သွေးလွန်တုပ်ကွေးရောဂါ (Dengue fever) သည် ခြင်ကိုက်ခံရခြင်းမှတစ်ဆင့် ကူးစက်သောရောဂါဖြစ်သည်။ ရောဂါပြင်းထန်ပါက သွေးထွက်ခြင်း (Dengue Hemorrhagic Fever)၊ သွေးလန့်ခြင်း (Shock) နှင့် သေဆုံးခြင်းတို့ကို ဖြစ်စေနိုင်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်း
သွေးလွန်တုပ်ကွေးရောဂါသည် သွေးလွန်တုပ်ကွေးဗိုင်းရပ်စ်ပိုး (Dengue Virus) ကြောင့်ဖြစ်ပွါးသည်။ သွေးလွန်တုပ်ကွေး ဗိုင်းရပ်စ်အမျိုးအစား (၄)မျိုးရှိသည်။ ၎င်းဗိုင်းရပ်စ်အမျိုးအစားတစ်မျိုး ကူးစက်ခံပြီးသော်လည်း အခြားတစ်မျိုး ထပ်မံကူးစက်နိုင်သည်။ ထို့ကြောင့် လူတစ်ဦးသည် တစ်သက်တာတွင် သွေးလွန်တုပ်ကွေး တစ်ကြိမ်ထက်ပို၍ ဖြစ်နိုင်သည်။ သွေးလွန်တုပ်ကွေးရောဂါသည် အဆိုပါဗိုင်းရပ်စ်ပိုးကို သယ်ဆောင်သည့် ခြင်ကျား (Aedes aegypti) ကိုက်ခံရခြင်းကြောင့် ကူးစက်ခြင်းဖြစ်သည်။ ခြင်ကျားသည် ရေကြည်ရေသန့်တွင် ပေါက်ဖွားလေ့ရှိပြီး နေ့ခင်းဖက်တွင် အဓိကအကိုက်ခံရလေ့ရှိသည်။
သွေးလွန်တုပ်ကွေး ရောဂါပိုးရှိသူတစ်ဦးသည် ရောဂါလက္ခဏာမစတင်မီ (၂) ရက်မှ အဖျားပျောက်ကင်းပြီး (၂) ရက်အတွင်း ခြင်ကိုက်ခံရလျှင် ထိုခြင်ဆီသို့ရောဂါပိုးဝင်ရောက်သွားသည်။ ၎င်းခြင်ကိုက်ခံရခြင်းမှတစ်ဆင့် အခြားသူများသို့ ရောဂါပြန့်ပွါးစေနိုင်သည်။ ရောဂါပိုးကူးစက်ခံရပြီး ရောဂါလက္ခဏာ မပြသောသူများသည်လည်း ဤနည်းဖြင့် ရောဂါကူးစက်စေနိုင်သည်။
သွေးလွန်တုပ်ကွေးရောဂါသည် တစ်နှစ်ပတ်လုံး ဖြစ်ပွါးနိုင်ပြီး မိုးရာသီတွင် အဖြစ်အများဆုံးဖြစ်သည်။ အသက်အရွယ်မရွေး၊ ကျားမ မရွေး၊ တောရောမြို့ပါ ဖြစ်ပွါးတတ်သည်။ အသက် (၁၅)နှစ်အောက် အရွယ်များတွင် အများဆုံး ဖြစ်ပွါးတတ်သည်။
ရောဂါလက္ခဏာများ
သွေးလွန်တုပ်ကွေး ဗိုင်းရပ်စ်ပိုးဝင်သူတိုင်း သွေးလွန်တုပ်ကွေးရောဂါ၏ လက္ခဏာများကို မခံစားရနိုင်ပါ။ အချို့မှာ ရောဂါကူးစက်ခံရသော်လည်း မည်သည့်ရောဂါလက္ခဏာမျှ မပြသသည်လည်းရှိသည်။ များသောအားဖြင့် သွေးလွန်တုပ်ကွေးရောဂါပိုးရှိသော ခြင်ကိုက်ခံရပြီးနောက် (၄)ရက် မှ (၁၀)ရက်အတွင်း ရောဂါလက္ခဏာ စတင်ပြသလေ့ရှိသည်။
သွေးလွန်တုပ်ကွေးလက္ခဏာများကို
- သာမန်သွေးလွန်တုပ်ကွေးလက္ခဏာများ
- အန္တရာယ် သတိပေးလက္ခဏာများနှင့်
- ပြင်းထန်သွေးလွန်တုပ်ကွေးလက္ခဏာများဟူ၍ သုံးမျိုးခွဲခြားနိုင်သည်။
