ကလေးဝမ်းပျက်ဝမ်းလျှောရောဂါသည် အဖြစ်များပြီး ကူးစက်မှုမြန်သောကြောင့် မိဘများကို စိုးရိမ်မှု အလွန်များစေတတ်သည့် ရောဂါတစ်ခုဖြစ်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများနှင့် ရောဂါလက္ခဏာများ
ကလေးများတွင်ဖြစ်ပွါးသည့် ဝမ်းပျက်ဝမ်းလျှောရောဂါ အများစုသည် ရိုတာဗိုင်းရပ်စ် (Rotavirus) ကြောင့် အဖြစ်အများဆုံးဖြစ်ပြီး တစ်ခါတစ်ရံ ဝမ်းကိုက်ပိုး၊ ကာလဝမ်းရောဂါပိုးစသည့် ဘက်တီးရီးယားပိုးတို့ကြောင့်လည်း ဖြစ်တတ်သည်။ ရိုတာဗိုင်းရပ်စ် (Rotavirus)ကို ကာကွယ်ဆေးဖြင့်ကာကွယ်နိုင်သည်။
ဗိုင်းရပ်စ်ပိုးများကြောင့်ဖြစ်သည့် ဝမ်းပျက်ဝမ်းလျှောခြင်းတွင် ပထမ နှစ်ရက်၊ သုံးရက်ခန့်၌ ကိုယ်ပူခြင်း၊ နှာစေးခြင်း၊ ချောင်းဆိုးခြင်း စသောလက္ခဏာများ တွေ့ရတတ်သည်။ အကြိမ်များစွာ အန်တတ်ပြီး ဝမ်းအရည်များ တစ်နေ့လျှင် လေးငါးကြိမ်ခန့်မှ အကြိမ် နှစ်ဆယ်၊ သုံးဆယ်ခန့်ထိ သွားတတ်သည်။ ကလေးအများစုသည် လေးငါးရက်အတွင်း ပုံမှန်ပြန်ဖြစ်လေ့ရှိခြင်းကြောင့် ယေဘုယျအားဖြင့် အထူးစိုးရိမ်ရသော ရောဂါမျိုးမဟုတ်ပါ။
ဝမ်းကိုက်ပိုးကြောင့်ဖြစ်သော ဝမ်းသွားခြင်းမျိုး (Dysentery) တွင်မူ ဝမ်းထဲ၌ သွေး၊ ချွဲစသည်တို့ ပါလာတတ်ပြီး ဗိုက်အလွန်ရစ်နာတတ်သည်။ ကာလဝမ်းရောဂါ (Cholera) ကြောင့်ဖြစ်လျှင် ငါးညှီနံ့ကဲ့သို့ အနံ့ရှိသော ဆန်ဆေးရေအရောင်ဝမ်းများ သွားတတ်ပြီး ဝမ်းအကြိမ်ရေ အနည်းငယ်သွားရုံဖြင့် သွေးပေါင်ကျကာ အရေးပေါ်ကုသမှု လိုအပ်နိုင်သည်။
နောက်ဆက်တွဲပြဿနာများ
- ကလေးများ ဝမ်းပျက်ဝမ်းလျှောဖြစ်လျှင် အဓိကနောက်ဆက်တွဲပြဿနာမှာ ရေဓာတ်ဆုံးရှုံးခြင်း (Dehydration) ဖြစ်သည်၊ ရေဓာတ်ဆုံးရှုံးမှုများလျှင် သွေးပေါင်ကျလာပြီး သွေးလန့်ခြင်း (ရှော့ခ်) (Shock) ရကာ အသက်အန္တရာယ်ဆုံးရှုံးသည်အထိ ဖြစ်နိုင်သည်။
ရေဓာတ်ခမ်းခြောက်နေသော ကလေးတစ်ယောက်၏ လက္ခဏာများမှာ_- နုံးလာခြင်း၊ မှိန်းလာခြင်း သို့မဟုတ် ဂနာမငြိမ်ဖြစ်ခြင်း
- ကလေး၏ လက်ဖျံနှင့် ခြေသလုံးတို့ အေးစက်လာခြင်း
- ငယ်ထိပ်ချိုင့်လာခြင်း
- မျက်တွင်းချိုင့်ခြင်း
- မျက်လုံး၊ နှုတ်ခမ်းတို့ ခြောက်သွေ့လာခြင်း
- ဆီသွားနည်းခြင်း
- ရေအရမ်းငတ်ခြင်း
- သွေးခုန်နှုန်းမြန်ပြီး သွေးပေါင်ကျခြင်းစသည်တို့ ဖြစ်သည်။
- နောက်ထပ် ပြဿနာတစ်ခုမှာ သွေးအတွင်း၌ ပိုတက်ဆီယမ်ဓာတ်လျော့နည်းခြင်းကြောင့် တစ်ကိုယ်လုံးပျော့သွားခြင်း၊ မထိုင်နိုင်ခြင်း၊ ဇက်ကျိုးကျသလိုဖြစ်ခြင်းတို့ကို တွေ့ရတတ်သည်၊ အထူးသဖြင့် ဓာတ်ဆားမဝင်သော ကလေးများနှင့် မူလကတည်းက အာဟာရချို့တဲ့နေသော ကလေးများတွင် ပိုတွေ့ရလေ့ရှိသည်
