ချက်ကြိုးသည် ကိုယ်ဝန်ဆောင်ချိန်မှ မွေးဖွားပြီးစချိန်အထိ မိခင်နှင့်သန္ဓေသားကို ဆက်သွယ်ပေးသော အသက်သွေးကြောဖြစ်သည်။ မိခင်ထံမှ အောက်ဆီဂျင်နှင့် အာဟာရဓာတ်များကို သန္ဓေသားဆီသို့ သယ်ဆောင်ပေး၍ သန္ဓေသားမှ စွန့်ပစ်သော၊ မလိုအပ်သော ဓာတ်ပစ္စည်းများကို မိခင်ထံသို့ ပြန်လည်ပို့ဆောင်ပေးသည်။
မီးဖွားပြီးလျှင် ချက်ကြိုးသည် မလိုအပ်တော့သဖြင့် ဖြတ်တောက်ပေးရသည်။ ထိုအခါ မွေးကင်းစကလေးတွင် ချက်ကြိုးငုတ်တိုင်ကျန်ခဲ့ပြီး တဖြည်းဖြည်းခြောက်သွေ့လာကာ နောက်ဆုံးတွင်ကြွေကျသည်။ ပုံမှန်အားဖြင့် မီးဖွားပြီး (၁)ပတ် မှ (၃)ပတ်အကြာတွင် ကြွေလေ့ရှိသည်။
အများအားဖြင့် အထက်ပါဖြစ်စဉ်များသည် သဘာဝအလျောက် ပုံမှန်ဖြစ်သွားပြီး ပြဿနာအထူးအထွေ မရှိတတ်ပါ။ တစ်ခါတစ်ရံကြုံတွေ့ရသော ချက်နှင့် ချက်ကြိုးဆိုင်ရာပြဿနာများမှာ အောက်ပါအတိုင်းဖြစ်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများနှင့် ရောဂါလက္ခဏာများ
ချက်မှအရည်ထွက်ခြင်း/ချက်စိုခြင်း (Umbilical discharge)
မွေးကင်းစကလေးငယ်၏ချက်သည် ပုံမှန်အားဖြင့် အရည်ကြည် အနည်းငယ်ထွက်ကာ စိုနေတတ်သည်။ တစ်ခါတစ်ရံ ဝါကျင့်ကျင့်အရည်များ စိုနေနိုင်သည်။ သို့သော် အနံ့ နံခြင်း၊ အနီးတစ်ဝိုက်ရှိအရေပြား ရောင်ရမ်းခြင်းများ မရှိ၊ ကလေးတွင်လည်း အခြားလက္ခဏာများမရှိလျှင် ပုံမှန်ချက်ကြွေခြင်း၏ သဘာဝသာဖြစ်၍ စိုးရိမ်ရန် မလိုအပ်ပါ။
ချက်မှအရည်များ ဆက်တိုက်ထွက်နေလျှင်၊ ဆီး (သို့မဟုတ်) ဝမ်းများ ရောပါနေသည်ဟု သံသယရှိလျှင် ဆရာဝန်နှင့် အမြန်ပြသသင့်သည်။ ဤအခြေအနေသည် ချက်နှင့် ဝမ်းဗိုက်တွင်းအင်္ဂါများအကြား ပုံမှန်မဟုတ်သော ပြွန်လမ်းကြောင်းဖြင့် ဆက်မိနေခြင်းကြောင့် ဖြစ်နိုင်သည်။ ဖြစ်ပွါးပုံမှာ သန္ဓေသားဘဝ၌ ဆီးအိမ်နှင့် ချက်တိုင်ကြားတွင် Urachus ဟုခေါ်သော လမ်းကြောင်းတစ်ခုရှိခဲ့ပြီး မွေးဖွားပြီးနောက်ပိုင်းတွင် ပုံမှန်အားဖြင့် ထိုလမ်းကြောင်း ပိတ်သွားလေ့ရှိသည်။ အချို့ကလေးများတွင် ထိုလမ်းကြောင်းသည် ပိတ်မသွားဘဲ ဆက်လက်ပွင့်နေတတ်သည်။ ၎င်းကို Patent Urachus ဟုခေါ်သည်။ ဆီးအိမ်အတွင်းရှိ ဆီးများသည် ဤလမ်းကြောင်းကိုဖြတ်၍ ချက်မှတစ်ဆင့် အပြင်သို့ စိမ့်ထွက်လာနိုင်ပြီး ချက်တစ်ဝိုက် စိုစွတ်နေတတ်သည်။ ထိုလမ်းကြောင်း ရှိမရှိကို ဝမ်းဗိုက်အာထရာဆောင်း (USG) ရိုက်ခြင်းဖြင့် သိရှိနိုင်သည်။ တွေ့ရှိပါက ဆီးနှင့်ကျောက်ကပ် ခွဲစိတ်အထူးကုနှင့် ဆက်လက်ကုသမှုခံယူရန် လွှဲပြောင်းပေးရမည်ဖြစ်သည်။