သာမန်သွေးလွန်တုပ်ကွေး ရောဂါလက္ခဏာများ
အဖြစ်များသော ရောဂါလက္ခဏာများမှာ_
- အဖျားကြီး၊ ကိုယ်ပူတက်ခြင်း (ကိုယ်အပူချိန် (၁၀၄) ဒီဂရီဖာရင်ဟိုက်အထိ ရှိတတ်သည်)
- ခေါင်းကိုက်ခြင်း
- အစားအသောက်ပျက်ခြင်း၊ အစာစားချင်စိတ် မရှိခြင်း
- ကြွက်သား၊ အရိုး (သို့မဟုတ်) အဆစ်များ နာကျင်ခြင်း
- ပျို့ခြင်း၊ အန်ခြင်း
- မျက်လုံးအတွင်းပိုင်းမှ နာကျင်ခြင်း၊ မျက်လုံးကိုက်ခြင်း
- အကျိတ်များ ရောင်ရမ်းခြင်း
- အရေပြားတွင် အစက်အပြောက်များ ပေါ်လာခြင်း
- အဖုအပိန့်များထွက်ခြင်း စသည်တို့ဖြစ်သည်။
လူကြီးများတွင် ခေါင်းကိုက်ခြင်း၊ တစ်ကိုယ်လုံး ကိုက်ခဲနာကျင်ခြင်း၊ သွားဖုံး သွေးလျှံခြင်း စသည့်လက္ခဏာတို့ အတွေ့ရများသည်။ ကလေးများကဲ့သို့ ချောင်းဆိုးခြင်း၊ ဗိုက်နာခြင်း၊ အန်ခြင်း၊ အနီစက်ပေါ်ခြင်း၊ နှာခေါင်းသွေးလျှံခြင်း စသည့်လက္ခဏာများ တွေ့ရနည်းသည်။
လူနာအများစုသည် (၁) ပတ်ခန့်အတွင်း ပြန်လည်ကောင်းမွန်လာကြလေ့ရှိသည်။ သို့သော်လည်း အချို့သော လူနာများတွင်မူ ရောဂါလက္ခဏာများ ပိုဆိုးလာပြီး အန္တရာယ်သတိပေး လက္ခဏာများနှင့် ပြင်းထန်သွေးလွန်တုပ်ကွေး လက္ခဏာများ ပေါ်လာနိုင်သည်။ အသက်အန္တရာယ်ရှိသည်အထိ ဖြစ်လာနိုင်သည်။
အန္တရာယ်သတိပေး လက္ခဏာများ (Warning Signs)
စတင်ဖျားပြီး (၃)ရက် မှ (၅)ရက်ခန့်တွင် အောက်ပါသတိပေးလက္ခဏာများကို သတိထားရမည်။
သွေးလန့်ခြင်း အကြိုအဆင့်
- သွေးပေါင်ချိန်ကျခြင်း
- ကိုယ်ပူချိန်ကျခြင်း၊ ခြေလက်များ အေးခြင်း
- အဖျားကျသော်လည်း လူမလန်းဘဲ နုံးချည့်ခြင်း
- အဆက်မပြတ်အန်ခြင်း
- ရုတ်တရက် ပြင်းထန်စွာ ဗိုက်နာခြင်း
- အသက်ရှူရခက်ခဲခြင်း သို့မဟုတ် မြန်ခြင်း
- နှလုံးခုန်နှုန်းမြန်ခြင်း၊ သွေးခုန်နှုန်းမြန်ခြင်း
- အလွန်ပင်ပန်းနွမ်းနယ်ခြင်း၊ အားနည်းခြင်း
- အလွန်အမင်း မှိန်းခြင်း
- ဂနာမငြိမ်ဖြစ်ခြင်း
သွေးယိုစိမ့်မှုအဆင့်
- အစာအိမ်၊ အူလမ်းကြောင်းအတွင်း သွေးယိုစီးမှုကြောင့် အညိုရောင်၊ ကော်ဖီမှုန့်အရောင် အဖတ်အမျှင်များ အန်ခြင်း
- ဆီး၊ ဝမ်း (သို့မဟုတ်) အော့အန်ရာတွင် သွေးပါခြင်း
- သွားဖုံး (သို့မဟုတ်) နှာခေါင်းမှ သွေးထွက်ခြင်း
- အရေပြားအောက်မှ သွေးထွက်ခြင်း၊ အနီစက်များပေါ်ခြင်း
