ဂျပန်ဦးနှောက်ရောင်ရောဂါသည် ဂျပန်ဦးနှောက်ရောင်ရောဂါဗိုင်းရပ်စ်ပိုး သယ်ဆောင်သော ခြင်ကိုက်ခံရခြင်းကြောင့် လူကို ကူးစက်သောရောဂါဖြစ်သည်။ ရောဂါကူးစက်ခံရသူအချို့သည် ရောဂါလက္ခဏာမပြခြင်း သို့မဟုတ် သာမန်လက္ခဏာများသာ ပြခြင်းတို့ ဖြစ်နိုင်သော်လည်း၊ အချို့တွင်မူ ရောဂါပြင်းထန်ကာ နောက်ဆက်တွဲ ပြဿနာများစွာ ဖြစ်ပွားနိုင်သည်။ ဤရောဂါသည် ကာကွယ်ဆေးဖြင့် ထိရောက်စွာ ကာကွယ်နိုင်သော ရောဂါတစ်မျိုးဖြစ်သည်။ အာရှနှင့် အနောက်ပစိဖိတ်ဒေသများတွင် အဖြစ်များပြီး မြန်မာနိုင်ငံတွင် မိုးရာသီ၌ ရောဂါကူးစက်မှု အများဆုံးတွေ့ရသည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
ဂျပန်ဦးနှောက်ရောင်ရောဂါဗိုင်းရပ်စ်ပိုး (JEV) သည် Flavivirus အုပ်စုဝင်ဖြစ်ပြီး မျိုးဗီဇအမျိုးအစား (၅) မျိုး (Genotype I – V) ရှိသည်။ ယခင်က Genotype III မှာ အဖြစ်အများဆုံးဖြစ်သော်လည်း မကြာသေးမီက တွေ့ရှိချက်များအရ အာရှဒေသအများစုတွင် Genotype I နှင့် Genotype V တို့သည် အဓိက ဖြစ်ပွားနေသော မျိုးဗီဇအမျိုးအစားဖြစ်လာကြောင်း တွေ့ရသည်။
ဤဗိုင်းရပ်စ်ပိုး၏ လက်ခံကောင်များမှာ ဝက်နှင့် ရေပျော်ငှက်များ (ဥပမာ- ဗျိုင်း၊ ဘဲ) ဖြစ်ပြီး ၎င်းတို့ထံမှ ခြင်များမှတစ်ဆင့် လူများသို့ ရောဂါပိုး ပြန့်ပွားစေသည်။ ထို့ကြောင့် ခြင်များ ပေါက်ပွားမှုများသော စပါးခင်းများ၊ ရေကြီးရေလျှံသော နေရာများနှင့် ဆက်စပ်နေသည့် ကျေးလက်ဒေသများတွင် ရောဂါအဓိက ဖြစ်ပွားတတ်သည်။ ရာသီဥတုပြောင်းလဲမှု၊ မိုးများခြင်းနှင့် ရေကြီးခြင်းတို့သည်လည်း ခြင်များ၏ နေထိုင်ရာနယ်ပယ်ကို ပိုမိုကျယ်ပြန့်စေပြီး ရောဂါသည် ယခင်က ဖြစ်ပွားလေ့မရှိသော ဒေသများသို့ပါ ပျံ့နှံ့နိုင်ကြောင်း သတိပြုသင့်သည်။
ဂျပန်ဦးနှောက်ရောင်ရောဂါပိုးသည် သွေးသွင်းခြင်းဖြင့် ကူးစက်မှု အလွန်နည်းသော်လည်း ရောဂါပိုးရှိသူများသည် ဖျားနာပြီး ရက်ပေါင်း (၁၂၀) အတွင်း သွေးမလှူသင့်ပါ။
ရောဂါလက္ခဏာများ
ခြင်ကိုက်ခံရသည့်အချိန်မှ ရောဂါလက္ခဏာဖြစ်ပေါ်သည်အထိ အချိန် (၅ – ၁၅) ရက်ခန့် ကြာတတ်သည်။
ရောဂါပိုးကူးစက်ခံရသူများ၏ (၉၉%) တွင်_
- ရောဂါလက္ခဏာမပြခြင်း
- သို့မဟုတ်
- ဖျားခြင်း
- ခေါင်းကိုက်ခြင်း
- အန်ခြင်းစသော သာမန်လက္ခဏာများကို တွေ့နိုင်သည်။
ကျန် (၁%) တွင် အောက်ပါ ဦးနှောက်ရောင်ရောဂါလက္ခဏာများ တွေ့ရသည်။
- အဖျားကြီးခြင်း၊ ခေါင်းကိုက်ခြင်း
- ကယောင်ကတန်းဖြစ်ခြင်း
- အမူအရာပြောင်းလဲခြင်း
- တက်ခြင်း
- ပုံမှန်မဟုတ်သော လှုပ်ရှားမှုများတွေ့ရခြင်း
- ကြွက်သားများအားနည်းခြင်း သို့မဟုတ် တောင့်တင်းခြင်းနှင့်
- သတိလစ်ခြင်း စသည်တို့ကိုတွေ့ရပြီး အသက်သေဆုံးသည်ထိ ပြင်းထန်သည်။
ကလေးများတွင် ပုံမှန်မဟုတ်သောလှုပ်ရှားမှုများနှင့် တက်သည့်လက္ခဏာကို ပို၍တွေ့ရသည်။
နောက်ဆက်တွဲပြဿနာများ
