Eczema (နှင်းခူ)

Eczema (နှင်းခူ)

နှင်းခူသည် အရေပြားခြောက်ခြင်း၊ အက်ကွဲခြင်း၊ အလွန်ယားယံခြင်းနှင့် ရောင်ရမ်းခြင်းများ ဖြစ်စေသော အရေပြားရောဂါဖြစ်သည်။ ကာလအတန်ကြာ သက်သာနေရာမှ ပြန်လည်ထကြွတတ်သည့် နာတာရှည်အရေပြား ရောင်ရမ်းခြင်းမျိုးဖြစ်သည်။ နှင်းခူသည် အသက်အရွယ်မရွေး ဖြစ်ပွါးနိုင်သည်။ နှင်းခူအမျိုးအစား များစွာရှိသည့်အနက် အရေပြားဓာတ်မတည့်မှုကြောင့် ဖြစ်သောနှင်းခူသည် အဖြစ်အများဆုံးဖြစ်သည်။ အထူးသဖြင့် ကလေးငယ်များတွင် အတွေ့ရများသည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

နှင်းခူဖြစ်ပွါးစေသော အကြောင်းရင်း အတိအကျမရှိပါ။ မျိုးဗီဇနှင့် အခြားပတ်ဝန်းကျင်ဆိုင်ရာ အခြေအနေများကြောင့် ဖြစ်ပေါ်စေနိုင်သည်ဟု ယူဆကြသည်။ အရေပြား၏ ရောဂါကာကွယ်နိုင်စွမ်း၊ ရေဓာတ်ထိန်းသိမ်းနိုင်စွမ်း၊ ကိုယ်ခံအားစနစ်၏ သာမန်ထက်ပိုသော တုံ့ပြန်မှု၊ မိသားစုတွင် ဓာတ်မတည့်မှုရှိခြင်း စသောအချက်များနှင့် ဆက်နွယ်မှုကို တွေ့ရသည်။ နှင်းခူရှိသောသူများသည် အချို့သော ပတ်ဝန်းကျင်လှုံ့ဆော်မှုများ (ဥပမာဖုန်မှုန့်များ) နှင့် ထိတွေ့မိပါက ပြန်လည်ထကြွနိုင်သည်။ သို့သော် လူတစ်ဦးနှင့်တစ်ဦး ပြန်လည်ထကြွမှုဖြစ်စေနိုင်သော လှုံ့ဆော်သည့်အရာများ မတူညီနိုင်ပါ။

အဖြစ်များသော လှုံ့ဆော်သည့် အရာများမှာ_

  • အေး၍ ခြောက်သွေ့သော သို့မဟုတ် အလွန်ပူပြင်းသော ရာသီဥတုအခြေအနေ
  • အချို့သော အဝတ်အစား၊ စောင်၊ အိပ်ရာခင်းများ
  • မီးခိုးငွေ့ နှင့် လေထုညစ်ညမ်းခြင်းများ
  • အစားအစာများနှင့် ဓာတ်မတည့်ခြင်း (ဥပမာ _ ကြက်ဥ၊ မြေပဲ)
  • စိတ်ဖိစီးမှုများခြင်း
  • ပတ်ဝန်းကျင်ရှိ ပစ္စည်းများနှင့် ဓာတ်မတည့်ခြင်းများ (ဥပမာ _ ပန်းဝတ်မှုန်၊ တိရစ္ဆာန်အမွှေးများ)
  • အလှကုန်ပစ္စည်း (သို့မဟုတ်) ဆပ်ပြာကဲ့သို့သော အခြားအသုံးအဆောင်များတွင် ပါဝင်သော ဓာတုပစ္စည်းများနှင့် ဓာတ်မတည့်ခြင်းများ စသည်တို့ဖြစ်သည်။
ရောဂါလက္ခဏာများ

