဲ ပြဿနာတစ်ခုဖြစ်သည်။ အနီကွက်များ သက်သာသွားသည့်တိုင်အောင် အာရုံကြောနာကျင်ခြင်းကို လပေါင်းများစွာ၊ နှစ်ပေါင်းများစွာ ကြာအောင် ဆက်လက်ခံစားရနိုင်သည်။ အခြားဖြစ်ပေါ်နိုင်သော နောက်ဆက်တွဲပြဿနာများမှာ အောက်ပါအတိုင်းဖြစ်သည်။

  1. အမြင်အာရုံဆုံးရှုံးနိုင်ခြင်း
    အကယ်၍ ဆင်ရေယုန်သည် မျက်လုံးနားတစ်ဝိုက်တွင် ဖြစ်ခဲ့လျှင်မူ မျက်လုံး၌လည်း နာကျင်ခံစားရပြီး အမြင်အာရုံဆုံးရှုံးနိုင်သည်။
  2. အာရုံကြောစနစ်ထိခိုက်ခြင်း
    ဆင်ရေယုန်သည် အာရုံကြောစနစ်ရောင်ရမ်းခြင်းကို ဖြစ်စေသောကြောင့် ဦးနှောက်ရောင်ခြင်း၊ ပါးတခြမ်းရွဲ့ မျက်နှာလေဖြန်းခြင်း၊ အကြားအာရုံဆုံးရှုံးခြင်းများ ဖြစ်ပေါ်စေနိုင်သည်။
  3. အရေပြားတွင်ရောဂါပိုးဝင်ခြင်း
    ဆင်ရေယုန်အရည်ကြည်ဖုများသည် ကုသမှု ကောင်းစွာမခံယူပါက ဘက်တီးရီးယားပိုးများ ထပ်မံဝင်ရောက်ပြီး ပြည်တည်နာများ ဖြစ်ပွားနိုင်သည်။

    Herpes Zoster IMG
ဆေးရုံ၊ ဆေးခန်းပြသရန်

အထက်ဖော်ပြပါ ရောဂါလက္ခဏာများ ခံစားရပါက နောက်ဆက်တွဲဆိုးကျိုးများ နည်းစေရန်အတွက် မိမိ၏ မိသားစုဆရာဝန်နှင့် လျင်မြန်စွာ ကုသမှုခံယူရန် လိုအပ်သည်။ မိသားစုဆရာဝန်မှ လိုအပ်ပါက သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊​ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။ အကယ်၍ ပြင်းထန်သော ခေါင်းကိုက်ခြင်း၊ အမြင်အာရုံ ထိခိုက်ခြင်း၊ မျက်လုံးနာကျင်ခြင်း၊ အလင်းဒဏ်မခံနိုင်ခြင်း၊ လည်ပင်းတောင့်တင်းခြင်း၊ ကယောင်ကတမ်းဖြစ်ခြင်း၊ ကြွက်သားအားနည်းခြင်းတို့ ဖြစ်‌ပေါ်ပါက ဆေးရုံအရေးပေါ်ဌာနသို့ အမြန်ဆုံးသွား‌ရောက်ကုသမှု ခံယူရန် လိုအပ်သည်။

ရောဂါရှာဖွေခြင်း

ဆရာဝန်မှ လူနာ၏ရောဂါရာဇဝင်ကို သေချာမေးမြန်းခြင်း၊ အနီကွက်များ၊ ရေကြည်ဖုများကို ကြည့်ရှုစစ်ဆေးခြင်းဖြင့် ရောဂါရှာဖွေသိရှိနိုင်သည်။ ‌ဆင်ရေယုန်‌ရောဂါ ပိုမိုသေချာစေရန် လူနာ၏အရေပြားပေါ်ရှိ အနာများမှ အရည်များ (သို့မဟုတ်) တစ်ရှူးစနမူနာယူပြီး ဓာတ်ခွဲခန်းသို့ ပို့၍ စစ်ဆေးနိုင်သည်။

ကုသခြင်း

ဆင်ရေယုန်ကို ကုသရာတွင် ရောဂါလက္ခဏာပြင်းထန်မှုနှင့် နောက်ဆက်တွဲပြဿနာများ ဖြစ်‌ပေါ်နိုင်ခြေတို့အပေါ် မူတည်၍ ကုသခြင်းဖြစ်သည်။ ရောဂါလက္ခဏာများ မပြင်းထန်ဘဲ သာမန်မျှသာဖြစ်ပါက သူ့အလိုအလျောက် သက်သာသွားနိုင်သည်။ ဆင်ရေယုန်ကို အပြီးတိုင်ပျောက်ကင်းအောင် ကုသ၍ မရနိုင်သော်လည်း ဗိုင်းရပ်စ်ပိုးသတ်ဆေးများဖြင့် စောစီးစွာ ကုသမှုခံယူပါက အနာကျက်မြန်စေသည့်အပြင် နောက်ဆက်တွဲပြဿနာများ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်သည်။ အနီကွက်များ စတင်ဖြစ်ပေါ်ပြီး (၃) ရက်အတွင်း ဗိုင်းရပ်စ်ပိုးသတ်ဆေး စတင်သောက်သုံးနိုင်ပါက အထိရောက်ဆုံးဖြစ်သည်။ အသုံးပြုနိုင်သော ဗိုင်းရပ်စ်ပိုးသတ်ဆေးများမှာ_

