Enteric fever (အူရောင်ငန်းဖျားရောဂါ)

Enteric fever (အူရောင်ငန်းဖျားရောဂါ)

အူရောင်ငန်းဖျား (သို့မဟုတ်) တိုက်ဖွိုက်ရောဂါ (Enteric fever)သည် ဆယ်လ်မွန်နဲလားတိုင်ဖီ (Salmonella Typhi) နှင့် ဆယ်လ်မွန်နဲလား ပါရာတိုင်ဖီ (Salmonella Paratyphi) ဘက်တီးရီးယားပိုးများကြောင့် ဖြစ်ပွါးသည့်ရောဂါဖြစ်သည်။ အူရောင်ရမ်းခြင်းနှင့် ကိုယ်အပူချိန် (၁၀၃ – ၁၀၄) ဒီဂရီ ဖာရင်ဟိုက်အထိ အဖျားကြီးတတ်သောကြောင့် အူရောင်ငန်းဖျားဟု အမည်တပ်ခေါ်ဆိုခြင်း ဖြစ်သည်။ အူရောင်ငန်းဖျားရောဂါဖြစ်ပွါးလျှင် အသက်အန္တရာယ်ထိခိုက်သည်အထိ ပြင်းထန်နိုင်သောကြောင့် ပဋိဇီဝပိုးသတ်ဆေးများဖြင့် ထိရောက်စွာ ကုသသင့်သည်။

Enteric fever img1
ဖြစ်ပေါ်ရသောအကြောင်းရင်းများ

ရောဂါပိုးရှိသူမှ စွန့်ထုတ်လိုက်သော မစင်နှင့် ဆီးတို့တွင်ပါလာသည့် ဘက်တီးရီးယားပိုးများနှင့် ထိတွေ့ထားသော မသန့်ရှင်းသည့် အစားအသောက်နှင့်ရေတို့ကို စားသောက်မိခြင်းမှတစ်ဆင့် ကူးစက်နိုင်သည်။

  • ထိုမစင်အညစ်အကြေးများနှင့် ထိတွေ့ထားသော ယင်ကောင်၊ ပိုးဟပ် အစရှိသောအင်းဆက်များ နားထားသည့် အစားအသောက်များကို စားမိခြင်း
  • ကျက်အောင် ကောင်းမွန်စွာမချက်ထားသော အစားအစာများနှင့် သစ်သီးများကို အခွံမခွာ၊ ရေမဆေးဘဲ စားခြင်း
  • ရေနှင့် နွားနို့တို့ကို မကျိုချက်ဘဲ သောက်ခြင်း
  • အိမ်သာတက်ပြီး လက်ကို စင်ကြယ်စွာမဆေးခြင်းတို့ကြောင့် ကူးစက်နိုင်သည်။

အဆိုပါ မသန့်ရှင်းသော အစားအသောက်များမှတစ်ဆင့် ဘက်တီးရိးယားပိုးများသည် အူလမ်းကြောင်းအတွင်း‌သို့ရောက်ရှိကာ ရောဂါလက္ခဏာများ ဖြစ်ပေါ် လာသည်။ အူရောင်ငန်းဖျားရောဂါမှာ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် နေထိုင်သူများနှင့် ထိုနိုင်ငံများသို့သွားရောက် လည်ပတ်သူများတွင် အဖြစ်များသည်။
အူရောင်ငန်းဖျားရောဂါသည် ပဋိဇီဝပိုးသတ်ဆေးများဖြင့် ကောင်းစွာကုသမှုခံယူပြီး ရောဂါလက္ခဏာများ သက်သာပျောက်ကင်းသွားသော်လည်း ဘက်တီးရီးယားပိုးများ ခန္ဓာကိုယ်အတွင်းတွင် ဆက်လက်ကျန်ရှိနေနိုင်သည်။ ထိုသို့ ဆက်လက်ကျန်ရှိနေသူများကို ရောဂါပိုးသယ်ဆောင်သူ (chronic carrier) ဟုခေါ်သည်။ ထိုသူများ၏ မစင်များမှတစ်ဆင့်လည်း အခြားသူများကို ကူးစက်နိုင်သည်။