ချက်မှသွေးထွက်ခြင်း (Umbilical bleeding)
ကလေးငယ်၏ ချက်ငုတ်တိုင်သည် တစ်ခုခု (ဥပမာ _ အနှီး၊ သေးခံ) နှင့်ထိမိပြီး သွေးအနည်းငယ် ထွက်နိုင်သည်။ အထူးသဖြင့် ချက်ကြွေပြီးစအချိန်တွင် အတွေ့ရများသည်။ အများအားဖြင့် သွေးစအနည်းငယ်၊ သွေးခဲငယ်များ အနှီး (သို့မဟုတ်) သေးခံတွင် စွန်းထင်းကျန်သည်ကို တွေ့ရှိရတတ်သည်။ ပုံမှန်ချက်ကြွေခြင်းဖြစ်စဉ်ဖြစ်၍ စိုးရိမ်ရန် မလိုအပ်ပါ။
အကယ်၍ သွေးအနည်းငယ်စို့နေလျှင် သန့်ရှင်းသော (ပိုးသတ်ထားသော) အဝတ်စဖြင့် မိနစ်အနည်းငယ် ဖိကပ်ထားပေးရမည်။ ထိုသို့ပြုလုပ်ပေးသည့်တိုင်အောင် သွေးမတိတ်လျှင်၊ ခန္ဓာကိုယ်၏ အခြားနေရာများမှပါ သွေးထွက်လျှင်၊ အခြားသောလက္ခဏာတစ်ခုခုရှိလျှင် ဆေးရုံသို့ ချက်ချင်းသွားရမည်။ ဗီတာမင် ကေ ချို့တဲ့သောရောဂါ၊ သွေးမတိတ်ရောဂါ စသည်တို့ကြောင့် ဖြစ်နိုင်သည်။
ချက်၌အသားနုလုံးထွက်ခြင်း (Umbilical granuloma)
အချို့ကလေးများတွင် ချက်ကြွေပြီး အနာကျက်ရာတွင် အနာဖေးကွာလာပြီးနောက် ချက်နေရာတွင် သေးငယ်သော ပန်းရောင် (သို့မဟုတ်) အနီရောင် အသားနုလုံး ကျန်ရှိနေတတ်သည်။ ထိုအလုံးငယ်သည် ချက်မှ အညှာတံတစ်ခုဖြင့် ထွက်ပေါ်လေ့ရှိပြီး တစ်ခါတစ်ရံ ဝါကျင့်ကျင့်အရည်များဖြင့် စွတ်စိုနေတတ်သည်။ ပုံမှန်အားဖြင့် အနံ့နံခြင်းမရှိ၊ နာကျင်ခြင်းမရှိပါ။ ဤအသားနုလုံးသည် ပိုးဝင်လွယ်သဖြင့် သန့်ရှင်းရေးဂရုစိုက်ရမည်။ ချက်ကို တတ်နိုင်သမျှ ခြောက်အောင်ထားရမည်။
အသားနုလုံးကို ကုသရန်အတွက် Silver Nitrate ဆေးကို အသုံးပြုနိုင်သည်။ ဆေးသည် အသားနုလုံးကို တိုက်စားပေးခြင်းဖြင့် ကျုံ့၍သေးငယ်သွားစေရန် လုပ်ဆောင်သည်။ Silver Nitrate ဆေးအမှုန့်ကို ရေသန့်အနည်းငယ်ဖြင့် ခပ်ပျစ်ပျစ်ဖျော်ပါ။ ဆားရည်ဖြင့် လုံးဝမဖျော်ရပါ။ ဆေးအာနိသင် ပျောက်ပျက်သွားနိုင်သည်။ ထို့နောက် ထိုဆေးရည်အပျစ်ကို နားကျပ်သည့် ဂွမ်းတံဖြင့် အသာတို့ယူကာ အသားနုလုံးပေါ်သို့ လိမ်းပေးပါ။ ဘေးမှ ပုံမှန်အရေပြားကို လုံးဝမထိမိစေရန် ဂရုပြုပါ။ ဆေးကို တစ်ပတ်လျှင် တစ်ကြိမ်မှ နှစ်ကြိမ်အထိ ရက်ခြားလိမ်းပေးနိုင်သည်။ သုံးကြိမ်လိမ်းပြီးနောက်ပိုင်း မသိသာပါက ဆရာဝန်မှ ထိုအသားနုလုံးကျုံ့သွားစေရန် ပိုးသတ်ထားသော ချုပ်ကြိုးဖြင့် စည်းနှောင်သည့် နည်းလမ်းကို အသုံးပြုနိုင်သည်။ ကုသမှုနည်းလမ်းများအားလုံးကို ဆရာဝန်၏ ညွှန်ကြားချက်အတိုင်း လိုက်နာပြုလုပ်ရမည်ဖြစ်သည်။