- မိခင်နို့ (သို့မဟုတ်) နို့ဘူးစို့သော ကလေးများတွင် တစ်ပတ်ကျော်ခန့် ဝမ်းဆက်သွားနေပါက Lactose intolerance ဟုခေါ်သော နို့နှင့်မတည့်သည့် အခြေအနေတစ်ခု ဖြစ်ပေါ်လာတတ်သည်၊ ထိုအခြေအနေတွင် ဝမ်းအရည်များ ဆက်တိုက်သွားနေရုံမက တင်ပါးနီရဲလာတတ်သည်၊ နို့ထဲတွင်ပါသည့် သကြားဓာတ်တစ်မျိုးဖြစ်သော လက်တို့စ် (Lactose) ဓာတ်ကို အူနံရံမှ စုပ်ယူချေဖျက်နိုင်စွမ်း မရှိတော့သောကြောင့် လက်တို့စ်အချိုဓာတ်များ ဝမ်းထဲတွင်ဆက်ရှိနေပြီး ဝမ်းဆက်လျှောနေနိုင်သည်၊ ထို့ပြင် ဝမ်းဖြင့်ပါလာသော လက်တို့စ်ဓာတ်များသည် အက်ဆစ်ပုံစံပြောင်းသွားပြီး ကလေးတင်ပါးအရေပြားများ လောင်စေကာ နီရဲလာခြင်းဖြစ်သည်
- ဝမ်းသွားသောရက်များ ကြာလာသည်နှင့်အမျှ ကလေးငယ်သည် အာဟာရချို့တဲ့လာနိုင်ပြီး အခြားရောဂါပိုးများလည်း ဝင်ရောက်လာနိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
အောက်ပါလက္ခဏာများ ပေါ်ပေါက်လာလျှင် မိမိ၏မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန်လိုသည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်းတို့ဖြင့် ရောဂါရှာဖွေ ကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။
- ရေဓာတ်ခန်းခြောက်သော လက္ခဏာများရှိသော ကလေးများ
- ပိုတက်ဆီယမ်ဓာတ်နည်းသော လက္ခဏာရှိသော ကလေးများ
- အစာ၊ အရည် လုံးဝမဝင်အောင် အန်နေသောကလေးများ
- ဝမ်းကိုက်ရောဂါနှင့် ကာလဝမ်းရောဂါလက္ခဏာ ရှိသောကလေးများ
- တစ်ပတ်ကျော်အထိ ဝမ်းဆက်သွားနေသောကလေးများ
အကယ်၍ ရေဓာတ်ခန်းခြောက်ခြင်း ပမာဏအလွန်များပြီး ရှော့ခ်ရသည့်လက္ခဏာများဖြစ်သော
- ကလေးအရမ်းနုံးလာခြင်း
- မှိန်းလာခြင်း
- ခြေလက်များ အလွန်အေးစက်လာခြင်း
- နှလုံးခုန်မြန်၍ အသက်ရှူမြန်လာခြင်း စသည်တို့ဖြစ်ခဲ့လျှင် အသက်အန္တရာယ်ရှိသော အရေးပေါ်အခြေအနေ ဖြစ်နိုင်သောကြောင့် အရေးပေါ်ဆေးကုသမှုများ ပြုလုပ်နိုင်ရန် ဆေးရုံအရေးပေါ်ဌာနများသို့ အချိန်မီပြသကုသမှု ခံယူရန်လိုသည်။
ကုသခြင်း
အထက်ပါ နောက်ဆက်တွဲဆိုးကျိုးများကို ကာကွယ်ရန်အတွက် ဝမ်းပျက်ဝမ်းလျှောဖြစ်သည့်အခါ ရေဓာတ် ပြန်လည်ဖြည့်တင်းပေးရန်နှင့် အစားအသောက် ပုံမှန်ဆက်ကျွေးရန် အရေးကြီးသည်။
ရေဓာတ် အလွန်ခန်းခြောက်ခြင်းနှင့် သွေးလန့်ခြင်း (ရှော့ခ်) လက္ခဏာများ မရှိသည့် သာမန်ဝမ်းပျက်ဝမ်းလျှောဖြစ်သော ကလေးများကို မိမိတို့နေအိမ်၌ပင် ပြုစုကုသမှုပေးနိုင်သည်။ ထိုသို့ကုသရာတွင် လိုက်နာရန်လိုအပ်သောအချက်များမှာ_