ရောဂါလက္ခဏာများ

ရောဂါပိုးကူးစက်ပြီး (၆)ရက် မှ ရက်ပေါင်း (၃၀) အတွင်း အောက်ပါလက္ခဏာများကို စတင်တွေ့ရှိနိုင်သည်။

  • ဖျားခြင်း (အစပိုင်းတွင် အဖျား‌ငွေ့ငွေ့ မှ တဖြည်းဖြည်း အဖျားကြီးလာခြင်း)
  • ချမ်းစိမ့်စိမ့်ဖြစ်ခြင်း
  • ခေါင်းကိုက်ခြင်း
  • အစားအသောက်ပျက်ခြင်း
  • နုံးခြင်း
  • ချောင်းဆိုးခြင်း
  • ကြွက်သားများနာကျင်ခြင်း
  • ဝမ်းချုပ်ခြင်း (သို့မဟုတ်) ၀မ်းလျှောခြင်း
  • ရင်ဘတ်နှင့် ၀မ်းဗိုက်တွင် အနီစက်များ ထွက်ခြင်း

ထိုလက္ခဏာများ စတင်ဖြစ်ပေါ်၍ တစ်ပတ်ကြာပြီးနောက်တွင်

  • ဗိုက်တစ်ပြင်လုံးနာခြင်း
  • ပျို့အန်ခြင်း
  • မျက်လုံးဝါ၊ အသားဝါခြင်းတို့ကို ဆက်လက်ခံစားရနိုင်သည်။
Enteric fever img2
နောက်ဆက်တွဲပြဿနာများ
  • အူပေါက်ခြင်းနှင့် ထိုမှတစ်ဆင့် တစ်ကိုယ်လုံးသို့ ရောဂါပိုးများပျံ့နှံ့၍ သွေးဆိပ်တက်ခြင်း
  • နှလုံးအတွင်းလွှာနှင့် နှလုံးကြွက်သားရောင်ရမ်းခြင်း၊ နှလုံးအဆို့ရှင်များ‌ ရောင်ရမ်းခြင်း
  • အဆုတ်အတွင်း ပိုးဝင်၍ နမိုးနီးယားအဆုတ်ရောင်ခြင်း
  • ဦးနှောက်ရောင်ခြင်း
  • ကယောင်ကတမ်းဖြစ်ခြင်းတို့ကို ဖြစ်ပေါ် စေနိုင်ပြီး အသက်အန္တရာယ်ရှိသည်အထိ ဆိုးရွားနိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်

အထက်ပါ ရောဂါလက္ခဏာများကို သတိပြုမိပါက မိမိ၏ မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန် လိုအပ်သည်။ မိသားစုဆရာဝန်မှ သင့်တော်သော ပဋိဇီဝပိုးသတ်ဆေးများပေး၍ ကုသပေးနိုင်ပြီး လိုအပ်ပါက သက်ဆိုင်ရာအထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ ​လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။

ရောဂါရှာဖွေခြင်း

လူနာ၏ ရောဂါရာဇဝင်ကို သေချာစွာမေးမြန်းပြီး လူနာအား စမ်းသပ်စစ်ဆေးခြင်းများ ပြုလုပ်ရသည်။ ဆယ်လ်မွန်နဲလား ဘက်တီးရီးယားပိုး၀င်ကြောင်း သိရှိနိုင်ရန် လိုအပ်သော သွေး၊ ဆီး၊ ဝမ်း စစ်ဆေးခြင်း၊ ပိုးမွေးစစ်ဆေးခြင်းတို့ ပြုလုပ်နိုင်သည်။ လိုအပ်ပါက အခြားသောသွေးစစ်ချက်များ ထပ်မံစစ်ဆေးခြင်း၊ ရင်ဘတ်ဓာတ်မှန် (CXR) ရိုက်ခြင်း၊ ၀မ်းဗိုက်ကို ကွန်ပျူတာဓာတ်မှန် (CT scan) ရိုက်ခြင်းတို့ကို ဆက်လက်ပြုလုပ်နိုင်သည်။