- အရေပြားတွင် အကွက်များပေါ်ခြင်း
ဤအဆင့်တွင် နီးစပ်ရာ အရေးပေါ်ကုသရေးဌာနသို့ အမြန်ဆုံးပို့ဆောင်၍ ကုသမှု ခံယူရမည်။ ပြင်းထန်သော သွေးလွန်တုပ်ကွေးအဆင့်သို့ ရောက်ရှိသွားပါက အသက်အန္တရာယ်အတွက် အလွန်စိုးရိမ်ရသောအခြေအနေ ဖြစ်သွားနိုင်သည်။
ပြင်းထန်သွေးလွန်တုပ်ကွေး လက္ခဏာများ
သွေးလွန်တုပ်ကွေးရောဂါ သွေးလန့်ခြင်း (Dengue Shock Syndrome – DSS) သည် ပြင်းထန်သွေးလွန်တုပ်ကွေး၏ အန္တရာယ်အရှိဆုံး လက္ခဏာဖြစ်သည်။ သွေးလွန်တုပ်ကွေးရောဂါ သွေးလန့်ခြင်းအဆင့်တွင် အောက်ပါလက္ခဏာများကို တွေ့ရသည်။
- သွေးပေါင်ချိန်ကျခြင်း၊ သွေးခုန်နှုန်းမြန်ခြင်း
- ခြေလက်များ အလွန်အမင်းအေးစက်ခြင်း၊ မှိန်းခြင်း
- ပြင်းထန်သော ခန္ဓာကိုယ်တွင်းသွေးယိုစိမ့်ခြင်း
- အသည်းအင်ဇိုင်းများ မြင့်မားခြင်း၊ ရုတ်တရက် အသည်းလုပ်ငန်း ပျက်စီးခြင်း၊ နှလုံးရောင်ခြင်း၊ သည်းခြေအိတ်ရောင်ခြင်းကဲ့သို့ ပြင်းထန်သော ကိုယ်တွင်းအင်္ဂါများရောင်ရမ်းမှုတို့ကို ခံစားရကာ အသက်ဆုံးရှုံးတတ်သည်။
နောက်ဆက်တွဲပြဿနာများ
သွေးလွန်တုပ်ကွေးဖြစ်ပွားနေချိန် တစ်ပတ်ခန့်အတွင်း၌သာ အထက်ပါ အန္တရာယ်လက္ခဏာများ ခံစားရနိုင်ပြီး နောက်ပိုင်းတွင် နာတာရှည်ပြဿနာများ ခံစားရလေ့မရှိပါ။
ဆေးရုံ၊ ဆေးခန်းပြသရန်
သွေးလွန်တုပ်ကွေးရောဂါသည် မပေါ့ဆသင့်သော ရောဂါတစ်ခုဖြစ်သည်။ သုံးရက်ဆက်တိုက်ဖျားနေသူများ အထူးသဖြင့် အဖျားကြီးပြီး ပျို့အန်နေသူများတွင် အခြားသော ဖျားရခြင်းအကြောင်းရင်းကို ရှာဖွေမတွေ့ရှိပါက သွေးလွန်တုပ်ကွေးရောဂါကို သံသယဖြစ်သင့်သည်။ မိသားစုဆရာဝန်နှင့် တိုင်ပင်ပြသသင့်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။
ပြင်းထန်သွေးလွန်တုပ်ကွေးရောဂါဟု ယူဆပါက ဆေးရုံတက်၍ ဆေးကုသမှု ချက်ချင်းခံယူရန် လိုအပ်သည်။ သွားလာရေးခက်ခဲသည့်ဒေသများတွင် နေထိုင်သူများ၊ ဆေးရုံဆေးခန်းနှင့် အလှမ်းဝေးသည့်ဒေသတွင် နေထိုင်သူများအနေနှင့် ဆောလျင်စွာ ဆေးရုံတက်၍ ကုသမှု ခံယူသင့်သည်။
ရောဂါရှာဖွေခြင်း
သက်ဆိုင်ရာဆရာဝန်မှ ရောဂါရာဇဝင် (အထူးသဖြင့် ယခင်သွေးလွန်တုပ်ကွေးဖြစ်ဖူးခြင်း၊ အဖျားရက်ကာလ၊ အခြားလက္ခဏာများ) မေးမြန်းခြင်း၊ စမ်းသပ်ခြင်း (ဥပမာ_အသည်းကြီးခြင်း၊ သွေးထွက်ခြင်း၊ ပြင်းထန်သွေးလွန်တုပ်ကွေး လက္ခဏာများ ရှိမရှိ ရှာဖွေစစ်ဆေးခြင်း စသည်တို့ကို) ပြုလုပ်လေ့ရှိသည်။ ထို့နောက် သွေးလွန်တုပ်ကွေးဖြစ်နိုင်ခြေ ရှိမရှိ Hess test ကိုပြုလုပ်မည်။ အခြား သိသာထင်ရှားသော အကြောင်းရင်းခံမရှိဘဲ (၃) ရက်ထက်ကျော်၍ ဖျားလျှင်လည်း Hess test ပြုလုပ်လေ့ရှိသည်။