အသက်အရွယ်ပေါ်တွင် မူတည်၍ နှင်းခူကို ခန္ဓကိုယ်နေရာအနှံ့အပြားတွင် ပုံသဏ္ဌာန်အမျိုးမျိုး တွေ့ရနိုင်သည်။ ရောဂါပြန်ကြွလျှင် မူလနေရာတွင်သာမက အခြားသောနေရာများတွင်ပါ ဖြစ်ပွါးနိုင်သည်။ အဓိကထင်ရှားသော ဝိသေသလက္ခဏာမှာ အလွန်အမင်းယားယံခြင်းဖြစ်သည်။ ထို့ပြင်_

  • အရေပြားခြောက်၍ အက်ကွဲခြင်း
  • အရည်ကြည်ဖုငယ်များ၊ အနီဖုများဖြစ်ခြင်း
  • အရေပြား နီရဲ၊ ဖောင်းကြွရောင်ရမ်းခြင်း
  • အကြေးခွံကဲ့သို့ အဖတ်များစွာဖြစ်ခြင်း
  • အလွန်ကုတ်ထားသဖြင့် သားရေပြားကဲ့သို့အရေပြားထူခြင်း
  • အနာဖေးအဖတ်များဖြစ်ခြင်း၊ အရည်စိမ့်ထွက်ခြင်းများ တွေ့ရှိရနိုင်သည်။

အသက်တစ်နှစ်အောက် ကလေးများတွင် မွေးပြီး ရက်သတ္တပတ်အနည်းငယ်မှစ၍ ဖြစ်ပွါးနိုင်ပြီး မျက်နှာနှင့် ဦးခေါင်းအရေပြားတွင် တွေ့ရများသည်။ ခြေ၊ လက်၊ လည်ပင်းနှင့် ရင်ဘတ်များတွင်လည်း တွေ့ရနိုင်သည်။ ကလေးကြီးနှင့် ဆယ်ကျော်သက်များတွင် တံကောက်ကွေး၊ တံတောင်ဆစ်အတွင်းပိုင်း၊ လက်ကောက်ဝတ်၊ ခြေကျင်းဝတ်နှင့် လည်ပင်းရှိ အရေပြားအတွန့်အခေါက်များတွင် တွေ့ရပြီး လူကြီးများတွင်မူ မျက်နှာ၊ ဒူး၊ ခြေ၊ လက်များတွင် တွေ့ရသည်။

နောက်ဆက်တွဲပြဿနာများ
  • အရေပြားထူခြင်း၊ အရေပြားအရောင်ပြောင်းခြင်း
  • အရေပြားပိုးဝင်ခြင်း (ဥပမာ _ ရေယုန်ပိုး၊ ဘက်တီးရီးယားပိုးများ)၊ ပိုးဆိပ်ပျံ့ခြင်း (ကလေးငယ်များတွင် ပိုပြင်းထန်နိုင်သည်)
  • ယားယံခြင်းကြောင့် အိပ်စက်မရခြင်း
  • စိတ်ပိုင်းဆိုင်ရာ ပြဿနာများ (ဥပမာ _ စိတ်ဓာတ်ကျခြင်း) (ကလေးကြီးများ၊ ဆယ်ကျော်သက်များတွင် ပိုတွေ့ရသည်)
  • အစာဓာတ်မတည့်ခြင်း
  • ပန်းနာရင်ကျပ် (Bronchial asthma)၊ ပန်းဝတ်မှုန်ကြောင့် နှာချေခြင်း (Hay fever) ဖြစ်ခြင်း
ဆေးရုံ၊ ဆေးခန်းပြသရန်

နှင်းခူဟု သံသယရှိလျှင်၊ နေအိမ်၌ အရေပြားထိန်းသိမ်းမှုများ လုပ်သော်လည်း ယားယံခြင်းနှင့် အရေပြားလက္ခဏာများ မသက်သာလျှင်၊ အရေပြားပိုးဝင်သည်ဟု သံသယဖြစ်လျှင်၊ ဖျားခြင်းနှင့် အခြားလက္ခဏာများ ရှိလာလျှင် မိမိ၏မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန်လိုသည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်းတို့ဖြင့် ရောဂါရှာ‌ဖွေ ကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊​ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။