ကုသခြင်း
ပဋိဇီဝပိုးသတ်ဆေးများဖြင့် ကုသခြင်း

အူရောင်ငန်းဖျားရောဂါကို စောစီးစွာကုသမှုခံယူလျှင် ပဋိဇီဝပိုးသတ်ဆေး သောက်ဆေးများ (ဥပမာ – cefixime, azithromycin) ကို ဆရာ၀န်ညွှန်ကြားသည့်အတိုင်း ဆေးပတ်လည်အောင် [အနည်းဆုံး (၇)ရက် မှ (၁၄)ရက်] သောက်ပြီး နေအိမ်၌ပင် ကုသမှုခံယူနိုင်သည်။ ရောဂါလက္ခဏာပြင်းထန်ပြီး နောက်ဆက်တွဲပြဿနာများရှိပါက ဆေးရုံတက်၍ ပဋိဇီဝပိုးသတ်ဆေး ထိုးဆေးများဖြင့် ကုသမှုခံယူရန်လိုအပ်သည်။ အူများကိုထိခိုက်၍ အူပေါက်ခြင်းဖြစ်ပေါ်ပါက ခွဲစိတ်ကုသရန် လိုအပ်နိုင်သည်။
ပဋိဇီဝပိုးသတ်ဆေးဖြင့် ကုသမှုခံယူနေသည့် လူနာများတွင် (၃)ရက် မှ (၅)ရက်အထိ ဖျားနေနိုင်သေးသော်လည်း ကိုယ်အပူချိန်သည် တစ်ရက်ထက်တစ်ရက် လျော့နည်းလာမည်ဖြစ်သည်။ ပဋီဇီဝပိုးသတ်ဆေးကုသမှုစတင်ပြီး (၅) ရက်အတွင်း အဖျားမသက်သာပါက လိုအပ်လျှင် ပိုးသတ်ဆေးများပြောင်းလဲကုသရန် သို့မဟုတ် အူလမ်းကြောင်းအပြင် အခြားသောနေရာများတွင် ပိုးဝင်ခြင်း ရှိမရှိကို ရှာဖွေရန် လိုအပ်သဖြင့် ဆရာဝန်များထံသို့ ချက်ချင်းအကြောင်းကြားရန် လိုအပ်သည်။
ပဋီဇီဝပိုးသတ်ဆေးများ‌သောက်သုံးပြီး ရက်အနည်းငယ်အကြာတွင် ရောဂါလက္ခဏာများ စတင်သက်သာလာနိုင်သည်။ အရေးအကြီးဆုံးအချက်မှာ ရောဂါလက္ခဏာသက်သာသည်ကို ရောဂါပျောက်ကင်းသည်ဟု မှတ်ယူပြီး ပဋီဇီဝပိုးသတ်ဆေးများကို ဆရာဝန်ညွှန်ကြားသည့် ရက်ပြည့်အောင် ဆက်မသောက်ဘဲ ရပ်လိုက်ပါက ရောဂါပိုးကို အပြည့်အဝမဖယ်ရှားနိုင်ဘဲ ရောဂါပြန်လည်ဖြစ်ပွါးနိုင်သည်။ ထို့ကြောင့် ခန္ဓာကိုယ်မှ ဘက်တီးရီးယားပိုးများကို အပြီးတိုင်ဖယ်ရှားနိုင်ရန် ရောဂါလက္ခဏာများ သက်သာလာသော်လည်း ပဋီဇီဝပိုးသတ်ဆေးများကို ရက်ပြည့်အောင်သောက်ရန် အလွန်အရေးကြီးသည်။ ရောဂါလက္ခဏာများအပြည့်အဝ ပြန်လည်ကောင်းမွန်နိုင်ရန် အချိန် တစ်ပတ်မှ ဆယ်ရက်ခန့် ကြာနိုင်သည်။
ရောဂါခံစားနေရစဥ် ကောင်းမွန်စွာ အနားယူရန်လိုအပ်ပြီး အရည်များများသောက်ပေးရန်လည်း အရေးကြီးသည်။ အူများရောင်ရမ်းနေသည်ဖြစ်၍ ပျော့ပြောင်းသော အစာများကို ပမာဏနည်းနည်းနှင့် မကြာခဏစားသုံးပေးခြင်းက ပို၍သင့်လျော်သည်။