Hess test ဆိုသည်မှာ သွေးပေါင်ချိန်တိုင်းကိရိယာဖြင့် သွေးပေါင်ချိန်တိုင်းသကဲ့သို့ လက်မောင်းတွင် (၅) မိနစ်ခန့် ဖိအားပေးစမ်းသပ်ပြီး လက်ဖျံတွင် အနီစက်များမည်မျှပေါ်လာခြင်းကို စစ်ဆေးခြင်းဖြစ်သည်။ ထိုနည်းကို အဖျား (၃)ရက် မှ (၇)ရက်အတွင်း တိုင်းတာလျှင် မှန်ကန်နိုင်သည်။
သွေးစစ်လျှင် သွေးဥမွှား (Platelet) ပမာဏနည်းနေမည်။ သွေးလွန်တုပ်ကွေးရောဂါ ရှိမရှိ ပိုမိုသေချာစေရန် လူနာ၏ သွေးတွင် သွေးလွန်တုပ်ကွေး ပဋိလှုံ့ပစ္စည်း NS1 antigen ကို ELISA နည်းဖြင့် စစ်ဆေးခြင်း၊ သွေးလွန်တုပ်ကွေး ဗိုင်းရပ်စ် RNA ကို NAAT နည်းဖြင့် စစ်ခြင်း၊ Dengue IgG, IgM ကို စစ်ခြင်းတို့ ပြုလုပ်နိုင်သည်။ ရောဂါအခြေအနေပေါ် မူတည်၍ အသည်းလုပ်ဆောင်မှု၊ သွေးခဲနှုန်း စစ်ဆေးခြင်း၊ သွေးသွင်းရန်လိုအပ်ပါက သွေးအုပ်စုစစ်ဆေးခြင်းတို့ကို ပြုလုပ်နိုင်သည်။
ကုသခြင်း
သွေးလွန်တုပ်ကွေးရောဂါအတွက် သီးသန့်ဆေးဖြင့် ကုသမှုမရှိပါ။ အရည်များများ သောက်ခြင်း၊ အိပ်ရေးဝအောင် အိပ်စက်အနားယူခြင်းများဖြင့် ကိုယ်ခံအားကောင်းစေသည်။ ဖျားနာခြင်း၊ ကိုယ်လက်နာကျင်ကိုက်ခဲခြင်းများအတွက် ပါရာစီတမော (Paracetamol) ဆေးကို သတ်မှတ်ထားသော ပမာဏအတိုင်း သောက်သုံး၍ရသည်။ သို့သော် အကိုက်အခဲပျောက်ဆေး အပြင်းစားများဖြစ်သည့် Aspirin၊ Ibuprofen၊ Diclofenac၊ Naproxen တို့ကို လုံးဝမသောက်သုံးသင့်ပါ။ Diclofenacကဲ့သို့ အကိုက်အခဲပျောက်ဆေး ထိုးဆေးများကို အထိုးမခံသင့်ပါ။ အကိုက်အခဲပျောက်ဆေးများသည် သွေးယိုစိမ့်မှု ပို၍ဆိုးစေသည်။
လူနာတွင် ပြင်းထန်သော သွေးလွန်တုပ်ကွေးရောဂါ လက္ခဏာများရှိပါက ဆေးရုံတင်၍ ကုသရမည် ဖြစ်သည်။ ဆေးရုံတွင် _
- လူနာ၏ အခြေအနေကို စောင့်ကြည့်မှတ်တမ်းတင်ခြင်း (Monitoring)
နာရီဝက် (သို့မဟုတ်) တစ်နာရီလျှင် တစ်ကြိမ် (ရောဂါအခြေအနေပေါ်မူတည်၍) စဉ်ဆက်မပြတ် သွေးပေါင်ချိန်တိုင်း စောင့်ကြည့်ရန်လိုအပ်နိုင်သည် - သွေးစစ်ဆေးမှုများ ပြုလုပ်ခြင်း (Investigations)
