သွေးလွန်တုပ်ကွေးရောဂါသည် သွေးလွန်တုပ်ကွေးဗိုင်းရပ်စ်ပိုး သယ်ဆောင်ထားသည့် ခြင်ကိုက်ရာမှတစ်ဆင့် လူကိုကူးစက်ဖြစ်ပွါးသောရောဂါဖြစ်သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ လေ့လာချက်များအရ ကမ္ဘာ့လူဦးရေ၏ ထက်ဝက်ခန့်သည် သွေးလွန်တုပ်ကွေးကူးစက်ခံရမည့် အန္တရာယ်ရှိနေသည်။ နှစ်စဉ် လူသန်းပေါင်း (၁၀၀) မှ (၄၀၀) ခန့်သည် သွေးလွန်တုပ်ကွေးရောဂါ ခံစားကြရသည်။ ကမ္ဘာ့အပူပိုင်းဇုန်နှင့် သမပိုင်းဇုန်များတွင် အဖြစ်များသည်။ အရှေ့တောင်အာရှဒေသသည် သွေးလွန်တုပ်ကွေး အဖြစ်ဆုံးဒေသတစ်ခုဖြစ်ပြီး ကမ္ဘာ့ရောဂါဖြစ်ပွားမှု၏ (၇၀%) သည် အာရှတိုက်တွင် ဖြစ်ပွါးသည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
သွေးလွန်တုပ်ကွေး ဗိုင်းရပ်စ်အမျိုးအစား (၄) မျိုးရှိသည်။ ဗိုင်းရပ်စ်ပိုးတစ်မျိုး ကူးစက်ခံပြီးသော်လည်း အခြားတစ်မျိုး ထပ်မံကူးစက်နိုင်သည်။ ထို့ကြောင့် လူတစ်ဦးသည် တစ်သက်တာတွင် သွေးလွန်တုပ်ကွေး တစ်ကြိမ်ထက်ပို၍ ဖြစ်နိုင်သည်။
သွေးလွန်တုပ်ကွေးသည် အဓိကအားဖြင့် ရောဂါပိုးသယ်ဆောင်လာသော အေးဒီးစ် (Aedes aegypti) ခြင်အမ ကိုက်ခြင်းကြောင့် လူကိုကူးစက်စေသည်။ အဆိုပါအေးဒီးစ်ခြင်များသည် ဇီကာဗိုင်းရပ်စ်၊ ဆင်တုပ်ကွေးပိုး (Chikungunya) များကိုပါ သယ်ဆောင်နိုင်စွမ်းရှိသည်။ အေးဒီးစ်ခြင်သည် ရေကြည်ရေသန့်တွင် ပေါက်ဖွားသည်။ နေ့အချိန်တွင် အများဆုံး အကိုက်ခံရလေ့ရှိသည်။
သွေးလွန်တုပ်ကွေး ရောဂါပိုးရှိသူတစ်ဦးသည် ရောဂါလက္ခဏာမစတင်မီ (၂) ရက်မှ အဖျားပျောက်ကင်းပြီး (၂) ရက်အတွင်း ခြင်ကိုက်ခံရလျှင် ထိုခြင်ဆီသို့ ရောဂါပိုးဝင်ရောက်သွားသည်။ ၎င်းခြင်ကိုက်ခံရခြင်းမှတစ်ဆင့် အခြားသူများသို့ ရောဂါပြန့်ပွားစေနိုင်သည်။ ရောဂါပိုးကူးစက်ခံရပြီး ရောဂါလက္ခဏာ မပြသောသူများသည်လည်း ဤနည်းဖြင့် ရောဂါကူးစက်စေနိုင်သည်။
မိခင်မှ သန္ဓေသားသို့ကူးစက်ခြင်း၊ သွေးသွင်းကုသခြင်း၊ ကိုယ်ခန္ဓာ အစိတ်အပိုင်းများ အစားထိုးကုသခြင်းများမှ ကူးစက်နိုင်သော်လည်း ကူးစက်နှုန်း အလွန်နည်းပါးသည်။
အထက်ဖော်ပြပါ ကူးစက်ခြင်းများမှတပါး အခြားသောနည်းလမ်းများ (ဥပမာ _ အစားစားခြင်း၊ စမ်းရေသောက်ခြင်း) မှတစ်ဆင့် သွေးလွန်တုပ်ကွေးရောဂါ ကူးစက်နိုင်သည့် အထောက်အထားမရှိပါ။