- ဥာဏ်ရည်ထိခိုက်ခြင်း
- စကားမပြောနိုင်ခြင်းအပါအဝင် ဖွံ့ဖြိုးမှု ပြန်လည်ဆုတ်ယုတ်သွားခြင်း
- ခြေ၊ လက်များ မလှုပ်ရှားနိုင်ခြင်း (သို့မဟုတ်) ပုံမှန်မဟုတ်သော လှုပ်ရှားမှုများရှိနေခြင်း
- ခြေ၊ လက်များ အလွန်တောင့်တင်းနေခြင်း
- အတက်ရောဂါဖြစ်ခြင်း စသည်တို့ကို တွေ့ရသည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
အထက်ပါ ဦးနှောက်ရောင်လက္ခဏာများရှိပါက အရေးပေါ်အခြေအနေဖြစ်ပြီး အသက်အန္တရာယ် ရှိနိုင်သဖြင့် ဆေးရုံအရေးပေါ်ဌာနများသို့ အချိန်မီပြသ၍ ကုသမှုခံယူရန်လိုသည်။
ရောဂါရှာဖွေခြင်း
သက်ဆိုင်ရာဆရာဝန်မှ ရောဂါရာဇဝင်နှင့် ခရီးသွားရာဇဝင်များ မေးမြန်းခြင်း၊ စမ်းသပ်ခြင်းများ ပြုလုပ်ပြီး ဂျပန်ဦးနှောက်ရောင်ရောဂါဟု သံသယရှိပါက အတည်ပြုစစ်ဆေးမှုများ ပြုလုပ်သည်။ ရောဂါကို ထောက်ကူနိုင်သည့် အချက်အလက်များ ရှာဖွေရန်အတွက် သွေးစစ်ခြင်း၊ ကွန်ပျူတာဓာတ်မှန် (CT scan) သို့မဟုတ် သံလိုက်ဓာတ်မှန် (MRI) ရိုက်ခြင်းတို့ကို ပြုလုပ်နိုင်သည်။
ရောဂါကို အတည်ပြုရန်အတွက် ဂျပန်ဦးနှောက်ရောင်ရောဂါပိုးကို တုံ့ပြန်သော IgM ပဋိပစ္စည်းကို သွေး (သို့မဟုတ်) ခါးဆစ်ကြားမှ ထုတ်ယူသော အရည် (CSF) တွင် ရှာဖွေနိုင်သည်။ ဗိုင်းရပ်စ်၏ မျိုးဗီဇပစ္စည်းများကို တိုက်ရိုက်ရှာဖွေခြင်း (PCR) ကဲ့သို့ လျင်မြန်တိကျသည့် နည်းလမ်းများကိုလည်း အသုံးပြုလာကြသည်။
ကုသခြင်း
ဂျပန်ဦးနှောက်ရောင်ရောဂါပိုးကို တိုက်ရိုက်ကုသရန် တိကျသောဆေးဝါးမရှိသဖြင့် ရောဂါလက္ခဏာများကို သက်သာစေရန် ကုသမှုများ ပြုလုပ်ပေးနိုင်သည်။
- သာမန်လက္ခဏာများအတွက် _
ကောင်းစွာ အနားယူစေခြင်း၊ အရည်နှင့် အာဟာရပြည့်ဝသော အစားအစာများ များများစားသောက်စေခြင်း၊ အကိုက်အခဲနှင့် အဖျားသက်သာစေရန် ပါရာစီတမောကဲ့သို့သော ဆေးဝါးများ တိုက်ကျွေးခြင်းတို့ကို ပြုလုပ်ပေးနိုင်သည်။ - ပြင်းထန်သော လက္ခဏာများအတွက် _
ရောဂါပြင်းထန်သည့် ကလေးများသည် ဆေးရုံတက်ရန် လိုအပ်ပြီး ရောဂါလက္ခဏာများပေါ်မူတည်၍ အတက်ကျဆေးများ၊ ဦးနှောက်ဖိအားကို လျှော့ချပေးသော ဆေးဝါးများ၊ ပုံမှန်မဟုတ်သော လှုပ်ရှားမှုများနှင့် ကြွက်သားတောင့်တင်းမှုတို့ကို ထိန်းချုပ်ပေးသောဆေးများ လိုအပ်နိုင်သည်။ ရောဂါကြောင့်ဖြစ်သော နောက်ဆက်တွဲ ပြဿနာများအတွက်လည်း ပြန်လည်သန်စွမ်းရေး လေ့ကျင့်မှုများ (ဥပမာ- ကြွက်သားလေ့ကျင့်ခန်း၊ စကားပြောလေ့ကျင့်ခြင်း) ပြုလုပ်ပေးရန် အရေးကြီးသည်။
ကာကွယ်ခြင်း
ကာကွယ်ဆေးထိုးနှံခြင်း
ဂျပန်ဦးနှောက်ရောင်ရောဂါကို ကာကွယ်ရန်အတွက် အထိရောက်ဆုံးနည်းလမ်းမှာ ကာကွယ်ဆေးထိုးနှံခြင်း ဖြစ်သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ လမ်းညွှန်ချက်များအရ ရောဂါအဖြစ်များသော ဒေသများတွင် ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေး ကို ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်တွင် ထည့်သွင်းထားသည်။ မြန်မာနိုင်ငံတွင်လည်း ဤကာကွယ်ဆေးကို အသက် (၉) လမှစ၍ ထိုးနှံနိုင်ပြီး အသက် (၉) လမှ (၁၅) နှစ်ကြား ကလေးများ အနည်းဆုံး တစ်ကြိမ် ထိုးနှံသင့်သည်။