ရောဂါရှာဖွေခြင်း

ရောဂါရာဇဝင်နှင့် အရေပြားရောဂါလက္ခဏာများကို အခြေခံ၍ ရောဂါသတ်မှတ်နိုင်သည်။ လိုအပ်ပါက ဓာတ်မတည့်ခြင်းဖြစ်စေသော ပစ္စည်းများကို ရှာဖွေစစ်ဆေးခြင်းများ ပြုလုပ်နိုင်သည်။

ကုသခြင်းနှင့် ကာကွယ်ခြင်း

နှင်းခူသည် ကာလရှည်ကြာ ဖြစ်တတ်သော၊ ပြန်၍ထကြွလာတတ်သော ရောဂါဖြစ်သည်။ ရောဂါပြန်ဖြစ်စေမည့် လှုံ့ဆော်မှုများကို ရှောင်ရှားခြင်း၊ နေ့စဉ်အရေပြား ထိန်းသိမ်းစောင့်ရှောက်မှု ပုံမှန်ပြုခြင်း၊ သက်ဆိုင်ရာ ဆရာဝန်များနှင့် စနစ်တကျကုသခြင်းများဖြင့် ရောဂါသက်သာရန်၊ ပြန်မကြွရန် ကုသပေးနိုင်သည်။ ကုသမှုမှာ လများစွာ မှ နှစ်များကြာသည်အထိ အချိန်ယူရနိုင်သည်။ ကုသဆဲကာလတွင်ပင် ရောဂါပြန်ကြွခြင်းများ ကြုံတွေ့နိုင်သည်။ လူတစ်ဦးနှင့်တစ်ဦး ရောဂါပြန်ဖြစ်စေသော အကြောင်းအရာများ မတူညီနိုင်ပေ။ အချိန်ယူစောင့်ကြည့်ရန် လိုအပ်သည်။

အောက်ပါအချက်များကို လိုက်နာဆောင်ရွက်ရမည်။

  • အရေပြားအစိုဓာတ်ထိန်းသိမ်းခြင်း
    အရေပြား အစိုဓာတ်ထိန်းလိမ်းဆေးများကို တစ်ရက်လျှင် အနည်းဆုံး နှစ်ကြိမ် လိမ်းပေးရမည်။ အမွှေးနံ့ မပါသော၊ မိမိနှင့်ကိုက်ညီသော လိမ်းဆေးကို ရွေးချယ်သုံးစွဲရမည်။ နှင်းခူနေရာတွင်သာမက တစ်ကိုယ်လုံးလူးသင့်သည်။ သုံးစွဲပုံ၊ ဆေးဘူးထိန်းသိမ်းပုံတို့ကို သက်ဆိုင်ရာအညွှန်းအတိုင်း လိုက်နာသုံးစွဲရမည်။
  • ရေချိုးခြင်း
    အရေပြားပေါ်ရှိ ပိုးမွှားများ လျော့ကျစေရန် ရေပုံမှန်ချိုးရမည်၊ ရေအေးနှင့်သာ ချိုးရမည်။ ဆပ်ပြာမသုံးသင့်၊ ရေချိုးဆီ (bathing oil) နှင့် ချိုးနိုင်သည်။
  • ရေချိုးပြီးလျှင် အဝတ်နှင့် ညင်သာစွာ တို့၍သုတ်ခြင်း၊ ရေအကုန်အစင်မခြောက်မီ အစိုဓာတ်ထိန်း လိမ်းဆေးများလိမ်းခြင်း စသည်တို့ကိုပြုလုပ်ရမည်
  • သိုးမွှေး၊ နိုင်လွန်စသော အဝတ်အထည်၊ အသုံးအဆောင်များသည် ပွတ်တိုက်မိစေခြင်း၊ အပူချိန်တက်စေခြင်းတို့ကြောင့် မသုံးစွဲသင့်၊ ချည်ထည်များကိုသာ သုံးသင့်သည်
  • ပတ်ဝန်းကျင်ကို အေးမြ၍ စိုထိုင်းမှုအားကောင်းအောင် ထားရမည်၊ အလွန်ပူသောနေရာများကို ရှောင်ကြဉ်ရမည်
  • ယားယံခြင်းအတွက် ဘာမီတွန်ကဲ့သို့ ဟစ်စ်တမင်းဆန့်ကျင်ဆေးများ သုံးစွဲနိုင်သည်
  • အလွန်ယားယံလျှင် ရေဆေးခြင်း၊ ရေအေးဝတ်ကပ်ခြင်းများ ပြုလုပ်ပေးရမည်
  • ချောင်သောအဝတ်အထည်များ ဝတ်ဆင်ရမည်
  • တတ်နိုင်သမျှ မကုတ်ရန် သတိထားရမည်၊ လက်သည်း၊ ခြေသည်းညှပ်ခြင်း၊ ခြေအိတ်၊ လက်အိတ်များ ဝတ်ခြင်းများပြုလုပ်ရမည်။
  • လက်မှတစ်ဆင့် ပိုးဝင်ခြင်းကို ကာကွယ်ရန် မကြာခဏ လက်ဆေးရမည်၊ လက်များတွင် နှင်းခူရှိလျှင် သက်ဆိုင်ရာဆရာဝန်၏ ညွှန်ကြားချက်အတိုင်း လက်သန့်ရှင်း‌ရေး ပြုလုပ်ရမည်
  • ရောဂါပြန်ကြွခြင်းဖြစ်လျှင် ဓာတ်မတည့်သော၊ ရောဂါပြန်ဖြစ်စေသောအရာကို ရှာဖွေဖယ်ရှားရမည်