ရောဂါလက္ခဏာများ
ရောဂါပိုးကူးစက်ခံစားရသူ (၄) ဦးတွင် (၁) ဦးသာ ရောဂါလက္ခဏာပြနိုင်သည်။ အများအားဖြင့် မပြင်းထန်သော ရောဂါလက္ခဏာများသာ ခံစားရသည်။ ရောဂါပိုးကူးစက်ခံရပြီး (၄)ရက် မှ (၁၀)ရက်အကြာတွင် လက္ခဏာများ စတင်လေ့ရှိပြီး ထိုလက္ခဏာများသည် (၂)ရက် မှ (၇)ရက်ခန့်အထိ ကြာမြင့်နိုင်သည်။
ကလေးများတွင်တွေ့ရသော သွေးလွန်တုပ်ကွေးလက္ခဏာများကို
- သာမန်သွေးလွန်တုပ်ကွေးလက္ခဏာများ
- အန္တရာယ် သတိပေးလက္ခဏာများနှင့်
- ပြင်းထန်သွေးလွန်တုပ်ကွေးလက္ခဏာများ ဟူ၍သုံးမျိုးခွဲခြားနိုင်သည်။
- သာမန်သွေးလွန်တုပ်ကွေးရောဂါလက္ခဏာများ
- ဖျားခြင်း
- မှိန်းခြင်း
- ပျို့အန်ခြင်း
- အစားအသောက် သိသိသာသာပျက်ခြင်း
- အရေပြားတွင် အနီစက်၊ အကွက်များ ပေါ် ခြင်း
- အရိုး၊ အဆစ်၊ ကြွက်သားများ နာကျင်ကိုက်ခဲခြင်း
- ခေါင်းမူးခြင်း၊ ခေါင်းကိုက်ခြင်း
- လက်မောင်း၌ သွေးပေါင်ချိန်တိုင်းကိရိယာ ပတ်၍စမ်းခြင်း (Hess test) တွင် အနီစက်များစွာ တွေ့ရခြင်း စသည်တို့ဖြစ်သည်။
- အန္တရာယ်သတိပေးလက္ခဏာများ (Warning signs)
အခြားအဖျားရောဂါများနှင့်မတူညီဘဲ အဖျားကျသောအချိန်တွင် အန္တရာယ်သတိပေးလက္ခဏာများ စတင်ဖြစ်ပေါ်လေ့ရှိသည်။ အဖျား (၃)ရက် မှ (၅)ရက်ကြားတွင် အတွေ့ရများသည်။ ၎င်းတို့မှာ_- အဖျားကျသော်လည်း လန်းဆန်းမှုမရှိ၊ နုံးချည့်ခြင်း
- အလွန်ဂျီကျခြင်း (သို့မဟုတ်) အလွန်မှိန်းခြင်း
- အလွန်အန်ခြင်း၊ အစာအရည်မဝင်ခြင်း
- ဗိုက်အလွန်အောင့်ခြင်း
- အသည်းကြီးခြင်း
- ဆီးအလွန်နည်းခြင်း၊ ဆီးမသွားခြင်း
- နှာခေါင်းသွေးလျှံခြင်း၊ သွားဖုံးသွေးယိုခြင်း
- ဆီး၊ ဝမ်းတို့တွင် သွေးပါခြင်း
- အသားအရောင် ဖျော့တော့ခြင်း
- ခြေလက်များ အရင်းပိုင်း (ပေါင်၊ လက်မောင်းများ) အထိ အေးစက်ခြင်းများ ဖြစ်ကြသည်။
- ပြင်းထန်သွေးလွန်တုပ်ကွေးလက္ခဏာများ
ရောဂါလက္ခဏာပြသူများ၏ (၂၀) ဦးတွင် (၁) ဦးသည် ပြင်းထန်သွေးလွန်တုပ်ကွေးအဆင့်သို့ ရောက်ရှိနိုင်သည်။ ယခင်သွေးလွန်တုပ်ကွေး ကူးစက်ခံရဖူးသူများတွင် ပြင်းထန်သွေးလွန်တုပ်ကွေး ဖြစ်နိုင်ခြေပိုများသည်။ အသက်တစ်နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များတွင် လက္ခဏာများ ပိုမို ပြင်းထန်နိုင်သည်။