သို့သော် လက်ရှိအသုံးပြုနေသော ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေးများသည် ယခင်က အဖြစ်အများဆုံးဖြစ်သည့် Genotype III (G III) ဗိုင်းရပ်စ်အမျိုးအစားကို အခြေခံ၍ ထုတ်လုပ်ထားခြင်းဖြစ်သည်။ ၎င်းတို့သည် Genotype I, II, IV တို့ကို အတန်အသင့် ကာကွယ်နိုင်သော်လည်း မကြာသေးမီက ပိုမိုဖြစ်ပွားလာသော Genotype V (G V) အမျိုးအစားကို ကာကွယ်နိုင်စွမ်း အလွန်နည်းပါးသည်။ ထို့ကြောင့် ရောဂါကို ပိုမိုပြည့်စုံစွာ ကာကွယ်နိုင်ရန် မျိုးဗီဇအမျိုးအစားအလိုက် ထုတ်လုပ်သော သီးသန့်ကာကွယ်ဆေးများ ပေါ်ထွက်လာရေးအတွက် သုတေသနများ ဆက်လက်လုပ်ဆောင်ရန် အရေးကြီးသည်။
ခြင်နှိမ်နင်းခြင်းနှင့် ခြင်ကိုက်ခံရမှုမှ ကာကွယ်ခြင်း
ကာကွယ်ဆေးထိုးခြင်းအပြင် ခြင်အကိုက်မခံရစေရန်နှင့် ခြင်ပေါက်ပွားမှုများကို ထိန်းချုပ်ရန်မှာလည်း အရေးပါသော ကာကွယ်ရေးနည်းလမ်းများဖြစ်သည်။
- အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်များ ဝတ်ဆင်ခြင်း
- အိပ်စက်ချိန်တွင် ခြင်ထောင်ဖြင့် အိပ်ခြင်း (အထူးသဖြင့် ဆေးစိမ်ထားသော ခြင်ထောင်များကို သုံးစွဲခြင်း)
- ပြတင်းပေါက်များနှင့် လေဝင်ပေါက်များတွင် ခြင်လုံဇကာများ တပ်ဆင်ကာကွယ်ခြင်း
- လူကို အန္တရာယ်မဖြစ်စေသော ခြင်ဆေးများ ဖျန်းခြင်း သို့မဟုတ် ခြင်ပြေးဆေးများ လိမ်းခြင်း
ထို့အပြင် ခြင်ပေါက်ပွားမှုကို တားဆီးရန်အတွက် ပိုးလောက်လန်းနှိမ်နင်းရေး နည်းလမ်းများကို စနစ်တကျ လိုက်နာဆောင်ရွက်သင့်သည်။
References:
- CDC. (n.d.). Clinical diagnosis: Japanese encephalitis. Retrieved July 8, 2025, from https://www.cdc.gov/japanese-encephalitis/hcp/clinical-diagnosis/index.html
- Mayo Clinic. (n.d.). Encephalitis — Symptoms and causes. Retrieved July 8, 2025, from https://www.mayoclinic.org/diseases-conditions/encephalitis/symptoms-causes/syc-20356136
- NHS. (n.d.). Japanese encephalitis. Retrieved July 8, 2025, from https://www.nhs.uk/conditions/japanese-encephalitis/
- Tandfonline. (2024). Prevention, diagnosis, and management of Japanese encephalitis. Retrieved July 8, 2025, from https://www.tandfonline.com/doi/full/10.1080/22221751.2024.2343910?scroll=top&needAccess=true#abstract
Published: 30 August 2024
Last updated: 1 October 2025
Share
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.