- ကလေးအစားအစာ စားနိုင်သည့် အရွယ်ဖြစ်ပြီး အစားအသောက် စားချင်စိတ်ရှိလျှင် သန့်ရှင်းလတ်ဆတ်၍ အစာကြေလွယ်သည့် အစားအစာကို ဆက်လက်ကျွေးပါ၊ အစားအသောက်စားချင်စိတ် မရှိသည့်တိုင်အောင် အသင့်အတင့်ဝင်အောင် ချော့မော့ကျွေးပါ
- အရည်များများတိုက်ပါ
- အန်လျှင် (၁) နာရီခန့် အစာမကျွေးဘဲနားပြီး အစာကြေလွယ်သော အစားအသောက်ကို ပမာဏနည်းနည်းနှင့် မကြာခဏကျွေးပါ
တိုက်သင့်သောအရည်
ကလေးဝမ်းသွားလျှင် အရည်များများဝင်ရန် အရေးကြီးသည်။ မိခင်နို့တိုက်နေသည့် ကလေးအတွက် မိခင်နို့ဆက်တိုက်ပါ။ ပိုစို့လျှင် ပိုတိုက်ပါ။ ဓာတ်ဆား (oral rehydration salt- ORS) တိုက်ပါ။ အခြားအရည်များဖြစ်သည့် စွပ်ပြုတ်၊ ဆန်ပြုတ်၊ အုန်းရည်၊ ရိုးရိုးရေ၊ လတ်ဆတ်ပြီး အချိုနည်းသည့် သစ်သီးဖျော်ရည် စသည်တို့ကိုလည်း တွဲဖက်တိုက်ကျွေးနိုင်သည်။
တိုက်သင့်သောအရည်ပမာဏ
အသက် (၂) နှစ်အောက်ကလေးများအတွက် ဝမ်းတစ်ကြိမ်သွားတိုင်း ဓာတ်ဆားရည်အပါအဝင် စုစုပေါင်း အရည် (၅၀-၁၀၀) စီစီ (50-100 cc) ခန့် တိုက်ရန် လိုအပ်ပြီး အသက် (၂) နှစ်အထက် ကလေးများအတွက် ဝမ်းသွားသည့် အကြိမ်တိုင်း (၁၀၀-၂၀၀) စီစီ (100-200 cc) ခန့် ပြန်တိုက်ရန်လိုသည်။ ဓာတ်ဆားတိုက်ခြင်းသည် ဝမ်းလျှောရပ်အောင် တိုက်ခြင်းမဟုတ်ဘဲ ဝမ်းသွားခြင်းကြောင့် ဆုံးရှုံးသွားသည့် အရည်နှင့် အခြားဓာတ်များကို ပြန်ဖြည့်ခြင်းဖြစ်သည်။ ထို့ကြောင့် သွားသည့်ဝမ်းပမာဏပေါ် မူတည်ပြီး ဓာတ်ဆားရည်၊ အရည်များ တိုး၍တိုက်သင့်သည်။
အခြားဆေးဝါးများ
- ဇင့်ဓာတ် (Zinc) ပါသော ဆေးခဲ၊ ဆေးရည်ကို (၂) ပတ်တိုက်နိုင်သည်
- (၆) လအထက် ကလေးအတွက် _ တစ်ရက် 10mg (၂) ကြိမ်
- (၆) လအောက် ကလေးအတွက် _ တစ်ရက် 5mg (၂) ကြိမ်
- ကိုယ်ပူလျှင် ပါရာစီတမောတိုက်ပါ
- အအန်ပျောက်ဆေးများကို ဆရာဝန်ညွှန်ကြားချက်ဖြင့်သာ တိုက်သင့်သည်
ကလေးတစ်ယောက် ဝမ်းပျက်လျှင် တစ်ရက်၊ နှစ်ရက် မှ ရက်အနည်းငယ်အထိ ကြာတတ်သည်။ အစားပျက်တတ်သည်၊ ကိုယ်အနည်းငယ်ပူလာတတ်သည်။ အကယ်၍ ကလေးသည် လန်းဆန်း၍ ဆော့ကစားနိုင်သည်၊ နို့စို့နိုင်၊ အရည်ကောင်းစွာသောက်နိုင်သည်၊ ဆီးကောင်းစွာသွားသည်ဆိုလျှင် စိုးရိမ်ရန်မလိုအပ်ပါ။ သို့သော် ကလေးများတွင် ရောဂါလက္ခဏာများသည် အပြောင်းအလဲမြန်သည့်အတွက် အနီးကပ်စောင့်ကြည့်ရန် အရေးကြီးသည်။
အခြားနောက်ဆက်တွဲဆိုးကျိုးများအတွက် ကုသမှုများမှာ _