ပြင်းထန်သွေးလွန်တုပ်ကွေးလက္ခဏာများမှာ_- သွေးလန့်ခြင်း (Shock)
သွေးကြောအတွင်းမှ သွေးရည်ကြည်စိမ့်ထွက်မှု အလွန်များပြားသောကြောင့် ဖြစ်ပေါ်လာသည်။ အထက်ပါ အန္တရာယ်သတိပေး လက္ခဏာများစတင်ဖြစ်ပေါ် ပြီး (၂၄)နာရီ မှ (၄၈)နာရီအတွင်း သွေးလန့်ခြင်း (Shock) ဖြစ်နိုင်ခြေများသည်။ ကလေးတွင် သွေးခုန်နှုန်း စမ်းရခက်ခြင်း၊ သွေးပေါင်ကျခြင်း၊ သွေးပေါင်တိုင်း၍ မရခြင်းများ ဖြစ်ပေါ်နိုင်သည်။ ဤအချိန်သည် အန္တရာယ်အရှိဆုံးအချိန်ဖြစ်သည်။ - အသက်ရှူရခက်ခြင်း၊ မောခြင်း၊ ဗိုက်ဖောင်းခြင်း
(သွေးကြောအတွင်းမှ စိမ့်ထွက်သော သွေးရည်ကြည်များ ဝမ်းဗိုက်နှင့်အဆုတ်တွင် စုမိခြင်းကြောင့် ဖြစ်ပေါ်လာသည်) - ခန္ဓာကိုယ်အတွင်းအပြင် နေရာအနှံ့အပြားမှ သွေးထွက်ခြင်း
- ကိုယ်တွင်းအင်္ဂါများထိခိုက်ခြင်း
- ဦးနှောက်၊ အာရုံကြောစနစ် ထိခိုက်ခြင်းကြောင့် _ ဂနာမငြိမ်၊ ကယောင်ကတမ်းဖြစ်ခြင်း၊ နှိုးမရအောင် မှိန်းခြင်း၊ တက်ခြင်း၊ သတိလစ်ခြင်း
- အသည်းပြင်းထန်စွာ ထိခိုက်ခြင်းကြောင့် _ အသည်းလုပ်ငန်းများ ရုတ်တရက် ပျက်စီးခြင်းတို့ဖြစ်နိုင်သည်။
- သွေးလန့်ခြင်း (Shock)
ရောဂါဖြစ်ပွားသည့်ကာလကို အဖျားရက်ပေါ်တွင်မူတည်၍ ပိုင်းခြားပြီး ရောဂါပြင်းထန်နိုင်မှုကို ခန့်မှန်းနိုင်သည်။
- စတင်ဖျား၍ (၃) ရက်အကြာအထိ _ အဖျားတက်သောကာလ (febrile phase)
(သာမန် သွေးလွန်တုပ်ကွေး လက္ခဏာများ အတွေ့ရများသည်) - (၃)ရက် မှ (၇)ရက်အထိ _ ရောဂါအထွဋ်အထိပ်ကာလ (critical phase)
(အန္တရာယ် သတိပေးလက္ခဏာများနှင့် ပြင်းထန်သွေးလွန်တုပ်ကွေး လက္ခဏာများ အတွေ့ရများသည်) - (၇)ရက် မှ နောက်ပိုင်းကို _ ပြန်လည် သက်သာလာသောကာလ (recovery phase) ဟူ၍ ပိုင်းခြားနိုင်သည်။
နောက်ဆက်တွဲပြဿနာများ
သွေးလွန်တုပ်ကွေး ဖြစ်ပွားနေချိန် တစ်ပတ်ခန့်အတွင်း၌သာ အထက်ပါ အန္တရာယ်လက္ခဏာများ ခံစားရနိုင်ပြီး နောက်ပိုင်းတွင် နာတာရှည်ပြဿနာများ ခံစားရလေ့မရှိပါ။
ဆေးရုံ၊ ဆေးခန်းပြသရန်
သွေးလွန်တုပ်ကွေးရောဂါတွင် ဆောလျင်စွာ သိရှိမှု (Early detection) နှင့် အနီးကပ်စောင့်ကြည့်မှု (Monitoring) သည် အဓိကကုသမှုဖြစ်သည်။