ရောဂါပြန်လည်ဖြစ်ပွါးခြင်း (relapse)

ဆေးကုသမှု ခံယူပြီးသူများ၏ (၁၀) ရာခိုင်နှုန်းခန့်သည် ရောဂါလက္ခဏာများ သက်သာပြီးနောက် (၁)ပတ် မှ (၃)ပတ်အကြာတွင် ‌ရောဂါပြန်လည်ဖြစ်ပွါးခြင်း ဖြစ်ပေါ်နိုင်ပြီး ထိုသူများသည် ပဋိဇီဝပိုးသတ်ဆေးများဖြင့် ထပ်မံကုသမှုခံယူရန် လိုအပ်သည်။

နာတာရှည်ရောဂါပိုး သယ်ဆောင်ခြင်း (chronic carriage)

ဆေးကုသမှုခံယူပြီးသူများ၏ (၁)ရာခိုင်နှုန်း မှ (၄)ရာခိုင်နှုန်းခန့်သည် ရောဂါလက္ခဏာမပြသော နာတာရှည် ရောဂါပိုးသယ်ဆောင်သူများ ဖြစ်လာနိုင်သည်။ နာတာရှည် ရောဂါပိုး သယ်ဆောင်သူဆိုသည်မှာ ပထမအကြိမ် ရောဂါပိုး ကူးစက်ခံရပြီးနောက် (၁၂) လနှင့်အထက် ခန္ဓာကိုယ်ထဲတွင် ဘက်တီးရီးယားပိုး ရှိနေသော်လည်း ‌ရောဂါလက္ခဏာမပြသောသူကို ဆိုလိုသည်။ထိုသူများတွင် ရောဂါပိုးကို အပြီးတိုင်ရှင်းထုတ်နိုင်ရန် ပဋီဇီဝပိုးသတ်ဆေးများကို ရက်ရှည်သောက်သုံး၍ ကုသမှုခံယူရန်လိုအပ်သည်။

