ဆုံဆို့နာရောဂါဆိုသည်မှာ ကလေးများတွင်အဖြစ်များပြီး ပြင်းထန်သောအသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါတစ်မျိုးဖြစ်သည်။ ကာကွယ်ဆေးဖြင့် ကာကွယ်နိုင်သော ရောဂါမျိုးလည်းဖြစ်သည်။ အသက် (၅) နှစ်အောက်ကလေးများတွင် အဖြစ်များပြီး ကာကွယ်ဆေး မထိုးရသေးသူများတွင် ပိုမိုပြင်းထန်တတ်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
ဆုံဆို့နာရောဂါသည် (Corynebacterium diphtheriae) ဟုခေါ်သော ဘက်တီးရီးယားပိုးတစ်မျိုးကြောင့် ဖြစ်ပွါးသည်။ အဆိုပါပိုးမှ ထုတ်လွှတ်သော အဆိပ်ဓာတ် (Toxin) သည် ခန္ဓာကိုယ်အနှံ့ ရောက်ရှိပျံ့နှံ့ကာ ရောဂါလက္ခဏာများ ဖြစ်ပေါ်စေသည်။
ဆုံဆို့နာရောဂါပိုးရှိသူ ကလေးငယ်များ နှာချေ၊ ချောင်းဆိုးရာမှ ထွက်လာသော အမှုန်အမွှားများ လေထုထဲသို့ပျံ့နှံ့ပြီး အခြားသူထံသို့ အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ကူးစက်နိုင်သည်။ ရောဂါပိုးရှိသူ၏ အ၀တ်အထည် (သို့မဟုတ်) အသုံးအဆောင်ပစ္စည်းများကို ကိုင်တွယ်မိရာမှလည်း ကူးစက်နိုင်သည်။
ရောဂါလက္ခဏာများ
ဆုံဆို့နာ ဘက်တီးရီးယားပိုးသည် ခန္ဓာကိုယ်ထဲ ၀င်ရောက်ပြီးနောက် (၂)ရက် မှ (၅)ရက်အတွင်း ရောဂါလက္ခဏာများ စတင်ဖြစ်ပေါ်လာတတ်သည်။ ဆုံဆို့နာရောဂါတွင် အသက်ရှူလမ်းကြောင်းတွင်ဖြစ်သော ဆုံဆို့နာနှင့် အရေပြားတွင်ဖြစ်သော ဆုံဆို့နာဟူ၍ရှိသည်။
အသက်ရှူလမ်းကြောင်းတွင်ဖြစ်သော ဆုံဆို့နာလက္ခဏာများမှာ_
- အဖျားကြီးခြင်း
- ချောင်းဆိုးခြင်း
- လည်ပင်းနာခြင်း
- မအီမသာ ဖြစ်ခြင်း
- လည်ပင်း ပြန်ရည်ကြောအကျိတ်များ ရောင်ရမ်းခြင်း
- အသက်ရှူသံ တရွှီရွှီ မြည်ခြင်း
- အာခေါင်နောက်ဘက်တွင် အဖြူရောင် (သို့မဟုတ်) အဝါရောင် အမြှေးပါးဖြစ်ပေါ်လာခြင်းစသည်တို့ ဖြစ်နိုင်သည်။
အရေပြားဆုံဆို့နာလက္ခဏာများမှာ_
- အရေပြားနီခြင်း၊ ရောင်ရမ်းခြင်း
- အရေပြားလန်ခြင်း
- အနာဖြစ်ခြင်း တို့ဖြစ်သည်။ အရေပြားဆုံဆို့နာသည် အနာကျက်နှေးတတ်သော်လည်း အသက်အန္တရာယ်မရှိနိုင်ပါ။
နောက်ဆက်တွဲပြဿနာများ
အသက်ရှူလမ်းကြောင်းတွင်ဖြစ်သောဆုံဆို့နာသည် အာခေါင်နောက်ဘက်တွင် ဖြစ်ပေါ်လာသော အမြှေးပါးကြောင့် အသက်ရှူရခက်ခဲခြင်း၊ အစာမျိုရခက်ခြင်းနှင့် နောက်ဆုံးအသက်ဆုံးရှုံးရခြင်းအထိ ဖြစ်နိုင်သည်။
ထို့ပြင် ဆုံဆို့နာပိုးမှ ထုတ်လွှတ်သော အဆိပ်ဓာတ် (Toxin) ကြောင့် ကိုယ်တွင်းအင်္ဂါများ ထိခိုက်ပျက်စီးမှု ပြင်းထန်၍ အသက်အန္တရာယ် ထိခိုက်စေနိုင်သော နောက်ဆက်တွဲပြဿနာများစွာရှိသည်။ ဥပမာအားဖြင့်_
- နှလုံးကြွက်သားများ ရောင်ရမ်းခြင်း
- ကျောက်ကပ် ပျက်စီးခြင်း
- အာရုံကြောများ ပျက်စီးခြင်း စသည်တို့ဖြစ်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
အထက်ပါအခြေအနေများသည် အရေးပေါ်အခြေအနေဖြစ်နိုင်ပြီး အသက်အန္တရာယ်ရှိနိုင်သဖြင့် အရေးပေါ်ဆေးကုသမှု (သို့မဟုတ်) ခွဲစိတ်ကုသမှုများလိုအပ်နိုင်သောကြောင့် ဆေးရုံအရေးပေါ်ဌာနများသို့ အချိန်မီပြသကုသမှု ခံယူရန်လိုသည်။
ဆုံဆို့နာရောဂါသည် ပြည်သူ့ကျန်းမာရေးပြဿနာဖြစ်သဖြင့် ရောဂါဖြစ်ပွါးနေသည်ဟု သံသယရှိပါက သက်ဆိုင်ရာ ပြည်သူ့ကျန်းမာရေးဌာနကို ချက်ချင်းအကြောင်းကြားရန် လိုအပ်သည်။
