ငယ်ထိပ် (Anterior and Posterior fontanelle) ဆိုသည်မှာ ကလေးတစ်ဦး၏ ဦးနှောက်ကို ကာရံထားသည့် ဦးခွံရိုးများမဆက်ခင် ဦးခွံရိုးပြားလေးခုကြားတွင် ပွင့်နေပြီး၊ ဦးခေါင်းအရေပြားဖြင့်သာ ဖုံးအုပ်ထားသော အပေါက်ငယ်ဖြစ်သည်။ ငယ်ထိပ်ကို ကလေးလသားအရွယ်တွင် ကလေးဦးခေါင်း အရှေ့ဘက်နှင့် အနောက်ဘက်ခြမ်း (၂) နေရာတွင် စမ်းမိနိုင်သည်။
ကလေးငယ်၏ ဦးနှောက် ဆက်လက်ဖွံ့ဖြိုးကြီးထွားနိုင်ရန်အတွက် ဦးခွံရိုးများသည် အစောပိုင်းတွင် လုံးဝမဆက်သေးဘဲ ငယ်ထိပ်ပွင့်နေရခြင်းဖြစ်သည်။ ဦးခေါင်းအနောက်ဘက်ရှိ ငယ်ထိပ်သည် ကလေး အသက် (၂) လတွင် ပိတ်တတ်ပြီး၊ အရှေ့ဘက်ရှိငယ်ထိပ်သည် ပုံမှန်အားဖြင့် တစ်နှစ်နှင့် တစ်နှစ်ခွဲကြားတွင် ပိတ်လေ့ရှိသည်။
ပုံမှန်ငယ်ထိပ်တစ်ခုကို စမ်းသပ်ကြည့်လျှင် အနည်းငယ်တင်း၍ ချိုင့်ဝင်နေတတ်ပြီး တစ်ခါတစ်ရံ သွေးခုန်သလို ခုန်နေတတ်သည်။ တချို့ပုံမှန်ငယ်ထိပ်များမှာလည်း မချိုင့်၊ မခုန်ဘဲ ရှိနေတတ်သည်။
ငယ်ထိပ်ပုံမမှန်ခြင်းဖြစ်ပေါ်ရသော အကြောင်းရင်းများနှင့် ရောဂါလက္ခဏာများ
ငယ်ထိပ် စောစီးစွာပိတ်နိုင်သည့် အကြောင်းရင်းများ
ကိုယ်ဝန်ဆောင်စဉ်နှင့်မွေးဖွားချိန်တို့တွင် အကြောင်းအမျိုးမျိုးကြောင့် ဦးနှောက်ဖွံ့ဖြိုးမှုကိုထိခိုက်ပြီး ဦးနှောက်သေးနေလျှင် ဦးခွံရိုးများ စောစီးစွာဆက်၍ ပိတ်သွားသောကြောင့် အချိန်မတိုင်ခင်၊ စောစီးစွာ ငယ်ထိပ်ပိတ်တတ်သည်။ ဥပမာအားဖြင့်_
- ကိုယ်ဝန်ဆောင်စဉ်မိခင်ထံမှ ပိုးမွှားအချို့ သန္ဓေသားသို့ ကူးစက်ခြင်း
- မွေးရာပါဦးနှောက်ပုံစံမမှန်ခြင်းများ (Congenital brain malformation)
- မွေးဖွားစဉ်အလွန်ခက်ခဲသောကြောင့် ကလေး၏ဦးနှောက်သို့ သွေးနှင့်အောက်ဆီဂျင်စသည်တို့ အရောက်နည်းခြင်း (HIE)
- မွေးပြီးစတွင် ဦးနှောက်အမြှေးရောင်ခြင်း၊ ဦးနှောက်ရောင်ခြင်း၊ ဦးနှောက်တွင်းသွေးယိုခြင်း စသည်တို့ဖြစ်သည်။
ဤသို့ ငယ်ထိပ်စောစီးစွာပိတ်သော ကလေးများ၏ ဦးခေါင်းသည် ပုံမှန်ကလေး၏ ဦးခေါင်းထက် များစွာသေးနေတတ်သည်။
နောက်တစ်မျိုးမှာ ဦးနှောက် ပုံမှန်ဖွံ့ဖြိုးကြီးထွားနေသော်လည်း ဦးခွံရိုးများ စောစီးစွာဆက်သွားသော Craniosynostosis ဆိုသည့်ရောဂါမျိုးတွင်လည်း ငယ်ထိပ်သည် ပုံမှန်ထက်စော၍ ပိတ်တတ်သည်။ စောစီးစွာဆက်သွားသော ဦးခွံရိုးအပိုင်း၊ အရေအတွက်နှင့် အနေအထားပေါ် မူတည်ပြီး ကလေးငယ်၏ ဦးခေါင်းပုံစံနှင့် အချိုးအစားသည်လည်း ပုံမမှန်ဖြစ်လာတတ်သည်။ အတွင်းရှိဦးနှောက် ပုံမှန်ဆက်လက် ဖွံ့ဖြိုးကြီးထွားရန် နေရာကျဉ်းသွားသောကြောင့် ဦးနှောက်တွင်းဖိအားများ လာနိုင်သည်။ ထိုသို့ဦးခွံရိုးများ စောစီးစွာ ဆက်သွားတတ်သော အကြောင်းရင်းကို အတိအကျမသိသော်လည်း မျိုးဗီဇနှင့် ကိုယ်ဝန်ဆောင်စဉ် မိခင်တွင် ဖြစ်ပေါ်လာသောရောဂါများ၊ မိခင်သောက်သုံးသော ဆေးဝါးများ စသည်တို့နှင့် ဆက်စပ်မှုရှိကြောင်း တွေ့ရှိရသည်။