ကာကွယ်ခြင်း
  1. ကာကွယ်ဆေး
    အူရောင်ငန်းဖျားရောဂါ ကာကွယ်နိုင်ရန် ကာကွယ်ဆေးများကို ထိုးဆေး (သို့မဟုတ်) သောက်ဆေးအနေဖြင့် ထုတ်လုပ်ထားသည်။ ထိုးဆေးကို အသုံးပြုလျှင် တစ်ကြိမ်သာထိုးရန်လိုအပ်ပြီး သောက်ဆေးကို အသုံးပြုမည်ဆိုပါက တစ်ရက်ခြား ဆေးတစ်လုံးသောက်၍ စုစုပေါင်း (၃) လုံးသောက်ရန် လိုအပ်သည်။ ကာကွယ်ဆေးထိုးဆေးကို အသက် (၂) နှစ်နှင့် အထက်တွင် စတင်ထိုးနှံနိုင်ပြီး သောက်ဆေးများကို အသက် (၆) နှစ်နှင့် အထက်တွင် စတင်သောက်သုံးနိုင်သည်။ အူ‌ရောင်ငန်းဖျားရောဂါ အဖြစ်များသော နေရာဒေသများသို့ ခရီးသွားရန်ရှိပါက မသွားခင် အနည်းဆုံး တစ်လခန့်ကြို၍ ကာကွယ်ဆေး ထိုးထား၊ သောက်ထားသင့်သည်။ ကာကွယ်ဆေးများသည် အချိန်ကြာလာလျှင် အာနိသင်လျော့နည်းလာသဖြင့် ‌ရောဂါကူးစက်နိုင်ခြေမြင့်မားသည့် အခြေအနေများ ဆက်လက်ရှိနေပါက (၃) နှစ်လျှင် တစ်ကြိမ် ကာကွယ်ဆေးထပ်မံထိုးပေး၊ တိုက်ပေးနိုင်သည်။ သို့သော် ကာကွယ်ဆေးများသည် ရောဂါကို (၁၀၀) ရာခိုင်နှုန်း မကာကွယ်နိုင်သဖြင့် အောက်ဖော်ပြပါ နည်းလမ်းများကိုလည်း လိုက်နာရန် လိုအပ်သည်။
  2. လက်ဆေးခြင်း
    • အစာမစားမီနှင့် အိမ်သာအသုံးပြုပြီးလျှင် လက်ကို ဆပ်ပြာ၊ ရေတို့ဖြင့် အနည်းဆုံး စက္ကန့် (၃၀) ကြာအောင် စနစ်တကျ စင်ကြယ်စွာ ဆေးကြောပါ
    • အစားအစာချက်ပြုတ်သူများအနေဖြင့် အစားအစာများမကိုင်ခင် လက်ကို ဆပ်ပြာဖြင့် စနစ်တကျ သေချာစွာ ဆေးကြောပါ
    • ဆပ်ပြာနှင့်ရေ အလွယ်တကူ မရနိုင်သောနေရာများတွင် အရက်ပြန်ပါသော လက်သန့်ဆေးရည်ဖြင့် ဆေးကြောရန် လိုအပ်သည်
  3. အစားအသောက်
    • သန့်ရှင်းသော အစားအစာနှင့် သောက်ရေသန့်ကိုသာ သောက်သုံးပါ
    • အစားအစာများကို ကျက်အောင်ချက်ပြုတ်၍ စားသောက်ပါ၊ ဟင်းသီးဟင်းရွက်နှင့် အသားငါးများကို အစိမ်းစားခြင်းမှ ရှောင်ကြဥ်ပါ၊ အသီးအနှံများကို စင်ကြယ်အောင် ဆေးကြော၍ အခွံခွာပြီး စားသောက်ပါ
    • အစားအစာများကို လတ်လတ်ဆတ်ဆတ် ပူပူနွေးနွေး စားသုံးခြင်းဖြင့် ‌ရောဂါပိုး၀င်ခြင်းမှ ကာကွယ်နိုင်သည်
  4. အခြားသူများသို့ ကူးစက်ခြင်းမှ ကာကွယ်ခြင်း
    • အူရောင်ငန်းဖျား‌ရောဂါဖြစ်လျှင် ပဋီဇီဝပိုးသတ်ဆေးများဖြင့် စောစီးစွာ ထိရောက်သော ကုသမှုခံယူပါ
    • အစာမစားမီနှင့် အိမ်သာအသုံးပြုပြီးနောက် လက်ကို ဆပ်ပြာ၊ ရေတို့နှင့် အနည်းဆုံး စက္ကန့် (၃၀) ကြာအောင် ဆေးကြောပါ
    • ရောဂါကုသမှုပြီးဆုံး၍ ရောဂါလက္ခဏာများ သက်သာပျောက်ကင်းသည်အထိ အခြားသူများအတွက် အစားအသောက် ပြင်ဆင်ခြင်း၊ ချက်ပြုတ်ပေးခြင်းမှ ရှောင်ကြဥ်ပါ

References:

  1. Mayo Clinic. (n.d.). Typhoid fever: Symptoms and causes. Retrieved July 2, 2025, from https://www.mayoclinic.org/diseases-conditions/typhoid-fever/symptoms-causes/syc-20378661
  2. Cleveland Clinic. (n.d.). Typhoid fever. Retrieved July 2, 2025, from https://my.clevelandclinic.org/health/diseases/17730-typhoid-fever
  3. Centers for Disease Control and Prevention. (2024). Typhoid and paratyphoid fever. In CDC Yellow Book: Health Information for International Travel. Retrieved July 2, 2025, from https://www.cdc.gov/yellow-book/hcp/travel-associated-infections-diseases/typhoid-and-paratyphoid-fever.html
  4. National Health Service (NHS). (n.d.). Typhoid fever. Retrieved July 2, 2025, from https://www.nhs.uk/conditions/typhoid-fever/

Published: 30 August 2024

Last updated: 1 July 2025

Share

26 June 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.