- လိုအပ်သော ဆေးရည်များ (Normal Saline)ကို သွေးကြောမှတစ်ဆင့် သွင်း၍ ကုသမှုပေးခြင်း (Intravenous Infusion)
- လူနာ၏ ရောဂါအခြေအနေပေါ်လိုက်၍ သွေးရည်ကြည် (သို့မဟုတ်) သွေးနီဥ သီးသန့်ဖြင့် သွေးသွင်းကုသခြင်း (Platelet Rich Plasma or Packed cell transfusion) စသည်တို့ဖြင့် စောင့်ရှောက်ကုသပေးမည်ဖြစ်သည်။
ကာကွယ်ခြင်း
သွေးလွန်တုပ်ကွေးရောဂါကို အကောင်းဆုံးကာကွယ်သောနည်းလမ်းမှာ ခြင်ကိုက်မခံရအောင် နေထိုင်ခြင်းသာဖြစ်သည်။ ထို့ကြောင့် မိမိနေထိုင်ရာ နေအိမ်၊ ပတ်ဝန်းကျင်တွင် ခြင်ပေါက်ဖွားမှု မရှိစေရန် သတိပြုဆောင်ရွက်ရမည်။ ခြင်ပြေးလိမ်းဆေး (Mosquito repellent)များ လူးပေးနိုင်သည်။ ကလေးသူငယ်များ ခြင်ကိုက်ခံရမှု မရှိစေရန် အိပ်သည့်အခါတိုင်း နေ့ညမရွေး ခြင်ထောင်ဖြင့်သိပ်ခြင်း၊ အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်များ ဝတ်ဆင်ပေးခြင်း စသည်တို့ကို ဆောင်ရွက်ပေးရမည်။
သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ဆေး
ယခုအချိန်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)၊ အမေရိကန် ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေး ဗဟိုဌာန (Centres for Disease Control and Prevention – CDC) တို့မှ အသိအမှတ်ပြုထားသော သွေးလွန်တုပ်ကွေး ကာကွယ်ဆေးအချို့ ရှိနေပြီဖြစ်သည်။
ပြင်သစ်နိုင်ငံထုတ် Dengvaxia ကာကွယ်ဆေးသည် သွေးလွန်တုပ်ကွေးရောဂါ တစ်ခါ ဖြစ်ဖူးသူ၊ အသက် (၆)နှစ် မှ (၄၅)နှစ်အထိ လူများတွင် (၆) လခြား၍ (၃) ကြိမ် ထိုးနှံနိုင်ကြောင်း ဖော်ပြထားသည်။ သို့သော် သွေးလွန်တုပ်ကွေးတစ်ခါမျှ မဖြစ်ဖူးသူများတွင် ထိုးနှံခြင်း မပြုရန် သတိပေးထားသည်။ ကာကွယ်ဆေးထိုးရန် ယခင်သွေးလွန်တုပ်ကွေးဖြစ်ဖူးကြောင်း သွေးစစ်ရန်လိုသည်။
ဂျပန်နိုင်ငံထုတ် Qdenga ကာကွယ်ဆေးသည် အသက် (၆)နှစ် မှ (၄၅)နှစ်ရှိသူများတွင် ထိုးနှံနိုင်ပြီး ယခင်ရောဂါမဖြစ်ဖူးသူများတွင်လည်း ထိုးနိုင်သည်။ ကာကွယ်ဆေးကို (၃) လခြား၍ (၂) ကြိမ် ထိုးနှံရမည်ဖြစ်သည်။
အထက်ပါ ကာကွယ်ဆေးများပေါ်လာသော်လည်း ဆေးတစ်ခုချင်း၏ ကာကွယ်နိုင်စွမ်း အာနိသင်ထိရောက်မှု၊ ဘေးထွက်ဆိုးကျိုးများကို ဆက်လက် သုတေသနပြုနေဆဲဖြစ်သည်။
ဆက်လက်ဖတ်ရှုရန်
References:
- Centers for Disease Control and Prevention. (2025). How dengue spreads. Dengue. Retrieved June 13, 2025, from https://www.cdc.gov/dengue/transmission/index.html
- Centers for Disease Control and Prevention. (n.d.). Physical examination findings — febrile phase. Retrieved June 13, 2025, from https://www.cdc.gov/dengue/training/cme/ccm/page73019.html
- Centers for Disease Control and Prevention. (2025). Clinical testing guidance for dengue. Dengue. Retrieved July 13, 2025, from https://www.cdc.gov/dengue/hcp/diagnosis-testing/index.html
- Mayo Clinic Staff. (n.d.). Dengue fever: Symptoms and causes. Mayo Clinic. Retrieved June 13, 2025, from https://www.mayoclinic.org/diseases-conditions/dengue-fever/symptoms-causes/syc-20353078
- Cleveland Clinic. (2022). Dengue fever: Causes, symptoms & treatment. Retrieved June 13, 2025, from https://my.clevelandclinic.org/health/diseases/17753-dengue-fever
- Grande, A. J., Reid, H., Thomas, E., Foster, C., & Darton, T. C. (2016). Tourniquet test for dengue diagnosis: Systematic review and meta-analysis of diagnostic test accuracy. PLoS Neglected Tropical Diseases, 10(8), e0004888. https://doi.org/10.1371/journal.pntd.0004888
- Centers for Disease Control and Prevention. (2025). Dengue vaccine. Dengue. Retrieved June 13, 2025, from https://www.cdc.gov/dengue/vaccine/index.html
- Medical Xpress. (2025). Challenges, innovations and future directions in dengue vaccine development. Retrieved June 13, 2025, from https://medicalxpress.com/news/2025-04-future-dengue-vaccine.html
- See, K. C. (2025). Dengue vaccination: A practical guide for clinicians. Vaccines, 13(2), 145. https://doi.org/10.3390/vaccines13020145
Published: 30 August 2024
Last updated: 1 August 2025
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.