အထက်ပါသာမန်လက္ခဏာများရှိလျှင် သို့မဟုတ် သင့်ကလေးသွေးလွန်တုပ်ကွေးဖြစ်သည်ဟု သံသယရှိလျှင် မိမိ၏မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန်လိုသည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်ခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်းများဖြင့် ရောဂါရှာဖွေ ကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။
အန္တရာယ်သတိပေးလက္ခဏာများနှင့် ပြင်းထန်သွေးလွန်တုပ်ကွေး လက္ခဏာများရှိလျှင် သို့မဟုတ် သံသယရှိလျှင် အရေးပေါ်အခြေအနေဖြစ်နိုင်ပြီး အသက်အန္တရာယ်ရှိနိုင်သဖြင့် ဆေးရုံအရေးပေါ်ဌာနများသို့ အချိန်မီပြသ ကုသမှု ခံယူရန်လိုသည်။
ရောဂါရှာဖွေခြင်း
သက်ဆိုင်ရာဆရာဝန်မှ ရောဂါရာဇဝင် (အထူးသဖြင့် ယခင်သွေးလွန်တုပ်ကွေးဖြစ်ဖူးခြင်း၊ အဖျားရက်ကာလ၊ အခြားလက္ခဏာများ) မေးမြန်းခြင်း၊ စမ်းသပ်ခြင်း (ဥပမာ _ အသည်းကြီးခြင်း၊ သွေးထွက်ခြင်း၊ ပြင်းထန်လက္ခဏာများ) များ ပြုလုပ်လေ့ရှိသည်။ ထို့နောက် သွေးလွန်တုပ်ကွေး ဖြစ်နိုင်ခြေ ရှိမရှိ Hess test ကိုပြုလုပ်မည်။ အခြားသိသာထင်ရှားသော အကြောင်းရင်းခံမရှိဘဲ (၃) ရက်ထက်ကျော်၍ ဖျားသော ကလေးများကိုလည်း Hess test ပြုလုပ်လေ့ရှိသည်။
Hess test ဆိုသည်မှာ သွေးပေါင်ချိန်တိုင်းကိရိယာဖြင့် သွေးပေါင်ချိန်တိုင်းသကဲ့သို့ လက်မောင်းတွင် (၅) မိနစ်ခန့် ဖိအားပေးစမ်းသပ်ပြီး လက်ဖျံတွင် အနီစက်များမည်မျှပေါ်လာခြင်းကို စစ်ဆေးခြင်းဖြစ်သည်။ ထိုနည်းကို အဖျား (၃)ရက် မှ (၇)ရက်အတွင်း တိုင်းတာလျှင် မှန်ကန်နိုင်သည်။
သွေးစစ်လျှင် သွေးဥမွှား (Platelet) ပမာဏနည်းနေမည်။ သွေးလွန်တုပ်ကွေးရောဂါ ရှိမရှိ ပိုမိုသေချာစေရန် လူနာ၏ သွေးတွင် သွေးလွန်တုပ်ကွေး ပဋိလှုံ့ပစ္စည်း NS1 antigen ကို ELISA နည်းဖြင့် စစ်ဆေးခြင်း၊ သွေးလွန်တုပ်ကွေး ဗိုင်းရပ်စ် RNA ကို NAAT နည်းဖြင့် စစ်ခြင်း၊ Dengue IgG, IgM ကို စစ်ခြင်းတို့ ပြုလုပ်နိုင်သည်။ ရောဂါအခြေအနေပေါ်မူတည်၍ အသည်းလုပ်ဆောင်မှုစစ်ဆေးခြင်း၊ သွေးခဲနှုန်းစစ်ဆေးခြင်း၊ သွေးသွင်းရန်လိုအပ်ပါက သွေးအုပ်စုစစ်ဆေးခြင်းတို့ကို ပြုလုပ်နိုင်သည်။
ကုသခြင်း