အထက်ပါ ငယ်ထိပ် စောစီးစွာ ပိတ်နိုင်သော၊ ဦးခေါင်းသေးနေသည့် ကလေးများတွင် ဖွံ့ဖြိုးမှုနောက်ကျခြင်း၊ အသိဉာဏ်ဖွံ့ဖြိုးမှု နည်းပါးခြင်း၊ တက်ခြင်းစသော ဦးနှောက်အာရုံကြောလက္ခဏာများ ဖြစ်ပေါ်လာနိုင်သည်။
ငယ်ထိပ်နောက်ကျပိတ်နိုင်သော အကြောင်းရင်းများ
- Cerebro spinal fluid (CSF) ဟုခေါ်သည့် ဦးနှောက်တွင်းအရည် (စီအက်စ်အက်ဖ် – CSF) များ၍ ရေအိတ်ကျယ်ခြင်း (Hydrocephalus) သည် မွေးရာပါ သို့မဟုတ် မွေးပြီးစတွင်ဖြစ်ပါက ငယ်ထိပ်ကျယ်ပြီး နောက်ကျပိတ်တတ်သည်
- အရိုးကြီးထွားမှုကို ထိခိုက်နိုင်သောရောဂါမျိုး (ဥပမာ _ သိုင်းရွိုက်ဟော်မုန်းနည်းခြင်း၊ ဗီတာမင် ဒီ ချို့တဲ့ခြင်း) တို့တွင်လည်း ငယ်ထိပ်နောက်ကျပိတ်တတ်သည်
ငယ်ထိပ်နောက်ကျပိတ်သည့် ကလေးများ အထူးသဖြင့် Hydrocephalus တွင် ထိုကလေး၏ ဦးခေါင်းသည် ပုံမှန်ထက်များစွာ ကြီးနေတတ်သည်။ ငယ်ထိပ်လည်း ပိုကျယ်နေတတ်သည်။ ဖွံ့ဖြိုးမှု နောက်ကျခြင်း၊ အသိဉာဏ်ဖွံ့ဖြိုးမှု နည်းပါးခြင်း၊ တက်ခြင်းစသော ဦးနှောက်အာရုံကြောလက္ခဏာများ ဖြစ်ပေါ်လာနိုင်ရုံမက ဦးနှောက်တွင်းဖိအား အလွန်များလာလျှင် အသက်အန္တရာယ်ရှိနိုင်သည်။
ငယ်ထိပ်ဖောင်းခြင်း
အထက်တွင်ဖော်ပြခဲ့သည့် ဦးနှောက်တွင်းအရည် (စီအက်စ်အက်ဖ် – CSF) များ၍ ရေအိတ်ကျယ်ခြင်း (Hydrocephalus) တွင် ငယ်ထိပ်နောက်ကျပိတ်ရုံမက ငယ်ထိပ်ကျယ်ပြီး ဖောင်းနေတတ်သည်။ ဦးနှောက်အတွင်း ရုတ်တရက် ဖိအားများနိုင်သည့်ရောဂါမျိုး (ဥပမာ _ ဦးနှောက်အမြှေးရောင်၊ ဦးနှောက်ရောင်ရောဂါများ၊ ဦးနှောက်တွင်းသွေးယိုခြင်း) တွင်လည်း ငယ်ထိပ်ဖောင်းတင်းနေတတ်သည်။
ငယ်ထိပ်ချိုင့်ခြင်း
ခန္ဓာကိုယ်တွင် ရေဓာတ်လျော့နည်းစေသော အခြေအနေများ (ဥပမာ _ ဝမ်းပျက်ဝမ်းလျှောဖြစ်ခြင်း၊ အကြိမ်များစွာအန်ခြင်း)၊ အာဟာရချို့တဲ့သောကလေးများ၊ ကိုယ်ခန္ဓာဖွံ့ဖြိုးမှု နှေးကွေးသော ကလေးများစသည်တို့တွင် ငယ်ထိပ်ချိုင့်နေတတ်သည်။
ငယ်ထိပ်နှင့်ပတ်သက်သောအယူအဆမှားများ
ငယ်ထိပ်ကို ဆီလူးခြင်း၊ ကွမ်းရွက်အုပ်ခြင်း၊ တက်နေသော ကလေး၏ငယ်ထိပ်ကို မှုတ်ခြင်း စသည်တို့သည် ဆေးပညာဘက်ကကြည့်လျှင် အကျိုးမရှိသော၊ သိပ္ပံနည်းမကျသော အယူအဆများဖြစ်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
အထက်ပါ ငယ်ထိပ်ပုံမှန်မဟုတ်သော အခြေအနေများ အထူးသဖြင့် ဦးနှောက်တွင်း ဖိအားများနိုင်သော ရောဂါများသည် အရေးပေါ်အခြေအနေဖြစ်နိုင်ပြီး အသက်အန္တရာယ်ရှိနိုင်သဖြင့် အရေးပေါ်ဆေးကုသမှု သို့မဟုတ် ခွဲစိတ်ကုသမှုများ လိုအပ်နိုင်သောကြောင့် ဆေးရုံအရေးပေါ်ဌာနများသို့ အချိန်မီပြသ၍ ကုသမှုခံယူရန်လိုသည်။