အချိန်တစ်ပတ်ကျော် ကြာသည်အထိ မပျောက်လျှင် ဆရာဝန်နှင့် ပြသတိုင်ပင်ရမည်။ မိမိဘာသာကုသခြင်း မပြုသင့်ပါ။ ပိုးဝင်သောလက္ခဏာများ (ရောင်ရမ်းခြင်း၊ အရောင်နီရဲခြင်း၊ အနံ့ထွက်ခြင်း) များရှိလျှင် ဆေးရုံ၊ ဆေးခန်းသို့ ချက်ချင်းပြသသင့်သည်။
ချက်မှအူကျွံခြင်း (Umbilical hernia)
အချို့သော မွေးကင်းစကလေးငယ်များတွင် ချက်ကြွေပြီးသောအခါတွင် ချက်နေရာမှ ဖောင်းကာ စူထွက်နေတတ်သည်။ သန္ဓေသားဘဝတွင် ချက်ကြိုးသည် ဝမ်းဗိုက်ရှိ ချက်အပေါက်နေရာမှ ထွက်၍ မိခင်၏အချင်းနှင့် ချိတ်ဆက်ထားရသည်။ ထိုဝမ်းဗိုက်အပေါက်ငယ်သည် အချိန်တန်ပါက တဖြည်းဖြည်း ပြန်ပိတ်သွားရသည်။ အပေါက်လုံးဝမပိတ်ပါက သို့မဟုတ် ပိတ်ရန်နောက်ကျပါက ထိုအပေါက်ထဲသို့ ဝမ်းဗိုက်အတွင်းရှိ အူ သို့မဟုတ် အူအမြှေးပါးများတိုးဝင်ခြင်းကြောင့် ဖောင်းလာတတ်သည်။ အထူးသဖြင့် ကလေးငိုလျှင်၊ ညှစ်လျှင် ပိုမိုဖောင်းထွက်လာတတ်သည်။ ဤချက်ပေါက်မှ ဝမ်းဗိုက်အတွင်းရှိအရာများ ဝင်ထွက်လှုပ်ရှားမှုကြောင့် အလုံးကို ပေါ်လိုက်ပျောက်လိုက် အနေအထားအဖြစ် မြင်တွေ့ရတတ်သည်။ ကလေးအသက်ကြီးလာလျှင် ထိုအပေါက်ငယ်သည် အလိုအလျောက် ပြန်ပိတ်သွားနိုင်ပြီး ပြန်လည်ပျောက်ကွယ်သွားနိုင်သည်။
ပုံမှန်အားဖြင့် ကလေးတွင် ချက်မှအူကျွံခြင်းသည် နာကျင်မှု တစ်စုံတစ်ရာ မဖြစ်စေပါ။ တစ်ခါတစ်ရံ ၎င်းအပေါက်မှ အူများကျွံပြီး ပြန်မဝင်နိုင်သောကြောင့် အလုံးသည် အရွယ်အစား ရုတ်တရက်ကြီးလာပြီး ရောင်ရမ်းနာကျင်လာနိုင်သည်။ ထို့ပြင် ကလေးတွင် ဖျားခြင်း၊ နို့မစို့ခြင်း၊ ဝမ်းချုပ်ခြင်း၊ အလွန်အန်ခြင်းစသည့် အူပိတ်ခြင်း၊ အူလိမ်ခြင်းတို့ကို ပြသသော အရေးကြီးလက္ခဏာများ ရှိလာနိုင်သည်။ ၎င်းအခြေအနေသည် ဖြစ်နိုင်ခြေနည်းသော်လည်း အရေးကြီးသောအခြေအနေဖြစ်၍ အရေးပေါ် ခွဲစိတ်ကုသမှု ခံယူသင့်သည်။
အများအားဖြင့် အသက် (၄) နှစ်ကျော်သည်အထိ ချက်မှအူကျွံခြင်းမပျောက်ကင်းလျှင် ခွဲစိတ်ကုသမှု လိုအပ်နိုင်သည်။
ချက်ပိုးဝင်ခြင်း (Umbilical sepsis)