သွေးလွန်တုပ်ကွေးရောဂါအတွက် သီးခြားကုသချက် မရှိပါ။ ပဋိဇီဝပိုးသတ်ဆေးတိုက်ရန် မလိုအပ်ပါ။ စောလျင်စွာသိရှိခြင်း၊ အနီးကပ်စောင့်ကြည့်ကုသခြင်း၊ ရောဂါအခြေအနေအလိုက် ဖြစ်ပေါ်လာသော လက္ခဏာများကို အချိန်မီကုသခြင်းဖြင့် သွေးလွန်တုပ်ကွေး၏ နောက်ဆက်တွဲ ပြဿနာများကို လျော့ကျစေနိုင်သည်။
သာမန်သွေးလွန်တုပ်ကွေး လက္ခဏာများသာရှိသော ကလေးကို နေအိမ်၌ပင် ပြုစုကုသနိုင်သည်။
- ကလေးကိုအနားပေးပါ
- အစာအသင့်အတင့်ဝင်အောင်ကျွေးပါ၊ ပြန်အန်လျှင် သွေးရောင်နှင့်မှားနိုင်သော အစားအစာများကို ရှောင်ကြဉ်ပါ (ဥပမာ _ ကော်ဖီရောင်၊ အညိုရောင်ရှိသော အစားအစာများ)
- အရည်များများတိုက်ပါ
- ကိုယ်တအားပူလျှင် ပါရာစီတမောတိုက်ပါ၊ ရေဖတ်တိုက်ပါ
- အခြားအကိုက်အခဲပျောက်ဆေး တိုက်ခြင်းများမပြုရ၊ မက်ကလောင်ဖောက်ခြင်း မပြုရ
- ကလေး၏ ခန္ဓာကိုယ်မှသွေးထွက်ခြင်းအပါအဝင် အထက်ပါ အန္တရာယ် သတိပေးလက္ခဏာများကို သေချာစွာစောင့်ကြည့်ပါ (ဥပမာ_အညိုအမည်းအန်ခြင်း၊ ဝမ်းမည်းမည်း သွားခြင်း)
သက်ဆိုင်ရာဆရာဝန်နှင့် ပုံမှန်ရက်ချိန်းပြသရမည်။ အန္တရာယ် သတိပေးလက္ခဏာများနှင့် ပြင်းထန်သွေးလွန်တုပ်ကွေး လက္ခဏာများရှိလျှင် သို့မဟုတ် သံသယရှိလျှင် ဆေးရုံသို့ အမြန် သွားရောက်ပြသရမည်။
အောက်ဖော်ပြပါ သွေးလွန်တုပ်ကွေးဖြစ်ပွားသူကလေးများသည် ဆေးရုံတင်၊ စောင့်ကြည့်ကုသခြင်း လိုအပ်နိုင်သည်။
- အန္တရာယ်သတိပေးလက္ခဏာများနှင့် ပြင်းထန်သွေးလွန်တုပ်ကွေး လက္ခဏာများ
- နောက်ခံရောဂါတစ်ခုခုရှိသူများ
- စိတ်ချရသော အနီးကပ်စောင့်ကြည့်ပြုစုမှု မရရှိနိုင်သူများ
- အသက်တစ်နှစ်အောက်ကလေးများ
- အဝလွန်သူများ
- ဆေးရုံ၊ ဆေးခန်းများနှင့် အလှမ်းဝေးကွာသူများ
ပြင်းထန်သွေးလွန်တုပ်ကွေး (Severe dengue) ဖြစ်ပွါးသူများသည် ဆေးရုံတွင် အထူးကြပ်မတ်ကုသမှု ခံယူရသည်။ ရောဂါအခြေအနေအရ သွေးနှင့် သွေးရည်ကြည်များသွင်းခြင်း၊ သွေးပေါင်တက်ဆေးများပေးခြင်း၊ အသက်ရှူစက်တင် ကုသခြင်းများ လိုအပ်နိုင်သည်။