ရာဝန်နှင့် ပြသသောအခါ စတီးရွိုက်အရောင်ကျဆေး (လိမ်းဆေး၊ သောက်ဆေး)၊ ဆေးပတ်တီးစည်းခြင်း၊ အလင်းကုထုံးများ၊ ကိုယ်ခံအားထိန်းညှိဆေး စသည်တို့ကို ရောဂါလိုအပ်ချက်အလိုက် ကုသမှုများ ပေးနိုင်သည်။
စိတ်ဖိစီးမှုနှင့် နှင်းခူတို့သည် တစ်ခုရှိလျှင် အခြားတစ်ခုသည် အပြန်အလှန် ပိုမိုဆိုးရွားစေနိုင်သဖြင့် လိုအပ်လျှင် သက်ဆိုင်ရာပညာရှင်တို့၏ ကုသမှုကို ခံယူရမည်။

နှင်းခူဖြစ်သော ကလေးအများစုမှာ အချိန်ကာလတစ်ခုအကြာတွင် သက်သာပျောက်ကင်းလေ့ရှိသည်။ သို့သော် ရောဂါပြန်ကြွခြင်းများ ဖြစ်တတ်သဖြင့် (အထူးသဖြင့် လူကြီးများတွင်) အချိန်ယူကာ စောင့်ကြည့်ကုသရန် လိုအပ်သည်။

References:

  1. Clinical Knowledge Summaries. (2023). Atopic eczema. National Institute for Health and Care Excellence. Retrieved June 26, 2025, from https://cks.nice.org.uk/topics/eczema-atopic
  2. Cleveland Clinic. (n.d.). Eczema. Retrieved June 26, 2025, from https://my.clevelandclinic.org/health/diseases/9998-eczema
  3. Mayo Clinic. (n.d.). Atopic dermatitis (eczema): Symptoms & causes. Retrieved June 26, 2025, from https://www.mayoclinic.org/diseases-conditions/atopic-dermatitis-eczema/symptoms-causes/syc-20353273
  4. Royal Children’s Hospital Melbourne. (n.d.). Eczema. Clinical practice guidelines. Retrieved June 26, 2025, from https://www.rch.org.au/clinicalguide/guideline_index/eczema/
  5. WebMD. (n.d.). Atopic dermatitis (eczema). Retrieved June 26, 2025, from https://www.webmd.com/skin-problems-and-treatments/eczema/atopic-dermatitis-eczema

Published: 30 August 2024

Last updated: 25 August 2025

Share

26 June 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.