- ပိုတက်ဆီယမ်ဓာတ်နည်းလျှင် ပိုတက်ဆီယမ်ဓာတ်ကို ပြန်လည်ဖြည့်ဆည်းပေးရမည်၊ ဆေးရုံ၊ ဆေးခန်းပြသရန် လိုအပ်သည်
- နို့မတည့်သောလက္ခဏာများ ပေါ်ပေါက်နေသည်ဟု သံသယရှိလျှင် ဆရာဝန်မှ ဝမ်းကို စမ်းသပ်စစ်ဆေးနိုင်သည်၊ အူနံရံပုံမှန်ပြန်မဖြစ်ခင် မိခင်နို့၊ နို့မှုန့်၊ နွားနို့နှင့်ဆိုင်သော အစားအသောက်မှန်သမျှ ခဏရပ်ထားရန်လိုသည်၊ အစားထိုးအနေနှင့် လက်တို့စ်မပါသော ပဲနို့မှုန့် (Lactose free formula)ကို တိုက်ကျွေးရန်လိုသည်၊ စွပ်ပြုတ်၊ ဆန်ပြုတ်၊ ထမင်း၊ အသီးအနှံစသည်တို့ကို ပုံမှန်ဆက်ကျွေးနိုင်သည်၊ အများစုမှာ တစ်ပတ်၊ နှစ်ပတ်ခန့် ကြာလျှင် ပုံမှန်ပြန်ဖြစ်သွားသည့်အတွက် မိခင်နို့ သို့မဟုတ် သောက်လက်စ နို့မှုန့်ကို တဖြည်းဖြည်းတိုးတိုက်ရင်း ပဲနို့မှုန့်ကို ပြန်ဖြတ်ရန်လိုသည် (မှတ်ချက်။ ။ဤနေရာတွင် အရေးကြီးသောအချက်မှာ ဝမ်း နှစ်ရက် သုံးရက်ခန့် သွားရုံနှင့် မိခင်နို့ဖြတ်ပြီး ပဲနို့ပြောင်းရန်မလိုပါ)
ကာကွယ်ခြင်း
- ယေဘုယျအားဖြင့် တစ်ကိုယ်ရေသန့်ရှင်းရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေး၊ အစားအသောက် သန့်ရှင်းရေးတို့ကို ဂရုစိုက်ပါ
- ကလေးငယ်များ၏ ဝမ်းပျက်ဝမ်းလျှောရောဂါကို အဓိကဖြစ်ပွါးစေသော ရိုတာဗိုင်းရပ်စ် (Rotavirus) အတွက် ကာကွယ်ဆေးကို အသက်နှစ်လမှစ၍ တိုက်ကျွေးနိုင်သည်
- ကလေးငယ်များတွင် ဝက်သက်ပေါက်လျှင် ဝမ်းပျက်ဝမ်းလျှောဖြစ်တတ်သောကြောင့် ဝက်သက်ကာကွယ်ဆေးများကို ကာကွယ်ဆေးထိုး စီမံချက် သတ်မှတ်ချိန်အတိုင်း ထိုးပေးရန်လည်း အရေးကြီးသည်
References:
- Centers for Disease Control and Prevention. (2003). Managing acute gastroenteritis among children: Oral rehydration, maintenance, and nutritional therapy. Retrieved June 21, 2025, from https://www.cdc.gov/mmwr/preview/mmwrhtml/rr5216a1.htm
- World Health Organization. (2024). Diarrhoeal disease. Retrieved June 21, 2025, from https://www.who.int/news-room/fact-sheets/detail/diarrhoeal-disease
- Centers for Disease Control and Prevention. (1992). The management of acute diarrhea in children: Oral rehydration, maintenance, and nutritional therapy. Retrieved June 21, 2025, from https://www.cdc.gov/mmwr/preview/mmwrhtml/00018677.htm
Published: 30 August 2024
Last updated: 6 August 2025
Share
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.