သွေးလွန်တုပ်ကွေးပြန်ကောင်းသည့် နာလန်ထချိန်တွင် Recovery rash ဟုခေါ်သော အနီစက်၊ အနီကွက်များလည်း ခြေလက်များတွင် ထွက်လာတတ်သည်။ အဖျားစတင်ပြီး (၇) ရက်ခန့်တွင် ပေါ်လေ့ရှိပြီး ယားယံတတ်သည်။ ထိုအနီကွက်များကြားတွင် ပုံမှန်အရေပြား၏ အရောင်အဖြူဝိုင်းလေးများ တွေ့ရတတ်သည်။ ဤသို့သော အနီစက်၊ အနီကွက်များ ပေါ်ထွက်လာလျှင် သွေးလွန်တုပ်ကွေး ဖြစ်ခြင်း သေချာစေသကဲ့သို့ သွေးလွန်တုပ်ကွေးဖြစ်ခြင်းမှ ပြန်လည်သက်သာလာပြီး အန္တရာယ်မရှိနိုင်တော့ဟုလည်း ယူဆနိုင်သည်။
ကာကွယ်ခြင်း
သွေးလွန်တုပ်ကွေးကူးစက်ခံရပြီး ပထမတစ်ပတ်အတွင်းတွင် လူနာ၏သွေးထဲတွင် ဗိုင်းရပ်စ်ပိုးများ များပြားနေသဖြင့် ခြင်ကိုက်ခြင်းမှတစ်ဆင့် အခြားလူများသို့ ထပ်မံ၍ ရောဂါအလွယ်တကူ ပြန့်ပွါးစေနိုင်သည်။ သွေးလွန်တုပ်ကွေးမှ ကာကွယ်ရန် သွေးလွန်တုပ်ကွေးခြင် အကိုက်မခံရအောင် နေထိုင်ခြင်းနှင့် ခြင်ပေါက်ဖွားမှု တားဆီးခြင်းတို့မှာ အရေးကြီးသည်။
ခြင်ကိုက်မခံရစေရန်_
- အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်ဝတ်ဆင်ခြင်း
- အိပ်လျှင် ခြင်ထောင်ဖြင့် အိပ်ခြင်း (အထူးသဖြင့် ဆေးစိမ်ထားသော ခြင်ထောင်များ သုံးခြင်း)
- ပြတင်းပေါက်များ၊ လေဝင်ပေါက်များကို ခြင်လုံဇကာဖြင့် ကာကွယ်ခြင်း
- လူကို အန္တရာယ်မပေးသော ခြင်ဆေးများဖျန်းခြင်း၊ ခြင်ပြေးဆေး လိမ်းခြင်းများ ပြုလုပ်နိုင်သည်။
သွေးလွန်တုပ်ကွေးခြင် ပေါက်ပွါးမှုတားဆီးရန် ပိုးလောက်လန်းကာကွယ်ရေးသည် အရေးကြီးသည်။ ပိုးလောက်လန်းနှိမ်နင်းရန် နည်းလမ်းများကို စနစ်တကျ လိုက်နာဆောင်ရွက်သင့်သည်။
သွေးလွန်တုပ်ကွေးကာကွယ်ဆေး
ယခုအချိန်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)၊ အမေရိကန် ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေး ဗဟိုဌာန (Centres for Disease Control and Prevention – CDC) တို့မှ အသိအမှတ်ပြုထားသော သွေးလွန်တုပ်ကွေး ကာကွယ်ဆေးအချို့ ရှိနေပြီဖြစ်သည်။
ပြင်သစ်နိုင်ငံထုတ် Dengvaxia ကာကွယ်ဆေးသည် သွေးလွန်တုပ်ကွေးရောဂါ တစ်ခါ ဖြစ်ဖူးသူ၊ အသက် (၆)နှစ် မှ (၄၅)နှစ်အထိ လူများတွင် (၆) လခြား၍ (၃) ကြိမ် ထိုးနှံနိုင်ကြောင်း ဖော်ပြထားသည်။ သို့သော် သွေးလွန်တုပ်ကွေးတစ်ခါမျှ မဖြစ်ဖူးသူများတွင် ထိုးနှံခြင်း မပြုရန် သတိပေးထားသည်။ ကာကွယ်ဆေးထိုးရန် ယခင်သွေးလွန်တုပ်ကွေးဖြစ်ဖူးကြောင်း သွေးစစ်ရန်လိုသည်။