  • Acyclovir
  • Famciclovir
  • Valacyclovir တို့ဖြစ်ကြသည်။

ဆင်ရေယုန်ဖြစ်ပေါ်လျှင် အလွန်ပြင်းထန်သော နာကျင်မှုကို ခံစားရသဖြင့် ‌အောက်ဖော်ပြပါ ဆေးဝါးများဖြင့် ကုသနိုင်သည်။

  • အတက်ကျဆေးများ (anticonvulsants – gabapentin)
  • စိတ်ကျရောဂါကုသဆေးများ (antidepressant – amitriptyline)
  • ထုံ‌ဆေးများ (numbing agents – lidocaine) ကို လိမ်းဆေး၊ ဖျန်းဆေးများအနေဖြင့် အသုံးပြုခြင်း
  • စတီးရွိုက် (corticosteroids) နှင့် ထုံ‌ဆေးများ (local anesthetics) ကို ထိုးဆေးများအနေဖြင့် အသုံးပြုခြင်း
ကာကွယ်ခြင်း

(၂၀၁၇) တွင် အမေရိကန်၏ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနမှ ဆင်ရေယုန် (ခါးပတ်‌ရေယုန်) ကာကွယ်ဆေးကို အသုံးပြုနိုင်ကြောင်း ခွင့်ပြုပေးခဲ့သည် (ရေကျောက်ကာကွယ်ဆေး မဟုတ်ပါ)။ ဆင်ရေယုန်နှင့် နောက်ဆက်တွဲပြဿနာများကို ကာကွယ်နိုင်ရန် အသက် (၅၀) နှင့်အထက် လူကြီးများနှင့် အသက် (၁၉) နှစ်အထက်ဖြစ်ပါက ကိုယ်ခံအားနည်းစေသော ရောဂါအခံရှိသူများတွင် ကာကွယ်ဆေးကို (၂) ကြိမ်ထိုးနှံရန် အကြံပြုထားသည်။ ပထမအကြိမ် ကာကွယ်ဆေးထိုးပြီးနောက် အနည်းဆုံး (၂)လ မှ (၆)လခြား၍ ဒုတိယအကြိမ်ကာကွယ်ဆေးထိုးရန် အကြံပြုထားသည်။

ကာကွယ်ဆေး၏ အာနိသင်သည် ဆင်ရေယုန်ဖြစ်နိုင်မှုကို (၁၀၀%) မကာကွယ်ပေးနိုင်သော်လည်း ရောဂါပြင်းထန်မှုနှင့် နောက်ဆက်တွဲပြဿနာများကို သိသိသာသာ လျှော့ချပေးသည်။

ဆင်ရေယုန်ဖြစ်ပွါးလျှင် အခြားသူများသို့ ရောဂါပိုးကူစက်ခြင်းမှ ကာကွယ်နိုင်ရန် ‌အောက်ဖော်ပြပါနည်းလမ်းများကို လိုက်နာရန် လိုအပ်သည်။

  • အနီကွက်များ၊ ရေကြည်ဖုများကို ဖုံးအုပ်ထားခြင်း
  • အနီကွက်များ၊ ရေကြည်ဖုများကို မကြာခဏ လက်ဖြင့်ထိခြင်း၊ ကုတ်ခြစ်ခြင်းတို့ကို ရှောင်ကြဥ်ခြင်း
  • လက်ကို အနည်းဆုံး စက္ကန့် (၂၀) ကြာအောင် သေချာစွာ ဆေးကြောခြင်း
  • ဆင်ရေယုန်ဖြစ်ပွါးလျှင် ‌ရေကျောက်ရောဂါမဖြစ်ဖူးသော သို့မဟုတ် ရေကျောက်ကာကွယ်ဆေး မထိုးဖူးသော ကိုယ်ဝန်ဆောင်မိခင်များ၊ ပေါင်မပြည့် လမစေ့သော မွေးကင်းစကလေးငယ်များ၊ ကိုယ်ခံအားနည်းသူများနှင့် ထိတွေ့မှု မရှိအောင် ရှောင်ကြဥ်ခြင်း

References:

  1. Mayo Clinic. (n.d.). Shingles – Symptoms and causes. Mayo Clinic. Retrieved July 26, 2025, from https://www.mayoclinic.org/diseases-conditions/shingles/symptoms-causes/syc-20353054
  2. Centers for Disease Control and Prevention. (2025). Shingles vaccination. CDC. Retrieved July 26, 2025, from https://www.cdc.gov/shingles/vaccination.html
  3. Cleveland Clinic. (n.d.). Shingles. Cleveland Clinic. Retrieved July 26, 2025, from https://my.clevelandclinic.org/health/diseases/11036-shingles
  4. National Health Service. (n.d.). Shingles. NHS. Retrieved July 26, 2025, from https://www.nhs.uk/conditions/shingles/

Published: 30 August 2024

Last updated: 19 September 2025



Share

26 July 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.