ထိုသို့အရေးပေါ်မဟုတ်သော်လည်း သာမန်ထက် သိသိသာသာ ပို၍ငယ်ထိပ်စောပိတ်ခြင်း၊ ငယ်ထိပ်နောက်ကျပိတ်ခြင်း စသည်တို့ရှိပါက မိမိ၏မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန်လိုသည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်း၊ ဓာတ်မှန်ရိုက်ခြင်း စသည်တို့ဖြင့် ရောဂါရှာဖွေ ကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။
ထိုကဲ့သို့ ငယ်ထိပ်ပြဿနာများရှိသော်လည်း အခြားတစ်ဖက်တွင် ကလေးသည် ပုံမှန်ဖွံ့ဖြိုးကြီးထွားနေလျှင်၊ ပျော့ခြင်း၊ တောင့်ခြင်း၊ တက်ခြင်းစသော လက္ခဏာများမရှိလျှင် မိဘများအနေနှင့် အလွန်အမင်း စိုးရိမ်ရန်မလိုပါ။ သို့သော် သံသယရှိပါက မိသားစုဆရာဝန်များနှင့် ပြသတိုင်ပင်ပါ။
ရောဂါရှာဖွေခြင်း
ကွန်ပျူတာဓာတ်မှန် (CT scan)၊ သံလိုက်ဓာတ်မှန် (MRI) စသည်တို့ ရိုက်ကူးခြင်း၊ ငယ်ထိပ်ပွင့်နေသေးပါက အာထရာဆောင်း (USG) ရိုက်ကူးခြင်း စသည်တို့ဖြင့် ဦးနှောက်တွင်းအခြေအနေများကို ရှာဖွေသိရှိနိုင်သည်။
ကုသခြင်း
ဦးနှောက်တွင်းရောဂါ အမျိုးအစားပေါ် မူတည်ပြီး ကုသရသည်။ ဥပမာ _ ဦးနှောက်တွင်း အရည်များသောရောဂါများအတွက် ပိုက်ထည့်ခွဲစိတ်ကုသခြင်း၊ ဦးခွံရိုးများ စောစီးစွာဆက်သွားသော ရောဂါများအတွက် ဦးခွံရိုးများ ဟပေးခြင်း၊ ဦးနှောက်အမြှေးရောင်၊ ဦးနှောက်ရောင်ရောဂါများအတွက် ပဋိဇီဝပိုးသတ်ဆေးများပေး၍ ကုသခြင်း စသည်တို့ဖြစ်သည်။
ကာကွယ်ခြင်း
အထက်ဖော်ပြပါ ရောဂါများအားလုံးကို မကာကွယ်နိုင်သော်လည်း မိသားစုဆရာဝန်များ၊ သားဖွားမီးယပ် အထူးကုဆရာဝန်များနှင့် ကိုယ်ဝန် စောစီးစွာအပ်နှံခြင်း၊ မွေးဖွားခြင်း၊ ကလေးများကို ကာကွယ်ဆေးများ ပုံမှန်ထိုးပေးခြင်း စသည်တို့သည် ငယ်ထိပ် ပုံမမှန်ဖြစ်စေသော ရောဂါအချို့ အထူးသဖြင့် ကိုယ်ဝန်ဆောင်ချိန်နှင့် မွေးဖွားချိန်ပြဿနာများ၊ ဦးနှောက်အမြှေးရောင်၊ ဦးနှောက်ရောင်ရောဂါများ စသည်တို့ကို ကာကွယ်ပေးနိုင်သည်။
References:
- American Academy of Pediatrics. (2020). Your baby’s head: Fontanels (soft spots). Retrieved July 11, 2025, from https://www.healthychildren.org/English/ages-stages/baby/Pages/Your-Babys-Head.aspx
- Nationwide Children’s Hospital. (n.d.). Craniosynostosis. Retrieved July 11, 2025, from https://www.nationwidechildrens.org/conditions/craniosynostosis
- MedlinePlus. (2025). Fontanelles. Retrieved July 11, 2025, from https://medlineplus.gov/ency/imagepages/17179.htm
- Children’s Hospital Colorado. (2022). Fontanelles. Retrieved July 11, 2025, from https://www.childrenscolorado.org/just-ask-childrens/articles/fontanelles/
Published: 30 August 2024
Last updated: 11 September 2025
Share
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.