ဂျပန်နိုင်ငံထုတ် Qdenga ကာကွယ်ဆေးသည် အသက် (၆)နှစ် မှ (၄၅)နှစ်ရှိသူများတွင် ထိုးနှံနိုင်ပြီး ယခင်ရောဂါမဖြစ်ဖူးသူများတွင်လည်း ထိုးနိုင်သည်။ ကာကွယ်ဆေးကို (၃) လခြား၍ (၂) ကြိမ် ထိုးနှံရမည်ဖြစ်သည်။
အထက်ပါ ကာကွယ်ဆေးများပေါ်လာသော်လည်း ဆေးတစ်ခုချင်း၏ ကာကွယ်နိုင်စွမ်း အာနိသင်ထိရောက်မှု၊ ဘေးထွက်ဆိုးကျိုးများကို ဆက်လက် သုတေသနပြုနေဆဲဖြစ်သည်။
ဆက်လက်ဖတ်ရှုရန်
References:
- World Health Organization. (2024). Dengue and severe dengue [Fact sheet]. World Health Organization. Retrieved June 17, 2025, from https://www.who.int/news-room/fact-sheets/detail/dengue-and-severe-dengue
- Centers for Disease Control and Prevention. (2023). Dengue home. U.S. Department of Health & Human Services. Retrieved June 17, 2025, from https://www.cdc.gov/dengue/index.html
- Centers for Disease Control and Prevention. (n.d.). Dengue clinical case management (DCCM) – Home. U.S. Department of Health & Human Services. Retrieved June 17, 2025, from https://www.cdc.gov/dengue/training/cme/ccm
- Myanmar Paediatric Society. (2018). Paediatric management guidelines (3rd ed.).
- Malaysian Paediatric Association. (2019). Paediatric protocols for Malaysian hospitals (4th ed., 2nd print, August).
- Centers for Disease Control and Prevention. (2025). Dengue vaccine. Dengue. Retrieved June 13, 2025, from https://www.cdc.gov/dengue/vaccine/index.html
- Medical Xpress. (2025). Challenges, innovations and future directions in dengue vaccine development. Retrieved June 13, 2025, from https://medicalxpress.com/news/2025-04-future-dengue-vaccine.html
- See, K. C. (2025). Dengue vaccination: A practical guide for clinicians. Vaccines, 13(2), 145. https://doi.org/10.3390/vaccines13020145
Published: 30 August 2024
Last updated: 1 August 2025
Share
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.