ရောဂါရှာဖွေခြင်း
ဆုံဆို့နာရောဂါဖြစ်သူနှင့် ထိတွေ့မှုရာဇဝင်နှင့် ရောဂါလက္ခဏာများအရ ဆုံဆို့နာရောဂါဖြစ်ကြောင်း သိသာနိုင်သည်။ အသေးစိတ် တိတိကျကျ စစ်ဆေးသိရှိလိုပါက အာခေါင်ရှိ အမြှေးပါးတို့ဖတ်နမူနာယူ၍ စစ်ဆေးသိရှိနိုင်သည်။
ကုသခြင်း
ဆုံဆို့နာရောဂါသည် အသက်သေဆုံးသည်အထိ အန္တရာယ်ရှိနိုင်သော အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ ဖြစ်သောကြောင့် ဆေးရုံအရေးပေါ်ဌာနများသို့ အချိန်မီပြသ ကုသမှုခံယူရန်လိုသည်။
ပဋိဇီဝပိုးသတ်ဆေးများ၊ အဆိပ်ဓာတ်များကို ချေဖျက်ပေးသောဆေးများနှင့် စောစီးစွာ ကုသမှုခံယူရမည်။ ကုသမှု အချိန်မီမရရှိပါက အသက်အန္တရာယ်ရှိသည့်အပြင် နောက်ဆက်တွဲပြဿနာများ ဖြစ်သော အသက်ရှူလမ်းကြောင်း ပိတ်ဆို့သွားခြင်းကြောင့် လည်ပင်းလေပြွန်တွင် အရေးပေါ် အသက်ရှူပေါက် ဖောက်ရခြင်း၊ နှလုံးကြွက်သားရောင်ခြင်းကြောင့် နှလုံးဆေးများ သွင်းရခြင်း၊ ကျောက်ကပ်ပျက်စီးခြင်းကြောင့် အရေးပေါ် ကျောက်ကပ်ဆေးရခြင်းစသည့် ခက်ခဲသော ဆေးကုသမှုများ ပြုလုပ်ရသည်အထိ ဖြစ်တတ်သည်။
ကာကွယ်ခြင်း
ဆုံဆို့နာရောဂါကာကွယ်ရန်အတွက် အထိရောက်ဆုံးကာကွယ်ခြင်းမှာ ကာကွယ်ဆေးထိုးခြင်းပင်ဖြစ်သည်။
ကလေးငယ်တိုင်းအား ဆုံဆို့နာပိုးအပါအဝင် ရောဂါပိုးငါးမျိုး ကာကွယ်ပေးသော ငါးမျိုးစပ်ကာကွယ်ဆေးကို အသက် (၂) လ၊ (၄) လ၊ (၆) လတွင် တစ်ကြိမ်စီ၊ တစ်နှစ်ခွဲတွင် တစ်ကြိမ်၊ (၄)နှစ် မှ (၆)နှစ်ကြားတွင် တစ်ကြိမ်၊ စုစုပေါင်း (၅) ကြိမ် ထိုးပေးခြင်းအားဖြင့် (၉၈) ရာခိုင်နှုန်းအထိ ထိရောက်သောကာကွယ်မှုရရှိမည်ဖြစ်သည်။
ထို့အပြင် ဆုံဆို့နာရောဂါ ခံစားနေရသောကလေးမှ အခြားသူများသို့ ကူးစက်နိုင်ခြေ မြင့်မားသောကြောင့် အတူနေထိုင်သော အိမ်သားများ၊ တခြားထိတွေ့မှုရှိသူများကို ကြိုတင်ကာကွယ်သည့်အနေဖြင့် ပဋိဇီဝပိုးသတ်ဆေးများ တိုက်ခြင်း၊ ရောဂါရှိသူနှင့် စတင်ထိတွေ့ချိန်မှ အနည်းဆုံး (၇) ရက်ထိ ရောဂါလက္ခဏာများကို အနီးကပ်စောင့်ကြည့်ခြင်းတို့ကို ပြုလုပ်သင့်သည်။
အထူးသဖြင့် ကလေးများ စုဝေးနေထိုင်တတ်သော ကျောင်းများ၊ မိဘမဲ့ဂေဟာများ၊ ဘုန်းကြီးကျောင်း နှင့် မယ်သီလရှင်ကျောင်းများတွင် ကလေးတစ်ဦး ဆုံဆို့နာရောဂါဖြစ်ပါက ဖြစ်ဖြစ်ချင်း စောစီးစွာ ကုသမှုခံယူရန် အရေးကြီးသည်။
References:
- Centers for Disease Control and Prevention. (n.d.). Diphtheria. Retrieved June 21, 2025, from https://www.cdc.gov/diphtheria/index.html
- World Health Organization. (2023). Diphtheria. Retrieved June 21, 2025, from https://www.who.int/health-topics/diphtheria
- Cleveland Clinic. (2024). Diphtheria. Retrieved June 21, 2025, from https://my.clevelandclinic.org/health/diseases/17870-diphtheria
- Admin, MPA. (2019). Paediatric protocols for Malaysian hospitals (4th ed.). [Updated]. Ministry of Health Malaysia.
Published: 30 August 2024
Last updated: 1 October 2025
Share
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.