မွေးကင်းစကလေးများ၏ ချက်ပြဿနာများထဲတွင် အရေးအကြီးဆုံးဖြစ်သည်။ ချက်နှင့် ချက်ပတ်ဝန်းကျင် အရေပြားများ ပိုးဝင်ခြင်းဖြစ်ပြီး အချိန်တိုအတွင်း ပိုးဆိပ်ပျံ့နိုင်သည်။ ချက်ပိုးဝင်ခြင်းသည် မွေးကင်းစကလေးငယ်များတွင် အရေပြားသန့်ရှင်းမှု အားနည်းခြင်း၊ လူကြီးများမှ ဆေးမြီးတိုများ အသုံးပြုခြင်း စသည်တို့ကြောင့်ဖြစ်နိုင်ပြီး ထိရောက်သောကုသမှု အချိန်မီမရရှိလျှင် အသက်ဆုံးရှုံးသည်အထိ ပြင်းထန်နိုင်သည်။
အဓိကလက္ခဏာများမှာ_
- ချက် အနံ့နံခြင်း
- ချက်မှ အဝါရောင် (သို့မဟုတ်) အစိမ်းရောင် ပြည်များထွက်လာခြင်းဖြစ်သည်။
အခြားလက္ခဏာများအနေဖြင့်_
- ချက်ပတ်လည်တွင် နီရဲလာခြင်း
- ကလေးဖျားခြင်း (တစ်ခါတစ်ရံ တစ်ကိုယ်လုံးအေးစက်ခြင်း)
- အလွန်မှိန်းခြင်း၊ နှိုးရခက်ခြင်း
- ပျော့ခွေခြင်း
- နို့ကောင်းစွာမစို့ခြင်း
- ရေဓာတ်ခန်းခြောက်ခြင်း
- အသားအလွန်အမင်း ဝါလာခြင်း စသည်တို့ဖြစ်သည်။
ချက်ပိုးဝင်ခြင်းသည် အရေးကြီးသော အခြေအနေဖြစ်၍ သံသယဖြစ်လျှင် ဆေးရုံ၊ ဆေးခန်းသို့ ချက်ချင်းပြသသင့်သည်။ ဆေးရုံတင်၍ ပဋိဇီဝပိုးသတ်ဆေးများနှင့် ကုသမှုခံယူရန် လိုအပ်နိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
- (၃) ပတ်ကျော်သည်အထိ ချက်မကြွေလျှင်
- ချက်ပိုးဝင်သည်ဟု သံသယရှိလျှင်
- ချက်အသားနုလုံးထွက်ခြင်း၊ ချက်၌အူကျွံခြင်းများရှိလျှင်
- ချက်မှ အရည် (သို့မဟုတ်) သွေးအလွန်ထွက်လျှင် မိမိ၏မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန်လိုသည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်းဖြင့် ရောဂါရှာဖွေ ကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။
ကုသခြင်းနှင့် ကာကွယ်ခြင်း
မွေးကင်းစကလေးများ၏ချက်ကို ပြုစုစောင့်ရှောက်ခြင်း
ချက်ကြိုးဆိုင်ရာပြဿနာများကို ကာကွယ်နိုင်ရန် အောက်ပါအချက်များကို ဂရုစိုက်စောင့်ရှောက်သင့်သည်။
- ညင်သာစွာကိုင်တွယ်ပါ
- ချက်ကို သန့်ရှင်းခြောက်သွေ့အောင်ထားပါ၊ တတ်နိုင်သမျှ လေသလပ်ခံခြင်းဖြင့် ခြောက်အောင်ထားပါ
- ချက်ကို အဝတ်ထူ၊ သေးခံများဖြင့် ဖုံးကွယ်မှုမရှိစေရန်၊ သေးခံသုံးလျှင် ချက်ပေါ်အောင် သေသပ်စွာခေါက်ထားရန် သတိပြုပါ
- ဆရာဝန်ညွှန်ကြားသည်မှလွဲ၍ အရက်ပြန်ဖြင့် သန့်ရှင်းခြင်း မပြုရပါ
- နနွင်းမှုန့်၊ ဆေးမှုန့်၊ တံထွေးထည့်ခြင်း၊ အရွက်၊ အမြစ်များ ကြိတ်ခြေ၍ထည့်ခြင်းများ မပြုရပါ
- ချက်၌ ပုံမှန်ရှိနေနိုင်သည့် အရည်ကြည်များကို အဝတ်စသန့်သန့်ဖြင့် တို့သုတ်ပေးပါ
- ဆီး၊ ဝမ်းများ ပေကျံလျှင် ဆပ်ပြာ၊ ရေတို့နှင့် သန့်ရှင်းရေးချက်ချင်းလုပ်ပါ၊ ပြီးလျှင် ခြောက်အောင်ထားပါ
- ချက်မကြွေခင်တွင် ကလေးကိုရေချိုးမပေးဘဲ ရေပတ်တိုက်ပေးခြင်းသည် ပိုမိုသင့်တော်သည်၊ မတော်တဆ ချက်ရေစိုခဲ့သော် ပြဿနာမရှိ၊ ခြောက်အောင် တို့သုတ်ပေးခြင်း၊ လေဖြင့်ခြောက်အောင် ထားခြင်းများပြုပေးရမည်
- သဘာဝအတိုင်း အလိုအလျောက် ချက်ကြွေရန် စောင့်ဆိုင်းရမည်
- ချက်ကြွေပြီးနောက် ချက်ပတ်လည်တွင် အကျိအချွဲများ၊ အရည်များကျန်နေလျှင် ရေနွေးဂွမ်းဖတ်ဖြင့် ညင်သာစွာ သန့်ရှင်းပေးရမည်၊ ပြီးလျှင် သန့်စင်သောအဝတ်စဖြင့် ဖွဖွဖိသုတ်၍ ခြောက်သွေ့စေရမည်
References:
- Cleveland Clinic. (2024). Umbilical hernia. Retrieved June 26, 2025, from https://my.clevelandclinic.org/health/diseases/umbilical-hernia
- Cleveland Clinic. (2024). Umbilical cord. Retrieved June 26, 2025, from https://my.clevelandclinic.org/health/treatments/11308-umbilical-cord-appearance-and-care
- Kingston Hospital. (2021). Umbilical disorders in children – Kingston Hospital. Retrieved June 26, 2025, from https://kingstonhospital.nhs.uk/healthcare-professionals/paediatrics-referrals/umbilical-disorders-in-children/#:~:text=Umbilical%20granuloma&text=It%20usually%20looks%20like%20a,erythema%2C%20offensive%20smell%2Fdischarge.
- Mayo Clinic. (2022). Umbilical hernia – Symptoms & causes. Retrieved June 26, 2025, from https://www.mayoclinic.org/diseases-conditions/umbilical-hernia/symptoms-causes/syc-20378685
- Mayo Clinic. (2024). Umbilical cord care: Do’s and don’ts for parents. Retrieved June 26, 2025, from https://www.mayoclinic.org/healthy-lifestyle/infant-and-toddler-health/in-depth/umbilical-cord/art-20048250
- WebMD. (2024). Umbilical hernia. Retrieved June 26, 2025, from https://www.webmd.com/parenting/baby/what-are-umbilical-hernias
Published: 30 August 2024
Last updated: 2 August 2025
Share
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.